← Chapters

ထိုက်ရွှမ်တောင်

Vol. 015 Ch. 1500

ထိုက်ရွှမ်တောင်

Vol. 015 Ch. 1500

အရှင်ထိုက်ရွှမ်၏ဂုဏ်သတင်းကြောင့် ထိုက်ရွှမ်ဒေသဟူသော နာမည်ဖြစ်လာခဲ့၏။ ထိုဒေသကား အရှင်ထိုက်ရွှမ်၏ဒေသဖြစ်ပေသည်။ ၎င်းကား အတင်းလုပ်ယူထားခြင်းမဟုတ်ဘဲ လူတစ်ဦးတစ်ယောက် အင်အားကြီးလာသည်နှင့်အမျှ အလိုအလျောက်ဖြစ်တည်လာခြင်းသဘောသာဖြစ်ပေသည်။

အရှင်ထိုက်ရွှမ်ကိုယ်တိုင်မှာ ဒေသတစ်ခုကို အုပ်စိုးရန် ရည်ရွယ်ချက်ရှိခဲ့သည်မဟုတ်ပေ။ မဟုတ်လျှင် ထိုက်ရွှမ်ဒေသသည် ပိုမို၍ပင် အင်အားကြီးထွားလာနိုင်ချေရှိ၏။

ယခု ထိုက်ရွှမ်ဒေသကား နယ်မြေကြီးသုံးခုဖြင့် ဖွဲ့စည်းထား၏။ ထိုက်ရွှမ်တောင်ဘေးနားတွင်ရှိသော ပင်မမြို့ကြီးဖြစ်သော ထိုက်ရွှမ်မြို့သည် ထိုက်ရွှမ်တောင်နှင့်အနီးဆုံးဖြစ်သလို မြို့စားသည်လည်း အရှင်ထိုက်ရွှမ်၏ဒုတိယတပည့်ဖြစ်၏။ ထို့အပြင် အရှင်ထိုက်ရွှမ်၏တပည့်အငယ်ဆုံးဖြစ်သော ထိုက်ရွှမ်အိမ်တော်သခင်သည်လည်း ထိုမြို့၌ နေထိုင်ပေသည်။

တခြားသော နယ်မြေနှစ်ခုအနက် နယ်မြေတစ်ခုကို အရှင်ထိုက်ရွှမ်၏တပည့်ကြီးက တည်ထောင်ထားခဲ့ခြင်းဖြစ်ကာ သူ့အား ထိုက်ရွှမ်အကြီးအမှူးအဖြစ် လူသိများပေသည်။

ထိုက်ရွှမ်အကြီးအမှူးကား အရှင်ထိုက်ရွှမ်၏တပည့်အကြီးဆုံးဖြစ်ပေသည်။ နှစ်ပေါင်းများစွာကြာသောအခါ ထိုက်ရွှမ်အကြီးအမှူးနယ်မြေသည် ထိုက်ရွှမ်ဒေသတွင် အင်အားအကြီးဆုံးဖြစ်လာခဲ့၏။ သူတို့၏အင်အားကား ထိုက်ရွှမ်မြို့ကိုပင် ကျော်လွန်ခဲ့ကာ များစွာသော စွမ်းအားမြင့်တန်ခိုးရှင်များကို ပိုင်ဆိုင်ထားခဲ့သည်။ အရှင်ထိုက်ရွှမ်ကား ပြင်ပင်လောကကို သိပ်အလေးမထားတော့ရာ ထိုက်ရွှမ်အကြီးအမှူးသည်သာ ထိုက်ရွှမ်ဒေသ၏ဦးစီးဦးဆောင်သဘောမျိုးဖြစ်လာခဲ့ပေသည်။

နောက်ထပ် အင်အားစုတစ်ခုအား အရှင်ထိုက်ရွှမ်၏တတိယတပည့်က တည်ထောင်ထားခဲ့ကာ ၎င်းအား တေးသံသာနန်းတော်ဟု လူသိများပေသည်။ သူ့ဘွဲ့နာမမှာလည်း တေးသံသာအင်ပါယာမည်၏။ သူတစ်ဦးတည်းသည်သာ ထိုက်ရွှမ်ဟူသော အမည်ကို ဆက်ခံခြင်းမရှိခဲ့ပေ။

သို့တိုင်အောင် ထိုက်ရွှမ်၏အကိုင်းအခက်များသည် ဤနယ်မြေအတွင်း တစ်ဦးတည်းအာဏာပိုင်များဖြစ်ကြပေသည်။

ရီဖူရှင်းကား သည်ရက်ပိုင်းအတွင်း အရှင်ထိုက်ရွှမ်နှင့်ပတ်သက်၍ များစွာ စူးစမ်းလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သည်မတိုင်ခင်ကား သူသည် ထိုက်ရွှမ်အိမ်တော်သခင်၏ကျား၊မ လိင်ကွဲပြားမှုကိုပင် မသိခဲ့သလို သူ့အားလည်း ယောကျ်ားဟုသာ ကောက်ချက်ချခဲ့၏။ သူကား ဂရုမမူမိခဲ့ဘဲ မှားယွင်းကောက်ချက်ချထားခဲ့မိသော်လည်း မကောင်းသော သဘောထားများမရှိခဲ့ရာ ထူးထူးခြားခြား ပြဿနာများ မရှိခဲ့ပေ။

ထိုနေ့ကတည်းက သူကား ပျက်စီးခြင်းဘုံအတွင်းသို့ ထပ်မသွားတော့ပေ။ ထို့ကြောင့်ပင် ရီဖူရှင်းအား ရှာဖွယ်နေသော လော့ယွဲ့အတွက် စိတ်ပျက်ခြင်းသာ ပိုင်ဆိုင်ခဲ့ရပေသည်။ လော့ယွဲ့သာမဟုတ်၊ တခြားသော လူများသည်လည်း မည်သည့်သဲလွန်စမျှ မရှာဖွေနိုင်ဘဲ အဆုံးသတ်ခဲ့ကြရပေသည်။ ထူးဆန်းသော ဓားသမားကား လုံးဝ ကွယ်ပျောက်သွားခဲ့ပေသည်။

ထိုအဖြစ်က ထိုက်ရွှမ်မြို့တွင် ပြောစမှတ်တွင်ခဲ့ပေသည်။ ထူးဆန်းသော ဓားသမား တဖန် ပြန်ပေါ်လာပါမည်လား။

သို့သော်လည်း ထိုအကြောင်းအရာများအားလုံးကို ရီဖူရှင်း မသိရှိခဲ့ပါ။ သူ၏အချိန်အများစုကို တိတ်ဆိတ်စွာ ကျင့်ကြံခြင်းနှင့် မှော်ဂီတပညာလေ့ကျင့်ခြင်းများဖြင့် ကုန်ဆုံးနေခဲ့သည်။ အမှန်တကယ်အားဖြင့် သူသည် ဂီတကို ရံဖန်ရံဖန်သာ လေ့ကျင့်ဖြစ်ခဲ့၏။

ယခုနေ့ရက်များတွင်ကား ရီဖူရှင်းအတွက် ကောင်းမွန်သော အခွင့်အရေးဖြစ်လာခဲ့သည်။ ထိုက်ရွှမ်အိမ်တော်သခင်သည် သူမ၏ဆရာ အရှင်ထိုက်ရွှမ်ထံကို သွားရောက် တွေ့ဆုံမည်ဖြစ်သည်။ သူမ၏တပည့်အချို့အပြင် ရီဖူရှင်းလည်း ပါဝင်ခဲ့သည်။

ကောင်းကင်ထက်သို့ ထိုးတက်နေသော တောင်ကုန်းတစ်လုံးရှိကာ နေနှင့်လတို့နှင့်အပြိုင် ထည်ဝါခန့်ငြားသော ထိုတောင်အား ထိုက်ရွှမ်တောင်ဟု ခေါ်ဆိုပေသည်။

ထိုက်ရွှမ်တောင်ကား အရှင်ထိုက်ရွှမ်ကြောင့် အလွန်ကျော်ကြားပေ၏။

ထည်ဝါမြင့်မြတ်ခြင်းနှင့် မြူများဆိုင်းနေတတ်သော ထိုက်ရွှမ်တောင်သည် အလွန်တိတ်ဆိတ်စွာ တည်ရှိ၏။ များစွာသော ကျင့်ကြံသူများ ထိုနေရာတွင် နေထိုင်သော်လည်း ကျယ်ပြောသော တောင်၏ရေမြေသဘာဝကြောင့် တိတ်ဆိတ်ခြင်း၊ သာယာခြင်းတို့ဖြင့် ပြည့်စုံလှပေသည်။

ထိုက်ရွှမ်အိမ်တော်သခင်မ ရောက်လာသည်ကိုမြင်လျှင် တောင်ပေါ်မှ လူအများအပြား လာရောက်ကာ ဂါရဝပြုကြပေသည်။ မည်သို့ဆိုစေ အရှင်ထိုက်ရွှမ်တွင်ကား တပည့်လေးဦးမျှသာရှိကာ သူတို့အားလုံးသည်လည်း ကိုယ်စီ ဂုဏ်သတင်းကျော်ဇောကာ အောင်မြင်သူများဖြစ်နေကြလေပြီ။ ထိုက်ရွှမ်အိမ်တော်သခင်မသည် တပည့်လေးဦးထဲတွင် အငယ်ဆုံးဖြစ်ကာ ကျင့်ကြံခြင်း၌ အနည်းငယ်နိမ့်ကျသည့်တိုင် အဆင့်မြင့်ကောင်းကင်ဘုံများ၌ သူမ၏နာမည်မှာ ကြီးမားကာ မည်သူမှ အလေးမထားဘဲ မနေရဲကြပေ။

ထိုက်ရွှမ်အိမ်တော်သခင်မသည် ထိုက်ရွှမ်တောင်၏ပင်မနေရာသို့အထိ ရောက်လာခဲ့၏။ သူမ၏ရှေ့မှ ကောင်းကင်ထက်တွင် ထည်ဝါမြင့်မြတ်သော နတ်နန်းတော်တစ်ခု တည်ရှိပေသည်။

သူမက နန်းတော်အပြင်ဘက်တွင် ရပ်လိုက်ပြီး မကြာမှီ သူမရှေ့သို့ အဘိုးအိုတစ်ဦးရောက်လာကာ ဂါရဝပြုသည်။

“စတုတ္ထသခင်မလေး ရောက်လာပါလား”

“ဦးလေးလန်”

ထိုက်ရွှမ်အိမ်တော်သခင်မက ပြုံးလျှက် ပြန်လည် နှုတ်ဆက်သည်။ ဦးလေးလန်ကား အရှင်ထိုက်ရွှမ်ကို နှစ်ပေါင်းများစွာ ခစားလာခဲ့သော ရန်ဟောင်တစ်ပါးဖြစ်ပေသည်။ အရှင်ထိုက်ရွှမ်ရှိသော နေရာတိုင်းတွင် ဦးလေးလန်ရှိပေသည်။

အဘိုးအိုကား ထိုက်ရွှမ်တောင်၏အိမ်ထိန်းကဲ့သို့ ဖြစ်ရာ သူ့အား မည်သူမှ မလေးမစား မပြုမူရဲကြပေ။ အမှန်တကယ်အားဖြင့် အရှင်ထိုက်ရွှမ်အနေဖြင့် ပြင်ပကိစ္စရပ်များကို လိုက်လံစီမံရန်မှာ မဖြစ်နိုင်ရာ ထိုအရာများအားလုံးကို ဦးလေးလန်သာ ကူညီစီမံပေးနေခြင်းမဟုတ်ပါလား။

ထို့ကြောင့် အဘိုးအိုက သူမအား စတုတ္ထသခင်မလေးဟု ခေါ်ဆိုခြင်းမှာလည်း သူမအား ဧကရီဖြစ်လာသည်အထိ ကြည့်ရှုစောင့်ရှောက်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။

“ဆရာ တံခါးပိတ်လေ့ကျင့်နေတာတော့ မဟုတ်ပါဘူးနော်” ထိုက်ရွှမ်အိမ်တော်သခင်မက ပြုံးလျှက်မေးသည်။

“မဟုတ်ဘူး။ အချိန်ကိုက်ပါပဲ။ ပြီးတော့ သခင်မလေးရဲ့ ဆရာတူအစ်ကိုကြီးလည်း ရောက်နေတယ်” ဦးလေးလန်က ပြုံးလျှက်ပြောသည်။

သူ၏စကားက ထိုက်ရွှမ်အိမ်တော်သခင်မအား အံ့အားသင့်စေသည်။ သူမ၏အာရုံခံနိုင်စွမ်းမှာ အလွန်အားကောင်းသော်လည်း သူမသည် သူမ၏ဆရာနေရာတွင် ထိုသို့ အရဲကိုး၍ မရပေ။ ထိုသို့လုပ်ခြင်းက မလေးစားရာ ရောက်၏။

သူမ၏အစ်ကိုကြီးသည်လည်း သူမတို့ ဆရာတူတပည့်များကြားတွင် အစွမ်းအထက်ဆုံးဖြစ်ပေသည်။

“တပည့်ကျွင်းမူက ဆရာတူအဒေါ်ကို နှုတ်ဆက်ပါတယ်” ထိုအချိန်တွင် သပ်ရပ်ခန့်ညားသော လူငယ်တစ်ဦး ရောက်လာကာ ထိုက်ရွှမ်အိမ်တော်သခင်မအား ဦးညွတ်နှုတ်ဆက်သည်။

ထိုက်ရွှမ်အကြီးအကဲ၏ တပည့်တစ်ဦးဖြစ်သော ကျွင်းမူ။

“အစ်ကိုကြီးက ဆရာဆီကို ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး လာမေးတာများလား” ထိုက်ရွှမ်အိမ်တော်သခင်မက ပြောသည် “ဒါဆိုလည်း ငါ နောက်နေ့မှ လာတော့မယ်”

နောက်တွင်ကား ရီဖူရှင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ သံသယအတွေးများ ဝင်လာခဲ့သည်။

ထိုက်ရွှမ်အိမ်တော်သခင်နှင့် သူမ၏ဆရာတူအစ်ကိုကြီးတို့ကြားတွင် အဆင်မပြေမှုများ ရှိနေသည်များလား။

သူမသည် သူမ၏အစ်ကိုကြီးနှင့် တွေ့ရမည်ကို ပျော်ရွှင်နေရပေမည်။ ယခု အဘယ်ကြောင့် ထွက်သွားလိုရသနည်း။

“လင်းအာ ရောက်နေတာလား” အသံတစ်သံ ထွက်ပေါ်လာ၏။ ရီဖူရှင်းက လှမ်းကြည့်လျှင် သက်လတ်ပိုင်းလူကြီးတစ်ဦး လှမ်းလာသည်ကို မြင်သည်။ သူကား ဝတ်ရုံရှည်ကို ဝတ်ထားကာ သူ့ထံမှ ထွက်ပေါ်လာသော အသက်ရှုနှုန်းသည် တည်ငြိမ်အေးချမ်း၏။ သူ့မျက်နှာသည် ပြုံးနေခဲ့ကာ ထူးဆန်းသော အငွေ့အသက်များကို ဖြစ်ပေါ်စေသည်။

သူကား ထိုက်ရွှမ်အကြီးအကဲဖြစ်ပေသည်။

ထိုက်ရွှမ်အိမ်တော်သခင်မအား သူမ၏နာမည်ကို ခေါ်ရဲသူ သိပ်မရှိပေ။

“အစ်ကိုကြီး” ထိုက်ရွှမ်အိမ်တော်သခင်မက ပြုံးလျှက်ပြောသည် “အစ်ကိုကြီး လာလည်တာသိရင် ကျွန်မ လာမနှောင့်ယှက်ပါဘူး”

“ငါ ဒီတစ်ခေါက် ဆရာကို လာကြည့်ရုံပါပဲ။ မင်းလာမယ်ဆိုတာကို ဆရာကသိတော့ ငါ့ကို လာကြိုခိုင်းထားတာ။ ဘာလို့လဲ… ငါက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေလို့လား။ မင်းက တကယ် ထွက်ပြေးဖို့ ကြံနေတယ်” ထိုက်ရွှမ်အကြီးအကဲ၏အသံသည် ထည်ဝါကာ ဩဇာကြီး၏။ ထိုက်ရွှမ်အကြီးအကဲ၏တန်ခိုးအဆင့်မှာ အလွန်မြင့်မားသည်ဟု ရီဖူရှင်း ခံစားရသည်။

“ဒီလိုလည်း မဟုတ်ပါဘူး။ ဆရာနဲ့အစ်ကိုကြီးတို့ကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ” ထိုက်ရွှမ်အိမ်တော်သခင်မက ပြုံးလျှက်ဘေးမှ ဦးလေးလန်ကို ကြည့်သည် “ဦးလေးလန်… ကျွန်မက ဂီတပညာမှာ ထူးချွန်တဲ့လူငယ်တစ်ယောက်ကို တွေ့လာခဲ့တယ်။ သူ့ကို ထိုက်ရွှမ်တောင်မှာ ဂီတပညာရှင်အဖြစ် ခေါ်ထားချင်လား”

ဦးလေးလန်က အထူးတလေမပြောဘဲ ပြုံးလျှက်ခေါင်းညိတ်သည် “ကောင်းပြီ”

“ရှန်ကျင်း… ဦးလေးလန်ကို လာတွေ့ချေ” ထိုက်ရွှမ်အိမ်တော်သခင်မက ရီဖူရှင်းကို ပြုံးလျှက်ပြောသည်။

ရီဖူရှင်းက ရှေ့ကို တက်သွားကာ ဦးလေးလန်အား ဦးညွတ်လျှက် ပြောသည် “ရှန်ကျင်းက အကြီးအကဲကို နှုတ်ဆက်ပါတယ်”

ဦးလေးလန်၏အကြည့်က ရီဖူရှင်းထံကို ရောက်လာ၏။ သူ၏အကြည့်တွင် ထူးခြားသော အဓိပ္ပာယ်များ ပါဝင်ပေသည်။ သူက အကြည့်လွှဲကာ ပြုံးလျှက်ပြောသည် “စိတ်ချပါ စတုတ္ထသခင်မလေး… ကျုပ် စီစဉ်ပေးပါ့မယ်”

ထိုက်ရွှမ်အိမ်တော်သခင်မကလည်း ရီဖူရှင်းကို ကြည့်သည်။ ထိုအကြည့်ကား မည်သည့်ခံစားချက်မှ မပါသော်လည်း ရီဖူရှင်းသည် မမြင်နိုင်သော ဖိအားများအား ခံစားမိချေ၏။

သူ့တွင် ခံစားချက်တစ်ခု ရလာခဲ့သည်။ နောက်ကွယ်တွင် သူမသိသော ပုံပြင်တစ်ခုခု ရှိနေသည်များလား။

“အစ်ကို… ဆရာကို သွားတွေ့ရအောင်” ထိုက်ရွှမ်အိမ်တော်သခင်မက ပြုံးလျှက်ပြောသည်။ ထို့နောက် သူမတို့သည် အတူတူပင် နန်းတော်အတွင်းသို့ ဝင်ရောက်သွားကြ၏။

ရီဖူရှင်းက ခေါင်းမော့ကာ နန်းတော်ကို ကြည့်လိုက်သည်။ သည်နေရာကား အထက်ကောင်းကင်နယ်မြေ၏အဆင့်မြင့်အင်အားစုတစ်ခုဖြစ်ပေသည်။

ကျွင်းမူ၏မျက်လုံးက ရီဖူရှင်းထံသို့ ရောက်လာ၏။ သူက ယှဉ်ကျေးစွာဖြင့် ပြောသည် “ကျုပ်က ထိုက်ရွှမ်အကြီးအကဲရဲ့တပည့် ကျွင်းမူပါ”

ရီဖူရှင်းက တစ်ဘက်လူ၏သဘောကို နားမလည်သော်လည်း ပြန်လည်၍ လေးစားစွာ ပြန်ပြောသည် “ကျုပ်က ထိုက်ရွှမ်စားသောက်ဆိုင်က ရှန်ကျင်းပါ”

“အစ်ကိုရှန်က ထိုက်ရွှမ်တောင်မှာ လာလေ့ကျင့်ဖို့ စေလွတ်ခံရတော့ အရမ်းကို ထူးချွန်မှာပဲ” ကျွင်းမူက ပြောသည်။

“ကျုပ်က ဘယ်လိုလုပ် ထိုက်ရွှမ်အကြီးအကဲရဲ့တပည့်ရှေ့မှာ ဝါကြွားရဲပါ့မလဲ” ရီဖူရှင်းက ပြုံးလျှက်ပြန်ပြောသည်။

“အခွင့်အရေးရှိလာခဲ့ရင် ကျုပ်က အစ်ကိုရှန်ရဲ့ဂီတကို မြည်းစမ်းကြည့်လိုပါတယ်” ကျွင်းမူက ပြောလျှင် ရီဖူရှင်း အံ့အားသင့်သွားခဲ့သည်။ မြည်းစမ်းကြည့်လိုသည်ဟူသော စကားရပ်တွင် အဓိပ္ပာယ်များစွာ ပါဝင်ပေသည်။

တစ်ချက်မှာ သူသည် အမှန်တကယ် ဂီတကို နားထောင်လိုခြင်းဖြစ်နိုင်၏။ တခြားတစ်ချက်မှာ သူသည် ရီဖူရှင်းနှင့် တိုက်ခိုက်ယှဉ်ပြိုင်ကြည့်လို၏။

ကျွင်းမူဆိုလိုသည်ကား တိုက်ခိုက်ရန် ပိုမိုဖြစ်နိုင်ပေသည်။

“မှန်တာပေါ့” ရီဖူရှင်းကလည်း မာန်မာနကင်းစင်သော ဟန်ပင်ဖြင့် ပြုံးကာ ပြောသည်။

“သခင်လေးရှန်… ကျုပ်နဲ့လိုက်ခဲ့ပါ” ဦးလေးလန်က ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ဦးလေးလန်နောက်သို့ လိုက်ပါလာခဲ့၏။ မာယိသည် ရီဖူရှင်းအား လှမ်းကြည့်ကာ မနာလိုစိတ်များပင် ဖြစ်မိ၏။

ရီဖူရှင်းကား ထိုက်ရွှမ်တောင်တွင် လေ့ကျင့်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

ရီဖူရှင်းနှင့် ဦးလေးလန်တို့ လမ်းလျှောက်လာခဲ့စဉ် သူသည် မေးမြန်းလိုသော အကြောင်းအရာများ ရှိနေခဲ့၏။ သို့သော်လည်း သူသည် ဂီတပညာရှင်တစ်ဦးမျှသာဖြစ်ရာ ထိုက်ရွှမ်တောင်တွင် ထိုသို့ မေးမြန်းရန် အခွင့်အရေးမရှိပေ။

“မင်းမှာ မေးခွန်းရှိလား” ဦးလေးလန်က ရီဖူရှင်းအား ကြည့်ကာ ပြုံးလျှက်မေးသည်။

“နည်းနည်းပါ” ရီဖူရှင်းက ခေါင်းညိတ်၏။

“နည်းနည်းပြောပြီး များများလေ့လာ” ဦး‌လေးလန်က ထိုမျှသာ ပြုံးလျှက်ပြောသည်။ သူတို့သည် ခြံဝင်းအပြင်တွင် ‘တေးသံသာစံအိမ်’ဟု ရေးထွင်းထားသော အိမ်တော်တစ်ခုသို့ ရောက်လာ၏။

တေးသံသာစံအိမ်ကား အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။ တိတ်ဆိတ်သလို သန့်ရှင်းသပ်ရပ်ခြင်းလည်း ရှိ၏။

တေးသံသာစံအိမ်ထဲတွင် ရီဖူရှင်းသည် ကု့ချင်းများစွာကို မြင်တွေ့ရသည်။ အချို့မှာ လမ်းစဉ်၏အငွေ့အသက်များကပ်ငြိနေသည်။ တခြားသော ရှေးဟောင်းကု့ချင်းများလည်း တွေ့ရပေသည်။

ထို့အပြင် များစွာသော ဂီတမှတ်တမ်းစင်များကိုလည်း တွေ့ရသည်။

သည်နေရာကား အလွန်ငြိမ်သက်အေးချမ်း၏။

“ဒါက ဘယ်နေရာပါလဲ” ရီဖူရှင်းက ဦးလေးလန်ကို မေးသည်။

“ဒီနေရာဟာ အရင်က တတိယသခင်လေး နေထိုင်ခဲ့တဲ့နေရာပဲ။ သခင်လေး ထိုက်ရွှမ်တောင်ကို ပြန်လာတိုင်း ဒီမှာ နေတယ်။ အခု မင်းက ဒီမှာ နေပြီး စံအိမ်ကို ထိန်းသိမ်းရမယ်။ ဒီမှာရှိတဲ့ မှတ်တမ်းတွေ၊ ပညာရပ်တွေနဲ့ ကု့ချင်းတွေကိုလည်း မင်းက တီးခတ်လေ့လာနိုင်တယ်” ဦးလေးလန်က ပြုံးလျှက်ပြောသည် “ဒီအထဲမှာ နာမည်ကျော် တေးသွားတွေလည်း ရှိတယ်”

“တေးသံသာအင်ပါယာရဲ့စံအိမ်ဟောင်း” ရီဖူရှင်းက တိတ်ဆိတ်စွာ ရေရွက်မိသည်။ သူကား ထိုက်ရွှမ်တောင်ကို ရောက်သည်နှင့် အထူးအခွင့်အရေးကောင်းနှင့် ကြုံဆုံရ၏။

သူကား မူလက ဤသို့ဖြစ်လာမည်ဟု မတွေးထားခဲ့ဘဲ သာမန်အနေအထားဖြင့်သာ တိတ်တဆိတ် လေ့ကျင့်လိုခဲ့သည်။

“အဘ… ဘာစမ်းသပ်မှုမှ မရှိဘူးလား” ရီဖူရှင်းက မေးသည်။

ဦးလေးလန်က ပြုံးလျှက်ခေါင်းယမ်းသည်။ စတုတ္ထသခင်မလေးက မိတ်ဆက်ပေးမှတော့ မည်သည့်စမ်းသပ်မှုကို လုပ်ရတော့မည်နည်း။

“တေးသံသာစံအိမ်ကို သေချာဂရုစိုက်ပါ။ မင်းက ဒီမှာ နေထိုင်ပြီးတော့ မှတ်တမ်းတွေကို ဖတ်ရှုပ်လေ့လာနိုင်သလို တူရိယာတွေကိုလည်း တီးခတ်နိုင်တယ်။ ဖျက်တော့ မဖျက်ဆီးနဲ့ပေါ့ကွာ”

ဦးလေးလန်က ပြောကာ ရီဖူရှင်းအား ထားလျှက် ထွက်သွားတော့သည်။

***

All Chapters