မသေမျိုးမဖြစ်မီ နောက်ဆုံးဂန္တဝင်တိုက်ပွဲ
Vol. 19 Ch. 282
"အဲဒီ့အကျဉ်းသားက ဝန်ခံသွားသတဲ့လား"
လုယန် ချက်ချင်းပြန်မေးသည်။
သူ့အမေးကြောင့် ထာဝရနတ်မယ် နားမလည်နိုင်အောင်ဖြစ်သွားသည်။
"အဲဒါတော့ ငါဘယ်လိုလုပ်သိမှာလဲ။ ကိုးဆမသေမျိုးက အဲဒီ့အကျဉ်းသားကို စစ်ဆေးမေးမြန်းနေရတာ အားအင်ကုန်ခမ်းနေလို့ ပြန်အားဖြည့်ဖို့ အစားအသောက်လိုချင်တာဖြစ်မှာပေါ့။..ကဲ ဒီမှာ ဟင်းချက်စရာပစ္စည်း ဘာတွေကျန်သေးလဲ ကြည့်ရအောင်"
နတ်မယ် ပျော်ရွှင်စွာ သီချင်းညည်းရင်း မီးဖိုချောင်ထဲ လှည့်ပတ်သွားသည်။ နောက်ဆုံးတွင် ရေကန်တစ်ခုရှေ့၌ ရပ်လိုက်သည်။
"ထိုက်ယိတော်ဝင်ရေလား"
ယွမ်ကျိက ရေကန်မျက်နှာပြင်ကို အသာထိလိုက်သည်။ သာမန်ရေမဟုတ်။ အလွန်ရှားပါးသည့် ထိုက်ယိတော်ဝင်ရေဖြစ်သည်။ ရှားပါးလွန်းသဖြင့် လေလံပွဲများမှာပင် မတွေ့နိုင်။
ထိုက်ယိရေစင်သည် အရာအားလုံးကို သန့်စင်၍ ဝိညာဉ်ကိုစင်ကြယ်စေနိုင်သည်ဟု ဒဏ္ဍာရီရှိသည်။ ချီဖောက်ပြန်လုနီးပါးဖြစ်နေသည့် ကျင့်ကြံသူတစ်ယောက်ကို ထိုရေတစ်စက်ဖြင့် ပြန်ကယ်တင်နိုင်သည်။
ယွမ်ကျိ သေချာမှတ်မိသည်။ လောကတွင် ထိုက်ယိရေစင်သည် ရေစက်အနည်းငယ်သာကျန်တော့သည်။ အဓိကအင်အားစုကြီးများက အခြေခံစွမ်းအင်ရင်းမြစ်တစ်စိတ်တစ်ပိုင်းအနေဖြင့် ပိုင်ဆိုင်ထားကြသည်။ အလွယ်တကူ ထုတ်မသုံးကြ။
တာအိုလမ်းစဉ်ဂိုဏ်းတွင် ရေစင်သုံးစက်ရှိသည်။ ချီဖောက်ပြန်မည့်အနေအထားရှိသည့် အကြီးအကဲများအတွက် သုံးခဲ့သည်။ ယခု သူတို့ဂိုဏ်းတွင် ထိုက်ယိရေစင် လုံးဝမကျန်တော့။
သို့သော် ဤနေရာတွင် ရေစင်က တစ်ကန်လုံးရှိနေသည်။
ကန်ရေပြင်က တည်ငြိမ်သည်။ ယွမ်ကျိ၏ နူးညံ့သည့်မျက်နှာ အရိပ်ထင်နေသည်။
"ဒီနေရာမှာ ရေကန်က ဘာလို့ရှိနေတာလဲ"
ထိုက်ယိရေစင်အကြောင်း လုယန်မသိ။ မီးဖိုချောင်ထဲ ရေကန်ရှိနေသည့်အဖြစ်ကိုသာ စိတ်ဝင်စားသည်။
"ဒါက ဟင်းသီးဟင်းရွက်တွေ ဆေးတဲ့ကန်လေ။ နင်တို့တွေက ဟင်းချက်စရာတွေကို မချက်ပြုတ်ခင် ရေမဆေးကြဘူးလား"
နတ်မယ်က လုယန်ကို 'တကယ်ညစ်ပတ်ကြတာပဲ'ဟူသည့် မျက်နှာပေးဖြင့် ကြည့်နေသည်။ လုယန်မျက်ခုံးတစ်ချက်လှုပ်သွားသည်။
ထိုက်ယိတော်ဝင်ရေစင်သည် အရာအားလုံးကို သန့်စင်နိုင်သည်။ ထို့ကြောင့် ထိုရေစင်ဖြင့်ဟင်းသီးဟင်းရွက်များ ဆေးကြောခြင်းသည့် နည်းနည်းတော့...အဓိပ္ပါယ်ရှိပါသည်။
ယွမ်ကျိ တုံ့ဆိုင်းဆိုင်းဖြစ်နေသည် ရှေးဟောင်းမသေမျိုးတို့၏ အဆင့်အတန်းထည်ဝါမှုက တကယ်လေးစားလောက်သည် တွေးနေသည်။ ဟင်းရွက်ဆေးသည်ပင် ထိုရေစင်မျိုးကို သုံးကြသည်။
နတ်မယ်က လက်ညှိုးကိုဆန့်ထုတ်၍ ကန်ရေပြင်ကိုထိလိုက်သည်။ ထိသည့်နေရာမှ လှိုင်းတွန့်များပြန့်ကားသွားသည်။
ရေပြင်က အမိန့်တစ်ခုကို တုံ့ပြန်နေဟန်ဖြင့် အလယ်မှကွဲထွက်သွားပြီး ရေအောက်လေဟာနယ်တစ်ခု ပေါ်လာသည်။
ထိုနေရာက ခြောက်သွေ့နေသည်။ ရေစက်ရေမှုန် လုံးဝမရှိ။ ထူးဆန်းသည့်စွမ်းအားတစ်ခုက လေဟာနယ်နှင့်ရေပြင်ကို ပိုင်းခြားထားသည်။ ရေကန်နှင့်လေဟာနယ်ကို ခွက်တစ်လုံးဟုမြင်ကြည့်လျှင် ရေကန်က အုပ်ထားသည့်အဖုံးတစ်ခုလို ဖြစ်နေသည်။
လေဟာနယ်ထဲမှပစ္စည်းများကြောင့် လုယန်အံ့အားသင့်သွားသည်။ အမျိုးအမည်မသိသည့် သားရဲတို့၏ အသားများ၊ သမိုင်းတွင်ပျောက်ကွယ်ခဲ့ပြီးဖြစ်သည့် မသေမျိုးသစ်သီးများ။ အဖုအထစ်မရှိ ချောမွတ်နေသည့် စက်လုံးပုံကျောက်တုံးများ၊ ရောင်စုံအလင်းများ ထွက်ပေါ်နေသည့် ပန်းများ။ ထိုပစ္စည်းများအားလုံးက ထူးခြားသည့် သူတို့နောက်ခံကို အရိပ်အမြွက်ပြနေသည်။
သို့သော် အရေးကြီးဆုံး မေးခွန်းတစ်ခုရှိသည်။
"နှစ်သုံးသိန်းကြာတာတောင် ဒါတွေက အကောင်းအတိုင်းရှိနေသေးတာလား"
လုယန်အံ့အားသင့်သွာားသည်။ ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများ အသက်ကိုတတ်နိုင်သမျှဆန့်ထုတ်၍၍ နေလျှင်ပင် နှစ်သုံးသိန်းအတွင်း လေးငါးကြိမ်သေခဲ့ပြီးဖြစ်မည်။
ယွမ်ကျိ မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ သူ့အာရုံတွင် ရောအောက်လေဟာနယ်၏'အချိန်နိယာမ'က လုံးဝတည်ငြိမ်နေသည်။
သူ့ရတနာများအားလုံး ပုံမပျက်ရှိနေသည်ကို တွေ့သဖြင့် ထာဝရနတ်မယ် ကျိတ်၍သက်ပြင်းချလိုက်ပြီး ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။
"ဒီလေဟာနယ်ကို အချိန်မသေမျိုးက ငါ့အတွက် ဖန်တီးပေးခဲ့တာ။ အချိန်အရိယဖလကိုသုံးပြီး ဒီလေဟာနယ်ထဲကအချိန်ကို အေးခဲအောင်လုပ်ထားတာ။ ဒီထဲကို ဘာပဲထည့်ထည့် ပြန်ထုတ်တဲ့အချိန်မှာ ဒီအတိုင်းပဲရှိနေလိမ့်မယ်"
လုယန် မင်သက်မိနေသည်။ နေရာတစ်ခုကိုကွက်ပြီး အချိန်ကိုရပ်တန့်ထားသည်။ အချိန်အရိယဖလသည် တကယ်ထိုမျှစွမ်းအားကြီးလေသလား။
"သူမသေမျိုး စဖြစ်ပြီး အချိန်အရိယဖလတည်ဆောက်တဲ့အချိန်မှာ ဒါမျိုးမလုပ်နိုင်သေးဘူး။ ငါ့အကူအညီကြောင့် ဒီစွမ်းအားကို ကျွမ်းကျင်လာတာ။ ငါ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ ငါသုံးဖို့ အချိန်ရပ်ဆိုင်းထားတဲ့ လေဟာနယ်တစ်ခု ဖန်တီးပေးတာ"
"နတ်မယ်၊ ခင်ဗျားက အချိန်စွမ်းအားကိုလည်း ကျွမ်းကျင်တာလား"
နတ်မယ်ကျွမ်းကျင်သည့် အချိန်မှော်ပညာများကို လုယန် ပြန်တွေးကြည့်သည်။
သေဟန်ဆောင်သည့်ပညာ။ ကိုယ်အချိန်ကိုယ်ထိန်းချုပ်နိုင်သည်။ အလောင်းပုပ်ဆွေးမှုဖြစ်စဉ်ကို အရှိန်မြှင့်နိုင်သည်။
မိုးလေဝသခန့်မှန်းပညာ။ အနာဂတ်မိုးလေဝသကို အတိအကျခန့်မှန်းနိုင်သည်။
ဘယ်လိုပင်တွေးတွေး ထာဝရနတ်မယ်သည် အချိန်မသေမျိုးကို လမ်းညွှန်နိုင်စွမ်းရှိသည့်ပုံမပေါ်။
"အချိန်မသေမျိုးကပြောတယ်။ သူ့အရိယဖလစွမ်းအားက အန္တရာယ်ကြုံမှပဲ အသက်ဝင်လာတာတဲ့။ ဒါပေမယ့် မသေမျိုးတွေအတွက် အန္တရာယ်ဆိုတာ မရှိသလောက်ပဲလေ။
ဒါကြောင့် သူ့အတွက် ဟင်းချက်ပေးဖို့ ငါ့ကိုတောင်းဆိုတယ်။ သူစားသောက်နေတဲ့အခါ သူ့အချိန်ကို အေးခဲထားချင်လို့လေ။ သုံးလေးရက်လောက် လေ့ကျင့်လိုက်တော့ သူကျွမ်းကျင်သွားပါတယ်"
လုယန် - "..."
"စားသောက်နေရင်းနဲ့ ကူးဖြတ်ခြင်းအဆင့်တုန်းက ငါသူ့ကို အနိုင်ယူပြီး မြေပေါ်ရိုက်ချခဲ့တာတွေကို 'အန္တရာယ်'လို့ ပြန်ခံစားကြည့်ချင်လို့ဖြစ်မယ်ထင်တယ်။ ဒီနည်းလမ်းမျိုး ကိုးဆမသေမျိုးက ငါ့ကိုသင်ပေးဖူးတယ်။ လှုံ့ဆော်အာရုံတုံ့ပြန်မှုလို့ ခေါ်တယ်"
"ကူးဖြတ်ခြင်းအဆင့်လား"
အဓိကကျသည့်စကားလုံးကို ယွမ်ကျိသတိထားမိသည်။ ရှေးမှတ်တမ်းများထဲတွင် ဖတ်ဖူးသည့်ဇာတ်လမ်းကို ပြန်သတိရလာသည်။
"နတ်မယ်၊ ယင်ထန်မသေမျိုးနဲ့ တစ်ခြားသုံးယောက် မသေမျိုးဖြစ်မလာခင်က တိုက်ခိုက်ခဲ့ကြတဲ့ မဟာတိုက်ပွဲကြီးအကြောင်း ရှင်သိလား။ အဲဒီတုန်းက သူတို့လေးယောက်လုံး ကူးဖြတ်ခြင်းအဆင့်ပဲ ရှိသေးတယ်တဲ့"
"မသေမျိုးမဖြစ်ခင် နောက်ဆုံးတိုက်ပွဲပေ့ါ"
လုယန် စိတ်ဝင်စားလာသည်။ တကယ့်ဂန္တဝင်ဇာတ်လမ်းတစ်ခု ဖြစ်ပုံရသည်။ စိတ်လှုပ်ရှားစရာ နောက်ခံအကြောင်းရင်းများစွာ ရှိပေလိမ့်မည်။
ယွမ်ကျိခေါင်းငြိမ့်သည်။
"ဒဏ္ဍာရီမှတ်တမ်းအရ သူတို့လေးယောက် တာအိုကိုမရခင်မှာ အဆုံးအဖြတ်တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တယ်။
ယင်ထန်မသေမျိုး၊ ချီလင်မသေမျိုး၊ ကိုးဆမသေမျိုးတို့ ပါရမီရှင်သုံးယောက်ပေါင်းပြီး အချိန်မသေမျိုးကို တိုက်ခိုက်ခဲ့တယ်။ ဒီတိုက်ပွဲကို ကိုယ်တွေ့ကြုံခဲ့သူတွေရဲ့ စကားအရ တိုက်ခိုက်နေချိန်မှာ ယင်ထန်မသေမျိုးက "ဘယ်သူမသေမျိုးဖြစ်လာနိုင်လဲ"ဆိုပြီး ခပ်တင်းတင်းမေးခွန်းထုတ်တယ်တဲ့။ သူ့အမေးကို အချိန်မသေမျိုးက ပြန်မဖြေရဲဘူး။ စိတ်ဓာတ်အရ ရှုံးသွားတယ်။
မသေမျိုးလေးယောက်ထဲမှာ အချိန်မသေမျိုးရဲ့ မူလပုံစံဟာ လောကသစ်ပင်လို့ လူတွေက ခန့်မှန်းကြတယ်။ ကြောက်စရာကောင်းလောက်အောင် အခြေခံနက်ရှိုင်းပြီး ခေတ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့တဲ့ ဖြစ်တည်မှူပေါ့။ ဒီတော့ သူက မသေမျိုးဖြစ်လာနိုင်ခြေအရှိဆုံးပဲ။ ယင်ထန်တို့သုံးယောက်က အတူပူးပေါင်းပြီး သူ့ကို ပထမဆုံးမသေမျိုး ဖြစ်မလာအောင် တားဆီးခဲ့တာ"
အစပိုင်းတွင် ထာဝရနတ်မယ် မျက်မှောင်ကျုံ့၍ နားထောင်နေသည်။ ထိုနောက်ဆုံးတိုက်ပွဲအကြောင်း သူမမှတ်မိ။ သို့သော် ဆက်နားထောင်နေရင်း ရုတ်တရက် ပြန်သတိရလာဟန်ရှိသည်။
"အိုး..ဒါလား။ နင်မေးတဲ့လူ မှန်သွားပြီ။ ဒီအကြောင်းငါသိတာပေါ့။
ငါပြောပြမယ်။ အချိန်မသေမျိုးဟာ မသေမျိုးမဖြစ်ခင်တုန်းက အရမ်းဘဝင်မြင့်တယ်။ ဘယ်သူ့ကိုမှ အထင်မကြီးဘူး။ အဲဒီတုန်းက ငါတို့နှစ်ယောက်လုံး ကူးဖြတ်ခြင်းအဆင့်မှာပဲ ရှိသေးတယ်။ သူက ငါ့ကိုမေးတယ်။ ဒီလောကထဲက သူရဲကောင်းတွေ အားလုံးထဲမှာ ဘယ်သူမသေမျိုးဖြစ်လာနိုင်လဲတဲ့။
ယင်ထန် ဖြစ်လာနိုင်မလားလို့ ငါပြန်မေးလိုက်တယ်။ သူကပြောတယ်။ ယင်ထန်က သူ့နောက်ခံအဆင့်အတန်းကို အလေးထားလွန်းတယ်။ အဲဒါက သူ့မသေမျိုးလမ်းစဉ်အတွက် ဝန်ထုပ်ဝန်ပိုးပဲတဲ့။
ဒါဆို ချီလင် ဖြစ်လာနိုင်ခြေရှိလားလို့ ငါမေးတယ်။ သူကပြောတယ်။ ချီလင်က အရိုင်းစစ်သည်တော်ပဲတဲ့။ မွေးရာပါကံဇာတာနိမ့်တယ်။ သူ့ကျင့်စဉ်လမ်းက ချောမွေလွန်းတော့ မသေမျိုးဖြစ်ဖို့ စမ်းသပ်ချက်တွေကို ဖြတ်ကျော်နိုင်ဖို့ခက်တယ်တဲ့။
ဒါဆို ကိုးဆမသေမျိုး ဖြစ်လာနိုင်လားလို့ ငါမေးတယ်။ သူကပြောတယ်။ ကိုးဆမသေမျိုးက ပါရမီဓာတ်ခံညံ့တယ်။ သူ့ရဲ့မသေမျိုးရုပ်ခန္ဓာကြောင့်သာမဟုတ်ရင် အစကတည်းက တစ်ခြားပါရမီရှင်တွေ သူ့ကိုအနိုင်ယူခဲ့မှာ။ ဒီလိုလူမျိုးက မသေမျိုးဖြစ်မလာနိုင်ဘူးတဲ့။
ဒါဆို ငါရောဖြစ်နိုင်လားလို့ မေးတယ်။ ငါက စိတ်ထက်ပြီး ဒေါသကြီးလွန်းတယ်တဲ့။ ပြိုင်ဘက်ကင်းလမ်းစဉ်ကို လျှောက်ခဲ့ပေမယ့် တင်းမာလွန်းရင် ငါပျက်စီးသွားလိမ့်မယ်လို့ပြောတယ်။ ပြီးတော ငါစိတ်က ခရေစေ့တွင်းကျ တွေးလွန်းတယ်တဲ့။ ဒါဟာ သဘာဝလမ်းစဉ်နဲ့ သဟဇာတမဖြစ်လို့ ငါ့စိတ်ဓာတ်က အားနည်းနေတယ်။ ဒါကြောင့်မသေမျိုးမဖြစ်နိုင်ဘူးတဲ့။
ဒါဆို ဘယ်သူမသေမျိုးဖြစ်လာနိုင်လဲလို့ ငါမေးလိုက်တယ်။ သူက ဝမ်းနည်းနေတဲ့လေသံနဲ့ပြောတယ်။ လောကကြီးကျယ်ပြန့်ပေမယ့် သူတစ်ယောက်ပဲ မသေမျိုးဖြစ်နိုင်တော့မယ်။ ထာဝရအထီးကျန်နေရတော့မှာပါတဲ့။
အဲဒီတုန်းက ငါဒေါသထွက်လွန်းလို့ သူ့ကိုမြေပေါ်တွန်းလှဲပြီး အဆက်မပြတ်ရိုက်ပစ်တယ်။ အဲဒီတော့မှ ငါလည်းမသေမျိုးဖြစ်နိုင်ပါတယ်ဆိုတာ သူဝန်ခံတယ်။
ဒါတောင် ငါဒေါသမပြေသေးဘူး။ တစ်ယောက်တည်းရိုက်တာ မလုံလောက်သေးဘူးလို့ ခံစားရတယ်။ ဒါပေမယ့် ငါသူ့ကိုတစ်ခါရိုက်ပြီးသားဆိုတော့ ထပ်ရိုက်မယ်ဆို ကြည့်မကောင်းတော့ဘူး။ ဒါကြောင့် ငါတို့ပြောခဲ့တဲ့စကားတွေ ယင်ထန်တို့သုံးယောက်ကို ပြန်ပြောပြလိုက်တယ်။
အဲဒီနောက်တော့ ယင်ထန်တို့သုံးယောက်ပေါင်းပြီး အချိန်မသေမျိုးကို ပညာပေးကြတယ်။
တစ်ယောက်ချင်းတိုက်ခိုက်ရင်တော့ သူဘယ်သူမှ မကြောက်ပါဘူး။ ဒါပေမယ့် သုံးယောက်တစ်ယောက်ဆိုတော့ သူအရိုက်ခံရုံပဲရှိတာပေါ့။
အဲဒီအချိန်မှာ ယင်ထန်က "ဘယ်သူမသေမျိုးဖြစ်လာနိုင်လဲ"ဆိုပြီး မေးတယ်။ အချိန်မသေမျိုးကလည်း သူ့ဘက်ကမှားထားတာဆိုတော့ ပြန်မဖြေရဲဘူးလေ"
ယွမ်ကျိ - "..."
ဪ...တာအိုမရခင် မသေမျိုးလေးယောက်ရဲ့ နောက်ဆုံးဂန္တဝင်တိုက်ပွဲကြီးနောက်ကွယ်က အကြောင်းရင်းမှန်က ဒါလား။
ယွမ်ကျိအမူအရာကို လုယန်တစ်ချက်ခိုးကြည့်ရင်း တွေးနေသည်။
'ကျုပ်နေ့တိုင်း ဘယ်လိုရှေးဟောင်းဇာတ်လမ်းတွေ နားထောင်နေရလဲဆိုတာ အခုအမယွမ်သိပြီမဟုတ်လား'
***************************************