ပထမဂိုဏ်းချုပ်
Vol. 19 Ch. 278
"မဟာရှားအရာရှိတွေက နယ်မြေဟောင်းကို ထာဝရမြို့ပျက်လို့ နာမည်ပေးထားတယ်။
ထာရမြို့ပျက်က မဟာယန်ကောင်တီနားက တောင်တန်းလေးတစ်ခုပေါ်မှာရှိတာ။ နယ်ခံတွေကတော့ ဒီတောင်တန်းကို စွန့်ပစ်တောင်လို့ခေါ်တယ်။ ထုတ်ကုန်ရင်းမြစ်ရှားပါးပြီး ရှုလင်းလည်းမကောင်းတော့ လူတွေသိပ်မသွားကြဘူး။
အစောပိူးတူးဖော်လေ့လာမှူတွေအရ ဒီမြို့ပျက်ဟာ ရှေးဟောင်းခေတ်နှောင်းပိုင်းကလို့ ခန့်မှန်းတယ်"
ရှေးဟောင်းနယ်မြေသို့မရောက်မီ ယွမ်ကျိက အကျဉ်းချုပ်ရှင်းပြသည်။
ရှေးဟောင်းခေတ်နှင့်ပတ်သက်၍ ခေတ်သစ်မျိုးဆက်များ သိထားသမျှ၏ ၇၀ ရာနှုန်းက ရှေးမှတ်တမ်းများအပေါ်အားကိူးသည်။ ၃၀ ရာနှုန်းက မဟာချန်ခေတ်အမွေအနှစ်များ တူးဖော်လေ့လာမှုပေါ် အားကိုးသည်။
အမည်မသည်ရှေးစွမ်းအားရှင်က ကြယ်များကို သန့်စင်ခဲ့သဖြင့် ရှေးဟောင်းခေတ် နယ်မြေအကြွင်းအကျန်ဟူ၍ အတော်ရှားပါးသည်။ နယ်မြေအများစုက ပျက်စီးသွားသည်။ အသုံးဝင်မည့်သတင်းအချက်အလက် မရနိုင်တော့။
သို့သော် လုယန်ကတော့ ထိုသို့မဟုတ်။ ရှေးဟောင်းခေတ်အပေါ်သူ့နားလည်မှုက ထာဝရနတ်မယ်အပေါ် အပြည့်အဝအခြေခံထားသည်။
ယွမ်ကျိရှင်းပြသည်ကို နားထောင်ပြီးနောက် လုယန်တုံ့ဆိုင်းနေသည်။ ထို့နောက် သက်ပြင်းချသည်။
"ဘာဖြစ်တာလဲ"
"မြို့ပျက်အကြောင်းကို ဟော့ပေါ့စားရင်းနဲ့ ဆွေးနွေးဖို့လိုလို့လား"
လုယန်ရှေ့တွင် ဟော့ပေါ့အိုးက ဆူပွက်နေသည်။ စားပွဲပေါ်တွင် အမဲသားပန်းကန်များ ပြည့်နေသည်။ ဤဆိုင်တွင် နွား၏အစိတ်အပိုင်းအမျိုးမျိုး ရနိုင်သည်။ မိုးခိုသား၊ ခါးဆစ်သား၊ ခြေသလုံးသား၊ ရင်အုပ်သား၊ ဝမ်းတွင်းသား။ နွားတစ်ကောင်အား ထိုမျှအစိတ်အပိုင်းမျိုးစုံရအောင် ဘယ်လိုခွဲထုတ်နိုင်သည်ကို လုယန်စဉ်းစားမရ။
သူ့နှင့်မျက်နှာချင်းဆိုင်မှ နတ်သမီးနှင့်တူသည့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က သူစားသောက်နေသည်ကို အပြုံးအရယ်မရှိသည့်မျက်နှာဖြင့် ကြည့်နေသဖြင့် သူအတော်နေရခက်နေသည်။
သေဒဏ်စီရင်သည်နှင့်တူသည်။ ထာဝရမြို့ပျက်သို့သာ တန်းသွားချင်တော့သည်။
ဤဆိုင်၏ အမဲသားဟော့ပေါ့က ဤနယ်မြေတွင် ကျော်ကြားသည်။ စားသုံးသူအတော်များများကို ဆွဲဆောင်နိုင်သည်။ သို့သော် ယွမ်ကျိ၏ သိမ်မွေ့နူးညံ့သည့်ဟန်ပန်က စည်ကားနေသည့်ဆိုင်ထဲတွင် လုံးဝအံဝင်ခွင်ကျမဖြစ်။ လုယန်နှင့်ယွမ်ကျိထံ စူးစမ်းသည့်အကြည့်များစွာ ပုံကျလာသည်။ သူတို့နှစ်ယောက် စကားပြောနေကြသော်လည်း စကားသံလုံးဝမကြားရကြောင်း အမြင်စူးရှသူများက သတိထားမိသည်။ ရိုးရှင်းသည့် အသံကာမှော်စက်ဝန်းမျိုးမဟုတ်။ ပို၍အဆင့်မြင့်သည့်ပညာတစ်ခုဖြစ်သည်။ ပုံရိပ်ယောင်ပညာနှင့် ပိုတူသည်။
ယွမ်ကျိ အိုးထဲမှ အမဲသားတစ်တုံးညှပ်ယူ၍ အချဉ်ရည်ထဲ နှစ်လိုက်သည်။ ဣန္ဒေရသည့် သူ့လှုပ်ရှားမှုကြောင့် ဟော့ပေါ့စားသည်ထက် ရှားပါးသည့် အဖိုးတန်အစားသောက်တစ်ခု စားနေသလိုထင်ရသည်။
"အမဲသားဟော့ပေါ့က မဟာယန်ကောင်တီမှာ နာမည်ကြီးအစားအသောက်ပဲ။ မင်းလည်း ဒီကိုလာဖြစ်ခဲတယ်ဆိုတော့ အတွေ့အကြုံရအောင် ဒေသစာကို စားကြည့်ပါ။ မင်းရဲ့တက်ကြွတဲ့စရိုက်အရ မင်းဟာ လောကကျင့်စဉ်လမ်းကိုလိုက်ဖို့ ကံပါလာပုံပဲ။ ဒါက မင်းရဲလေ့ကျင့်မှုအစိတ်အပိုင်းတစ်ခုပဲ"
ယွမ်ကျိ ခဏစကားရပ်သည်။ ထို့နောက်ဆက်ပြောသည်။
"ပြီးတော့ ဒါက မင်းရွှေသန္ဓေအဆင့်တက်နိုင်တဲ့အတွက် ဂုဏ်ပြုတာပါ"
ယွမ်ကျိ လက်ဖက်ရည်ခွက်ကိုမြှောက်၍ လုယန်နှင့် ခွက်ချင်းတိုက်လိုက်သည်။
စိတ်ထဲတွင် ပီတိဖြစ်နေသဖြင့် လုယန် လက်ဖက်ရည်ခွက်ကို ဂရုတစိုက်မြှောက်လိုက်သည်။
စားသောက်ပြီးနောက် သူတို့နှစ်ယောက် ဆိုင်မှထွက်သည်။ လုယန်က ဟော့ပေါ့အရသာကို ပြန်ခံစားနေဆဲဖြစ်သည်။ သူဝန်ခံပါသည်။ အတော်အရသာရှိသည်။
ဆက်သွားမည့်ခရီးစဉ်အကြောင်း မေးရန်ပြင်လိုက်ချိန်တွင် ယွမ်ကျိက သူ့အင်္ကျီကော်လာကို ဆွဲမလိုက်သည်။
ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သူတို့ဘေးမှ လေဟာနယ် တွန့်လိပ်သွားသည်။ စားသောက်ဆိုင်ဂိတ်တံခါးမှ စွန့်ပစ်တောင်တန်းမြင်ကွင်းအဖြစ်ပြောင်းသွားသည်။
"ဪ...ဒါက တစ်လက်မမြေချုံ့ပညာပဲ"
ထာဝရနတ်မယ် တအံ့တဩရေရွတ်လိုက်သည်။
လုယန်နှင့် အနေများခဲ့သဖြင့် မြေချုံ့ပညာအစစ်သည် မြေတူးပညာမဟုတ်ဘဲ လေဟာနယ်ပညာဖြစ်ကြောင်း သူမေ့လုနီးပါးဖြစ်နေသည်။
.......
စွန့်ပစ်တောင်ကုန်းတွင် စစ်သည်များ တပ်စွဲထားသည်။ သတိမပြတ်စောင့်ကြပ်နေသည်။ ထိုတပ်ဖွဲ့က မဟာရှားနိုင်ငံ၏ လက်ရွှေးစင်တပ်ဖွဲ့များဖြစ်သည်။ ကျင့်ကြံသူအားလုံး ရန်သူကိုရင်ဆီုင်ရန် တိုက်ပွဲဝိညာဉ်မှော်စက်ဝန်း ဖန်တီးနိုင်ကြသည်။
ထာဝရမြို့ပျက်သည် ထာဝရဂိုဏ်း၏မူလရင်းမြစ်ဖြစ်၍ အင်ပါယာရုံးတောက အထူးအာရုံစိုက်၍ ကြပ်မတ်ထားသည်။
"တာအိုရှင်ယွမ်ကျိလားဗျ"
ထူထဲသည့်သံချပ်ကာဝတ်စုံဝတ်ထားသည့် ဝါရင့်တပ်မှုးတစ်ယောက် လျှောက်လာသည်။ ခြေလှမ်းလိုက်တိုင်း တချွင်ချွင်အသံမြည်နေသည်။
ထာဝရမြို့ပျက်ကိုလေ့လာဖို့ တာအိုလမ်းစဉ်ဂိုဏ်းမှ လူတစ်ယောက်လာမည်ဟု တပ်မှူး ကြိုတင်သတင်းရထားသည်။
ဤလက်ရွေးစင်တပ်ဖွဲ့ကို သူဦးစီးသည်။ ကူးဖြတ်ခြင်းအဆင့်များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိပြီး ရုံးတော်တွင် အဆင့်အတန်းမြင့်သည့်ရာထူးမျိုးရလားသည်။
သို့သော် ယွမ်ကျိရှေ့တွင် သူ့ဩဇာကိုမပြရဲ။
အကြောင်းရင်းက ရိုးရှင်းပါသည်။ ယွမ်ကျိလှုပ်ရှားသည်ကို သူမြင်ဖူးသည်။
ရုံးတောက ယွမ်ကျိကို ဤနေရာသို့ ဖိတ်ခေါ်ခြင်း ထာဝရမြို့ပျက်ကို လေ့လာဖော်ထုတ်ဖို့လား သို့မဟုတ် တစ်စစီဖျက်ဆီးဖို့များလားဟု သူတွေးနေသည်။
ယွမ်ကျိုက ဘာမှမပြောဘဲ ခေါင်းတစ်ချက်ငြိမ့်ပြသည်။
တပ်မှူအကြည့်က လုယန်ဆီရောက်လာသည်။ ရွှေသန္ဓေတည်ဆောက်စ ဂျူနီယာတစ်ယောက်။ ဘာကြောင့် ထိုလူငယ်ကို ယွမ်ကျိခေါ်လာသည်ကို တပ်မှူးစဉ်းစားမရ။
သို့သော် သူမမေးပါ။ ယွမ်ကျိခေါလာခြင်းဖြစ်၍ သူဝင်စွက်စရာမလို။
ယွမ်ကျိကိုလည်း သူမတားနိုင်။
"ဒီဘက်ကိုကြွပါ"
တပ်မှူး ရိုရိုသေသေလက်ဆန့်ပြသည်။ ယွမ်ကျိကို ထာဝရမြို့ပျက်ထဲသို့ ခေါ်သွားသည်။
ထိုမြင်ကွင်းကိုကြည့်၍ စစ်သည်များက ဧည့်သည်တော်၏နောက်ခံကို ခန့်မှန်းနေကြသည်။ သူတို့တပ်မှူးပင် ထိုမျှရိုရိုသေသေဆက်ဆံရသည်။
မင်းသမီးလား။ အဆင့်မြင့်လူကုံထံလား။ ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူလား။
သိချင်စိတ်ပြင်းပြနေသော်လည်း စစ်သည်အားလုံး စည်းကမ်းရှိသည်။ အမူအရာထုတ်မပြ။ သူတို့တာဝန်ကိုသာ ဆက်၍အာရုံစိုက်ပြီး တိုက်ခိုက်နည်းများ လေ့ကျင့်နေကြသည်။
တပ်မှူးက သူတို့နှစ်ယောက်ကို မှောင်မဲနက်ရှိုင်းသည့် လှိုဏ်ဂူတစ်ခုဆီ ဦးဆောင်ခေါ်သွားသည်။
"ဒီနေရာပါပဲ။ ထာဝရဂိုဏ်းနောက်လိုက်တွေရဲ့စကားအရ လွန်ခဲ့တဲ့နှစ်တစ်သောင်းကျော်က ထာဝရဂိုဏ်းရဲ့ ပထမဆုံးဂိုဏ်းချုပ် ထာဝရအရှင်ကြောင့် စိတ်အာရုံနိုးကြားခဲ့တဲ့ နေရာပါ။ အိပ်မက်ထဲမှာ သူဒီနေရာကိုရောက်လာပြီး အဘိုးအိုနှစ်ယောက် ကျားကစားနေတာကိုမြင်တယ်။ တစ်ယောက်က ထာဝရအရှင်၊ နောက်တစ်ယောက်က ရှေးခေတ်အမည်မသိမသေမျိုးတစ်ယောက်ပါ။
ပထမဂိုဏ်းချုပ်က ကျားကစားပွဲကို စိတ်ဝင်စားသွားတယ်။ ကစားပွဲပြီးသွားတော့ အဘိုးအိုနှစ်ယောက်နဲ့ ကျားခုံ ပျောက်သွားတယ်။ ဂိုဏ်းချုပ်နိုးလာတော့ ထာဝရမြို့ပျက်ဂိတ်တံခါးရှေ့ကို သူရောက်နေတယ်။
ဒါပေမယ့် ကျုပ်တို့စုံစမ်းစစ်ဆေးချက်အရ ဒီဇာတ်လမ်းဟာ ထာဝရဂိုဏ်းရဲ့နောက်ခံအင်အားကို မြှင့်တင်ဖို့ လိမ်လည်ဖန်တီးထားတယ်လို့ ယူဆပါတယ်။ အမှန်တရားဆိုလို့ ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဟာ ပထမဂိုဏ်းချုပ်ဆိုတဲ့တစ်ချက်ပဲရှိပါတယ်။
တကယ်တော့သူက ထင်းရောင်းဖို့အတွက် ဒီနေရာမှာ တရားမဝင် သစ်ခုတ်နေတာပါ။ ရုံးတောက သူ့ကိုဖမ်းမိသွားပြီး ထောင်ဆယ့်ငါးနှစ်ကျတယ်။ သူလွတ်လာတာ့ အတိတ်ကသူ့ရာဇဝတ်မှုကို ပြန်သုံးသပ်ပြီး သူလှုပ်ရှားတဲ့နည်းလမ်းကို အဆင့်မြှင့်တယ်။ သစ်ပင်စိုက်မှော်ပညာကို လေ့လာတယ်။ သစ်ပင်တွေစိုက်ပြီး ခုတ်ရောင်းတယ်။ ဒီပညာကို သူမြန်မြန်ကျွမ်းကျင်သွားတယ်။
တစ်နေ့တော့ သက်တမ်းရင့်သစ်ပင်ကို အမြစ်ကနေနှုတ်လိုက်တဲ့အချိန်မှာ ထူးဆန်းတဲ့လှိုဏ်ဂူတစ်ခုတွေ့တယ်။ သူဒါကို စိတ်ဝင်စားသွားတော့ မတော်တဆထိခိုက်မှု အသက်အာမခံစာချုပ်တစ်ခုဝယ်တယ်။ ပြီးတော့ ဂူထဲဝင်သွားတယ်။
အဲဒီမှာ ထာဝရမြို့ပျက်ကို သူတွေ့တယ်။ ထာဝရအရှင်အကြောင်း သိလာတယ်။ မသေမျိုးရတနာတစ်ချို့ရတယ်။ သူစိတ်ကူးတစ်ခုပေါ်လာတယ်။ ဂိုဏ်းတည်ထောင်တာက သစ်ခုတ်တာထက် ဝိညာဉ်ကျောက်တွေမြန်မြန်ရနိုင်တယ်လို့ တွေးမိတယ်။
ဒီလုပ်ငန်းနှစ်ခုနဲ့ပတ်သက်ပြီး ရာဇဝတ်ဥပဒေလည်း ပြဌာန်းထားပါတယ်။ တရားမဝင်ဂိုဏ်းတည်ထောင်ရင် သေဒဏ်ပါ။ သစ်ခုတ်တာက တစ်သက်တစ်ကျွန်းထောင်ဒဏ်ပါ။
ထာဝရဂိုဏ်းတည်ထောင်တော့ အခက်အခဲတွေ သူအများကြီးကြုံတယ်။ ရန်ပုံငွေနဲ့ လူအင်အားမလုံလောက်တာတွေပေါ့။
ချွေးငွေတွေယူပြီး ငွေကြေးပြဿနာကို သူဖြေရှင်းတယ်။ အကျဉ်းထောင်တွေကနေ ဂိုဏ်းဝင်တွေ စုဆောင်းတယ်။ အခက်အခဲတွေအများကြီး ကျော်လွှားပြီးနောက်မှာ ထာဝရဂိုဏ်းကို သူတည်ထောင်နိုင်ခဲ့တယ်"
"...ဒီလောက်အသေးစိတ်ကျတဲ့ သတင်းတွေကို ခင်ဗျားဘယ်လို စုံစမ်းခဲ့တာလဲ"
စာအုပ်တစ်အုပ်ပင် ရေးနိုင်လောက်သည့် ပထမဂိုဏ်းချုပ်၏ အတွေ့အကြုံများကို ကြားရသဖြင့် လုယန်အတော်အံ့အားသင့်နေသည်။
ရှားနိုင်ငံရုံးတော်သည် တကယ်လေးစားစရာကောင်းသည်။ ထိုမျှအသေးစိတ်တိကျအောင် စုံစမ်းနိုင်ကြသည်။
"အိုး...စုံစမ်းရတာ မခက်လှပါဘူး။ သူအကြောင်းသူ စာအုပ်တစ်အုပ်ရေးခဲ့တယ်လေ"
တပ်မှူးက သူ့ဝတ်ရုံထဲမှ စာအုပ်တစ်အုပ်ဆွဲထုတ်သည်။
"ဒီစာအုပ်ပါ။ ဒီရက်ပိုင်း ဒါကို ဝတ္ထုတစ်ပုဒ်လို ကျုပ်ဖတ်နေတာ။ အတော်စိတ်ဝင်စားစရာကောင်းတယ်"
လုယန် - "..."
ကိုယ့်ကိုယ်ကို စွမ်းဆောင်မှုကြီးတစ်ခုလုပ်ထားသလို ထင်နေသလားမသိ။
တပ်မှူးက ထပ်ပြောသည်။
"နောက်တော့ ဒုတိယဂိုဏ်းချုပ်က ရာထူးလုပြီး ပထမဂိုဏ်းချုပ်ကို သတ်လိုက်တယ်။ ပြီးတော့ သူ့အသက်အာမခံကြေးကို ထုတ်သွားတယ်"
*********************************