ဝစီပိတ်နှင့် ထောင်ရေစက်
Vol. 19 Ch. 284
"ဆရာက ထောင်ထပ်ကျပြန်ပြီပေါ့"
တာအိုရှင်ဝစီပိတ် ထောင်ကျနေသည်ဟု ကြားသည်နျင့် လုယန်ပါးစပ်မှ လွှတ်ခနဲထွက်သွားသည်။
ဘာကြောင့် 'ထပ်ကျပြန်ပြီ'ဟု သူပြောမိသည်မသိ။
ယွမ်ကျိ သက်ပြင်ချ၍ ခေါင်းငြိမ့်သည်။
"ငါမပြောချင်ပေမယ့် အဲဒါအမှန်ပါပဲ။ "နောက်ဆို ပြဿနာရှာပြီးရင် ဆရာ့တပည့်တွေကိုမခေါ်နဲ့"လို့ ငါအကြိမ်ကြိမ် ပြောခဲ့တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူက ငါတို့ဆရာပဲလေ။ သူ့ကိုယ်သူ အပြင်မှာ အရှက်ကွဲခံနေရင်တောင် သူနဲ့တွေ့ရင် ငါတို့က 'ဆရာ'လို့ ခေါ်ရမှာပဲ။ မသိသလို ဟန်ဆောင်လို့မှမရတာ
"...ဒါဆို အခုပြောတဲ့ အဓိကအချက်က ဆရာလို့ခေါ်ဖို့ပဲ ရှိသေးတယ်။ သူဘာလို့ ထောင်ကျလဲဆိုတာ မသိသေးဘူးပေါ့"
"ဆရာက သူ့ကိုထောင်ထဲကနေ တစ်ယောက်ယောက်လာထုတ်ပေးဖို့ စာတစ်စောင်ရေးပြီးပြောတယ်။ အရင်ကတော့ စတုတ္ထအကြီးအကဲက အာမခံထုတ်ပေးနေကျပါ။ ဒီတစ်ခေါက် ဆရာကလည်း မဟာယန်ကောင်တီမှာရှိတာ။ ငါတို့လည်း ထာဝရမြို့ပျက်ကိစ္စဖြေရှင်းပြီးပြီဆိုတော့ သူဘာလို့ထောင်ကျသလဲဆိုတာ သွားကြည့်ကြတာပေါ့"
"ဆရာက မကြာခဏထောင်ကျတာလား"
"မကြာခဏတော့ မဟုတ်ဘူး။ ဒါပေမယ့် သူထောင်ကျတဲ့အချိန်က ထောင်စောင့်အများစုရဲ့လုပ်သက်ထက် ပိုများတယ်"
"..."
"ထူးခြားတဲ့ သူ့အတွေ့အကြုံတွေကြောင့် လူတစ်ယောက်ဟာ သူတို့ဘဝတစ်သက်တာမှာ တစ်ခုခုတော့ ချန်ထားခဲ့ရမယ်လို့ ဆရာကယုံကြည်တယ်။ ဒါကြောင့် သူ့ကိုယ်ပိုင်အတွေ့အကြုံတွေပေါ် အခြေခံပြီး စာအုပ်တွေရေးတယ်။ ရုံးထော်ရဲ့ထောက်ခံမှုရအောင်လုပ်တယ်"
လုယန် စိတ်ဝင်စားလာသည်။
"ဆရာက ဘာတွေရေးတာလဲ"
"သူ့စာအုပ်တစ်အုပ်ရဲ့နာမည်က 'နှစ်နှစ်ထောင်အတွင်း ရှားနိုင်ငံ ထောင်တွင်းပတ်ဝန်းကျင်အပြောင်းအလဲများ'တဲ့"
နမူနာတစ်ခု ယွမ်ကျိ ထုတ်ပြောသည်။
"တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော်ခေတ်မှာ ဆရာက အရက်မူးပြီး မကြာခဏဓားပျံစီးတယ်လို့ ကြားဖူးတယ်။ မူးပြီးမောင်းတဲ့တဲ့ ပစ်မှုမြောက်သွားတယ်။ အဲလိုဖြစ်တိုင်း ထောင်ထဲမှာ လချီနေရတယ်တဲ့"
ထို့နောက် ရှားနိုင်ငံ၏ လက်ရှိရာဇဝတ်ပြစ်မှုအခြေအနေများကို ဆက်ရှင်းပြသည်။
"ဒါက တကယ်တော့ ကျင့်ကြံသူတွေ ကျူးလွန်တာအများဆုံးပစ်မှုပါ။ ဓားပျံတွေတင်မကဘူး။ ဘူးသီးခြောက်တွေ၊ ကျောက်စိမ်းပလေလို ရတနာတွေလည်း ပါတာပေါ့။ ကျင့်ကြံသူတွေက သောက်ပြီးရင် အမူးပြေအောင် ဝိညာဉ်ချီကို မသုံးချင်ကြဘူး။ ဒီတော့ မူးရူးပြီး ရောက်တတ်ရာရာ ပျံသန်းတယ်။ ဒီကိစ္စကိုတားဆီးဖို့ ရှားနိုင်ငံက အထပ်ထပ်ကြိုးစားတယ်။
ပြီးတော့ တစ်ရက်မှာ ဆရာက ဗေဒင်ဆရာအဖြစ်အယောင်ဆောင်ပြီး လူတစ်ယောက်ကို ဒီနေ့ငွေလိမ်ခံမယ်ဆိုပြီး အသေအချာဟောတယ်။ တကယ်လို့ အလိမ်မခံချင်ရင် ငွေနဲ့ယတြာချေရမယ်လို့ ပြောတယ်။ အဲဒီ့လူကလည်း ဆရာ့ကိုယုံပြီး ဝိညာဉ်ကျောက်တွေ ပေးလိုက်တယ်။ ဆရာက ဝိညာဉ်ကျောက်တွေယူပြီး " တွေ့လား၊ မင်းဒီနေ့ အလိမ်ခံရမယ်လို့ ငါပြောသားပဲ။ ငါဟောတာ တိကျတယ်မဟုတ်လား"လို့ ပြောလိုက်တယ်။
အဲဒါပြီးတော့ သူထောင်ကျသွားတယ်"
တာအိုဝစီပိတ်လုပ်ခဲ့သည့် ကိစ္စများက များလွန်းသဖြင့် ယွမ်ကျိ တစ်ခါတည်းအကုန်မပြောနိုင်။ လုယန်သိအောင် နမူနာတစ်ချို့သာ ထုတ်ပြရသည်။
"မင်းကြားဖူးမလားတော့မသိဘူး။ တစ်ခါတုန်းက 'အစိတ်အပိုင်းလိုသလိုချုံ့ချဲ့မှော်ပညာ"ကို ဆရာက ဖန်တီးခဲ့တယ်။ ဒီပညာက လေ့လာသင်ယူဖို့ လွယ်တယ်လေ"
လုယန် ခေါင်းငြိမ့်သည်။ သူထိုမှော်ပာအကြောင်း ကြားဖူးပါသည်။ ယောက်ျားများက အောက်ပိုင်းကို ပြောင်းလဲနိုင်သည်။ မိန်းမများက အထက်ပိုင်းကို ပြောင်းလဲနိုင်သည်။ သူလည်း လေ့လာချင်ခဲ့သည်။ သို့သော် အခွင့်အရေးမရခဲ့။
"အစပိုင်းမှာ ရုံးတော်က ဆရာ့ကို ကိုယ်ကျိုးစီးပွားအတွက် ညစ်ညမ်းစာပေ ဖန်တီးမှု၊ ထုတ်ဝေမှု၊ ရောင်းချမှု၊ ဖြန်ဝေမှုတွေနဲ့ စွဲချက်တင်ဖို့ကြိုးစားခဲ့တယ်။ စတုတ္ထအကြီးအကဲက ဆရာ့ရဲ့မှော်ပညာဟာ တစ်ခြားရည်ရွယ်ချက်မျိုးမရှိဘဲ ကျန်းမာရေးနည်းပညာတစ်ခုပါလို့ ကြားဝင်ပြီး ခုခံချေပတယ်။
အတော်ကြာအောင် ငြင်းခုန်ကြပြီးတော့ ရုံးတော်က အလျှော့ပေးလိုက်တယ်။ ဆရာကို အမှုစွဲချက်မတင်တော့ဘူး။ ဒါပေမဘ့် ဒီမှော်ပညာဖြန့်ဝေတာကိုရပ်ပြီး စာအုပ်ရောင်းရငွေကို အခွန်အဖြစ်ပေးရမယ်လို့ ဆုံးဖြတ်ချက်ချတယ်"
"စတုတ္ထုအကြီးအကဲက တကယ်ဖြောင့်မတ်တာပဲ"
ပုံမှန်ဆိုလျှင် သူ့ဆရာကို အမြင်မကြည့်သည့် စတုတ္ထအကြီးအကဲက အခက်အခဲကြုံချိန်တွင် ရှေ့မှရပ်တည်ပြီး ထောင်မကျအောင် ကယ်တင်ခဲ့သည်။
ယွမ်ကျိက လုယန်ကို တစ်ချက်ကြည့်ပြီး မပွင့်တပွင့်ပြောသည်။
"အဲဒါက စတုတ္ထအကြီးအကဲလည်း စာအုပ်ရောင်းတဲ့ကိစ္စမှာ ပါခဲ့လို့လေ။ ဆရာပြစ်ဒဏ်ခံရရင် သူလည်းလွတ်မှာမဟုတ်ဘူး။ တစ်နည်းပြောရရင် ဆရာထောင်ကျရင် တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးယောက်လုံး အမှုပတ်ပြီး အတူတူထောင်ကျမှာ။
ဒါပေမယ့် ဘာပဲပြောပြော အဲဒီတုန်းက ဆရာငွေအများကြီးရှာနိုင်ခဲ့တယ်။ စိတ်ကြိုက်သုံးဖြုန်းတယ်။ ဝိညာဉ်ကျောက်တွေကို တန်ဖိုးရှိတယ်လို့သဘောမထားဘူး။
တစ်ခါကလည်း ဘိုးဘေးဆရာအဖြစ် ဟန်ဆောင်ပြီး ဆောင်ကြာမြိုင် သူသွားတယ်။ အဲဒီ့တုန်းက ရွှေတွေငွေတွေဝတ်ထားတယ်။ သူဌေးကြီးတစ်ယောက်ပုံစံမျိုးပေါ့။
ဖောက်သည်အကြီးစားတစ်ယောက်တွေ့ပြီလို့ထင်ပြီး ဆောင်ကြာမြိုင်သခင်မက ပျော်နေတယ်။ ဒါပေမယ့် ဆရာက ငွေရှင်းပြေစာတောင်းတော့ သူမျက်နှာတင်းသွားတယ်။ တမင်ပြဿနာရှာနေတယ်ထင်လို့ ပြေစာထုတ်မပေးဘူး။
ဆရာက ဒီဆောင်ကြာမြိုင် အခွန်ရှောင်နေတယ်လို့ ယူဆပြီး အာဏာပိုင်တွေကို တိုင်လိုက်တယ်။ နောက်ဆုံးကျတော့ ဒီဆောင်ကြာမြိုင် တကယ်အခွန်ရှောင်နေတာကိုတွေ့ပြီး ခေါင်းဆောင်သခင်မကို ထောင်ချလိုက်တယ်။
ပြီးတော့ ဆရာ့ကိုလည်း ပြည့်တန်ဆာမြူဆွယ်မှုနဲ့ ထောင်ချတယ်။
တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော်ခေတ် အဆုံးသတ်သွားချိန်မှာ ဘိုးဘေးဆရာ အနားယူသွားတယ်။ ဆရာနဲ့အကြီးအကဲရှစ်ယောက်က ဂိုဏ်းရဲ့အဓိကတာဝန်ကိုလွှဲယူရတယ်။ ဒါပေမယ့် ဆရာက ခြေငြိမ်မသွားဘူး။
မဟာအကြီးအကဲက သင်္ချိုင်းဂူတွေတည်ဆောက်တာ ဝါသနာပါမှန်း မင်းသိမှာပါ။
ဆရာက မဟာအကြီးအကဲကို အဖော်ပြုပြီး နေရာစုံမှာ ဂူသင်္ချိုင်းတွေဆောက်တယ်။ သင်္ချိုင်းအတွက် မြေတူးရင်း တကယ်ဂူသင်္ချိုင်းအစစ်တစ်ခု မထင်မှတ်ဘဲ တူးမိတယ်။
သူတို့ကို ဂူဖောက်သူခိုးတွေပါလို့ အတိုင်ခံရတယ်။ အာဏာပိုင်တွေက လူလွှတ်ပြီးဖမ်းတယ်။ ဒါကို သူတို့နှစ်ယောက်က ဖုတ်ကောင်တွေ လာတိုက်ခိုက်တယ်ထင်ပြီး ပြန်တိုက်ခိုက်မိတော့မတတ်ဖြစ်ခဲ့တယ်"
သိစိတ်နယ်မြေမှ နားထောင်နေသည့် ထာဝရနတ်မယ် တအံ့တဩစုပ်သပ်လိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် လူထူးလူဆန်းများ တကယ်ပေါလှသည်။ လုယန်၏ သိစိတ်နယ်မြေတွင် နေရသည်မှာ တကယ်အမြင်ကျယ်ရသည်။
လုယန် - "..."
သူ့ဘေးတွင် ထာဝရနတ်မယ်နှင့် တာအိုရှင်ဝစီပိတ်တို့ နှစ်ယောက်လုံးက လွှမ်းမိုးထားသဖြင့် သူလည်း အမြဲတမ်းတည်ကြည်ရိုးသားနိုင်ဖို့ မလွယ်လောက်ဟု လုယန်ထင်မိသည်။
"ဆရာက စုစည်းခြင်းအဆင့်မဟုတ်လား။ အခု သူဘယ်လိုလုပ်အဖမ်းခံလိုက်ရတာလဲ"
တာအိုရှင်ဝစီပိတ်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ စုစည်းခြင့်အဆင့်ထဲတွင် စွမ်းအားအကြီးဆုံးဟု သတ်မှတ်နိုင်လောက်သည်။ မဟာယန်ကောင်တီမှလူအားလုံး ဝိုင်းတိုက်ခိုက်လျှင်ပင် သူ့ကိုယှဉ်နိုင်မည်မဟုတ်။
ဘာကြောင့် အဖမ်းခံရသည်မသိ။
"ထောင်ထဲမှာနေရတာဟာ လောကကျင့်ကြံမှုတစ်စိတ်တစ်ပိုင်းပဲလို့ ဆရာကပြောတယ်"
"ထောင်ဖောက်တာကရော လောကကျင့်ကြံမှုနဲ့ အကျုံးမဝင်ဘူးလား"
ယွမ်ကျိ အတော်ကြာအောင် အသံတိတ်သွားသည်။ လုယန်ကို စိုက်ကြည့်သည်။
"ဒီမေးခွန်းမျိုး ဆရာ့ကို မမေးနဲ့။ သူစိတ်ကူးရသွားလိမ့်မယ်"
လုယန် ခေါင်းကုတ်လိုက်သည်။
"ကျုပ်တစ်ခု ထပ်မေးချင်တယ်"
"ဘာလဲ"
"ကျုပ်တို့ ဆရာ့ကို ထောင်ထဲမှာ သွားတွေ့ကြမှာမဟုတ်လား။ အခုဘာလို့ ဒီမှာစားသောက်နေတာလဲ"
ယခု လုယန်နှင့်ယွမ်ကျိတို့ သီးသန့်ခန်းလေးတစ်ခုထဲတွင် ထိုင်နေသည်။ ရှေ့စားပွဲပေါ်တွင် အစားအသောက်များ ပြည့်နေသည်။
ထာဝရမြို့ပျက်မှ ပြန်လာပြီးနောက် ယွမ်ကျိက အကျဉ်းထောင်သို့ တန်းမသွားဘဲ လုယန်ကို ယန်ကောင်တီ၏ အကောင်းဆုံးစားသောက်ဆိုင်သို့ ခေါ်လာသည်။ ဒေသအစားသောက်များအားလုံးမှာသည်။ လုယန် အံ့ဩနေသည်။
သူတို့ဆရာ ဤကောင်တီမြို့၌ အဖမ်းခံထားရချိန်တွင် သူတို့နှစ်ယောက် ထိုသို့စားသောက်နေ၍ သင့်တော်ပါ့မလားဟု သူမေးချင်ခဲ့သည်။
သို့သော် ယွမ်ကျိက သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသဖြင့် သူမမေးရဲ။
ယွမ်ကျိ အမဲသားလုံးနှပ်ကို တစ်ဖဲ့ကိုက်လိုက်သည်။ အမဲလုံးများက စေးစေးပိုင်ပိုင်ရှိပြီး အရည်ရွှမ်းသည်။ သူအတော်သဘောကျနေသည်။
တူကိုချပြီးနောက် မျက်နှာသေဖြင့် သူရှင်ပြသည်။
"မင်းနားလည်ထားရမယ် မောင်လေးလု၊ ဆရာက ငါတို့အတွက်ဘာလဲ။ သူက ငါတို့ရဲ့ အကြီးအကဲလေ။ လူကြီးတစ်ယောက်ရဲ့ အကြီးမားဆုံးဆန္ဒက လူငယ်မျိုးဆက်တွေ ကျန်းကျန်းမာမာရှင်သန်နေတာကို မြင်ရဖို့ပဲ။
ဒီမှာငါတို့ ကောင်းကာင်းစားသောက်နေတာကို ထောင်ထဲကနေဆရာသိရင် သူလည်း အတော်ပျော်နေမှာပါ"
အမယွမ်ပြောသည့်စကား အတော်လေးအဓိပ္ပါယ်ရှိသည်ဟု လုယန်ယူဆသည်။ သို့သော် နည်းနည်းထူးဆန်းနေသလိုခံစားရသည်။
အခုရက်ပိုင်း ပဲဝါလက်သီးကို လေ့ကျင့်နေလို့ ငါ့ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့တာများလား။
*********************************************