အကျိုးထူးများစွာရခြင်း
Vol. 19 Ch. 283
သူသိထားသည့် ရှေးဟောင်းဗဟုသုတများသည် ပညာရှင်ဘိုးတော်ကြီးများ တစ်သက်လုံးလေ့လာထားသမျှနှင့် ယှဉ်နိုင်သည်ဟု လုယန် သေချာပြောရဲသည်။
ဟိုစပ်စပ်ဒီစပ်စပ်လေ့လာထားသည့် သက်ကြာအိုးများ၏အသိနှင့်မတူ။ သူသိထားသည့်အရာအားလုံးက ရှေးခေတ်မသေမျိုးများနှင့် ပတ်သက်နေသည်။ ထိုပညာရှင်များ မက်မောကြမည့် အချက်အလက်များဖြစ်သည်။
အရင်က ရှေးခေတ်အကြောင်း သူဘာမှမသိ။ နတ်မယ်ပြောသမျှကို နားထောင်ပြီး အလွယ်တကူ လက်ခံယုံကြည်ခဲ့သည်။
သို့သော် ရှေးဟောင်းခေတ်အကြောင်း ထူးခြားသည့်ကိုယ်ပိုင်အတွေးအမြင်မျိုးရှိသည့် ယွမ်ကျိလို လူတစ်ယောက်အနေဖြင့် နတ်မယ်ပြောသည့်ဇာတ်လမ်းများကို လက်ခံဖို့ ခက်ခဲနေသည်။
ဤနေရာတွင် နကန်းတစ်လုံးမသိခဲ့သူက အားသာသည်။
ဒဏ္ဍာရီနှင့်အမှန်တရားကြားမှ ကွာဟချက်များကို လုယန်ဆက်မစဉ်းစားတော့။ ရေအောက်လေဟာနယ်မှ ပစ္စည်းများကို စိတ်ဝင်တစား မေးမြန်းသည်။
"ယန်ဓာတ်အားတိုးစေတယ်ဆိုတဲ့ ဒီအသားက ဘာသားရဲရဲ့အသားလဲ"
နတ်မယ် မေးကိုကိုင်၍ ထိုသားရဲအသက်ရှိစဉ်ကအသွင်ကို ပြန်မှတ်မိရန် ကြိုးစားနေသည်။
"ပိဖန်းရဲ့အသားလား...မဟုတ်ဘူး..ကပ်ဆိုးသားရဲအသားလား...မဟုတ်သေးဘူး ဘာအသားပါလိမ့်"
(**ပိဖန်းငှက်သည် ခြေထောက်တစ်ချောင်းတည်းရှိသည့် ငှက်ဖြစ်သည်။ ကြိုးကြနှင့်တူသည်။ အစိမ်းရောင်အမွှေးပေါ်တွင် အနီရောင်အမွေးစင်းများရှိသည်။ နှုတ်သီးဖြူသည်။ သူ့အော်မြည်သံကိုစွဲ၍ အမည်ပေးခြင်းဖြစ်သည်။ မီးကပ်ဆိုးသားရဲဖြစ်သည်)
"နတ်မယ်၊ ဒါဘာအသားလဲဆိုတာ မမှတ်မိဘဲနဲ့ ခင်ဗျားဘယ်လိုချက်သလဲ"
လုယန် အတော်အံ့အားသင့်သွားသည်။
လွန်ခဲ့သည့် နှစ်သုံးသိန်းမှလူဖြစ်သော်လည်း နတ်မယ်အမြင်ဖြင့်ကြည့်လျှင် အသတ်ခံရပြီးနောက် အိပ်မောကျသွားပြီး ပြန်နိုးလာချိန်တွင် ယွမ်ကျိ၏ ဆူပူငေါက်ငမ်းခံရပြီး သိစိတ်နယ်မြေတွင် သုံးလကျော်နေခဲ့ရသလိုသာဖြစ်လိမ့်မည်။
တစ်နည်းအားဖြင့် နတ်မယ်သည် ဤမီးဖိုချောင်သို့ သုံးလလောက်မရောက်ခဲ့ရုံမျှသာ ဖြစ်သည်။ ယခု ဤအသားကို ဘာအသားမှန်းသူမမှတ်မိ။
"ဘာအသားလဲဆိုတာ ငါဘာသိစရာလိုလို့လဲ"
နတ်မယ်က ပြန်ချေပသည်။ လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
"ဆုံတွေ့ရတာဟာ ကံကြမ္မာပဲ။ စားရတာကလည်း ကံကြမ္မာပဲ။ ငါရွေးချယ်လိုက်တဲ့အသား ဒီနေ့စားခံရဖို့ ကံပါလာတဲ့သဘောပဲမဟုတ်လား"
ချက်ပြုတ်ခြင်းနဲ့ ပတ်သက်၍ ထာဝရနတ်မယ်တွင် ထူးခြားသည့်ကိုယ်ပိုင်အမြင်များ ရှိသည်မှာ ထင်ရှားသည်။
"ဒါဆို ဒီအသီးကဘာလဲ"
အတောင်ထင်ရှားသည့် အသီးတစ်လုံးကို လုယန်လက်ညှိုးထိုးပြသည်။ ပန်းသီးအရွယ်ဖြစ်သည်။ ဆွတ်ဆွတ်ဖြူနေသည်။ အလင်းစက်ဝန်းသုံးခု ဝန်းရံနေသည်။ ဖြာထွက်လာသည့်အလင်းများက လေထဲတွင် ရှိသည်။ အချိန်ကို အေးခဲထားသဖြင့် ငြိမ်သက်နေသည်။
"ဒါက..အဲ..ငါစိုက်ခဲ့တဲ့ ထာဝရမသေမျိုးသစ်သီးလေ"
"ထာဝရမသေမျိုးသစ်သီး..။ ဒါက ဘယ်လိုအကျိုးရှိလဲ။ ထာဝရဘဝကို ပေးနိုင်လား"
ထိုသစ်သီး မယုံနိုင်လောက်အောင် တန်ဖိုးကြီးသည်ဟု လုယန်တွေးလိုက်သည်။
ထာဝရဘဝသည် လူတိုင်း၏ဆန္ဒဖြစ်သည်။ လူသားများ သေဆုံးချိန်တွင် ငြိမ်းသွားသည့် မီးတောက်လို ပျောက်ကွယ်သွားသည်။ အသက်ရှိစဉ်က ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ မြူမှုန်အဖြစ်သာရောက်ရသည်။ ပိုင်ဆိုင်ခဲ့သမျှအားလုံးလည်း သုံးစားမရတော့။
ထာဝရအသက်ကိုပေးနိုင်သည့် မသေမျိုးသစ်သီးသည် ကူးဖြတ်ခြင်းအဆင့်များပင် တပ်မက်မိကြမည့် ရတနာဖြစ်သည်။
ထာဝရနတ်မယ် အလေးအနက်မျက်နှာဖြင့် ခေါင်းငြိမ့်သည်။
"ဒီမသေမျိုးသစ်သီးကိုစားတဲ့လူဟာ ထာဝရအလောင်းတစ်ခု ဖြစ်လာလိမ့်မယ်"
လုယန် - "..."
ထိုအဖြစ်က သူမှန်းထားသည်နှင့် ဘယ်လိုဆက်စပ်နေသနည်း။
"စီနီယာ၊ ဒါက မိုးပြာမသေမျိုးသစ်သီးလား"
ယွမ်ကျိက နက်ပြာရောင်သစ်သီးတစ်လုံးကို လက်ညှိုးထိုးပြသည်။ ဂိုဏ်းဝင်သစ်ကျင်းချင်ချင် ကလေးဘဝက စားခဲ့သည့် မိုးပြာမသေမျိုးသစ်သီးနှင့် တူသည်ဟု သူယူဆသည်။
မိုးပြာမသေမျိုးသစ်သီးကြောင့် ဒွိဝိညာဉ်မြစ်နှင့် တန်းတူအဆင့်ရှိသည်။ ရုပ်ခန္ဓာမျိုးကို ကျင်းချင်ချင်ရခဲ့သည်။
"ဟုတ်တယ်၊ အချိန်မသေမျိုး စိုက်ခဲ့တဲ့ မိုးပြာမသေမျိုးသစ်သီးပါ။ ငါနည်းနည်းတောင်းထားတာ။ စားလို့ကောင်းတယ်။ ကျန်တာတွေတော့ငါစားလို့ကုန်ပြီ။ ဒီတစ်လုံးပဲ ကျန်တာ"
"ဒီကျောက်တုံးကရောဘာလဲ။ ဓားသွေးကျောက်လား"
ဝိုင်းစက်နေသည့်ကျောက်တုံးတစ်ခုကို လုယန်သတိထားမိသည်။ ဘာကြောင့် ကျောက်တုံးတစ်ခုကို အစားအသောက်သိုလှောင်သည့် ရေအောက်လေဟာနယ်တွင် သိမ်းထားသည်မသိ။
ယွမ်ကျိပင် မျက်မှောင်ကျုံ့သွားသည်။ ထိုကျောက်တုံးထဲမှ ထူးဆန်းသည့်စွမ်းအားကို သူအာရုံခံမိသည်။ လေဟာနယ်သန့်စင်အဆင့် သို့မဟုတ် စုစည်းခြင်းအဆင့် စွမ်းအားနှင့် တန်းတူအဆင့်လောက်ရှိသည်။
သို့သော် ဘာကျောက်တုံးမှန်း သူခွဲခြားမသိ။
"ဒါက ကြယ်သန္ဓေလေ။ ဂြိုလ်တစ်လုံးရဲ့သန္ဓေပေါ့။ လူမနေတဲ့ဂြိုလ်ကြီးတစ်ခုကနေ ငါတူးယူလာတာ။ နင်ဒါမျိုးကို မသိဘူးလား။ အင်း...ဟုတ်ပါတယ်လေ။ အခု စကြာဝဠာထဲမှာ ဂြိုလ်တွေမှ မရှိတော့တာပဲ"
"ဪ..ကြယ်သန္ဓေဆိုတာ ဒါပေါ့"
ရှေးမှတ်တမ်းထဲတွင် ယွမ်ကျိမြင်ဖူးသည်။ ပစ္စည်းသန့်စင်ဖို့ အကောင်းစားကုန်ကြမ်းဟု ဖော်ပြထားသည်။ မသေမျိုးရတနာများ ဖန်တီးနိုင်စွမ်းရှိသည်။
သို့သော် ဘာကြောင့် ကြယ်သန္ဓေကို မီးဖိုချောင်ထဲ ထည့်ထားသနည်း။
"ဒီကြယ်သန္ဓေ ဘာအတွက်သုံးတာလဲ"
"စားဖို့လေ"
လုယန် အကြီးအကျယ်အံ့အားသင့်သွားသည်။
"ဒါမျိုးကိုလည်း စားလို့ရတယ်ပေါ့"
နတ်မယ်က လက်ယမ်းပြသည်။ လုယန်ကို ဘာမှမသိသည့်လူတစ်ယောက်ဟု သူယူဆသည်။
"စားမရရင် ငါကဘာလို့ ဒါကိုဒီမှာထားမှာလဲ။
သာမန်လူတွေတော့ မစားနိုင်ဘူးပေါ့။ ဥပမာ နင့်လို ရွှေသန္ဓေတည်ဆောက်စလူတစ်ယောက်ဆိုရင် တစ်ချက်ကိုက်ကြည့်တာနဲ့ သွားတွေအားလုံး ကျိုးသွားမယ်။
ဒါပေမယ့် မသေမျိုးတွေကျတော့ မတူဘူးလေ။ လောကမာ အမာကျောဆုံးဖြစ်တဲ့ မသေမျိုးခန္ဓာတွေ ပိုင်ဆိုင်ထားတယ်။ ခန္ဓာကိုယ်မှာ အမာဆုံးဖြစ်တဲ့ သွားတွေက ဒီလိုကြယ်သန္ဓေလေးကို ကိုက်စားနိုင်တာပေါ့။
အစားအသောက်တစ်ခုရဲ့ စွမ်းအင်ပါဝင်နှုန်းမြင့်လေ ပိုအရသာရှိလေပဲဆိုတာ နင်မသိဘူးလား။ ငါ့အမြင်တော့ ကြယ်သန္ဓေတွေဟာ ထိပ်တန်းအစားအစာပဲ။
ပြီးတော့ စားသောက်တဲ့ရည်ရွယ်ချက်ထဲမှာ စွမ်းအင်ဖြည့်ဖို့လည်း ပါတယ်မဟုတ်လား။
နောက်ပြီး ရွှေကျောက်မှုန်ဆေးလုံးဖော်စပ်နည်းဆိုတာ နင်မကြားဖူးဘူးလား။ ကျောက်တုံးတွေကို ဆေးဝါးတွေမှာအသုံးပြုတယ်လေ။ ဒီတော့ အစာအဖြစ်လည်း စားလို့ရတာပေါ့"
နတ်မယ်ပြောသည့်စကား နည်းနည်းယုတ္တိကျသည်ဟု ခံစားရသည်။ မသေမျိုးများသည် ကြယ်သန္ဓေများကို ကွတ်ကီးဝါးသလို ဝါးစားနိုင်ကြမည်ထင်သည်။ သို့သော် နည်းနည်းတော့ ကြောင်တက်တက်နိုင်သည်ဟု ခံစားရသည်။
ရှေးခေတ်မသေမျိုးလေးယောက်အပေါ် သူနားလည်ထားသည့်အမြင်များ လွဲများနေသလားတော့မသိ။
နေ့တိုင်း ကျောက်တုံးများကို ကိုက်ဝါးနေမည့် သူတို့ပုံစံကို မြင်ရောင်ကြည့်သည်။ အတော်ဆင်းရဲမွဲတေသူများနှင့် တူနေသလိုလို ထင်မိသည်။
"ဒီပန်းကရောဘာလဲ။ ဟင်းချက်ပစ္စည်းပဲလား"
အရောင်ငါးမျိုးထွက်နေသည့် ပန်းတစ်ပွင့်ကို လုယန် လက်ညှိုးထိုးပြသည်။
"မဟုတ်ဘူး။ ဟင်းချက်တဲ့အခါ အရောင်တင်ဖို့သုံးတာပါ။ စားချင်ရင်လည်း စားလို့ရပါတယ်။ အရသာထူးခြားပြီး အားအင်တိုးစေတယ်"
ချက်ပြုတ်ရတွင် အရောင် အနံ့နှင့် အရသာ သုံးမျိုးလုံးဂရုစိုက်ဖို့လိုကြောင်း နတ်မယ်သိသည်။
အရောင်ငါးမျိုးပန်းက အရောင်လှဖို့ သုံးသည်။
သုံးယောက်လုံး မီးဖိုချောင်တွင် လှည့်ပတ်ကြည့်ကြသည်။ လုယန်နှင့်ယွမ်ကျိတို့ အတော်အမြင်ကျယ်သွားကြသည်။
ဤမီးဖိုချောင်သည် ထာဝရနတ်မယ်ပုံစံနှင့် ကွက်တိကျသည်ဟု လုယန်ယူဆသည်။
လုယန်၏သိစိတ်နယ်မြေနေထိုင်သည့် နတ်မယ်ကြောင့် လုယန် လမ်းမှားရောက်သွားမည်ကို ယွမ်ကျိစိုးရိမ်သည်။
မီးဖိုချောင်မှထွက်ချိန်တွင် နတ်မယ်က တုံ့ဆိုင်းဆိုင်းဖြစ်နေသဖြင့် ယွမ်ကျိ မေးလိုက်သည်။
"နတ်မယ်၊ မီးဖိုချောင်ထဲက မထွက်ချင်တော့ဘူးလား"
"အဲလိုလည်းမဟုတ်ပါဘူး။ ငါနဲ့ရင်းနှီးတဲ့ပစ္စည်းတွေကိမြင်ရဖို့ ခဲယဉ်းတယ်လေ။ အတိတ်ကို သတိရလာလို့ပါ"
နတ်မယ် နည်းနည်းရှက်နေဟန်ဖြင့် ရယ်လိုက်သည်။
ယွမ်ကျိ ခေါင်းငြိမ့်သည်။
"ကိစ္စမရှိပါဘူး။ ဒီပစ္စည်းတွေက အစကတည်းက နတ်မယ်ပိုင်တာပဲ။ ဒီကပြန်ရင် ရှင့်မီးဖိုချောင်ကို ပြန်ရဖို့အတွက် အင်ပါယာရှားကို ကျွန်မပြောလိုက်မယ်"
နတ်မယ်မျက်လုံးများ အရောင်လက်လာသည်။
"တကယ်လား"
"တကယ်ပါ"
သူတို့သုံးယောက် ထာဝရမြို့ပျက်ထဲ နောက်တစ်ကြိမ်လှည့်တပ်ကြည့်သည်။ ဘာမှအသစ်အဆန်း ထပ်မတွေ့။ ထို့ကြောင့် မြို့ပျက်မှ ပြန်ထွက်လာကြသည်။
နတ်မယ်က အလိုက်တသိဖြင့် လုယန်၏သိစိတ်နယ်မြေထဲ ဝင်သွားသည်။
တပ်မှူးက ဂိတ်တံခါးတွင် စောင့်နေသည်။ လုယန်တို့နှစ်ယောက်ထွက်လာသည်နှင့် သူမေးသည်။
"မြို့ပျက်ခရီးစဉ်ကနေ တစ်ခုခုအကျိုးရခဲ့လား"
"အများကြီးရခဲ့ပါတယ်။ အင်ပါယာရှားကို မြို့ပျက်အကြောင်း ကျွန်မသတင်းပို့လိုက်မယ်"
ယွမ်ကျိက တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။ အကျိုးအမြတ်များစွာရခဲ့သူတစ်ယောက်၏ ပုံစံနှင့် လုံးဝမတူ။
"အကျိုးရတယ်ဆိုရင် ကောင်းပါတယ်"
တပ်မှူးက သူတို့ကို နှုတ်ဆက်ပို့ဆောင်ပေးသည်။
အပြန်လမ်းတွင် မြို့ပျက်နှင့်ပတ်သက်သည့် ကိစ္စကို လုယန်စဉ်းစားနေသည်။
"အမယွမ်၊ ထာဝရမြို့ပျက်ကို ဒီလိုပုံစံအတိအကျဖြစ်အောင် ဘယ်လိုတည်ဆောက်တာလဲ"
ယွမ်ကျိ ခဏစဉ်းစားသည်။
"ကြိုးကိုင်သူက ဖန်တီးခဲ့တာလို့ ငါထင်တယ်။ အရင်ဆုံး ရှင်းဟော်နိုင်ငံဆိုတာ တကယ်ရှိခဲ့ပြီး သူတို့က ထာဝရအရှင်ကို ကိုးကွယ်ခဲ့တယ်လို့ ယူဆထားကြတာပေါ့။ အဲလိုဆိုရင် မြို့ပျက်ထဲက ကျောက်သားစင်မြင့်ပျံဆယ်ကိုးခုရဲ့ မူလဇစ်မြစ်ပြဿနာ ဖြေရှင်းလို့ရသွားမယ်။
နတ်မယ်ရဲ့မီးဖိုချောင်နဲ့ပတ်သက်လို့တော့...ရှေးဟောင်းခေတ်အတွင်း အမည်မသိစွမ်းအားရှင် ကြယ်တွေကိုသန့်စင်တဲ့အချိန်မှာ နတ်မယ်ရဲ့လှိုဏ်ဂူ ပျက်စီးပြီး အစိတ်အပိုင်းတွေ အများကြီးကွဲထွက်သွားတာလို့ ငါယူဆတယ်။ ဒီမီးဖိုချောင်လည်း တစ်ခုအပါအဝင်ပေါ့။
နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတဲ့လူက ရှင်းဟော်နိုင်ငံရဲ့ ယာဇ်ပူဇော်တဲ့နေရာကို ထာဝရမြို့ပျက်ရဲ့ ကိုယ်ထည်အဖြစ် သန့်စင်တယ်။ နတ်မယ်ရဲ့ မီးဖိုချောင်ကို ထာဝရအရှင်ရဲ့ ရုပ်ထုထဲ ထည့်လိုက်တယ်။ ဒီလိုဆိုတော့ ထာဝရဂိုဏ်းချုပ်က ထာဝရအရှင်ရဲ့ ဖြစ်တည်မှုအကြောင်းမသိဘဲ ထာဝရဂိုဏ်းကို တည်ထောင်ဖြစ်သွားတယ်။ ပြီးတော့ ကြိုးကိုင်သူရဲ့ လျှို့ဝှက်အကူအညီကြောင့် နတ်မယ်မီးဖိုထဲက မသေမျိုးရတနာတွေ သူရသွားတယ်။ အဲဒီတော့ ထာဝရဂိုဏ်းဟာ အချိန်မတန်ခင်ပျက်စီးတာမျိုး မဖြစ်နိုင်တော့ဘူးပေါ့"
"နားလည်ပါပြီ"
လမ်းတစ်ဝက်ရောက်ချိန်တွင် ယွမ်ကျိသည် တာအိုလမ်းစဉ်ဂိုဏ်းသို့ မပြန်ဘဲ မဟာယန်ကောင်တီဆီသို့ သွားနေကြောင်း လုယန်သတိထားမိလာသည်။
"အမယွမ်၊ မဟာယန်ကောင်တီကို ကျုပ်တို့ ပြန်သွားဖို့ လိုသေးလို့လား"
ယွမ်ကျိက မပွင့်တပွင့် ပြန်ပြောသည်။
"ငါတို့ဆရာက မဟာယန်ကောင်တီက အကျဉ်းထောင်ထဲ ရောက်နေတယ်လေ။ စိတ်ခံစားချက်အရရော ဝတ္တရားအရရော ငါတို့သူဆီ သွားလည်သင့်တာပေါ့"
***********************************