ပြိုင်ဘက်ကင်းသန္ဓေ၏ အသုံးဝင်ပုံ
Vol. 19 Ch. 275
လုယန် အတော်ကြာအောင် အသံတိတ်သွားပြီးနောက် ပြန်မေးသည်။
"နတ်မယ်။ ဘာလို့ဒီလုပ်ဆောင်ချက်က ခင်ဗျားပြောတာနဲ့ မတူသလိုဖြစ်နေတာလဲ"
"အဲဒါကြောင့် ပြိုင်ဘက်ကင်းသန္ဓေရဲ့ ဒုတိယလုပ်ဆောင်ချက် ပေါ်လာတာပေါ့။ နင်မနိုင်လောက်ရင် သူက မတိုက်နဲ့လို့ ရှင်းရှင်းလင်းလင်း ပြောလိမ့်မယ်။
နင်စဉ်းစားကြည့်ပါ။ ဘာလို့ တိုက်ပွဲတွေမှာ တစ်ခါတစ်လေနိုင်ပြီး တစ်ခါတစ်လေရှုံးတာလဲ။ ရှုံးရတဲ့အကြောင်းရင်းက မနိုင်တဲ့ပြိုင်ဘက်ကို သွားတိုက်လို့ပဲ။
အခု ပြိုင်ဘက်ကင်းသန္ဓေက နင်မနိုင်ရင် ချက်ချင်းတန်းပြောတယ်။ နင်မရှုံးအောင် ကာကွယ်ပေးတာလေ"
နတ်မယ်၏ သုံးသပ်ချက်က ရှင်းလင်းသည်။ ယုတ္တိကျသည်။
ဤတစ်ကြိမ် လုယန် အသံတိတ်သွားသည်က ပို၍ကြာသည်။ နတ်မယ်၏စကားက အတော်လေးယုတ္တိကျနေ၍ဖြစ်သည်။
ပြိုင်ဘက်ကင်းသန္ဓေဖြင့် သူ့အကိုအမများကို တစ်ယောက်ချင်းစီ စစ်ဆေးကြည့်သည်။ အဖြေက တစ်ခုတည်းထွက်သည်- သူတို့ကို လုယန်အနိုင်မယူနိုင်။
"နင့်အကိုအမတွေအားလုံးက အနည်းဆုံး ရွှေသန္ဓေထိပ်တန်းအဆင့်ရှိပြီး သူတို့ထက်အဆင့်မြင့်တဲ့လူတွေနဲ့ တိုက်ခိုက်နိုင်တယ်။ နင်က ရွှေသန္ဓေအခြေခံအဆင့်တောင် မတည်ငြိမ်သေးဘဲနဲ့ သူတို့ကိုနိုင်ချင်နေတာလး။ နင့်ခန္ဓာကိုယ်ကို ငါထိန်းချုပ်ပြီးတိုက်ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
လုယန်ကို အမြင့်ကြီးမမှန်းသေဘဲ မုန်ကျင်းကျိုး ရွှေသန္ဓေတည်ဆောက်ချိန်ထိစောင့်ပြီးမှ တိုက်ခိုက်ကြည့်ရန် နတ်မယ် အကြံပေးသည်။
"ခင်ဗျား ယင်ထန်နဲ့ချီလင်ကိုတိုက်ခိုက်တုန်းက သူတို့မှာဘာအားနည်းချက်ရှိတယ်လို့ ပြိုင်ဘက်ကင်းသန္ဓေက ပြောခဲ့လ"
"ဪ...ပြိုင်ဘက်ကင်းသန္ဓေ ပြောတယ်။ သူတို့က အခြေတည်အဆင့်ပဲရှိတာ၊ ငါအဆင်ပြေသလိုတိုက်ခိုက်ပါတဲ့"
"..."
ဈေးလမ်းသို့ရောက်မှ လုယန် ယုံကြည်ချက်နည်းနည်းပြန်ရလာသည်။
ဆိုင်အားလုံးက အငြိမ်းစာကျင့်ကြံသူများ ဖွင့်ထားခြင်းဖြစ်သည်။ ဤနေရာတွင် စီးပွားရေးလာလုပ်ကြသည့် ရွှေသန္ဓေအဆင့် ဧည့်သည်ကျင့်ကြံသူတစ်ချို့လည်းရှိသည်။
ထိုရွှေသန္ဓေအဆင့်များက စွမ်းအားကြီးသော်လည်း လုယန်နှင့်တော့ မယှဉ်နိုင်။
"အသားညှပ်ဂျုံမုန့်ရောင်းတဲ့ဈေးသည်က ရွှေသန္ဓေအခြေခံအဆင့်။ ဝိညာဉ်အာရုံ အားနည်းတယ်။ စိတ်စွမ်းအားတိုက်ခိုက်နည်းတွေနဲ့ သင့်တော်တယ်"
"ရနံ့တစ်ရာအိမ်တော်က စားပွဲထိုး။ သူ့ကိုမနိုင်ဘူး။ တစ်ခြားတစ်ယောက်ရွေးပါ"
"တောင်ပံခြောက်ခုဘဲငန်း၊ စားသောက်ကုန်။ ရွှေသန္ဓေအခြေခံအဆင့်။ မီးကို ခံနိုင်ရည်မရှိဘူး။ ရသာသုံးပါးမီးတောက်စစ်ကိုသုံးပြီး တိုက်ခိုက်နိုင်တယ။ ဒါမှမဟုတ် ဘဲကင်တစ်ကောင်မှာလိုက်။ မီးဖိုချောင်က သူ့ဘာသာကြည့်ရှင်းလိမ့်မယ်"
"လက်ဖက်ရည်ဆိုင်ပိုင်ရှင်။ မနိုင်ဘူး။ တစ်ခြားတစ်ယောက်ရွေးပါ"
"အပ်ချုပ်ဆိုင်ပိုင်ရှင်။ ရွှေသန္ဓေအလတ်တန်းဆင့်။ အားနည်းချက်မရှိဘူး။ အပြည့်အဝအနိုင်မရနိုင်ဘူး"
ရွှေသန္ဓေသည် လုယန်၏ စွမ်းအင်၊ ဝိညာဉ်နှင့် စိတ်တို့ ပေါင်းစပ်ထားသည့်အရာဖြစ်သည်။ လုယန်ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်နိုင်သည်။ လုယန်နားလည်နိုင်စွမ်းကို အခြေခံ၍ ကျိုးရှိမည့်နည်းဗျူဟာများ တွက်ချက်ပေးသည်။ ဦးနှောက်အပို ရထားသည်နှင့် အလာသဏ္ဌာန်တူသည်။
"အသားကင်ဆိုင်က သခင်လျို။ မနိုင်ဘူး။ တစ်ခြားတစ်ယောက်ရွေး"
"အသားကင်ဆိုင်က သခင်ကောင်း။ မနိုင်ဘူး။ တစ်ခြားတစ်ယောက်ရွေး"
"အဲ.."
ထိုအချိန်ကျမှ ထာဝရဂိုဏ်း၏ ဌာနချုပ်သို့ရောက်လာမှန်း လုယန်သတိထားမိသည်။
အသားကင်ဆိုင်က စည်းကားနေသည်။ ဂိုဏ်းချုပ်နှင့် ထာဝရအရှင်က အသားများ သယ်ပို့ပေးနေသည်။ လတ်လတ်ဆတ်ဆတ်သတ်ထားသည့် အမဲသားနှင့်သိုးသားများကို မှော်လက်စွပ်ထဲမှ ထုတ်ပေးသည်။
"လုယန်"
လုယန်ကိုမြင်သည်နှင့် ထာဝရဂိုဏ်းချုပ် ထူးဆန်းသည့်အမူအရာမျိုး ပေါ်လာသည်။ နောင်တ၊ ဝမ်းနည်းရိပ်နှင့် စိတ်သက်သာရာရသည့် အရိပ်များ ရောယှက်နေသည်။
သခင်လျိုနှင့် သခင်ကောင်းလည်း ထိုနည်းတူပင်ဖြစ်သည်။
လုယန်ကြောင့်သာမဟုတ်လျှင် သူတို့ ဤအခြေအနေသို့ ရောက်မည်မဟုတ်။
ဤကောင်လေးသည် ဂိုဏ်းသို့ဝင်ပြီး နှစ်လအကြာတွင် ဂိုဏ်းတစ်ခုလုံးကို ဖြိုချခဲ့သည်။
"လုယန်လား၊ လာပါ၊ လာပါ။ ထိုင်ပါဦး"
ထာဝရအရှင်၏အမူအရာက ထာဝရဂိုဏ်းသားများနှင့် လုံးဝမတူ။ နွေးထွေးမှုအစစ်မျိုး ပြသည်။
သူဧည့်ဝတ်ကျေပွန်ရမည်။ ထိုကောင်လေးကိုယ်ထဲတွင် ထာဝရနတ်မယ်ရှိနေသည်။ ထိုကောင်လေးကို တိုက်ရိုက်ထာဝရမျိုးဆက်အဖြစ် ခန့်ထားသည်။ ရာထူးအဆင့်လည်း သူ့ထက်ပိုမြင့်သည်။
ထိုကောင်လေးကို နတ်မယ်ရောယွမ်ကျိပါ များစွားအလေးထားသည်။ နှစ်ယောက်လုံးက သတိထားရမည့်လူများဖြစ်သည်။
ထို့ကြောင့် သူမျက်နှာချိုသွေးရမည်။
"မနက်ပိုင်းဖြစ်နေတာဆိုးတာပဲ။ အသားတွေ အချဉ်ရည်မနှပ်ရသေးဘူး။ မဟုတ်ရင် မင်းအတွက် ငါအသားတစ်ချို့ကင်ပေးမှာပါ"
ထာဝရအရှင် စိတ်မကောင်းသည့်လေသံဖြင့်ပြောတယ်။ လုယန်အတွက် တကယ်အသားကင်ပေးချင်မှန်း သိသာသည်။
ထာဝရအရှင်ကိုယ်တိုင် အသားကင်ပေးခြင်းသည် မဟာအခွင့်ထူးကြီးဖြစ်သည်။ လုယန်၏အတိတ်ဘဝနှင့် ယှဉ်ပြောလျှင် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ကိုယ့်ဖိနပ်ကို ချွတ်ပေးသည်နှင့်တူသည်။
လုယန်လည်း အတော်နေရခက်သွားသည်။ ထာဝရဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်အားလုံး ဤနေရာတွင် ရှိနေသည်။ ထာဝရဂိုဏ်းချုပ်၊ သခင်လျိုနှင့် သခင်ကောင်းတို့ကို အမယွမ်က ဝိညာဉ်အဖြစ်သန့်စင်ပြီး တာအိုလမ်းစဉ်ဂိုဏ်းတပည့်များကို အန္တရာယ်မပေးနိုင်အောင်သာ လုပ်မထားလျှင် ဤဆိုင်ထဲမှ လုယန် အသက်ရှင်လျက်ထွက်နိုင်မည်မဟုတ်။
ထာဝရဂိုဏ်းချုပ်သည် တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲများနှင့် မျိုးဆက်တူပြီး စုစည်းခြင်းထိပ်ဆုံးအဆင့် ရောက်နေသူဖြစ်သည်။
"ကျုပ် အမယွမ်နဲ့ဆွေးနွေးစရာ အရေးကြီးကိစ္စတွေရှိသေးတယ်။ အထဲကိုမဝင်တော့ဘူး"
လုယန် ငြင်းလိုက်သည်။ ယွမ်ကျိနာမည်ကြားသည်နှင့် ထာဝရအရှင် သူ့လက်ကို ချက်ချင်းလွှတ်လိုက်သည်။ ဆက်နေဖို့မတားတော့။
လုယန်ထွက်သွားပြီးနောက် ထာဝရအရှင်၏မျက်လုံးများ မှေးစင်းသွားသည်။
"လုယန်က ရွှေသန္ဓေတည်ဆောက်ပြီးပြီ။ ဘယ်လိုသန္ဓေလဲဆိုတာ မင်းတို့မြင်လိုက်လား"
ထာဝရဂိုဏ်းချုပ် ခေါင်းခါသည်။
"ပုံစံအရ ပထမအဆင့်ရွှေသန္ဓေမျိုးပဲ။ ဘာအမျိုးအစားမှန်းတော့ သေချာမပြောနိုင်ဘူး။ ရွှေသန္ဓေအမျိုးအစားသစ်ဖြစ်မယ်ထင်တယ်။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ပုံစံနဲ့လည်း ကိုက်ညီတယ်"
တာအိုလမ်းစဉ်ဂိုဏ်းတွင် အတော်ကြာအောင် နေခဲ့ပြီးဖြစ်၍ ဂိုဏ်း၏ဓလေ့စရိုက်များအကြောင်း ထာဝရဂိုဏ်းအဆင့်မြင့်ဂိုဏ်းဝင်များ နည်းနည်းနားလည်လာသည်။ ဥပမာ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များသည် ရွှေသန္ဓေတည်ဆောက်ရာတွင် ပုံမှန်လမ်းကြောင်းများကို လုံးဝမလိုက်။
"လုယန်ကိုပစ်မှတ်ထားဖို့အစီအစဉ် စကြတော့မလား"
ထာဝရဂိုဏ်းျုပ် မှော်စက်ဝန်းတစ်ခု တည်ဆောက်လိုက်ပြီးနောက် ခပ်တိုးတိုးမေးသည်။ တစ်ခြားလူတစ်ယောက် ကြားသွားမည်စိုး၍ဖြစ်သည်။
ထာဝရအရှင် ခေါင်းငြမ့်သည်။
"သူ့ရွှေသန္ဓေ တည်ဆောက်ပြီးပြီဆိုတော့ အစီအစဉ်အတိုင်း ဆက်သွားမယ်။ သူ့ကို အငိုက်ဖမ်းရမယ်။ မှတ်ထားပါ၊ ဒီအစီအစဉ်ကို ယွမ်ကျိမရှိတဲ့အချိန် လုပ်မှဖြစ်မယ်။
ယွမ်ကျိပေါ်လာရင် အစီအစဉ်အားလုံး အလဟဿဖြစ်ပြီး ငါတို့ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်။
ဒီကိစ္စကို လျှို့ဝှက်ထားပါ။ အောင်မြင်ရင် ငါတို့အတွက် အနာဂတ်တစ်ခုရှိလာပြီ"
ထာဝရအရှင်က အလေးအနက်လေသံဖြင့်ပြောနေသည်။
"လုယန်ဘယ်ရွှေသန္ဓေမျိုးတည်ဆောက်ခဲ့လဲ မသိပေမယ့် သန္ဓေတည်ဆောက်ပြီးပြီဆိုတာသိရုံနဲ့ လုံလောက်ပါပြီ။ ဒီအခြေအနေကိုအသုံးချပြီး သူ့ကိုလက်ဆောင်ပေးလို့ရတယ်။ သူသဘောကျအောင် ကြိုးစားလို့ရတယ်။
မှတ်ထားပါ၊ ဒီလက်ဆောင်ပေးတဲ့အစီအစဉ်က ဟာကွက်မရှိဖြစ်နေရမယ်။ တာအိုလမ်းစဉ်ဂိုဏ်းအပြင်ဘက်မှာ ဆိုင်ခွဲတစ်ခု ငါတို့ဖွင့်နိုင်မဖွင်ဆိုတာ ဒီကိစ္စအပေါ်မူတည်နေတယ်"
"နားလည်ပါတယ်"
....
လုယန် ကောင်းကင်ဂူတောင်ထိပ်သို့ ပြန်လာသည်။ ယွမ်ကျိက ထုံးစံအတိုင်း ကျင့်ကြံမှုလုပ်နေသည်။
လုယန်ရောက်လာသည်ကို အာရုံခံမိသဖြင့် မျက်လုံးကို ဖြေးညှင်းစွာဖွင့်လိုက်ပြီး လုယန်ကို သေချာအကဲခတ်သည်။
"မင်းရဲ့ရွှေသန္ဓေကို တည်ဆောက်ပြီးပြီပေါ့"
ယွမ်ကျိမျက်နှာတွင် မြင်ရခဲသည့် နားမလည်သည့်အမူအရာမျိုး ပေါ်လာသည်။ လုယန်တည်ဆောက်သည့် ရွှေသန္ဓေအမျိုးအစားကို သူမခွဲခြားနိုင်။
"မင်းတည်ဆောက်လိုက်တာ ဘယ်လိုရွှေသန္ဓေမျိုးလဲ"
လုယန် အရိုးခံအတိုင်း ပြန်ဖြေသည်။
"ထာရနတ်မယ်ရဲ့ ရွှေသန္ဓေနဲ့ အမျိုးအစားတူပါပဲ။ ပြိုင်ဘက်ကင်းသန္ဓေလို့ ခေါ်ပါတယ်"
ယွမ်ကျိ ခေါင်းငြိမ့်သည်။
"အချိန်မြစ်ရေစီးကြောင်းထဲမှာ ပျောက်ကွယ်နေခဲ့တဲ့ ရွှေသန္ဓေဖြစ်မယ်။ ရွှေသန္ဓေနာမည်ကလည်း နတ်မယ်နဲ့ အတော်လိုက်ဖက်ပါတယ်။ နတ်မယ်ရဲ့သန္ဓေနဲ့ အတူတူဆိုတော့ ဒီရွှေသန္ဓေစွမ်းအားဟာ ပထမအဆင့်ရွှေသန္ဓေတွေကြားမှာ ထိပ်တန်းသုံးခုစာရင်းဝင်လိမ့်မယ်။ ဒီသန္ဓေရဲ့ လုပ်ဆောင်ချက်က ဘာတွေလဲ"
"ပြိုင်ဘက်ရဲအားနည်းချက်ကို ထိုးဖောက်မြင်နိုင်ပြီး အနိုင်ရနိုင်မယ့် နည်းဗျူဟာတွေ တွက်ချက်ပေးနိုင်ပါတယ်"
"ဪ"
ယွမ်ကျိ စိတ်ဝင်စားလာသည်။ သူ့လေသံအစောပိုင်းကလောက် အေးစက်မှုမရှိဘဲ ပျော့ပြောင်းလာသည်။
"ငါသာမင်းပြိုင်ဘက်ဆိုရင် မင်းရဲ့ပြိုင်ဘက်ကင်းသန္ဓေက ငါ့အားနည်းချက်တွေ မြင်နိုင်မှာလား"
လုယန် ကြောက်ချွေးပြန်လာသည်။
"စမ်း...စမ်းကြည့်ပါ့မယ်"
လုယန် ပြိုင်ဘက်ကင်းသန္ဓေကို အသက်သွင်းပြီး ယွမ်ကျိ၏အားနည်းချက်ကို ရှာသည်။ အံ့ဩစရာမရှိပါ။ သန္ဓေ၏တုံ့ပြန်မှုက အရင်လိုပင်ဖြစ်သည်။
"မနိုင်ဘူး၊ တစ်ခြားတစ်ယောက်ရွေးပါ"
လုယန် အကဲဖြတ်မှုရလာဒ်ကို ယွမ်ကျိအား ပြန်ပြောပြသည်။ ယွမ်ကျိ ထပ်မေးသည်။
"တကယ်လို့ ငါကအတင်းတိုက်ခိုက်မယ်ဆိုရင်ရော"
မလွှဲသာမရှောင်သာအခြေအနေဖြစ်၍ ပြိုင်ဘက်ကင်းသန္ဓေက အဖြေတစ်ခု ချက်ချင်းပေးသည်။
"အခုချက်ချင်း သတ်သေလိုက်ပါ။ ဒါဆို တိုက်ပွဲတစ်ရာအောင်နိုင်ခဲ့တဲ့စံချိန်ကို ဆက်ထိန်းထားနိုင်လိမ့်မယ်"
လုယန် - "....အခု ရွှေသန္ဓေအသစ်တစ်ခု ပြန်တည်ဆောက်မယ်ဆိုရင် အချိန်မီနိုင်သေးလား"
ရွှေသန္ဓေတည်ဆောက်နိုင်လျှင် နောင်တရစရာမရှိဟူသည် ဆိုရိုးစကားရှိနေသော်လည်း တစ်ခြားလူများတော့မသိ။ လုယန်ကတော့ တကယ်နောင်တရသည်။
သောက်ရေးမပါတဲ့ မသေမျိုးအဆင့်ရွှေသန္ဓေ။
**********************************