← Chapters

သမိုင်းကိုဆန့်ကျင့်သည့် သုံးသပ်ချက်များ

Vol. 19 Ch. 279

သမိုင်းကိုဆန့်ကျင့်သည့် သုံးသပ်ချက်များ

Vol. 19 Ch. 279

တပ်မှူး၏တာဝန်က မြို့ပျက်ကိုစောင့်ကြပ်၍ အပြင်လူများဝင်မလာနိုင်အောင် ကာကွယ်ဖို့ဖြစ်သည်။ ထာဝရမြို့ပျက်ထဲသို့ ယွမ်ကျိ၊ လုယန်နှင့် လုယန်ကိုယ်ထဲမှ မသေမျိုးဝိညာဉ်တို့သာ ဝင်သွားကြသည်။

မြို့ပျက်ထဲရောက်လာသော်လည်း ထိုနေရာနှင့်စိမ်းနေသည်ဟု မခံစားရ။

ထာဝရဂိုဏ်း၏ ယန်ကျန်းဂိုဏ်းခွဲတွင် ထာဝရမြို့ပျက်ကို ပုံစံတူယူ၍ တည်ဆောက်ထားသည့် လျှို့ဝှက်နယ်မြေတစ်ခုရှိသည်။ ထာဝရအရှင်အပေါ်ယုံကြည်မှုနှင့် ထိုနယ်မြေကို သူတို့ပိုင်ဆိုင်သည်ဟူသည့်ခံစားချက်ကို တိုးမြှင့်နိုင်ဖို့ဖြစ်သည်။

လေထဲတွင် စင်မြင့်များလွင့်မျောနေသည်။ စင်မြင့်များပေါ်တွင် ရှေးခေတ်အဆောက်အဦးများရှိသည်။ အားလုံးကို မြင်ဖူးပြီးသားဖြစ်သည်။ အဆောက်အဦးများက အချိန်တိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသည်။ မပျက်စီးမီက အခြေအနေကို ပြန်စိတ်ကူးပုံဖော်ကြည့်ဖို့ ခက်ခဲသည်။

ယွမ်ကျိ လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ပြိုကျနေသည့်အဆောက်အဦးများလွင့်ပျံတက်ပြီး ပြန်စုစည်းသွားသည်။ မူလအသွင်ပြန်ပေါ်လာသည်။ အချိန်နောက်ပြန်ရစ်လိုက်သလို ထင်ရသည်။

ရှေးခေတ်ဗိသုကာလက်ယာသည် ခေတ်သစ်နှင့်ကွဲပြားသည်ဆိုသော်လည်း ထိုအဆောက်အဦးများသည် "ရှေးဟောင်း"သူသည့်စကားလုံးနှင့်တောက် ဆက်စပ်၍မရနိုင်။

ခေတ်သစ်အဆောက်အဦးပုံစံများသည် မဟာချန်ခေတ်မှ အစပြုသည်။ နှစ်သုံးသိန်းအတွင်း ခေတ်အခါကိုလိုက်၍ ပြောင်းလဲခဲ့သည်။

ရှေးဟောင်းခေတ်က နှစ်သုံးသိန်းထက် ပိုရှည်လျားခဲ့သည်။ ထိုခေတ်အဆုံးပိုင်းတွင် အနုပညာနှင့်ဘာသာစကား များစွာတိုးတက်ဖွံ့ဖြိုးခဲ့သည်။ ယနေ့ခေတ်ထက် မနိမ့်။ ပုံစံသာ ကွာခြားသည်။

ဤအဆောက်အဦးများ၏ ပင်မဖွဲ့စည်းတည်ဆောက်ပုံက ခံ့ညားသည်။ လေသာဆောင်များ စနစ်တကျ စီစဉ်ထားသည်။ ဂိတ်တံခါးများကိုပင် အဝါရောင်ကျောက်စိမ်း၊ အစိမ်းရောင်ကျောက်စိမ်းနှင့် အနီရောင်ရွှေတို့ဖြင့် တန်ဆာဆင်ထားသည်။ အသွင်အပြင်ထည်ဝါသည်။

"ဒီအဆောက်အဦးတွေကိုမှတ်မိလား စီနီယာ"

ယွမ်ကျိကမေးသည်။

မြို့ပျက်တွင် သူတို့သုံးယောက်သာရှိနေသဖြင့် နတ်မယ် ပုန်းကွယ်နေစရာမလို။ သိစိတ်နယ်မြေမှ အပြင်ထွက်လာသည်။

အဆောက်အဦးများကို သူသေချာကြည့်နေပြီးနောက် ခေါင်းခါသည်။

"မမှတ်မိဘူး။ ရှေးဟောင်းဗိသုကာပုံစံတွေကို ငါနားမလည်ပေမယ့် ဒါတွေက ငါတို့ခေတ်ကတော့ မဟုတ်ဘူးထင်တယ်"

"မဟာရှားနိုင်ငံရဲ့ အတည်ပြုချက်အရ ဒီမြို့ပျက်ဟာ လွန်ခဲ့တဲ့ နှစ်သုံးသိန်းနဲ့ လေးသိန်းကြားမှာ ဖြစ်တည်ခဲ့တာ။ အချိန်ကာလအတည်ပြုတဲ့နေရာမှာ ရှားနိုင်ငံက တစ်ခါမှမမှားဖူးဘူး။

ပြီးတော့ ဒီအဆောက်အဦးလက်ရာနဲ့ အခင်းအကျင်းက ချန်ခေတ်အစောပိုင်းကပုံစံမျိုးမဟုတ်ဘူး။

ရှေးခေတ်အမည်မသိစွမ်းအားရှင် ကြယ်ကမ္ဘာတွေကို သန့်စင်တဲ့အချိန်မှာ ခမ်းနားတဲ့ရှေးဟောင်းခေတ်ဟာ မရေမတွက်နိုင်တဲ့ရတနာတွေနဲ့အတူ ပြာပုံဘဝရောက်သွားတယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြတယ်။

ဒီတော့ မဟာချန်ခေတ် စတည်ထောင်တဲ့အချိန်မှာ ခြိုးခြံချွေတာမှုကိုပဲ ဦးစားပေးခဲ့တယ်။ အခွန်နဲ့ငှားရမ်းခတွေ လျှော့ချထားတယ်။ ဒါပေမယ့် ဒီမြို့ပျက်ထဲမှာရှိတဲ့ အဆောက်အဦးတွေကိုကြည့်ပါ။ တန်ဖိုးကြီးတယ်လို့ မဆိုနိုင်ပေမယ့် ခြိုးခြံချွေတာတယ်လို့တော့ ပြောလို့မရဘူး"

ယွမ်ကျိလေ့လာထားသည့်အချက်များမဟုတ်။ ဤနေရာကို လေ့လာပြီးနောက် ရုံးတောမှဖွဲ့စည်းထားသည့် ဝါရင့်ပညာရှင်များက ရှားဘုရင်ထံတင်သွင်းသည့် အစီရင်ခံစာမှ အချက်အလက်များဖြစ်သည်။

"ဒါဆိုရင်တော့ ငါလည်းမသိတော့ဘူး"

နတ်မယ် ရိုးသားစွာ ဝန်ခံသည်။ ထိုကိစ္စများကို သူသိပ်မတွေးတတ်။

လုယန် အသံတိတ်နေသည်။ မြို့ပျက်ကို စလေ့လာချိန်မှာပင် အခက်အခဲများကြုံရမည်ဟု ထင်မထား။ ဤမြို့ပျက်၏ခေတ်ကာလကိုပင် မခွဲခြားနိုင်။

ရှေ့ဆက်လျှောက်လာချိန်တွင် လုယန်မြင်ဖူးသည့် နံရံဆေးရေးပန်းချီများကို တွေ့ရသည်။

ပန်းချီပုံများပေါ်တွင် ကျားမခွဲခြားမသိနိုင်သည့် ထာဝရအရှင်က လက်နှစ်ဘက်ဆန့်ထုတ်၍ ဂြိုလ်ငယ်များစွာ ပွေ့ပိုက်ထားသည်။ ဂြိုလ်တစ်ခုချင်းစီပေါ်တွင် သေးငယ်သည့် လူသားပုံများရှိသည်။ ထာဝရအရှင်ကို အရိုအသေပေးနေကြသည်။

လွန်ခဲ့သည့်လေးလကအကြောင်း ပြန်စဉ်းစားကြည့်လျှင် ယန်ကျန်းကောင်တီ၏ ဂိုဏ်းသခင်ချူးက လုယန်တို့သုံးယောက်ကို လျှို့ဝှက်နယ်မြေသို့‌ ခေါ်သွားပြီး ပန်းချီပုံများရှေ့တွင် ထာဝရအရှင်၏ဇစ်မြစ်ကို မိတ်ဆက်ပေးခဲ့သည်။ ရှေးခေတ်အမည်မသိစွမ်းအားရှင် ကြယ်ကမ္ဘာများသန့်စင်ခဲ့သည့် လျှို့ဝှက်ချက်ကို ပြောပြခဲ့သည်။

အရာအားလုံး ပြောင်းလဲခဲ့ပြီဖြစ်သည်။ လုယန်ပြန်သတိရမိသည်။ သိပ်မကြာသေး။ သဘောကောင်းသည့် ဂိုဏ်းသခင်ချူးမရှိတော့။ လူသတ်သမားက အပြစ်ပေးမခံရဘဲ လွတ်နေဆဲဖြစ်သည်။

ပန်းချီပုံ၏ညာဘက်ဘေးတွင် စာအတော်များများရေးထားသည်။ လုယန် နားမလည်။

"ဒါက ‌ရှေးဟောင်းစာတွေလား"

ယွမ်ကျိ ခေါင်းငြိမ့်၍ လုယန်ကို အကျဉ်းချုပ်ဘာသာပြန်ပေးသည်။ အကြမ်းဖျင်းအဓိပ္ပါယ်က ရှေးဟောင်းခေတ်တွင် ထာဝရအရှင်သည် လူသားမျိုးနွယ်ကိုကာကွယ်ပြီး ရှေးခေတ်အမည်မသိစွမ်းအားရှင်နှင့်တိုက်ခိုက်ခဲ့သည်။ စွမ်းအားကုန်ခမ်း၍ သေသွားသည်။ သို့သော် ထာဝရအရှင်၏နာမည်ကို ရွတ်ဆို၍ ပြန်အသက်သွင်းနိုင်သည်။

ယခု ဤဇာတ်ကြောင်းသည် လိမ်လည်ဖန်းတီးထားခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်သည်။ ထာဝရနတ်မယ်ပဲဝါရော ထာဝရအရှင်ပါ ထိုလုပ်ရပ်မျိုး မလုပ်ခဲ့ကြ။

ထာဝရနတ်မယ်သည် အမည်မသိစွမ်းအားရှင် ကြယ်ကမ္ဘာများမသန့်စင်မီကတည်းက သေဆုံးခဲ့သည်။ ထာဝရအရှင်မွေးဖွားလာသည်ကလည်း လပိုင်းသာရှိသေးသည်။

"ဒါဆို ဒီနေရာဟာ ရှေးဟောင်းခေတ်ကအမွေအနှစ်ဆိုတာ တကယ်လား"

လုယန် မျက်မှောင်ကျုံ့နေသည်။ ကိစ္စများက ထိုမျှမရိုးရှင်းလောက်ဟု ခံစားနေရသည်။

ယွမ်ကျိ ခေါင်းခါသည်။

"အရင်ကဆိုရင်တော့ ငါလည်းဒီလိုပဲ ထင်မိမှာပါ။ ဒါပေမယ့် ခုနကစီနီယာပြောသလိုဆိုရင် ဒီစာသားတွေဟာ ငါတို့အထင်မှားအောင် နောက်ကွယ်ကလူက တမင်ချန်ထားခဲ့တာဖြစ်နိုင်တယ်"

ယွမ်ကျိ နတ်မယ်ကို လှည့်မေးသည်။

"စီနီယာ၊ ဒီစာသားအများစုကို ကျွန်မဘာသာပြန်နိုင်တယ်။ ဒီခေတ်မှာ ရှေးဟေင်းဘာသာစကားကို အပြည့်အဝဘာသာပြန်နိုင်တဲ့လူ မရှိတော့ဘူး။ ဥပမာ ဒီစာကြောင်းပေါ့။ ကျွန်မရော ရုံးတော်ကလွှတ်လိုက်တဲ့ ပညာရှင်တွေရော ဘာသာမပြန်နိုင်ဘူး"

နတ်မယ် စာကြောင်းကိုကြည့်ပြီးနောက် မျက်မှောင်ကျုံ့၍ ငြိမ်နေသည်။ အဓိပ္ပါယ်ကိုတော့ သူနားလည်ပါသည်။ သို့သော် ထူးဆန်းလွန်းသဖြင့် မှားဖတ်မိသည်ဟုပင် ထင်နေသည်။

စာလုံးတစ်လုံးချင် သူဖတ်ပြသည်။

"ထာဝရအရှင် ငါတို့ကို ကောင်းချီးပေးပါစေ။ ရှင်းဟော်နိုင်ငံတော် ထာဝရတည်တံ့ပါစေ"

ထို့နောက် နတ်မယ် ပြန်မေးသည်။

"ရှင်းဟော်နိုင်ငံဆိုတာ ဘာလဲ'

လူယန်လည်း ထူးဆန်းသည်ဟုထင်သည်။ ထိုနိုင်ငံအကြောင်း တစ်ခါမှသူမကြားဖူး။

အချိန်သမိုင်းကြောင်းအမြင်အရ ရှေးဟောင်းခေတ်အဆုံးသတ်သည်။ အပျက်အစီးကြားမှ မဟာချန်ခေတ် တည်ထောင်ကြသည်။ နှစ်တစ်သိန်းကြာပြီးနောက် မဟာချန်ကို မဟာယုခေတ်က အစားထိုးဝင်လာသည်။ နောက်ထပ်နှစ်တစ်သိန်းကြာပြီးနောက် မဟာယုခေတ်ကို မဟာရှားခေတ်က အစားထိုးဝင်လာသည်။ ယနေ့ခတ်အထိဖြစ်သည်။

ရှင်းဟော်နိုင်ငံအတွက် နေရာလုံးဝမရှိ။

ထာဝရနတ်မယ်စကားအရ ရှင်းဟော်နိုင်ငံသည် ရှေးဟောင်းခေတ်တွင်ပေါ်ထွန်းခဲ့ခြင်း မဖြစ်နိုင်။

လုယန်နှင့်နတ်မယ်တို့ ယွမ်ကျိကို ပြိုင်တူလှမ်းကြည့်၍ အဖြေတစ်ခု မျှော်လင့်နေကြသည်။

ယွမ်ကျိ နည်းနည်းမျက်မှောင်ကျုံ့နေသည်။ သူလည်း ထိုကိစ္စကို တွေးမရ။

"ရှင်းဟော်နိုင်ငံလို့တော့ ငါလည်းတစ်ခါမှမကြားဖူးဘူး။ ဒီနိုင်ငံက ရှေးဟောင်းခေတ်မှာ ရှိခဲ့တာများဖြစ်နိုင်မလား"

လုယန် ထိုအယူအဆကို ငြင်းသည်။

"မဖြစ်နိုင်ဘူး။ နတ်မယ်က ကျုပ်ကိုပြောဖူးတယ်။ ရှေးဟောင်းခေတ်မှာ မျိုးနွယ်စုတွေပဲရှိတာ။ 'နိုင်ငံ'နဲ့ "ဥပဒေ"အယူအဆတွေတောင် မရှိဘူး။

နတ်မယ် ခေါင်းငြိမ့်ထောက်ခံသည်။

လုယန် ခန့်မှန်းသုံးသပ်ချက်တစ်ခု ပြောသည်။

"နိုင်ငံအယူအဆက နတ်မယ်ကျဆုံးပြီးမှ ပေါ်လာတာဖြစ်လောက်မလား။ အဲဒီ့အချိန်မှာ နိုင်ငံတစ်ခု တည်ထောင်ခဲ့တာ ဖြစ်မယ်"

ယွမ်ကျိခေါင်းခါသည်။

"စီနီယာကျဆုံးပြီး သိပ်မကြာခင်မှာ ရှေးခေတ်အမည်မသိစွမ်းအားရှင်က ကြယ်ကမ္ဘာတွေကို တိုက်နယ်အဖြစ်သန့်စင်ခဲ့တယ်။ နတ်မယ်ရဲ့နာမည်မှန်ကိုသိတဲ့လူအားလုံး အမြစ်ပြတ်ရှင်းပစ်ခဲ့တာ။ ဒီအဖြစ်အပျက်နှစ်ခုကြားမှာ နိုင်ငံတစ်ခုထူထောင်ဖို့ဆိုတာ အချိန်ကတိုတောင်းလွန်းတယ်"

နတ်မယ်ကျဆုံးမှုသည် ရှေးဟောင်းခေတ်ပျက်သုဉ်းမှု၏အစဖြစ်သည်ဟု ယွမ်ကျိ ရည်ညွှန်းလိုခြင်းဖြစ်သည်။

လုယန် တစ်ခြားအကြောင်းတစ်ခု တွေးမိသည်။ သို့သော် သူ့အတွေးက တုန်လှုပ်စရာကောင်းလွန်းနေသည်။ အများနားလည်ထားသည့် အခြေအနေနှင့် လုံးဝဆန့်ကျင်နေသည်။

"မဖြစ်နိုင်တာတွေအားလုံး ဘေးဖယ်လိုက်ရင် ဖြစ်နိုင်ချေနှစ်ခုပဲ ကျန်မယ်။

ပထမဖြစ်နိုင်ချေက နောက်ကွယ်ကကြိုးကိုင်နေတဲ့လူဟာ ကျုပ်တို့ကိုလှည့်စားဖို့ မရှိခဲ့တဲ့ရှင်းဟော်နိုင်ငံကို လုပ်ကြံဇာတ်လမ်းခင်းပြီး ဒီဆေးရေးပန်းချီကို ဖန်တီးခဲ့တာ။

ဒါပေမယ့် မရှိတဲ့နိုင်ငံကို လုပ်ကြံဖန်တီးတာက ဖော်ထုတ်ဖို့ လွယ်လွန်းတယ်။ အဓိပ္ပါယ်မရှိဘူး။

ဒုတိယဖြစ်နိုင်ချေက ရှေးဟောင်းခေတ်နဲ့ မဟာချန်ခေတ်ကြားမှာ ရှင်းဟော်လို့ခေါ်တဲ့ နိုင်ငံတစ်ခု ပေါ်ခဲ့လိမ့်မယ်။

အဲဒီ့ရှင်းဟော်မင်းဆက်ဟာ သမိုင်းမှာ ပထမဆုံးတည်ထောင်တဲ့နိုင်ငံပဲ။ ရှေးဟောင်းခေတ်က အမွေအနှစ်တွေရထားမယ်။ ရှေးဟောင်းဘာသာစကားကိုသုံးမယ်။ ရှေးဟောင်းရတနာတွေ ပိုင်ဆိုင်ထားမယ်။ ရှင်းဟော်နိုင်ငံကျဆုံးတာက ရှေးဟောင်းခေတ်အမွေအနှစ်တွေရဲ့ တကယ့်နိဂုံးအစစ်ပဲ။

ဒါပေမယ့် ရှင်းဟော်နိုင်ငံ ရှိခဲ့တဲ့အကြောင်း ဘာလို့ဘယ်သူမှ မသိကြတာလဲ။ နိုင်ငံတစ်ခု ဖြစ်တည်ခဲ့ ပျက်စီးခဲ့တာတောင် ဘာလို့ဘာမှတ်တမ်းမှမကျန်ခဲ့တာလဲ"

**************************************

All Chapters