← Chapters

ထိန်းမနိုင်သိမ်းမရဘဝင်ခိုက်သည်

Vol. 19 Ch. 274

ထိန်းမနိုင်သိမ်းမရဘဝင်ခိုက်သည်

Vol. 19 Ch. 274

နတ်မယ် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ အနှောက်အယှက်မပေးလိုတော့သဖြင့် လုယန် သူ့ဘာသာ ပြိုင်ဘက်ကင်းသန္ဓေကို လေ့လာသည်။

အဆင့်တူများထက် သူ့ဝိညာဉ်စွမ်းအားပမာဏက မြင့်မားနေသည်။ စွမ်းရင်စုပ်ယူနိုင်သည့် သူ့ပင်ကိုယ်ဓာတ်ခံကြောင့်ဖြစ်သည်။ ရွှေသန္ဓေတည်ဆောက်ပြီးနောက် သူ့ဝိညာဉ်စွမ်းအားသိုလှောင်မှုက အကြီးအကျယ်ပြောင်းလဲသွားသည်။

"ငါ့ဝိညာည်စွမ်းအားပမာဏက အနည်းဆုံးဆယ်ဆလောက် တိုးတက်လာပြီ။ ပြင်ပဝိညာဉ်စွမ်းအင် စုပ်ယူနိုင်တဲ့နှုန်းလည်း တိုးတက်လာတယ်။ စွမ်းအားသုံးရတာများတဲ့ ဖြတ်ဓားပညာ၊ ခွဲဓားပညာတွေမသုံးရင် ပုံမှန်တိုက်ပွဲတွေမှာ ပင်ကိုယ်ဝိညာဉ်စွမ်းအားနဲ့ စုပ်ယူတဲ့စွမ်းအင်ကို မျှအောင်သုံးလို့ရတယ်။ နောက်ဆို အားဖြည့်ဆေးဝယ်ရတဲ့ ကုန်ကျစရိတ် သက်သာသွားလိမ့်မယ်"

မူထန်မြက်နှင့်တိုက်ပွဲတွင် အားဖြည့်ဆေးများကို အလကားရသလို စားခဲ့ရသည်။ ဆေးလုံးသိပ်မကျန်တော့။ ပြန်တွေးကြည့်တိုင်း သူအတော်ရင်နာသည်။

"ပြီးတော့ ငါ့ရုပ်ခန္ဓာအရည်အသွေးတွေလည်း တိုးတက်လာပြီ။ ခွန်အား၊ အမြန်နှုန်း၊ အလိုအလျောက်တုံ့ပြန်မှု။ အားလုံး အခြေတည်အဆင့်ထက် အများကြီးသာနေပြီ။ အခု ငါနဲ့အဆင့်တူ ရုပ်ခန္ဓာကျင့်ကြံသူတွေကို ယှဉ်နိုင်လောက်ပြီ"

လုယန် သူ့လက်ရှိအခြေအနေကို အတော်ယုံကြည်မှုရှိနေသည်။

သူ့ရုပ်ခန္ဓာစွမ်းအားသည် အမြဲတမ်း အားနည်းချက်ဖြစ်ခဲ့သည်။ ရုပ်ခန္ဓာကျင့်ကြံသူ မုန်ကျင်းကျိုးနှင့် ကွန်ဖြူးရှပ်ကျင့်ကြံသူ အရိုးရိုင်းတို့ကို မမီခဲ့။

ယခု သူ့ချို့ယွင်းချက်ကို ကာမိသွားသည်။

သူ့ရွှေသန္ဓေသည် မသေမျိုးတစ်ယောက် ပိုင်ဆိုင်ခဲ့သည့်ရွှေသန္ဓေနှင့် အတူတူဖြစ်ကြောင်းသိရသဖြင့် သူအတော်ဂုဏ်ယူမိသည်။ ထိုထက်အဆင့်မြင့်သည်မှာ ပထမအဆင့်ရွှေသန္ဓေများကြားတွင် ဒုတိယအားအကောင်းဆုံးဖြစ်သည့် ဟာရမ်ရွှေသန္ဓေသာရှိသည်။

ဟာရမ်ရွှေသန္ဓေက ဟာရမ်စွမ်းအားကို လူတစ်ယောက်တည်းဆီသို့ စုစည်းခြင်းဖြစ်သည်။ ငှားယူသုံးသည့် စွမ်းအားဖြစ်သည်။ ကိုယ်ပိုင်စွမ်းအားဟု ပြော၍မရ။

အတိအကျပြောရလျှင် ဟာရမ်ရွှေသန္ဓေ၏စွမ်းအားသည် လူတစ်စု၏စွမ်းအားဖြစ်သည်။ ပြိုင်ဘက်ကင်းသန္ဓေစွမ်းအားက ကိုယ်ပိုင်အစစ်ဖြစ်သည်။

နတ်မယ်ပြောစကားအရ ထိုရွှေသန္ဓေမျိုးသည် အမယွမ်၏ ရွှေသန္ဓေထက်ပင် ပိုအားကောင်းသည်။

လုယန်စိတ်ထဲ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဟု ခံစားနေရသည်။ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်သည်ဟု ယုံကြည်နေသည်။

အရပ်စကားနှင့်ပြောလျှင် ထိန်းမနိုင်သိမ်းမရဘဝင်ခိုက်နေခြင်းဖြစ်သည်။

"ငါ့ဝိညာဉ်အာရုံစွမ်းအားလည်း တိုးတက်လာပြီ"

လတ်တလောအထင်ရှားဆုံးက သူ့သိစိတ်နယ်မြေအကျယ်အဝန်း ပြောင်းလဲသွားခြင်းဖြစ်သည်။ ဟိုတယ်တစ်ယောက်ခန်းစာအနေအထားမှ ကျယ်ဝန်းသည့် လေးယောက်ခန်း၊ ဧည့်ခန်းနှစ်ခန်း၊ ရေချိုးခန်းနှစ်ခန်းပါသည့် တိုက်ခန်းတစ်ခုလို ဖြစ်လာသည်။

သိစိတ်နယ်မြေအကျယ်အဝန်းကို နတ်မယ်က ပထမဆုံး သတိထထားမိသည်။ သူ့အိပ်ယာကို သုံးဆချဲ့၍ သက်တောင့်သက်သာအိပ်စက်သည်။

လုယန် ဝိညာဉ်အာရုံဖြန့်လိုက်သည်။ လှေပျံတစ်ခုလုံး သူ့အာရုံစက်ကွင်းထဲတွင် ရှိနေသည်။ အရင်က ထိုသို့သူမကြည့်နိုင်။

လေပျံ၏ ပျံသန်းမှော်စက်ဝန်း ချို့ယွင်းသည်ကို သူမြင်ရသည်။ မှော်စက်ဝန်းပြင်ဆရာက အတော်ကြာအောင် ပြင်ဆင်နေသော်လည်း ပို၍သာဆိုးလာသည်။ ထိုအကြောင်း တစ်ယောက်ယောက်သိသွားလျှင် သူ့နှစ်ကုန်ဘောနပ်ကြေး ဖြတ်ခံရမည်ဖြစ်၍ လှေပျံအောက်ဘက်သို့သွားပြီး လှေပျံကိုကိုယ်တိုင်သယ်နေသည်။

"..မယုံနိုင်စရာမြင်ကွင်းကို မြင်လိုက်ရတာပဲ"

"ကိုယ်ပွားတွေ ထိန်းချုပ်နိုင်တဲ့အကွာအဝေးနဲ့ အရေအတွက်လည်း တိုးတက်လာလောက်တယ်။ ဘယ်လောက်တိုးတက်လာသလဲတော့ မသိသေးဘူး"

လှေပျံပေါ်တွင် ကိုယ်ပွားတစ်ခုဖန်တီး၍ စမ်းသပ်ကြည့်ဖို့ မသင့်တော်ပေ။

"ပြန်ရောက်မှပဲ စမ်းကြည့်ရတော့မှာပေါ့။ ငါ့ရွှေသန္ဓေက တစ်ခြားဘာတွေအသုံးဝင်သေးလဲမသိဘူး"

လုယန် အတော်ကြာအောင် စဉ်းစားသည်။ သို့သော် အဖြေရှာမရ။

"အင်း..နတ်မယ်နိုးလာမှပဲ မေးကြည့်တော့မယ်"

ခရီးစဉ်က ထူးထူးခြားခြားမရှိ။ နောက်ထပ်ရပ်နားသည့်နေရာတွင် မှော်စက်ဝန်းပြင်ဆရာက အကူအညီရှာ၍ မှော်စက်ဝန်းကိုပြပြင်သည်။ ထို့နောက် လှေပျံဆက်ထွက်သည်။

အဓိကမြို့ကြီးတစ်ချို့တွင် ရပ်နားပြီးနောက်တွင် လှေပျံက တာအိုလမ်းစဉ်ဂိုဏ်းရှေ့သို့ ရောက်လာသည်။ လုယန် ဆင်းလိုက်သည်။

ရုတ်တရက် သူ့ဒန်ထန်ထဲတွင် ဗလာဖြစ်နေသည်ကို သူသတိထထားမိလိုက်သည်။ သူ့ရွှေသန္ဓေကို မတွေ့ရတော့။

"ငါ့ရွှေသန္ဓေ ဘယ်ရောက်သွားတာလဲ"

နတ်မယ်ကို အခြေအနေမေးရန် သိစိတ်နယ်မြေသို့ သူဝင်သွားသည်။ နတ်မယ်က ကုတင်ပေါ်တွင် ပြိုင်ဘက်ကင်းရွှေသန္ဓေကိုဖက်၍ နှစ်ခြိုက်စွာအိပ်ပျော်နေသည်။

သူအတော်စိတ်ပျက်သွားပြီး လုယန်ကို နှိုးလိုက်သည်။

"နတ်မယ်၊ ကျုပ်ရွှေသန္ဓေကို ခင်ဗျားဖက်မအိပ်ပါနဲ့လား။ ကျုပ်က ပျောက်သွားပြီထင်နေတာ"

ရှေးဟောင်းဗဟုသုတများ နှံ့စပ်သဖြင့် နတ်မယ်က ဆင်ခြေတစ်ခု ချက်ချင်းစဉ်းစားမိသည်။

"နင်နားမလည်ပါဘူး။ ရှေးဟောင်သိုင်းပညာရပ်တွေအကြောင်း နင်သိလို့လား"

နတ်မယ် ပြိုင်ဘက်ကင်းသန္ဓေကို ငြင်သာစွာ ဘေးသို့တွန်းထုတ်လိုက်သည်။

လုယန် ခေါင်းငြိမ့်သည်။

"ကျုပ်မှတ်မိတယ်။ ရှေးဟောင်းခေတ်က ရုပ်ခန္ဓာကျင့်ကြံမှုတစ်မျိုးပဲမဟုတ်လား"

"ဟုတ်တယ်။ ဒီလိုသိုင်းပညာမျိုးက ဝိညာဉ်စွမ်းအင်မသုံးဘူး။ ခန္ဓာကိုယ်ကိုပဲ သီးသန့်လေ့ကျင့်တာ။ အမြင့်ဆုံးအဆင့်ရောက်ရင် ခန္ဓာကိုယ်က နတ်ဝိညာဉ်အဆင့်နဲ့ တန်းတူအရည်အသွေးရှိတယ်။

ရှေးဟောင်းသိုင်းပညာတွေကို ဒိုက်ရိုက်စွမ်းအား၊ လျှို့ဝှက်စွမ်းအား၊ အသွင်ပြောင်းစွမ်းအားနဲ့ သန္ဓေပွေ့စွမ်းအားဆိုပြီ ခွဲခြားနိုင်တယ်"

"အဲတော့.."

"အဲဒါကြောင့် ငါကနင့်သန္ဓေကို ပွေ့ထားပေးတာလေ။ နင်သန္ဓေပွေ့စွမ်းအားအဆင့်ရောက်အောင် ကူညီပေးနေတာ"

လုယန် - "..."

နတ်မယ်လည်း လုယန်နှင့် အကျင့်ချင်းတူသည်။ အိပ်သည့်အချိန်တွင် တစ်ခုခုဖက်ထားရသည်ကို ကြိုက်သည်။ ပြိုင်ဘက်ကင်းသန္ဓေကို နတ်မယ်မမြင်ဖူးသည်မှာ အတော်ကြာခဲ့ပြီဖြစ်၍ အတိတ်ကို သူပြန်သတိရနေသည်။ သို့သော် ထိုအဖြစ်ကို သူထုတ်မပြောနိုင်။ မသေမျိုးတစ်ယောက်အနေဖြင့် သူ့ဂုဏ်သိက္ခာ ထိခိုက်လိမ့်မည်။

"နတ်မယ်၊ ကျုပ်တို့ရဲ့ဉာဏ်ရည်ချင်း အဆင့်တူပဲလို့ထင်လား"

"ဘယ်လိုလုပ် နင်ကငါ့လောက် ဉာဏ်‌ကောင်းနိုင်မှာလဲ"

"နတ်မယ်၊ ခင်ဗျားအိပ်နေတာ နှစ်ရက်ကြာပြီ"

အိမ်ချိန်များလွန်းသဖြင့် နည်းနည်းလျှော့သင့်ကြောင်း သွယ်ဝိုက်၍ပြောခြင်းဖြ်စသည်။

"နင်ဘာသိလို့လဲ။ ငါ့စွမ်းအားပြန်ပြည့်လာအောင် အိပ်တာ။ ငါ့စွမ်းအားပြန်မရရင် ဟိုကောင်မလေးယွမ်ကျိကို ငါဘယ်လိုလုပ်နိုင်မှာလဲ။

ရှေးဟောင်းခေတ်တုန်းက ငါသေရင် ချက်ချင်းပြန်ရှင်သန်နိုင်တယ်။ လွင့်ပြယ်သွားတဲ့စွမ်းအားတွေကိုလည်း ငါပြန်စုပ်ယူနိုင်တယ်။

အခု ငါသေခဲ့တာ နှစ်သုံးသိန်းကျော်သွားပြီ။ ငါသေတဲ့အချိန် ငါ့ကိုယ်ထဲမှာရှိခဲ့တဲ့စွမ်းအားက ပျောက်သွားပြီ။ ငါ့စွမ်းအား တဖြေးဖြေးပြန်ရလာဖို့ အိပ်တာကိုပဲ အားကိုးရတော့မှာ"

"ဒါဆိုအခု ခင်ဗျားစွမ်းအား ဘယ်လောက်ပြန်ရပြီလဲ"

"ဆယ်ရာနှုန်းနဲ့ နှစ်ဆယ်ရာနှုန်းကြားပဲ။ ဒါကိုအရှိန်မြှင့်နိုင်ဖို့ တစ်ခြားနည်းလမ်းမရှိရင် နှစ်တစ်ရာလောက်ကြာမှ ငါစွမ်းအားပြန်ပြည့်မှာ"

နတ်မယ် ပုံမှန်လေသံဖြင့်ပြောသည်။ နှစ်တစ်ရာဆိုသည့်အချိန်က ဆယ့်ခြောက်နှစ်အရွယ် ထာဝနတ်မယ်အတွက် မျက်တောင်တစ်ခတ်စာသာဖြစ်သည်။

"ရွှေသန္ဓေတည်ဆောက်တာ ဘယ်လိုခံစားရလဲ။ ပြိုင်ဘက်ကင်းတယ်လို ခံစားရလား။ ပြိုင်ဘက်ကင်းသန္ဓေက တိုက်ခိုက်တဲ့နေရာမှာနင့်ကို မတားဆီးနိုင်အောင် ပြိုင်ဘက်ကင်းအောင် လုပ်ပေးတယ်။ ဒါဟာ ငါဂုဏ်အယူရဆုံး ရွှေသန္ဓေပဲ"

နတ်မယ် လုယန်၏ပုခုံးကိုပုတ်လိုက်သည်။ ခေတ်တစ်ခုလုံးကို ထွန်းလင်းစေခဲ့သည့် သူ့ကိုယ်သူ ပြန်မြင်နေရသယောင်ရှိသည်။

"ကျုပ်ဘာလုပ်ဖို့လိုလဲ"

နတ်မယ် တဟက်ဟက်ရယ်သည်။

"ပြိုင်ဘက်ကင်းသန္ဓေကို ငါတည်ဆောက်ပြီးစအချိန်မှာ သူ့လုပ်ဆောင်ချက်တွေကို ခန့်မှန်းနိုင်ဖို့ အများကြီးအားစိုက်ခဲ့ရတယ်။ ငါရှိနေတယ်ဆိုတော့ အဲဒီ့ခန့်မှန်းတဲ့အပိုင်းတွေကျော်ပြီ အသုံးချတဲ့အဆင့်ကို တန်းသွားလို့ရပါတယ်။

တိုက်ပွဲတစ်ရာနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုသိဖို့နဲ့ ကိုယ်ရန်သူကိုသိဖို့ အရေးအကြီးဆုံးပဲ။

ပြိုင်ဘက်ကင်းသန္ဓေရဲ့ ပထမလုပ်ဆောင်ချက်က ပြိုင်ဘက်ရဲ့အားနည်းချက်ကို ကြည့်နိုင်တာပဲ။ ဒါမှ တိုက်ခိုက်တဲ့အချိန် ဘယ်လိုနည်းဗျူဟာမျိုး သုံးရမယ်ဆိုတာ နင်သိလာမယ်။ ဒါဆို နိုင်ဖို့သေချာပြီပဲမဟုတ်လား။

ငါရွှေသန္ဓေအဆင့်မှာတုန်းက ယင်ထန်နဲ့ချီလင်ကို ဒါနဲ့ အနိုင်ယူခဲ့တာ"

လုယန် စိတ်လှုပ်ရှားလာသည်။ ပြိုင်ဘက်က်ငးသန္ဓေသည် မသေမျိုးရွှေသန္ဓေဟူသည့်နာမည်နှင့် တကယ်လိုက်သည်။ မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်။

"လာပါ၊ ဘယ်လိုသုံးရမလဲဆိုတာ ငါသင်ပေးမယ်"

"ကောင်းပြီလေ"

ပြိုင်ဘက်ကင်းသန္ဓေအသုံးပြုသည့်နည်းလမ်းသည် မခက်လှ။ မှန်ကန်သည့်နည်းလမ်းကို လုယန် ရှာမတွေ့ခဲ့ခြင်းသာဖြစ်သည်။ ယခု နတ်မယ်၏လမ်းညွှန်မှုဖြင့် ပြိုင်ဘက်ကင်းသန္ဓေကို ချက်ချင်းသုံးတတ်သွားသည်။

"တစ်ယောက်ယောက်ကို စမ်းကြည့်ပါ"

နတ်မယ်အကြံအတိုင်း ဂိုဏ်းတူအကိုတစ်ယောက်ကို ပစ်မှတ်ထားကြည့်သည်။ ထိုအကိုသည် ဓာတ်ငါးမျိုးဂိုဏ်းနှင့် တွေ့ဆုံဖလှယ်ပွဲပြီးသည့်အချိန် သူ့ကိုရိုက်ရန် တန်စီစောင့်ခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည်။

အရင်က သူအနိုင်မယူနိုင်ခဲ့။ နတ်မယ်ကိုယ်စား သူအပြစ်ပေးခံခဲ့ရသည်။ ယခု ပြိုင်ဘက်ကင်းသန္ဓေရှိနေပြီဖြစ်သည်။ သူ့သိက္ခာကို ပြန်အဖတ်ဆယ်ချင်သည်။ သူ့စွမ်းအားကို သက်သေပြချင်သည်။

ပြိုင်ဘက်ကင်းသန္ဓေ ဖြေးညှင်းစွာစတင်လည်ပတ်သည်။ ဂိုဏ်းတူအကို၏ အားနည်းချက်ကို သုံးသပ်သည်။ မကြာမီ လုယန်အာရုံတွင် စာတစ်ကြောင်းပေါ်လာသည်။

"မနိုင်ဘူး။ တစ်ခြားတစ်ယောက် ရွေးပါ"

*********************************

All Chapters