← Chapters

ပြိုင်ဘက်ကင်းစိတ်ဓာတ်

Vol. 19 Ch. 276

ပြိုင်ဘက်ကင်းစိတ်ဓာတ်

Vol. 19 Ch. 276

"ရွှေသန္ဓေဟာ နောင်တမရှီဘူးလို့ ငါပြောခဲ့တယ်မဟုတ်လား။ နင့်စကားကို နင်ဘယ်လိုလုပ် ပြန်ရုတ်သိမ်းနိုင်တာလဲ"

ထာဝရနတ်မယ်၏ အားကြိုးမာန်တက် သင်ပြချက်များက လုယန်၏နားထဲတွင် ပဲ့တင်ထပ်နေသည်။

"ဒါက ပြိုင်ဘက်ကင်းသန္ဓေပဲ။ နောင်တစ်ချိန် နင်မသေမျိုးတစ်ယောက်ဖြစ်အောင် ဒါကနင့်ကို ကူညီနိုင်တယ်။ နင့်အထက်မှ ငါတစ်ယောက်ပဲရှိတာ။ ဒါကိုနင်ဘာလို့ မကျေနပ်နိုင်ရတာလဲ"

ထာဝရနတ်မယ် သိစိတ်နယ်မြေမှ အပြင်သို့ထွက်လာသည်။

"ငါ့ပြောတာ မပြီးသေးဘူး။ ဒီရွှေသန္ဓေမှ တတိယလုပ်ဆောင်ချက်တစ်ခုရှိသေးတယ်"

"အဲဒါဘာလဲ"

"ကျင့်ကြံမှုမှာ အရေးကြီးဆုံးက ပါရမီမဟုတ်ဘူး။ ခိုင်မြဲတဲ့တာအိုနှလုံးပဲ။

ကျင့်ကြံမှုခရီးမှာ ချောမွေ့ပြီး အခက်အခဲလေးတစ်ခုကြောင့် တိုက်ခိုက်ချင်စိတ် ကုန်ခမ်းသွားတဲ့လူတွေရှိတယ်။ အဲဒါကြောင့်ပဲ သေဆုံးသွားကြတယ်။ ဒီလိုအဖြစ်မျိုးတွေ အကြိမ်ကြိမ်ငါမြင်ဖူးတယ်။

ငါနင့်ကိုပြောတဲ့ ပြိုင်ဘက်ကင်းစိတ်ဓာတ်ဆိုတာ တာအိုနှလုံးတစ်မျိုးပဲ။ တောနက်ထဲမှာ နင်တည်ဆောက်ခဲ့တဲ့ ပြိုင်ဘက်ကင်းစိတ်ဓာတ်ကနေ ဖြစ်တည်လာတဲ့ပြိုင်ဘက်ကင်းသန္ဓေဟာ တာအိုနှလုံးသန္ဓေပဲ။ ပြိုင်ဘက်ကင်းသန္ဓေရဲ့ အဓိကအကျဆုံး တတိယလုပ်ဆောင်ချက်က တာအိုနှလုံးကို တည်ငြိမ်အောင်ထိန်းဖို့ပဲ။

ပြိုင်ဘက်ကင်းစိတ်ဓာတ် ဘယ်လောက်အရေးကြီးလဲသိလား။ လမ်းကြောင်းနှစ်ခုဖြတ်ရင် အရဲရင့်ဆုံးသူနိုင်တယ်ဆိုတဲ့ စကားရှိတယ်။ နင်နဲ့နင့်ရန်သူ တိုက်ခိုက်တဲ့အချိန် အနိုင်အရှုံးဆိုတာ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားနိုင်တယ်။ ပြိုင်ဘက်ကင်းစိတ်ဓာတ်ရှိရင် ဒီတိုက်ပွဲမျိုးမှာ ပြတ်ပြတ်သားသားအနိုင်ယူနိုင်မှာပဲ။

ငါ့ကိုပဲ ဥပမာအနေနဲ့ကြည့်ပါ။ ရွှေသန္ဓေအဆင့်မှာတုန်းက ယင်ထန်နဲ့ချီလင်ကို တိုက်ခိုက်ခဲ့တယ်။ အပြည့်အဝပြင်ဆင်ပြီး ပြိုင်ဘက်ကင်းစိတ်ဓာတ်နဲ့ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း အနိုင်ယူခဲ့တာ"

"...ဒါပေမယ့် သူတို့က အဲဒီအချိန်မှာ အခြေတည်အဆင့်ပဲရှိသေးတယ်လို့ ခင်ဗျားပြောသလားလို့ပါ"

"အခြေတည်အဆင့်ဆိုတော့ရော ဘာဖြစ်လဲ။ တိုက်ခိုက်တယ်ဆိုတာ အလေးထားရမယ့်ကိစ္စပဲ။ ပေါ့ပေါ့လေး ဘယ်တော့မှမတွေးနဲ့။ ခြင်္သေ့တွေတောင် ယုန်ကို အားအပြည့်နဲ့ခုန်အုပ်တယ်တဲ့။ ဒီသဘောတရားကို နင်နားလည်ထာရမယ်။

အခြေတည်အဆင့်က ရွှေသန္ဓေအဆင့်တွေကို အနိုင်ယူခဲ့တဲ့သာဓကတွေလည်း အများကြီးရှိပါတယ်။ နင်နဲ့ငါ့လိုပေါ့။ ငါတို့နှစ်ယောက်လုံး သက်ရှိနမူနာစစ်စစ်တွေပဲ။ ယင်ထန်နဲ့ချီလင်တို့ ရွှေသန္ဓေအဆင့်တွေကို တိုက်ခိုက်နိုင်ခဲ့တယ်ဆိုရင်ရော ဘာထူးဆန်းလို့လဲ"

"ခင်ဗျားပြောတာ သဘာဝကျပါတယ်"

နတ်မယ်ဆက်ပြောသည်။

"နင်ဆိုးဆိုးဝါးဝါးရှုံးနေရင်တောင် ပြိုင်ဘက်ကင်းသန္ဓေက နင့်ယုံကြည်ချက်မပျောက်အောင် ထိန်းထားပေးတယ်။ နင့်ကိုယ်နင်ပြိုင်ဘက်ကင်းတယ်လို့ ယုံကြည်နေအောင်လုပ်ပေးတယ်"

လုယန် - "..."

ဒါက ယုံကြည်မှုလွန်ကဲတဲ့သဘောမျိုးမဟုတ်ဘူးလား။

"ဒါဆိုနတ်မယ်၊ ရွှေသန္ဓေအဆင့်မှာတုန်းက ခင်ဗျားရှုံးခဲ့ဖူးသလား"

"လာနောက်နေတာလား။ ငါကလား ရှုံးမှာ။ ရွှေသန္ဓေအဆင့်မှာ ယင်ထန်၊ ချီလင်နဲ့ ကိုးဆမသေမျိုးတို့ကို အနိုင်ယူခဲ့တယ်။ ဘယ်သူငါ့ကို ယှဉ်နိုင်မှာလဲ"

"အချိန်မသေမျိုးကရော"

နတ်မယ်က လက်ယမ်းပြသည်။

"အချိန်မသေမျိုးက ရှေးဟောင်းသစ်ပင်ကမွေးလာတဲ့ ဝိညာဉ်ပါ။ သူ့ကိုကျင့်စဉ်အဆင့်နဲ့တိုင်းတာရင် အဓိပ္ပါယ်မရှိဘူး။ ငါသူ့ကို သွားတိုက်ခိုက်လို့ ဘာအကျိုးရှိမှာလဲ"

ယွမ်ကျိက ဘေးမှငြိမ်သက်စွာနားထောင်နေသည်။ အံ့ဩရိပ်မရှိ။ အချိန်မသေမျိုးသည် သစ်ပင်ဝိညာဉ်မှန်း သူသိပြီးဖြစ်သည်။ မဟာချန်ခေတ်ရှေးမှတ်တမ်းများထဲတွင် ထိုသို့ပင်ဖော်ပြထားသည်။

"ဒါနဲ့အမယွမ်၊ တောနက်ထဲမှာ အသိဉာဏ်ရလာတဲ့ မူထန်မြက်တစ်ပင်တွေ့ခဲ့တယ်"

ရုန်းကန်နေသည့် မူထန်မြက်ကို အိတ်ထဲမှထုတ်လိုက်သည်။

ယွမ်ကျိ၏ အေးစက်စက်အကြည့်ကျလာသည်နှင့် မူထန်မြက် ကျောရိုးထဲစိမ့်တက်လာသည်။ ရေခဲတိုက်ထဲ ကျသွားသလိုခံစားရသည်။

"ငါသိထားတာ အတော်ကြာပါပြီ။ မူထန်မြက်နောက်ကွယ်ကလူကို မင်းသတိထားမိတာ ကောင်းတာပေါ့"

လုယန် မင်သက်မိသွားသည်။ ယွမ်ကျိစကားအရ တောနက်ထဲတွင် သူတို့လေ့ကျင့်နေချိန်တစ်လျှောက်လုံး စောင့်ကြည့်နေခဲ့ပုံရသည်။

"ဒါဆို ဒီမူထန်မြက်ကို ဘာလုပ်ရမလဲ"

"မူထန်မြက်ရှင်သန်ကြီးထွားဖို့ လူသားတွေကို မဖြစ်မနေစားစရာမလိုပါဘူး။ ဒီမြက်က အရက်စက်ဆုံးနည်းလမ်းကို ရွေးခဲ့တယ်။ ဒါကြောင့် ပြင်ပြင်းထန်ထန် အပြစ်ပေးရမယ်။ ဒီမြက်ကို ဆေးအိုးတောင်ထိပ်ကို ယူသွားပြီး သတ္တမအကြီးအကဲကို ဒီမြက်ရဲ့လုပ်ရပ်တွေအကြောင်း ပြောလိုက်ပါ။ ဒါကိုဘယ်လိုဖြေရှင်းရမလဲ သတ္တမအကြီးကဲ သိပါလိမ့်မယ်။

ဆေးအိုးတောင်ကနေပြန်ရောက်ရင် ငါ့ကိုလာတွေ့ပါ။ မင်းကိုတစ်ခြားကိစ္စတစ်ခု ပြောစရာရှိတယ်။

"ဟုတ်ကဲ့"

လုယန် စိတ်ဝင်စားသွားသည်။ 'တစ်ခြားကိစ္စ'အကြောင်းကို သိချင်နေသည်။ သို့သော် ယွမ်ကျိကထပ်မပြောသဖြင့် သူဆက်မမေးရဲ။

ဆေးအိုးတောင်သို့ သွားသည့်လမ်းတွင် လုယန်ပထမဆုံးလုပ်သည့်ကိစ္စက အသက်အောင့်၍ ကိုယ်အတွင်းပိုင်းတွင် ပြည့်စုံသည့်လည်ပတ်စနစ်တစ်ခု ဖန်တီးခြင်းဖြစ်သ်ည။ ရုတ်တရက် ပေါ်လာနိုင်သည့် အမျိုးအမည်မသိအဆိပ်များကိုမသင့်အောင် ရှောင်နိုင်ဖို့ဖြစ်သည်။

ရွှေသန္ဓေအဆင့်သည် ဆေးအိုးတောင်မှ အဆိပ်များကို တန်ပြန်ခုခံနိုင်ဖို့ မလုံလောက်သေး။

ကံကောင်းသည့်တစ်ချက်မှာ ရွှေသန္ဓေအဆင့်သို့ရောက်ပြီးဖြစ်၍ ကိုယ်အင်္ဂါများကို အတိုင်းအတာတစ်ချို့ထိ ထိန်းချုပ်နိုင်လာသည်။ ကိုယ်တွင်းအင်္ဂါများကို နေရာရွှေ့၍ အတွင်းလည်ပတ်မှုစနစ် တည်ဆောက်နိုင်သည်။ လွတ်လပ်စွာလှုပ်ရှားခွင့်အစစ်ကို ရသည်။

"အကို၊ သတ္တမအကြီးအကဲဘယ်မှာရှိလဲ"

ရင်းနှီးနေသည့်အကိုတစ်ယောက်ကို မေးလိုက်သည်။ ထိုအကိုသည်လည်း သူ့ကိုရိုက်ခဲ့သည့်လူစုထဲတွင်ပါသည်။

"ညီလေးလုပါလား။ ဆရာ့ကိုရှာနေတာလား။ ဆရာက ဆေးစပ်ခန််းထဲမှာ စာရေးနေလောက်တယ်"

"စာရေးတယ်..."

ဆေးအိုးတောင်တပည့်က လုယန်ကို ဦးဆောင်ခေါ်သွားရင်း ရှင်းပြသည်။

"ဟုတ်တယ်၊ ငါတို့ဆေးအိုးတောင်ဆေးစပ်ပုံက အပြင်လောကမှာ ခေတ်စားနေတဲ့နည်းလမ်းတွေနဲ့မတူဘူး။ အပြင်လောကက ငါတို့ပါရမီတွေကို အားကျတယ်။ ဆေးအိုးတောင်ရဲ့ နာမည်ဂုဏ်းသတင်းကို ဖြန့်ကျက်နိုင်ဖို့ ဆရာက ငါတို့ကို ဆောင်းပါးတွေရေးပြီး အပြင်ကိုဖြန့်ဝေဖို့ တိုက်တွန်းတယ်။ အပြင်လောကသားတွေ ငါတို့ရဲ့အစစ်အမှန်ပုံစံကို မြင်နိုင်အောင်လို့ပေါ့"

ဆေးအိုးတောင်ထိပ်သည် စိုက်ခင်းများဖြင့် စိမ်းစိုနေသည်။ သစ်ပင်အုပ်များက အရိပ်ပေးသည်။ ဝိညာဉ်မြက်များ နေရာတိုင်းပေါက်နေသည်။ မဟာအားဖြည့်ဆေးနှင့် ဥပုသ်ဆေးဖော်စပ်ဖို့ ကုန်ကြမ်းပစ္စည်းများ ပေါ်များလှသည်။ သတိမထားလျှင် အဖိုးတန်ဆေးပင်တစ်ခုပေါ် တက်နင်းမိနိုင်သည်။

ဆေးစိုက်ခင်းထဲမှ ဆေးပင်များလောက် တန်ဖိုးမကြီးသော်လည်း အပြင်လောကတွင် ဈေးကြီးရနိုင်သေးသည်။

"ရောက်ပြီ"

အဆင့်မြင့်သမားတော်များသည် ခမ်းနာထည်ဝါသည့် အဆင်တန်ဆာများဖြင့် သူတို့၏ထူးခြားသည့် လူမှုအဆင့်အတန်းကို ပြလေ့ရှိသည်။ သတ္တမအကြီးအကဲ၏ ဆေးစပ်ခန်းက အပြင်လောကမှ သက်ငယ်မိုးလယ်တဲတစ်လုံးနှင့် တူနေသည်။ အလွန်ရိုးစင်းသည်။

သို့သော် အခန်းအတွင်းပိုင်းအခြေအနေက လယ်တဲနှင့်ယှဉ်မရ။

ဆေးစပ်ခန်းထဲမှ ဆေးဂုဏ်သတ္တိများစွာပါဝင်သည့် ဆေးနံ့များထွက်ပေါ်နေသည်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူအတွက်ပင် အတော်အကျိုးရှိသည်။ သူတို့ရုပ်ခန္ဓာကို တဖြေးဖြေးချင်း တိုးတက်စေနိုင်သည်။

လိုက်ပို့သည့်အကိုထွက်သွားပြီးနောက် လုယန် အခန်းတံခါးကို အသာခေါက်လိုက်သည်။ သတ္တမအကြီးအကဲ အာရုံပျက်သွားမည်စိုး၍ဖြစ်သ်ည။

"ဝင်ခဲ့ပါ"

"သတ္တမအကြီးအကဲကို ဂါရဝပြုပါတယ်"

လုယန် အရိုအသေပေးလိုက်သည်။

သတ္တမအကြီးအကဲက ဆံပင်ဖြူနေသော်လည်း မျက်နှာတွင် အရေးအကြောင်းတစ်ခုမှမထင်သေး။ နုပျိုပြီး အားအင်ပြည့်ဝပုံပေါ်နေသည်။ ဆေးဖော်စပ်ခြင်းအလုပ်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခဲ့သောကြောင့် ဖြစ်နိုင်သည်။

"အကြီးအကဲက ဆောင်းပါးတစ်ပုဒ်ရေးနေတယ်ကြားတယ်"

ဆေးလောကတွင် လက်ရှိရေပန်းစားနေသည့် အကြောင်းအရာများကို လုယန်သိချင်သည်။ နောက်တစ်ချိန် သမားတော်များနှင့်တွေ့လျှင် ထိုဗဟုသုတက သူ့အတွက် အကူအညီရနိုင်သည်။

"အင်း။ မဟာရှားနိုင်က သမားတော်ချုပ်ကြီးတွေ့ခဲ့တဲ့ ရှေးဟောင်းဆေးတစ်မျိုးစပ်တဲ့နည်းကို လေ့လာနေတာ။ သူက ဒီဆေးစပ်နည်းကို အဖြေရှာမရလို့ ဆုကြေးထုတ်ထားတယ်။ နာမည်ကျော်ဆေးပညာရှင်တွေကို သုံးသပ်အဖြေရှာဖို့ ဖိတ်ခေါ်ထားတယ်။ ဒီဆေးစပ်နည်းရဲ့အဖြေကို ရှာနိုင်ရင် ငါတို့ဆေးအိုးတောင်ရဲ့ နာမည်ဂုဏ်သတင်း ခိုင်မာလာလိမ့်မယ်။

ရှေးခေတ်သမားတော်တစ်ယောက်ရဲ့ ဆေးနည်းပါ။ မိန်းမတွေကို ကိုယ်ဝန်တည်ဆောင်လုပ်နိုင်တဲ့ဆေးလို့ ဖော်ပြထားတယ်။ ဒါပေမယ့် ဒီဆေးမှာ နာမည်မရှိဘူး။ ဒီတော့ 'သားမွေးဆေး'လို့ပဲခေါ်ဖို့ ငါတို့ဆုံးဖြတ်ထားကြတယ်။

ဒါပေမယ့် ဆေးနည်းက အတော်ရှေးကျပြီး မပြည့်မစုံဖြစ်နေတယ်။

ဆေးနည်းမှာ ဖော်ပြထားတဲ့ ဆေးပင်တွေကို ငါနားလည်ထားတဲ့ ဆေးပညာနဲ့ ပေါင်းစပ်ပြီး ဒီဆေးမျိုးပြန်ဖော်စပ်နိုင်ဖို့ စမ်းသပ်ကြည့်နေတာ။ ကြိုစားသမျှ တစ်ခုမှမအောင်မြင်ပေမယ့် ဖြစ်နိုင်ခြေအများစုကိုတော့ ပယ်ထုတ်နိုင်ခဲ့ပါပြီ။

အခုထိ ဘယ်သူမှအောင်မြင်တယ်လို့ မကြားသေးဘူး။

ငါတွေးမရတာက...ဒီဆေးနည်းမှာပြထားတဲ့ ဆေးပင်တွေအားလုံးက နုပျိုဖို့နဲ့ အသားအရေလှဖို့အတွက်ပဲ။ မျိုးပွားနိုင်တဲ့ အာနိသင်မျိုးမရှိဘူး။ အခုခေတ်မှာ မရှိတော့တဲ့ ရှေးဟောင်းဆေးပင်တစ်မျိုး လိုနေတယ်လို့ ငါယူဆတယ်"

"ကျုပ်ကြည့်လို့ရမလး"

သားဖွားဆေး၏အာနိသင်မျိုးကို သူသိနေသလို ခံစားရသည်။

သတ္တမအကြီးအကဲက ဆေးနည်းမိတ္တူတစ်ခု လှမ်းပေးသည်။ ဆေးပင်နာမည်တစ်ချို့ ဖော်ပြထားသည်။ တစ်ချို့အပိုင်းများ လိုနေသေးသည်။

ဤဆေးနည်းကို ဆေးပညာရှင် ချင်ဟဲက ရေးသားခဲ့ခြင်းဖြစ်သည်။ သားဖွားဆေး၏ အာနိသင်ကို ယခုလိုဖော်ပြထားသည်။

"မြစ်ရေနှင့်သောက်ပါ။ ကိုယ်ဝန်တည်စေလိမ့်မည်"

လုယန် ခဏအသံတိတ်သွားသည်။ ထို့နောက်

"တကယ်လို့...သားဖွားဆေးကြောင့် သန္ဓေတည်တာမဟုတ်ဘဲ မြစ်ရေကြောင့် သန္ဓေတည်တာရောဖြစ်နိုင်မလား။

****************************************

All Chapters