← Chapters

နောက်တစ်ခေါက် ထပ်ကြည့်ပါရစေ

Vol. 5 Ch. 61

နောက်တစ်ခေါက် ထပ်ကြည့်ပါရစေ

Vol. 5 Ch. 61

အိပ်ပျော်သွားတာလား။

မကြာခင်မှာပင် ပေယွီထန်ထံမှ စာတချို့ ပြန်ပို့လာ၏။

‘ဒီကားက သူငယ်တန်းကို သွားမှာ မဟုတ်ဘူး’ က ပြန်ဖြေသည်။

‘အစ်ကိုကြီး ကျွန်တော့်အမှားကို သိပါပြီ’

‘ဒီကားက သူငယ်တန်းကို သွားမှာ မဟုတ်ဘူး’ က ပြန်ရိုက်လိုက်သည်။

‘အစ်ကိုကြီး၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ’

‘ဒီကားက သူငယ်တန်းကို သွားမှာ မဟုတ်ဘူး’ ကစာရိုက်လိုက်သည်။

‘အစ်ကိုကြီး ကျွန်တော်က အစ်မကို စိတ်ပြေလက်ပျောက် လျှောက်ခေါ်သွားချင်ရုံလေးပါ။ ကျွန်တော်တို့ရဲ့ အရှိန်က တစ်နာရီကို ကီလိုမီတာ ၃၀ ထက် နည်းပါလိမ့်မယ်’

‘ဒီကားက သူငယ်တန်းကို သွားမှာ မဟုတ်ဘူး’ က ဆက်ရိုက်နေ၏။

‘အစ်ကိုကြီး အစ်ကိုနဲ့ အစ်မတို့ နှစ်ယောက်စလုံး သက်ရှည်ကျန်းမာ ပျော်ရွှင်စွာ အတူနေထိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ သားသမီးတွေ အများကြီးလည်း ရနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစ်ကိုကြီး ကျွန်တော့်စိတ်ထဲမှာတော့ အစ်ကိုနဲ့ အစ်မက ကံကြမ္မာဖန်တီးပေးတဲ့ စုံတွဲပါပဲ။ အစ်ကိုတို့နှစ်ဦးဟာ စိတ်တူကိုယ်တူတွေပါ။ အစ်မနဲ့ အစ်ကိုတို့ အတူတူဖြစ်သွားတဲ့အပေါ် ကျွန်တော် ဘယ်တော့မှ ကန့်ကွက်မှာ မဟုတ်ပါဘူး။ ဒီနေ့ကစပြီး သူက ကျွန်တော့်ရဲ့ အစ်မပါ’

‘ဒီကားက သူငယ်တန်းကို သွားမှာ မဟုတ်ဘူး’ က စာရိုက်လိုက်သည်။

‘အစ်ကိုကြီး ကျွန်တော် အစ်ကိုတို့နှစ်ယောက်ကို အနှောင့်အယှက် မပေးတော့ပါဘူး။ ဆက်လုပ်ပါတော့... ပြီးတော့ ပြန်အိပ်လိုက်ပါတော့…’

ပေယွီချန်က ပေယွီထန်ကို လျစ်လျူရှုလိုက်ပြီး သူ့အကြည့်က လင်းယန်၏ အကောင့်နာမည်နှင့် ပရိုဖိုင်ပုံဆီ ရောက်သွားတော့သည်…

“ဒါက ပေနန်ရှုရဲ့ ဓာတ်ပုံပဲ…”

သူမ၏အကောင့်နာမည်တွင် ပေနန်ရှု၏နာမည်လည်း ပါဝင်သည်...

အကယ်၍ လင်းယန်သည် ယခုအချိန်တွင် သတိကောင်းနေမည်ဆိုလျှင် သူမ၏ကိုယ်ပိုင်မျက်နှာပေါ်ရှိ မှောင်မိုက်ပြီး ခြိမ်းခြောက်နေသောအသွင်အပြင်ကြောင့် ကြောက်လန့်သွားလိမ့်မည်ပင်...

လင်းယန်တစ်ဖန်နိုးလာသောအခါ သူမသည် မရင်းနှီးသော်လည်း ထူးဆန်းစွာ ရင်းနှီးနေသောနေရာတစ်ခုတွင် ရုတ်တရက်ရောက်နေသည်ကို တွေ့လိုက်ရသည်။

ဒါ... ပေယွီချန်ရဲ့အိမ်ကြီး မဟုတ်ဘူးလား။

သူမ ထိုနေရာကို အရင်က လာဖူးတာ မှတ်မိ၏။

သူမ လွန်ခဲ့သည့်မိနစ်ပိုင်းလောက်က ဝမ်ကျင်းယန်တိုက်ခန်းမှာ ရှိနေခဲ့ခြင်းပင်။ သို့သော ယခု သူမ ဒီနေရာကို ရောက်သွားတာလား။

“ဒါ ဘယ်နေရာလဲ”

“ဒါ... ဒီနေရာက အရမ်းရင်းနှီးနေသလိုပဲ။”

“ဒါ ဘာဖြစ်တာလဲ။ ဒါ ဥက္ကဌပေရဲ့အိမ် မဟုတ်ဘူးလား။ ဟေ့ နင်အရမ်းလွန်သွားပြီ။ သူ့ကို ဘာလို့ ဒီလောက်တွယ်ကပ်နေတာလဲ။ တခြားတစ်ယောက်ကို မရွေးနိုင်ဘူးလား”

ဤတစ်ကြိမ်တွင် လင်းယန် တကယ်ကို လန့်သွားသည်။

“ဒါ တတိယအကြိမ်မြောက် ဖြစ်တာပဲ။ ငါ့မှာ တစ်ခုခု မှားနေပြီ သေချာတယ်”

လင်းယန်သည် သူမ၏ဆံပင်ကို ဖရိုဖရဲဖြစ်အောင် လုပ်လိုက်ပြီး ရန်လိုသောလေသံဖြင့် ရုတ်တရက်ပြောလိုက်သည်။

“နင် ဘာဖြစ်နေလဲ ငါ ဂရုမစိုက်ဘူး။ ငါ အားလုံးကို သိပြီးသား။ အဲဒီလို ကိုယ်ကျင့်တရားမရှိတဲ့၊ ရွံရှာဖွယ်ကောင်းတဲ့ ယောက်ျားတွေအားလုံးက ရုပ်ရည်ကောင်းကြတယ်၊ ပြီးတော့ ရက်စက်တဲ့လူတွေအားလုံးကလည်း ချောမောပြီး ဆွဲဆောင်မှုရှိကြတယ်။ ဘာမဆို ရုပ်ရည်ကောင်းလေလေ၊ အဆိပ်အတောက်များလေလေပဲ။

နင် ဘယ်လောက်ပဲ လွတ်လပ်ပါစေ၊ ခိုင်မာပါစေ၊ အရည်အချင်းရှိပါစေ၊ ရုပ်ရည်ကို စွဲလမ်းသွားပြီဆိုတာနဲ့ နင် သေပြီပဲ။ နောက်မကျခင် ပြန်လှည့်ဖို့ ငါ အကြံပေးတယ်။ ဘာလို့ ငါနဲ့ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းပြီး အတူတူ ပိုက်ဆံမရှာကြတာလဲ”

“လောကဆင်းရဲခြင်းရဲ့ အဆုံးမရှိတဲ့နက်နဲရာ၊ ဒီကမ္ဘာကြီးက အတုအယောင်တစ်ခုပဲ။ အချိန်ရှိတုန်း ပြန်လှည့်ပါ…”

လင်းယန်သည် သူမကိုယ်သူမ ဦးနှောက်ဆေးရန် ကြိုးစားရင်း တတွတ်တွတ်ပြောနေစဉ် သူမ၏မျက်လုံးများက တံခါးကို ဖြတ်ကျော်ကာ ဧည့်ခန်းအလယ်ရှိ ဆိုဖာပေါ်သို့ ရောက်သွားသည်။

ဆိုဖာနောက်တွင် ပြင်သစ်ပြတင်းပေါက်များရှိပြီး ကြီးမားသော ရေကူးကန်သည် နေရောင်အောက်တွင် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသည်။

ပေယွီချန်သည် ဆိုဖာပေါ်တွင် မှီထိုင်ရင်း သူမျက်လုံးများအား မှိတ်ထားသည်။

ထိုလူသည် ရေကူးကန်မှ အခုမှ ပြန်လာပုံရသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ရင်ဘတ်နှင့် ဝမ်းဗိုက်သားများ ပေါ်နေသော ချောင်ချိသော ရေချိုးဝတ်ရုံကို ဝတ်ဆင်ထားသောကြောင့်ဖြစ်သည်။ အစင်းလိုက်နေရောင်သည် သူ့အပေါ်သို့ ကျရောက်နေပြီး သူသည် သမုဒ္ဒရာအောက်ခြေတွင် အိပ်ပျော်နေပုံရသည်။

ထိုအချိန်တွင် လင်းယန်၏ ဘဝ၌ အရာအားလုံးသည် ခဏတာပေါ်လာပြီး ပျောက်ကွယ်သွားသော တိမ်တိုက်တစ်ခုကဲ့သို့ အလွန်တိုတောင်းသည်ဟု ခံစားလိုက်ရသည်။

လူ့လောကသည်...

လင်းယန်၏ မျက်နှာသည် ရုတ်တရက် တောင့်တင်းသွားပြီးနောက် “ခဏလေး ခဏလေး မေ့လိုက်တော့ အခု မပြန်နဲ့ဦး။ ငါ နောက်တစ်ခါ ထပ်ကြည့်ဦးမယ်” ဟု တိုးတိုးလေး ပြောလိုက်သည်။

လင်းယန် စိတ်ပျက်သွားသည်။ သူမ ဘာပြောလိုက်သည်ကို သဘောပေါက်သွားသောအခါ သူမသည် ပြိုလဲလုနီးပါးပင်။

“ငါ့ကို အပြစ်တင်လို့ မရဘူးလေ။ ဘယ်သူက အဲဒီလူကို ငြင်းဆန်နိုင်မှာလဲ”

လင်းယန်သည် သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပေယွီချန် နိုးမလာခင် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

သူမသည် အဓိကဝင်ပေါက်သို့ အလျင်အမြန်သွားကာ တံခါးလက်ကိုင်ကို လှည့်လိုက်သည်။ သို့သော် ဖွင့်မရပေ။

လင်းယန်သည် နောက်ဖေးတံခါးမှတစ်ဆင့် အခြားထွက်ပေါက်များကို ရှာဖွေရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ...

ထို့ကြောင့် လင်းယန်က ခြေသံလုံစွာဖြင့် ပြန်လျှောက်လာလိုက်သည်။

ဥယျာဉ်တံခါးက ပေယွီချန်၏နောက်တွင်ရှိသည်။ လင်းယန်သည် ထိုဘက်သို့ လျှောက်သွားစဉ် တိတ်တဆိတ် လှုပ်ရှားခဲ့သည်။ သူမသည် ဆိုဖာပေါ်တွင် လဲလျောင်းနေသော ပေယွီချန်ကို ဖြတ်သွားစဉ် တစ်စုံတစ်ခုကို မတော်တဆ တိုက်မိသွားသည်။ ကံမကောင်းစွာဖြင့် သူမသည် အခြားနေရာမဟုတ်ဘဲ... ပေယွီချန်၏ကိုယ်ပေါ်သို့ လဲကျသွားခြင်းပင်...

All Chapters