အံ့ဖွယ်မိုးကောင်းကင် vs မိစ္ဆာဝိညာဉ်ဂိုဏ်းချုပ်
Vol. 11-16 Ch. 234
အခန်း (၂၃၄) : အံ့ဖွယ်မိုးကောင်းကင် vs မိစ္ဆာဝိညာဉ်ဂိုဏ်းချုပ်
ရှန်ထျန်းက ရှေးဦးအဆီအနှစ် လေးလံရေစင် ဖုံးလွှမ်းထားသည့် လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။ ရှေးဦးအဆီအနှစ် လေးလံရေစင်နှင့် ရောနေသည့် နတ်ဘုရားစွမ်းအားက ရေစင်ကို ပိုမို အားကောင်းသွားစေသည်။
အရူးလုပ်ခံလိုက်ရသည့် မိစ္ဆာဝိညာဉ်ဂိုဏ်းသား မျက်နှာက ချက်ချင်း အမူအယာပြောင်းသွားကာ ဓမ္မပညာရပ်ဖြင့် မိစ္ဆာပန်းနက်ကို မြန်မြန် ဖွဲစည်းလိုက်သည်။ ထိုပန်းမှ မိစ္ဆာအငွေ့အသက်များ ထုတ်လွှင့်နေပြီး ပွင့်ချပ်များမှ အော်ဟစ်သံများပါ ကြားနေရသည်။ ကြည့်ရသည်မှာ သမာသမတ်ဂိုဏ်း ပညာရပ် မဟုတ်မှန်း သိသာလှ၏။
ရှန်ထျန်းက ထိုပန်းနက် နောက်ကွယ်ရှိ မိစ္ဆာပညာရပ်ကို ခံစားမိသော်လည်း သူက ထိုအရာတစ်ခုလုံးဖြင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသပ်သပ်ဖြင့် ချေဖျက်ပစ်နိုင်သောကြောင့် စိတ်ထဲ မထည့်ထားပေ။ ရှန်ထျန်း၏ လက်သီးချက်မှာ ပန်း၏ လွှမ်းမိုးမှုအောက် ကျရောက်မသွားပေ။ သူက ပန်းကို တစစီ လုပ်ပစ်နိုင်လိုက်၏။
ထို့နောက် သူ့လက်သီးချက်က မိစ္ဆာဝိညာဉ်ဂိုဏ်းသား ရင်ဘတ်ဆီ ကျရောက်သွားပြီး မီတာတော်တော်ဝေးဝေးအထိ လွှင့်စင်သွားစေသည်။
ထိုလက်သီးချက်၏ စွမ်းအားက အံ့မခန်း ဖြစ်ပေသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်းသား အားလုံးက ကြောင်အမ်းသွားကြသည်။
“ ကောင်လေး … မင်းကို လျော့တွက်မိပြီပဲ ”
အနီဝတ်ဂိုဏ်းသခင်က ပြုံးကာ “ မင်းကိုယ်မင်း သူတော်စင်လို့ ပြောလိုက်တယ်မလား။ အခု ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေနဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ နှစ်ခုပဲ ရှိတာ။ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက သူတော်စင် မရှိဘူးဆိုတော့ မင်းက အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ရှန်ထျန်းပဲ ဖြစ်ရမယ် ဟုတ်တယ်မလား ”
အနီဝတ်ဂိုဏ်းသခင်က ရှန်ထျန်းအား ခြုံငုံကြည့်လိုက်ပြီးနောက် လက်ခုပ်အသာတီးကာ “ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အင်မတန် သတ္တိရှိပြီးတော့ ပါရမီကောင်းရုံတင် မကဘူး။ သူတော်စင်မတွေနဲ့ နတ်မိမယ်တွေကိုတောင် ရူးသွပ်သွားစေနိုင်တဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားတယ်လို့ ကြားထားတယ်။ ငါ ကောလဟာလတွေကို မယုံခဲ့ပေမဲ့ အခု မင်းကို တွေ့တော့ တကယ်ကြီး အမှန်ဖြစ်နေတာကိုး …. ရှန်ထျန်းက မင်းရုပ်ရည်က ငါ ငယ်ငယ်တုန်းကထက် မနိမ့်ကျဘူးပဲ ”
တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။ အနက်ဝတ် ဂိုဏ်းသားများက အနီဝတ်ဂိုဏ်းသခင်အား ထူးထူးဆန်းဆန်း ကြည့်လိုက်ကြသည်။
ရှန်ထျန်းကား တိတ်တဆိတ် နောက်ဆုတ်နေပြီး တောင်ကြားမှ ထွက်ဖို့ ကြိုးစားနေသည်။
အနီဝတ်ဂိုဏ်းသခင်က တည်တည်ငြိမ်ငြိမ် ဆက်ပြောလိုက်သည် “ အဟမ်း … ထွက်ပြေးဖို့ တွေးမနေနဲ့။ မင်းဆီမှာ အခွင့်အရေး မရှိဘူး။ ရှန်ထျန်း သဘောတူညီမှု ယူရအောင် ဘယ်လိုလဲ ”
ရှန်ထျန်းက ပြန်ကြည့်လိုက်ကာ “ သဘောတူညီမှု … ဘာသဘောတူညီမှုလဲ ”
အနီဝတ်ဂိုဏ်းသခင်က ပြုံးလိုက်ပြီး
“ မင်း ငါတို့ဂိုဏ်းကို ဝင်လိုက် … မင်းသာ ဆန္ဒရှိမယ်ဆိုရင် ငါ့တပည့်အဖြစ် လက်ခံပေးမယ်။ မင်းရဲ့ ပါရမီ၊ ကံကြမ္မာနဲ့ ရုပ်ရည်အရဆိုရင် ငါ့လမ်းညွှန်မှုအောက်မှာ ဂိုဏ်းရဲ့အစောင့်အရှောက် ဖြစ်လာဖို့ မခက်ဘူး။ ငါတို့ဂိုဏ်းရဲ့ အစောင့်အရှောက်က အထွတ်အမြတ်မြေတွေရဲ့ သူတော်စင်ထက် လုပ်ပိုင်ခွင့် ပိုများပြီးတော့ အာဏာပိုကြီးတယ်။ တွေးကြည့်ပါဦး ”
( မှတ်ချက် - မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အစောင့်အရှောက်က အထွတ်အမြတ်မြေရဲ့ သူတော်စင်နဲ့ ရာထူး အတူတူပါပဲ )
မိစ္ဆာဝိညာဉ်ဂိုဏ်းက ငါ့ကို သူတို့ဂိုဏ်းဝင်ဖို့ ခေါ်နေတာလား … ရှန်ထျန်းက လုံးဝကြောင်နေမိသည်။
ငါက မကောင်းတဲ့ လုပ်ရပ်တွေ ကျူးလွန်တဲ့သူနဲ့ တူလို့လား
“ ဂိုဏ်းသခင်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လက်မခံနိုင်ပါဘူး။ ကျွန်တော် အိမ်မှာ အဝတ်လှမ်းခဲ့တာ ရုတ်ဖို့ မေ့နေလို့ ပြန်လိုက်ပါဦးမယ်။ တာ့တာ ”
ထိုသို့ပြောပြီးနောက် ကြက်သွေးရောင် ဇာမဏီမိုးကြိုးချပ်ဝတ်က ရှန်ထျန်း ကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်လာကာ တောင်ကြားမှ အနီရောင်အလင်းတန်းအသွင်ဖြင့် ပြေးထွက်သွားသည်။
“ ဟားဟား ငယ်ရွယ်တာ တယ်ကောင်းတာကိုး ”
အနီဝတ်ဂိုဏ်းသခင်က ပြုံးကာ “ မင်း ငါတို့ဂိုဏ်းကို ဝင်မယ်၊ မဝင်ဘူး နောက်ဆုံး ဆုံးဖြတ်ရမဲ့သူက မင်း မဟုတ်ဘူးကွ။ မင်းဆီမှာ ဒီလောက်အလားအလာကောင်းတာ ငါတို့ဂိုဏ်းကိုသာ ခေါ်နိုင်ရင် နောင်အနာဂတ်အတွက် အကျိုးရှိလာမှာ အသေအချာပဲ … ဟေးထျန်း၊ ဟေးရွှမ် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ထိန်းထားလိုက်ကြ … သူ့ကို ဂိုဏ်းဆီ ဝင်ခိုင်းဖို့ ငါ့ဆီမှာ ဖျောင်းဖျစရာတွေ ကျန်သေးတယ် ”
ထိုသို့ပြောပြီးနောက် ဂိုဏ်းသခင်က ထိုင်ခုံပေါ် အသာထိုင်ချပြီး ရှန်ထျန်းအား သဘောကျစွာ ကြည့်လိုက်သည်။ ရှန်ထျန်းဆီမှာ ဘယ်လိုလှည့်ကွက် ရှိနေမလဲ စောင့်ကြည့်နေပုံ ပေါ်၏။
“ ဟုတ် ဂိုဏ်းသခင် ”
အားအကောင်းဆုံး အငွေ့အသက်နှင့် အနက်ဝတ် ဂိုဏ်းသားနှစ်ယောက်က ရုတ်ချည်း ထွက်လာသည်။ သူတို့ကို အနက်ရောင်မြူများဖြင့် လွှမ်းခြုံထား၏။ သူတို့နှစ်ယောက်က အန္တရာယ်အငွေ့အသက်အပြည့်နှင့် ပြုံးလိုက်ကာ ရှန်ထျန်းနောက် အပြေးအလွှား လိုက်သွားကြသည်။
အနက်ရောင် မြူခိုးအလုံးအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ရှန်ထျန်းနောက် အမီလိုက်နိုင်လာသည်။ မြူခိုးမှ ဧရာမလက်ဝါးကြီးအသွင် ပြောင်းသွားကာ လမ်းကို ပိတ်ဆို့ထားလိုက်၏ “ ဂိုဏ်းချုပ်က နေဦးတဲ့ ”
သူတို့နှစ်ယောက်လုံးက ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်ဖို့ ခြေတစ်လှမ်းမျှသာ လိုတော့သည့် ထိပ်တန်း ကနဦးဝိညာဉ်အဆင့်များ ဖြစ်ကြသည်။ ထို့အပြင် သူတို့က အင်အားပူးပေါင်းထားသေး၏။
ထိုလက်ဝါးမှ စွမ်းအားက ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူကိုပင် အာရုံစိုက်စေဖို့ လုံလောက်ပေသည်။
ရှန်ထျန်းက ထိုစွမ်းအားကို ခုခံနိုင်စွမ်း မရှိကြောင်း သိလိုက်သည်။
“ ဘာလို့ ကျွန်တော်ကို ဖိအားပေးနေရတာလဲ ” ရှန်ထျန်းက စိတ်ထိခိုက်ဟန်ဖြင့် ရွှေရောင် အမှတ်အသားပြားကို ထုတ်ယူလိုက်သည် “ ခင်ဗျားတို့အားလုံးကို အမြစ်ဖြတ်ရှင်းထုတ်ဖို့ ဘာလို့ ဖိအားလာပေးနေရတာလဲ ”
ဤသည်မှာ သူ့ဆရာ ပေးထားသည့် အလွန်အရေးကြီးသော အချိန်အခါ၌ သုံးရန် အမှတ်အသားပြား ဖြစ်၏။ သို့သော် သုံးကြိမ်မျှသာ အသုံးပြုနိုင်ပေသည်။ ရှန်ထျန်းက အံ့ကြိတ်ကာ သူတော်စင် အမှတ်အသားပြားကို အသက်သွင်းချလိုက်သည်။
ဝုန်း …
သူတော်စင် အမှတ်အသားပြားမှ အလင်းတန်းမြောက်များစွာ ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို အားကောင်းသည့် အရှိန်အဝါများ အုပ်လွှမ်းသွားလေ၏။
တောင်ကြားအတွင်း ဘယ်ဘက်လက်တွင် စာအုပ်ကိုင်ထားပြီး ညာဘက်လက်တွင် ဓားကိုင်ဆောင်ထားသည့် သဏ္ဌာန်တစ်ခု ပေါ်လာသည်။ ထိုအရာမှ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါများ ထုတ်လွှင့်နေသည်။
ရှန်ထျန်းဆီ ရောက်လာသည့် ဧရာမလက်ဝါးကြီးကို ထိုပုံရိပ်သဏ္ဌာန်က သူ့အံ့ဖွယ်ဓားဖြင့် ခုတ်ချပစ်လိုက်သည်။ ထိုဓားချက်ကြောင့် ကောင်းကင်၌ မုန်တိုင်းတိမ်တိုက်များ ဖြစ်ပေါ်လာကာ လျှပ်စီးမိုးကြိုးများ လင်းလက်လာသည်။
ဂျိန်း
ဂျိန်း ဂျိန်း ဂျိန်း …
ငွေရောင်ဓားကြီးအနား မိုးကြိုးများ စုဝေးလာသည့်အခါ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။ ဧရာမ မိုးကြိုးဓားကြီးက တောင်ကြားအတွင်း ဖြစ်ပေါ်လာကာ နေရာတစ်ခုလုံးကို လင်းလက်သွားစေသည်။
“ နတ်ဘုရားတွေက ဓားကို ကိုင်ဆောင်ပြီး လွှမ်းမိုးကြတယ် …. ”
သဏ္ဌာန်က ရွတ်ဆိုလိုက်သည့်အခါ အသံကလည်း မငြင်းဆန်နိုင်သည့် အာဏာမျိုး ပါဝင်နေသည်။ သူက ကောင်းကင်ဘုံကိုယ်စား အပြစ်ပေးနေဟန် ပေါ်၏။
ထိုမိစ္ဆာဝိညာဉ်ဂိုဏ်းသားများ၏ မျက်နှာကလည်း ထိုသဏ္ဌာန်ကို မြင်လိုက်သည်နှင့် ဖြူဖျော့သွားလေသည်။ သူတို့က ထိုစွမ်းအားအောက်တွင် ဖိနှိပ်ခံလိုက်ရသည်။ အထူးသဖြင့် သဏ္ဌာန်နှင့် နီးနေသည့် ဟေးထျန်းနှင့် ဟေးရွှမ်တို့ ဖြစ်ကြသည်။ သူတို့၏ အနက်ရောင်မြူခိုးများက လွှင့်ပျယ်သွားပြီး အကြောက်တရားဖြင့် တုန်တုန်ယင်ယင် ရပ်နေကြသည်။
အကယ်၍ သူတို့တွင်သာ အကူမရှိပါက ဤတိုက်ခိုက်မှုအောက်တွင် သေခြင်းတရား စောင့်ကြိုနေသည်မှာ မလွဲဧကန်ပင်…
မိုးကြိုးနှင့် ကောင်းကင်တာအို တိုက်ကွက်များသည် မိစ္ဆာနှင့် နတ်ဆိုးပညာရပ်ပေါ် သက်ရောက်မှု ရှိကြသည်။
“ ကျန်းလုံယွမ်က တကယ်ကို ရက်ရောပြီး ရက်စက်တာပဲ ”
အနီဝတ်ဂိုဏ်းသခင်၏ မျက်နှာမှာ ပြောင်းလဲသွားလေသည်။ သူက အတိဒုက္ခလွန် စမ်းသပ်ချက်ကို ကျော်ဖြတ်ထားသော သူတော်စင်တစ်ယောက် ဖြစ်ကာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ပုံရိပ်သဏ္ဌာန်၏ တိုက်ခိုက်မှုကို မကြောက်ပေ။
သို့သော် သူက မကြောက်သော်လည်း သူ့နောက်လိုက်များက ထိုတိုက်ခိုက်မှုကို ကျော်ဖြတ်၍ အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။
အကယ်၍ သူသာ မကူညီလိုက်လျှင် ဤတိုက်ခိုက်မှုကြောင့် မိစ္ဆာဝိညာဉ်ဂိုဏ်းသားများက တစစီ ဖြစ်သွားပေမည်။
“ သွေးအရိုးလက်ဝါး အမှတ်အသား ”
အနီဝတ်ရုံအောက်မှ ခြောက်သွေ့နေသည့် လက်ဝါးကြီး ထွက်ပေါ်လာသည်။
ထိုလက်က အင်မတန် ပိန်လှီနေကာ ရှုံ့တွနေလေ၏။ အသားနှင့်သွေး ပါသည်ဆိုရုံမျှသာ ရှိထားသည်။ သို့သော် လက်ဝါးတစ်လျှောက် သိသာနေသည့် သွေးနီရောင်နှင့် ထူးထူးဆန်းဆန်း ပုံစံတို့ ရှိနေသည်။
သူက ထိုလက်ဝါးကို ဂိုဏ်းချုပ်ပုံရိပ်သဏ္ဌာန်၏ ဓားရှည်ဆီ ခုခံလိုက်သည်။ ကောင်းကင်၌ ဧရာမလက်ဝါး အမှတ်အသားကြီး ပေါ်လာသည်။ ဤသည်မှာ မိစ္ဆာအငွေ့အသက် ထုတ်လွှင့်နေသည့် သွေးနီရောင် အရိုးလက်ဝါး အမှတ်အသား ဖြစ်၏။
သွေးနီရောင် လက်ဝါးအမှတ်အသား မြင်ကွင်းက သွေးသံရဲရဲ အလောင်း မုန်တိုင်းကို ကြည့်နေရသလိုမျိုး ဖြစ်နေသည်။ နတ်မိုးကြိုးဓားနှင့် သွေးနီရောင် လက်ဝါးတို့ တွေ့ဆုံသွားသည့်အခါ မြေကြီးပင် တုန်ခါသွားသည်။
ကြောက်မက်ဖွယ် စွမ်းအားလှိုင်းကြီးက မိုင်အတော်အတန် ပျံ့နှံ့သွားကာ မိုင်တစ်ထောင်အတွင်း ရှိနေသည့်သူတိုင်း ထိုသက်ရောက်မှုကို ခံစားမိလိုက်ကြသည်။
“ ကြည့်ရတာ ငါ ထပ်ပုန်းနေလို့ မဖြစ်တော့ဘူးပဲ ”
အနီဝတ်ဂိုဏ်းသခင်၏ မျက်နှာထားက လေးနက်သွားကာ “ မင်းက ငါ့ကမ်းလှမ်းချက်ကို ငြင်းဆန်မှတော့ အပြစ်မတင်နဲ့။ မင်းဂိုဏ်းက အကြီးအကဲတွေက ဒီစွမ်းအားသက်ရောက်မှုကြောင့် နေရာကို သိသွားခဲ့မယ်ဆိုရင်တောင် မင်းကို လာကယ်ဖို့ မျှော်လင့်မနေနဲ့။ ငါ ဘယ်လောက် အားကောင်းတယ်ဆိုတာကို မင်း မသိသေးပါဘူး။ သူတို့ရောက်မလာခင် မင်းကို ဒီနေရာက ကြိုးချည်ပြီး ဆွဲခေါ်သွားလို့ ရတယ် ”
အနီဝတ်ဂိုဏ်းသခင်က အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် အင်္ကျီလက်မျာကို ခါလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း တောင်ကြားရှိ ဖုန်မှုန့်အားလုံး အနည်ထိုင်သွားလေပြီ။ နဂို ရှန်ထျန်း ရှိနေခဲ့သော နေရာမှာ ယခုအခါ ဗလာကျင်းနေလေပြီ။
အနီဝတ်ဂိုဏ်းသခင် “ … ”
“ မင်းက မြေလျိုးပညာရပ် သိနေလိမ့်မယ်လို့ မထင်ထားမိဘူး”
အနီဝတ်ဂိုဏ်းသခင်က လည်ချောင်းရှင်းကာ “ အဟမ်း မင်းရဲ့ အငွေ့အသက်ကို သိနေတော့လည်း သနားစရာပဲ။ မင်း ဘယ်လောက်မြေလျိုးလျိုး ပြန်တူးလို့ ရတယ် ”
အနီဝတ်ဂိုဏ်းသခင်က သူ့စကားအဆုံးတွင် မြေကြီးထဲ အလျှင်အမြန် လျိုးဝင်သွားသည့် သူ ခံစားမိထားသော အငွေ့အသက်က ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်သည်။ တောင်ကြားတစ်ခုလုံး တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။
အားလုံးက သူတို့အားလုံး တစ်ခုခုကို ကြားလိုက်ရသည်ဟု ခံစားနေမိကြသည်။
ဖျောင်း
ဟုတ်ပေ၏။ မျက်နှာကို ဖြတ်ရိုက်သွားသံ ဖြစ်ပေသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလူက ငါ့မြင်ကွင်းထဲကနေ ထွက်ပြေးသွားနိုင်တာလား ” အနီဝတ်ဂိုဏ်းသခင်က သူ့မျက်နှာဖြတ်ရိုက်ခံရသလို ခံစားနေရသည်။
ဒီလို မဖြစ်သင့်ပေ … လုံးဝ လုံးဝ မဖြစ်သင့်ပေ …
သူက သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။ သူက အနိမ့်ဆုံးအဆင့် ဖြစ်သော်လည်း သူတော်စင်နယ်ပယ်အဆင့် ရောက်နေလေပြီ။ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် သူတို့အောက်ရှိ လူတိုင်းမှာ အရေးမပါသည့် ပါးမွှားများသာ ဖြစ်ကြသည်။
ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူပင် သူ့ဆီမှ သူတို့အငွေ့အသက်များကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ရွှေရောင်ကိုယ်ထည်အဆင့်သာ ရှိသေးသည့် ရှန်ထျန်းက ဘယ်လိုများ လုပ်နိုင်သွားတာလဲ …
ပုရွက်ဆိတ် ကိုက်လိုက်သည့်အခါ လက်ချောင်းနှင့် ဖိချေသတ်လိုက်သော်လည်း မျက်စိရှေ့အောက်တွင် ပုရွက်ဆိတ်က ပျောက်ကွယ်သွားသည့်အခါမျိုး ဖြစ်နေသည်။
လုံးဝကို မယုံကြည်နိုင်စရာပင် …
အနီဝတ်ဂိုဏ်းသခင်၏ မျက်နှာထားမှာ ပျက်ယွင်းသွားလေသည်။
“ မင်းက အငွေ့အသက် ဖုံးကွယ်ရေးပညာရပ်တချို့ သိတာနဲ့ ငါ့လက်ထဲကနေ လွတ်မယ် ထင်နေလား။ မင်း ပြေးနိုင်ပေမဲ့ ပုန်းနေလို့ မရပါဘူး။ အခု မြို့လေးဆီ သွားပြီး မင်းလူတွေကို ဖျက်စီးပစ်မယ်။ အဲဒီအခါကျ မင်းထွက်လာမလား ကြည့်ရသေးတာပေါ့ ”
အနီဝတ်ဂိုဏ်းသခင်၏ ခန္ဓာကိုယ်မှ သွေးဆာမှုများ ထွက်ပေါ်လာသည်။
မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံသည့်အခါ သွေးအဆီအနှစ်၊ ဝိညာဉ်နှင့် တခြားသက်ရှိများ၏ အငြိုးတရားများကို အသုံးပြု၍ ကျင့်ကြံကြသည်။ ဤနည်းလမ်းဖြင့် သူတို့က မြန်မြန်ဆန်ဆန် တိုးတက်လာကြသည်။ သို့သော်လည်း သူတို့စိတ်ဖောက်ပြားဖို့လည်း ပိုမြန်ဆန်ပေသည်။
ရလဒ်အနေနှင့် မိစ္ဆာဝိညာဉ်ကျင့်ကြံသူအားလုံးသည် ဒေါသကြီးကြပြီး သံသယလွန်ကဲတတ်ကြကာ ကတ်သီးကတ်သတ်နိုင်ကြသည်။ တစ်ခါတစ်ရံ၌ သူတို့က မင်းအပေါ် အသက်ကိုတောင် ပဓာနမထားဘဲ လုပ်ချင်ရာ လုပ်ကြလိမ့်မည်။
ထိုစဉ် အနီဝတ်ဂိုဏ်းသခင်၏ သတ်ဖြတ်ငွေ့များက ကောင်းကင်အထိ တိုးတက်သွားလေသည်။
မိုင်တစ်ရာဝန်းကျင်ရှိ သက်ရှိများက ထိုသွေးဆာမှုကို ခံစားမိလိုက်ကြသည့်အခါ တုန်တုန်ယင်ယင် ဖြစ်ကုန်ကြသည်။ သူက တစ်မြို့လုံးကို ရှင်းထုတ်ပစ်နိုင်စွမ်း ရှိပေသည်။ အထူးသဖြင့် အထွတ်အမြတ်မြေ၏ သူတော်စင်အဆင့်များ မရှိနေသည့်အခါမျိုးတွင် ဖြစ်၏။
သို့သော် ကျောက်စိမ်းရေစင်နှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေများရှိ လူများနှင့် သူတို့နောက်လိုက်ဖမ်းကြသော ကျင့်ကြံသူများစွာကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားပေမည်။
“ အားလုံးကို သတ်ပြီးတော့ အစီအရင်အလံ ပြန်ယူမယ်။ ပြီးရင် ငါတို့ရဲ့ သခင်ကြီးကို ကယ်တင်ကြမယ်။ အဲဒီအခါကျ မင်းရဲ့ဆရာ ရောက်လာတော့လည်း ဘာတတ်နိုင်မှာလဲ … ”
အနီဝတ်ဂိုဏ်းသခင်က အေးစက်စက် ပြုံးလိုက်ပြီးနောက် မြို့လေးဆီ ဦးတည်လိုက်သည်။ သူက ရှန်ထျန်းကို အပြစ်ရှိစိတ် ခံစားလာရအောင် တမင်ဆွပေးနေခြင်း ဖြစ်၏။
“ ငါ ဒီလောက်လုပ်ဖို့ မရည်ရွယ်ထားပေမဲ့ မင်းက ငါ့ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်မှတော့ သူတို့အားလုံး မင်းကြောင့် သေရမယ်။ မင်းဂိုဏ်းရဲ့ သူတော်စင်အဆင့်ဆီ လှမ်းဆက်သွယ်ဖို့ လုပ်မနေနဲ့။ မြို့လေးနဲ့က အဝေးကြီးပဲ … ကျန်းလုံယွမ် သတင်းကို ရပြီး ပြေးလာရင်တောင် အနည်းဆုံး တစ်မိနစ်တော့ အချိန်ယူရမှာပဲ။ တစ်မိနစ်နဲ့ဆို မြို့ထဲက လူအားလုံးကို သုံးခါပြန်လောက် ရှင်းပစ်ဖို့ လုံလောက်ပြီ ”
အနီဝတ်ဂိုဏ်းသခင်က မြို့တစ်မြို့လုံးကို အမြစ်ဖြတ်ရှင်းထုတ်ခြင်းက သူ့အတွက် ဘာမှမဟုတ်သည့်အလား အေးအေးလူလူ လျှောက်လှမ်းလာသည်။
“ ဘယ်လိုလဲ … ငါနဲ့ ပူးပေါင်းချင်ပြီလား။ မင်းသာ ငါတို့ဂိုဏ်း ဝင်မယ်ဆိုရင် မင်းလူတွေကို သက်ညှာပေးမယ်” အနီဝတ်ဂိုဏ်းသခင်က လှောင်ပြုံးဖြင့် “ တွေးကြည့်စမ်းပါဦး ”
အနီဝတ်ဂိုဏ်းသခင်၏ အပြုံးက မြို့နား နီးလာလေလေ ပိုမို နက်နဲလာလေလေ ဖြစ်၏။
အကြောင်းမှာ မြေအောက်မှ အငွေ့အသက် ပြန်လည်ထွက်ပေါ်လာမှုကို ခံစားမိလိုက်၍ ဖြစ်သည်။ ဤသည်မှာ အမြန်နှုန်းအပြည့်ဖြင့် လာနေသည်။
ဝုန်း …
မြေကြီးနှစ်ခြမ်းကွဲသွားကာ ရှန်ထျန်းက သူ့ရွှေရောင်တောင်ပံဖြင့် မတ်မတ်ရပ်နေပြီး အနီဝတ်ဂိုဏ်းသခင်အား စိတ်ကုန်သည့်အကြည့်ဖြင့် ကြည့်နေသည်။ သူ့မျက်နှာအထက်၌ နာကျင်နေရဟန်ပေါ်နေသည်။
“ ကျွန်တော် ပြောခဲ့တယ်လေ။ ခင်ဗျားတို့ အသက်လေးကို ထိန်းထားပြီးတော့ လိမ်လိမ်မာမာလေး နေစမ်းပါ။ ဘာလို့ ခင်ဗျားကို ဖျက်စီးဖို့အတွက် အတင်းဖိအားပေးချင်နေရတာလဲ ”
အရှင်းဆုံးပြောရလျှင် ရှန်ထျန်းက ထွက်ပြေးဖို့ ပြင်ဆင်ထားခဲ့သော်လည်း အနီဝတ်ဂိုဏ်းသခင်က သူ့အား လွှတ်မပေးပေ။
သူက မြို့တစ်မြို့လုံးကို သွေးလွှမ်းပစ်မည့် ကိစ္စနှင့် ခြိမ်းခြောက်နေသေး၏။
ဒီမြို့ထဲမှာ ကျုပ်မိတ်ဆွေတွေ ဘယ်လောက်ရှိလဲဆိုတာကို သိရဲ့လား … တစ်ယောက်လေးတောင် ဆုံးရှုံးသွားလို့ မဖြစ်ဘူး …
ခင်ဗျားက ပြိုင်ဖက်ကင်း သူတော်စင်အဆင့် ကျင့်ကြံသူ ဖြစ်နေပြီလေ … ဘာလို့များ ကျွန်တော်ကို စိန်ခေါ်ချင်ရတာလဲ
ကျွန်တော်တို့က မတူဘူးလေ … ကိုယ့်လမ်းကို သွားတာ ပိုမကောင်းဘူးလား …
ဘာလို့များ ပြဿနာကို မီးထွန်းရှာချင်ရတာလဲ …
“ ငါ့ကို ဖျက်စီးပစ်ဖို့လား ”အနီဝတ်ဂိုဏ်းသခင်က ရှန်ထျန်းစကားကို လှောင်ကာ “ မင်း ငါ့ကို ဘယ်လိုဖျက်စီးပစ်မလဲဆိုတာ မြင်တွေ့ချင်သေးပါရဲ့ ”
ထိုစဉ် အနီဝတ်ဂိုဏ်းသခင်က လေထဲ ရောက်နေပြီး ကြောက်ခမန်းလိလိ အငွေ့အသက်များ ထုတ်လွှင့်နေသည်။ လေထုမှာ တင်းကျပ်လာပြီး သတ်ဖြတ်ငွေ့များဖြင့် ပြည့်နှက်နေသည်။
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့် …
ရှန်ထျန်း၏ စွမ်းအင်ဗဟိုချက်တွင် ခရမ်းမျှော်နန်းဆောင် ပုံစံငယ်လေးက ဆက်တိုက် လှည့်ပတ်နေသည်။
မျှော်နန်းဆောင်မှ လှပကာ သေစေလောက်သည့် ခရမ်းဖျော့ဖျော့ အလင်းတန်းများ ထုတ်လွှင့်နေလေ၏။