← Chapters

ရိုးလ်မော်ဒယ်လုယန်

Vol. 19 Ch. 277

ရိုးလ်မော်ဒယ်လုယန်

Vol. 19 Ch. 277

ဆေးနည်းကိုစကြည့်စဉ်က သမားတော်ချင်ဟဲပြောသည့် 'မြစ်ရေ'သည် သားအမိမြစ်မှရေဟုတ်မဟုတ် လုယန်သေချာမသိသေး။

သို့သော် သိပ်မကြာမီပေါ်လာသည် နတ်မယ်၏စကားသံက သူ့အတွေးကို အတည်ပြုလိုက်သည်။

"အား..ချင်ဟဲလား။ ဒီကောင်မလေးက ငါ့ရဲ့အယုံကြည်ရဆုံးနောက်လိုက်ပါ။ အမြဲတမ်း ငါ့ဆန္ဒအတိုင်းပဲလုပ်တယ်"

.....

"မြစ်ရေ...ဟုတ်လား"

"ရှေးဟောင်းခေတ် မှတ်တမ်းတစ်ခုမှာ ဖတ်ဖူးတယ်။ မြစ်တစ်ခုရှိတယ်တဲ့။ ဒီမြစ်ရေကိုသောက်တဲ့ မိန်းမတွေဟာ ကိုယ်ဝန်လွယ်နိုင်တယ်"

"ဒီလိုမှော်ဆန်တဲ့မြစ်မျိုး တကယ်ရှိတာလား"

သတ္တမအကြီးအကဲ အတော်အံ့အားသင့်သွားသည်။ ထိုမြစ်မျိုး သတစ်ခါမှမကြားဖူး။

လုယန်စိတ်ထဲတွင် တွေးသည်။

'ဒီမြစ်က ညီအမမြစ်နဲ့ယှဉ်ရင် ဘယ်လိုနေမလဲ'

နတ်မယ်၏ လမ်းညွှန်မှုကြောင့် လုယန်၏ ဗဟုသုတက စုစည်းခြင်းအဆင့်ကျင့်ကြံသူများထက် သာလွန်နေပြီဖြစ်သည်။

ရှေးဟောင်းလျှို့ဝှက်ချက်များ လုယန်သိသည်ကို သတ္တမအကြီးအကဲ မအံ့ဩပါ။ ယာယီဂိုဏ်းချုပ်လုပ်စဉ်က ဓာတ်ငါးမျိုးဂိုဏ်းကို ဧည့်ခံရတာ လုယန်၏ဗဟုသုတကို လက်တွေ့မြင်ပြီးဖြစ်သည်။ ယွမ်ကျိ၏ဂျူနီယာလည်းဖြစ်၍ ရှေးဟောင်းလျှို့ဝှက်ချက်များကို သိနေသည်မှာ မဆန်းလှ။

"ဒီမြစ်က ဘယ်ကဘယ်လိုဖြစ်လာတာလဲ။ သဘာဝအတိုင်း ဖြစ်နေတာလား"

လုယန် တုံ့ဆိုင်းသွားသည်။ သားအမိမြစ်ကို ထာဝရနတ်မယ် ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော် နတ်မယ်ရှိနေသည့်အဖြစ်ကို အပြင်လူများအား ထုတ်ပြော၍မဖြစ်။

"ယင်ထန်မသေမျိုးဖန်တီးတာလို့သာ ပြောလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူက ငါ့ဟင်းချက်နည်းစာအုပ်ကို ရေးတဲ့လူလို့ အမည်ခံထားပြီးသားပဲ။ သားအမိမြစ်တစ်ခု ထပ်တိုးလာလည်း သိပ်မထိခိုက်နိုင်ပါဘူး"

နတ်မယ်က အတော်ရက်ရောသည့်အမူအရာဖြင့် လက်ဝှေ့ယမ်းပြသည်။

နတ်မယ်ဆန္ဒကို လေးစားသည့်အနေဖြင့် သတ္တမအကြီးအကဲကို လုယန်ပြောသည်။

"ဒီမြစ်ကို ရှေးဟောင်းခေတ်မှာ ယင်ထန်မသေမျိုးသန့်စင်ခဲ့တာပါ"

လုယန်စကားကို သတ္တမအကြီးအကဲ ချက်ချင်းယုံကြည်သွားသည်။

"ဒါနဲ့ မင်းဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"

လုယန် မူထန်မြက်ကိုထုတ်၍ အဖြစ်အပျက်ကို ရှင်းပြသည်။

"အခြေအနေကတော့ ဒါပါပဲ။ အမယွမ်က ဒီမြက်ကို အကြီးအကဲဆီသွားပေးဖို့ ပြောလိုက်တယ်"

သတ္တမအကြီးအကဲ၏မျက်လုံးများ အရောင်လက်လာသည်။

"ဝိညာဉ်သိစိတ်ရှိတဲ့ ဆေးပင်ဆိုတာ တကယ်ရှားပါးတယ်။ အသိဉာဏ်ရှိတဲ့ ဆေးပင်အများစုကလည်း မကောင်းမှုမလုပ်ကြတော့ အလွယ်တကူသန့်စင်ပစ်လို့ မရဘူး။ ဒါမျိုး ငါ့လက်ထဲရောက်လာတာ တကယ့်ရှားပါးအခွင့်ထူးပဲ"

ဆေးဖော်ဖို့အတွက် အသိဉာဏ်ရှိသည့် ဆေးပင်မျိုး ပထမဆုံးအကြိမ် အသုံးပြုခွင့်ရခြင်းဖြစ်၍ သူအတော်ပျော်နေသည်။

"ဒီမူထန်မြက်ရဲ့တန်ဖိုးက တိုင်းတာလို့မရဘူး။ မင်းဘာလိုချင်လဲပြောပါ။ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

လုယန် လက်ခါပြသည်။

"မလိုပါဘူး၊ မလိုပါဘူး။ ဒီမြက်ပင်က အတော်လေး ဒုက္ခပေးခဲ့တာ။ သူ့ကိုရှင်းပစ်နိုင်ရင်ကို ရပါပြီ"

လုယန် ဘာမှမလိုချင်သော်လည်း အကြီးအကဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

"အဲလိုတော့မဖြစ်ဘူးကွ။ ဒီလိုလုပ်ပါ။ ငါမင်းအတွက် ဆေးသုံးဖုံ အခမဲ့သန့်စင်ပေးမယ်"

သူ့ဆေးပညာစွမ်းရည်က ကျင့်ကြံမှုလောကတစ်ခုလုံးတွင် ပြိုက်ဘက်ကင်းသည်။ သူ့ကိုဆေးဖော်ဖို့ တစ်ကြိမ်ဖိတ်ခေါ်သည်ကပင် လေဟာနယ်သန့်စင်အဆင့်တစ်ယောက်၏ ပိုင်ဆိုင်မှုအားလုံး ကုန်ခမ်းသွားနိုင်သည်။

ဆေးအို‌းတောင်မှထွက်လာပြီးနောက် အပြန်လမ်းတွင် လူတစ်စုနှင့်တွေ့ရသည်။ သူ့ကိုမြင်သည်နှင့် ထိုလူစု၏မျက်လုံးများ အရောင်လက်လာသည်။

"မင်္ဂလာပါ အကိုလု"

အားလုံးသံပြိုင်အော်လိုက်သဖြင့် လုယန်လန့်သွားသည်။

ထိုလူစုမှ ယောက်ျားမိန်းမများအားလုံး သူနှင့်သက်တူရွယ်တူဖြစ်မှန်း သတိထားမိသည်။

"မင်းက...ဝေ့နန်ဖေးမဟုတ်လား။ ပြီးတော့ မင်းက ကျင်းချင်ချင်နော်"

တာအီုလမ်းစဉ်ဂိုဏ်းသို့ သူနှင့်အတူဝင်လာသည့် တပည့်များဖြစ်သည်။

ညီငယ်ဝေ့နန်ဖေးသည် ငယ်စဉ်က မိထွေးဖြစ်သူ အဆိပ်ခတ်ခြင်းခံရပြီး တိုင်ပုဖန် ကယ်တင်ပေးခဲ့သူဖြစ်သည်။

ညီမငယ်ကျင်းချင်ချင်သည် တောင်ကြားတစ်ခုတွင် မိုးပြာသစ်မသေမျိုးသစ်သီးကို စားမိ၍ သူ့ကိုယ်ထဲတွင် အတွင်းအားများ အလိုလိုလည်ပတ်နေသူဖြစ်သည်။

သူတို့နှစ်ယောက် အခြေတည်အဆင့်သို့ မရောက်သေးသဖြင့် အရင်က လုယန်မမြင်ခဲ့ခြင်းဖြစ်သည်။ ယခု အခြေတည်အဆင့်သို့ သူတို့ရောက်သွားသဖြင့် သက်ဆိုင်ရာတောင်ထိပ်မှ ထွက်လာခွင့်ရကြသည်။

ဝိညာဉ်အာရုံဖြင့် လုယန် စစ်ဆေးကြည့်သည်။ မှန်သည်။ ဤလူစုမှ ညီအကိုမောင်နှမအားလုံး အခြေတည်အဆင့်များဖြစ်သည်။

ဤအသက်အရွယ်ဖြင့် အခြေတည်အဆင့်ရောက်သူကို အပြင်လောကတွင် ပါရမီရှင်ဟုသတ်မှတ်သည်။ ထိပ်တန်းဂိုဏ်းများတွင် ဂိုဏ်းချုပ်လောင်းဟု သတ်မှတ်သည်။

လုယန်နှင့် သူ့အဖော်လေးယောက်က ချွင်းချက်ဖြစ်သည်။ ယွမ်ကျိစကားအရပြောလျှင် သူတို့ပါရမီသည် မဟာကပ်ရောက်လာတော့မည့် သက်သေဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် ထိုကဲ့သို့ ပါရမီထူးခြားသူမျိုး ငါးယောက်တစ်ပြိုင်တည်း စုစည်းဖူးသည်ဟု တစ်ခါမှမရှိခဲ့။

အားလုံးက လုယန်ကို လေးစားရိပ်အပြည့်ဖြင့် ကြည့်နေသည်။

ဒဏ္ဍာရီအကိုလုကို အခုမှ ကောင်းကောင်းမြင်ဖူးကြသည်။

သူတို့က အခြေတည်အဆင့်သာရောက်သေးသည်။ လုယန်က ရွှေသန္ဓေတည်ဆောက်ပြီးဖြစ်သည်။ အဆင့်ကြီးတစ်ဆင့်လုံး သာလွန်နေသည်။

ထိုအကိုလု ယာယီဂိုဏ်းချုပ်လုပ်ခဲ့သည်ဟု သူတို့ကြားဖူးသည်။ ပါရမီရှင်များပြည့်နေသည့် တာအိုလမ်းစဉ်ဂိုဏ်း၏ သမိုင်းတွင် ပထမဆုံးဖြစ်သည်။

ဓာတ်ငါးမျိုးဂိုဏ်းနှင့် နှီးနှောဖလှယ်ပွဲတွင် လုယန်က ဓားငါးမျိုးမှော်ပညာများ ကျွမ်းကျင်ပြီး၊ သမာဓိမီးတောက်စစ်၊ မြေအောင်းပညာ၊ ရေကွင်းပညာများ ထုတ်ပြခဲ့ကြောင်း ဂိုဏ်းအကိုအမများထံမှ သူတို့ကြားရသည်။ ကိုယ်ပွားများကိုပင် ဖန်တီးနိုင်ပြီး သက်တူရွယ်တူများကြားတွင် ဓားစွမ်းအထက်ဆုံးဖြစ်သည်။

ထိုပညာရပ်အားလုံး ကျွမ်းကျင်ဖို့မဆိုထားနှင့် တစ်ခုကျွမ်းကျင်ဖို့ပင် ခက်လှသည်။

လုယန်သည် သူတို့၏ရိုးလ်မော်ဒယ်ဖြစ်သည်။

အကိုလုထံမှ လေ့လာသင်ယူပြီး တတ်နိုင်သမျှ အမီလိုက်ဖို့ကြိုးစားမည်ဟု စိတ်ထဲမှကျိတ်၍ သန္နိဌာန်ချလိုက်ကြသည်။

လုယန် သူ့ညီငယ်ညီမငယ်များကို အားပေးစကားပြောသည်။ ထို့နောက်

"အမယွမ်နဲ့ ငါသွားတွေ့ရဦးမယ်။ ဒါကြောင့် ငါအရင်သွားနှင့်တော့မယ်"

"ဟုတ်ကဲ့ပါ အကိုလုယန်"

အားလုံးက လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြသည်။ လုယန်ကို သွားစေချင်ကြသေးဟန်မတူ။

လုယန် အပြန်လမ်းတစ်လျှောက်လုံး ပြုံးရွှင်နေသည်။ ဂိုဏ်းတူညီငယ်ညီမငယ်များရှိရသည့် ခံစားချက်က အတောကောင်းသည်။

"ကျုပ်ပြန်လာပါပြီ အမယွမ်"

ယွမ်ကျိက ဂိုဏ်းကိစ္စများ စီစစစ်သုံးသပ်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို တိုင်ကြားထားသည့် ကိစ္စမျိုးစုံကို ဖြေရှင်းနေရသည်။

ဥပမာ ဓာတ်ငါးမျိုးဂိုဏ်းချုပ်က ဒုအကြီးအကဲလောင်ပါး သူ့အမေကို ထိကပါးရိကပါးလုပ်နေသည့်ကိစ္စ အပြင်းအထန်ကန့်ကွက်သည်။

ထို့နောက် ဓာတ်ငါးမျိုးဂိုဏ်းချုပ်၏အမေက လောင်ပါးနောက်တစ်ကြိမ်လာလည်လျှင် ပို၍ဆန်းသစ်သည့်လက်ဆောင်များ ယူလာစေချင်သည်။

နောက်ပြဿနာတစ်ခုက တာာအိုရှင်ဝစီပိတ် ‌ထောင်ကျနေသည်။ ယွမ်ကျိကို အာမခံသူအနေဖြင့် သူ့ကိုလာထုတ်ပေးစေချင်

လူတစ်ချို့က တာအိုရှင်ဝစီပိတ်ပြောသည် တာအိုလမ်းစဉ်ဂိုဏ်းဒဏ္ဍာရီကို နားထောင်ချင်သဖြင့် သူနှင့်အခန်းချင်းကပ်လျက် ထောင်ချပေးဖို့ပင် လျှောက်လွှာတင်ထားကြသည်။ မဟာရှားက ယွမ်ကျိကို တာအိုရှင်ဝစီပိတ်အား မြန်မြန်လာထုတ်စေချင်သည်။ ယခု အကျဉ်းထောင်တစ်ခုလုံးတွင် ဝစီပိတ်၏ပုံပြင်ကို လာနားထောင်သည့်အကျဉ်းသားများ ပြည့်နေသောကြောင့်ဖြစ်သည်။

ယွမ်ကျိ နားထင်နှစ်ဖက်ကို လက်ဖြင့်ပွတ်လိုက်သည်။ နာမည်ကျော်တာအိုလမ်းစဉ်ဂိုဏ်းတွင် ဖြေရှင်းစရာကိစ္စများ ဘာကြောင့်ထိုမျှများပြားနေသည်မသိ။

သူ့ဆရာဂိုဏ်းချုပ်လုပ်စဉ်က ဂိုဏ်းပြဿနာများ ယခုလောက်များခဲ့ပုံမပေါ်။

ယွမ်ကျိထရပ်၍ လုယန်ကို လှမ်းခေါ်သည်။

"မင်းရောက်လာပြီဆိုတော့ ငါနဲ့လိုက်ခဲ့ပါ"

"ဘယ်ကိုသွားမလို့လဲ'

လုယန် စပ်စုလိုက်သည်။

"ထာဝရဂိုဏ်းပျက်သွားပြီးနောက်မှာ ထာဝရဂိုဏ်းချုပ်က သူတို့ရဲ့မူလနေရာကို ထုတ်ပြောခဲ့တယ်။ ထာဝရဂိုဏ်းရဲ့ ပထမဆုံးဂိုဏ်းချုပ် ထာဝရအရှင်ရဲ့အမွေအနှစ်ကို ရှာတွေ့ခဲ့တဲ့နေရာပဲ။

မဟာရှားက စုံစမ်းစစ်ဆေးဖို့ လူတွေလွှတ်ထားတယ်။ သူတို့အစီရင်ခံချက်အရ ရှေးဟောင်းခေတ်ကလို့ ထင်ရတဲ့အရာတွေ အများကြီးတွေ့တယ်။ ရှေးဟောင်းခေတ်ဆိုတာ အတော်ကြာခဲ့ပြီဆိုတော့ အဲဒီ့ခေတ်က မှတ်တမ်းတွေ၊ ဓလေ့စရိုက်တွေ ဘာသာစကားတွေကို နားလည်ထားတာ အတော်နည်းတယ်။ မဟာရှားက အဲဒီ့ရှေးဟောင်းပစ္စည်းတွေကို ရွှေဖို့နဲ့ပတ်သက်ပြီး မဝံ့မရဲဖြစ်နေတယ်။ အဲဒီပစ္စည်းတွေ ပျက်စီးသွားမှာ စိုးရိမ်ကြတယ်။

ရှေးဟောင်းခေတ်နဲ့ပတ်သက်ပြီး ငါသိထားတာက စီနီယာနတ်မယ်လောက် မနှံ့စပ်ဘူး။ ဒီကိစ္စက သူနဲ့အနီးစပ်ဆုံး ပတ်သက်နေတာလေ။ ဒီတော့ သူသွားသင့်တယ်။

ရှားနိုင်ငံက ဒီအကြောင်းသတင်းပို့တော့ မင်းနဲ့စီနီယာနတ်မယ်ကိုခေါ်ပြီး ရှေးဟောင်းနယ်မြေကို သွားလေ့လာဖို့ စီစဉ်ခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းက မင်းက တောနက်ထဲမှာ လေ့ကျင့်နေတယ်။ ရွှေသန္ဓေတည်ဆောက်ဖို့ အရေးကြီးတဲ့အခြေအနေကို ရောက်နေလို့ ငါမင်းကို အနှောက်အယှက်မပေးခဲ့တာ။

အခု မင်းရွှေသန္ဓေလည်း တည်ဆောက်ပြီးပြီဆိုတော့ ရှေးဟောင်းနယ်မြေကို စိတ်ချလက်ချ ခေါ်သွားလို့ရပြီ"

စကားပြောနေရင်း ယွမ်ကျိ ဂူထဲမှလှမ်းထွက်လိုက်သည်။ လက်ကို ကောင်းကင်သို့ဆန့်ထုတ်လိုက်သည်။ တိမ်တိုက်ကြားတွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ အဖြူရောင်တိမ်တိုက်တစ်ခု ကောင်းကင်မှဆင်းလာပြီး ယွမ်ကျိရှေ့သို့ရောက်လာသည်။

"သွားစို့"

************************************

All Chapters