ငါ အရမ်းငြိမ်နေမိတာလား
Vol. 11-16 Ch. 235
အခန်း (၂၃၅) : ငါ အရမ်းငြိမ်နေမိတာလား
ကောင်းကင်တစ်ခွင် ဒေါသတကြီး အော်ဟစ်သံ ဟိန်းထွက်လာသည်။
“ မင်း လုပ်ရဲလား .. ငါ့တူလေးရှန်ထျန်းကို ဘယ်မိစ္ဆာက အနိုင်ကျင့်ရဲတာလဲ ”
တောက်ပလွန်းသည့် ငွေရောင်အလင်းတန်း ထွက်ပေါ်လာသည်။
ထိုအံ့ဖွယ်အလင်းတန်းက ကမ္ဘာထဲရှိ အအေးဓာတ်စွမ်းအားအားလုံးကို ပိုင်ဆိုင်ထားသည့်အလား အာကာပြင် အပါအဝင် ထိတွေ့မိသည့်အရာတိုင်းကို အေးခဲသွားစေသည်။
“ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့အံ့ဖွယ်လက်နက် ကျောက်စိမ်းကြေးမုံလား ”
အနီဝတ်ဂိုဏ်းသခင်၏ မျက်နှာထားမှာ တည်သွားလေသည်။ သူ့ခန္ဒာကိုယ်ပတ်လည်ရှိ သွေးနီရောင် အကာအရံတစ်ခုက ငွေရောင်အလင်းနှင့် ထိတွေ့သွားသည်။
ဝုန်း …
သွေးနီရောင် အကာအရံနှင့် ငွေရောင်အလင်းတန်းတို့ ထိတွေ့သွားသည့်အခါ အကာအရံတစ်ခုလုံးမှာ အေးခဲသွားပြီး ဖြည်းဖြည်းချင်း အက်ကွဲသွားသည်။
ရှန်ထျန်းက သူ့ဘေးပတ်လည်ရှိ နေရာတစ်ခုလုံးမှာ ဖရိုဖရဲဖြစ်လာသလို ခံစားလိုက်ရသည်။ သူ့ရှေ့ ပုံရိပ်နှစ်ခု ပေါ်လာလေ၏။
“ ထျန်းအာ မကြောက်နဲ့ … ငါတို့ ရောက်လာပြီ။ အဲဒီလူယုတ်မာ မင်းကို ဘာမှမလုပ်စေရဘူး ”
ကြာဖြူကောင်းကင်အသျှင်နှင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင်တို့က ရှန်ထျန်းရှေ့မှ ကာဆီးပေးထားကာ ကာကွယ်ပေးထားကြသည်။ နှစ်ယောက်လုံးက အနီဝတ်ဂိုဏ်းသခင်အား စူးစူးရဲရဲ ကြည့်လိုက်ပြီးနောက်
“ မိစ္ဆာဝိညာဉ် ဂိုဏ်းသခင်လား … ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဘယ်လိုလုပ် ဝင်ရဲတာလဲ ”
အနီဝတ်ဂိုဏ်းသခင်က ရဲရဲနီ ကကြိုးကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့ကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်လိုက်သည်။
“ မင်းတို့နှစ်ယောက် မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ မင်းတို့နှစ်ယောက်လုံး အားနည်းလွန်းနေတာ သနားစရာပဲ။ မင်းတို့က ငါ့ပြိုင်ဖက် မဟုတ်ဘူး။ ငါ စောစောလေးက တိုက်ကွက်မထုတ်ခင် မိုင်တစ်ထောင်အတွင်းက နေရာတစ်ခုလုံးကို ပိတ်လှောင်ထားပြီးပြီ။ ငါ မပိတ်ထားခင် မင်းတို့ဂိုဏ်းက သူတော်စင်နယ်ပယ်အဆင့်ကို ဆက်သွယ်ထားရင်လည်း ဘယ်သူမှ အဖြစ်အပျက်ကို သိမှာမဟုတ်ဘူး” အနီဝတ်ဂိုဏ်းသခင်က ဘဝင်ခိုက်စွာ ပြုံးလိုက်သည်။
“ ဒီကိုမလာခင် ဆက်သွယ်နိုင်ခဲ့တယ်ဆိုရင်တောင် နောက်ကျလွန်းသွားပြီ။ ငါ့စွမ်းအားနဲ့ မင်းတို့အားလုံးက လက်ဝါးတစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်လို့ ရတယ် ”
အနီဝတ်ဂိုဏ်းသခင်က ရက်စက်စွာ ရယ်မောလိုက်ပြီး လက်ဟန်တချို့ ထုတ်ဖော်လိုက်သည်။
ထိုစဉ် မြေကြီးမှ မြောက်များစွာသော အရိုးဖြူများ ထွက်လာကာ အရိုးတောအုပ်တစ်ခု ဖြစ်သွားစေသည်။ အရိုးတစ်ခုချင်းစီက အင်မတန် ချွန်ထက်နေပြီး အလင်းရောင်အောက်တွင် တောက်ပနေသည်။အရိုးများက ချွန်ထက်လွန်းနေသောကြောင့် အာကာပြင်ကိုပင် ထိုးခွင်းနိုင်လိမ့်မည်။
“အရိုးဖြူကမ္ဘာ ထွက်ပေါ်စမ်း ”
အနီဝတ်ဂိုဏ်းသခင်က အေးစက်စက် ဆင့်ခေါ်လိုက်ပြီးနောက် အရိုးဖြူများက ရဲရဲနီကကြိုး ကောင်းကင်အသျှင်၊ ကြာဖြူကောင်းကင်အသျှင်နှင့် ရှန်ထျန်းတို့ဆီ ပြေးဝင်သွားသည်။
ဤသည်မှာ အဆင့်မြင့် ဓမ္မပညာရပ်ဖြစ်ကြောင်း သိသာလှသည်။ ထိုအရိုးဖြူများသည် ထိပ်သီး ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုပင် ထိုးဖောက်ပစ်နိုင်စွမ်း ရှိ၏။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့သာ ထိုးစိုက်ခံလိုက်ရပါက နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားပေမည်။
“ ကြီးမြတ်ကျောက်စိမ်းလဝန်း ”
“ ကြာဖြူပွင့်လန်းခြင်း ”
ကောင်းကင်အသျှင်နှစ်ယောက်၏ မျက်နှာထားမှာ အလျှင်အမြန် ပြောင်းလဲသွားပြီး သူတို့ကိုယ်ပိုင် လက်နက်များ ထုတ်ကာ အသက်သွင်းလိုက်ကြသည်။
အဖြူရောင်ကြေးမုံတစ်ချပ်နှင့် အဆင့် ၇ ကြာဖြူပန်းတစ်ပွင့်တို့က သူတို့ခေါင်းအထက် ပေါ်လာကြသည်။ ပစ္စည်းများမှ မှိန်ဖျဖျလင်းလက်နေပြီး ရှန်ထျန်းအား ထိုအရိုးဖြူများဆီမှ နှစ်လွှာအကာအရံဖြင့် ကာဆီးပေးထားသည်။
အရိုးဖြူများက ဆက်တိုက် ကျရောက်လာကာ စွမ်းအားကို ကုန်ခမ်းလာစေသည်။ သို့သော်လည်း ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့က သူတို့စွမ်းအားများ ဆက်တိုက် ထည့်သွင်းကာ အကာအရံမှ ကုန်ဆုံးသွားသော စွမ်းအားကို ပြန်လည်ဖြည့်တင်းနေကြသည်။
ထိုအခိုက်အတန့်၌ ထိုသုံးယောက်ကို သူ လုပ်နိုင်သည့်အရာ မရှိတော့ပေ။
“ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေတောင် ဓမ္မလက်နက် ပိုင်ဆိုင်ထားကြတယ်ဆိုတော့ အထွတ်အမြတ်မြေက တကယ်ကို ရက်ရောတာပဲ။ အရမ်းအားကျသွားပြီ ” အနီဝတ်ဂိုဏ်းသခင်က ကျေကျေနပ်နပ်ကြီး ကြည့်လိုက်ပြီး “ မင်းတို့လက်နက်တွေက အခု ငါ့အပိုင် ဖြစ်တော့မှာဆိုတော့ သနားစရာပဲ ”
အနီဝတ်ဂိုဏ်းသခင်၏ လက်မှ အနီရင့်ရင့် အလင်းတန်း ထွက်ပေါ်လာသည်။
သွေးနီရောင် ပုလဲတစ်လုံး ပေါ်လာပြီး ဖျော့တော့တော့ လင်းလက်နေသည်။ ထိုပုလဲ ပေါ်လာပြီးနောက် နဂိုအဖြူရောင် အရိုးတို့က သွေးနီရောင်အဖြစ် ပြောင်းလဲသွားကြသည်။
ဝှီး …
သွေးနီရောင် အရိုးကို ကောင်းကင်အသျှင်တို့ဆီ ပစ်လွှတ်လိုက်ပြီး နှစ်ထပ်အကာအရံကို ဖျက်စီးပစ်လိုက်သည်။ အရိုး၏ စွမ်းအားက အကာအရံကို ထိုးဖောက်ပြီးနောက် အတော်လေး လျော့ကျသွားသည့်အတွက် အလွယ်တကူ တားဆီးခံလိုက်ရသည်။ သို့သော် ဤသည်မှာ အစသာ ဖြစ်၏။ အကြောင်းမှာ ယခု သွေးနီရောင် အရိုးများစွာက ထပ်မံ လွှင့်ပျံလာ၍ ဖြစ်သည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့ထံ မြောက်များစွာသော သွေးနီရောင် အရိုးများ ပစ်လွှတ်လိုက်ပြီး သူတို့လာရာ လမ်းတစ်လျှောက်ရှိ အာကာပြင်၌ ခြစ်ရာများပင် ဖြစ်လာစေသည်။
“ ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ အရက်စက်ဆုံး လက်နက် လူသတ်ပုလဲခုနှစ်သွယ်ပဲ …. ညီမတို့ သူ့ပြိုုင်ဖက် မဟုတ်ဘူး။ ထျန်းအာကို ခေါ်ပြီး မြန်မြန် ထွက်သွားလိုက်တော့ ”
ကြာဖြူကောင်းကင်အသျှင်က ကောင်းကင်အရှိန်အဝါများ ထုတ်လွှင့်လိုက်သည်။ ဝိညာဉ်ချီများက လိပ်ပြာများအသွင် ပြောင်းလဲသွားသည်ကို မြင်လိုက်ကြရသည်။ သူမက လက်ဟန်တချို့ ထုတ်ဖော်ကာ အနီဝတ်ဂိုဏ်းသခင်အား ဘယ်လိုဖြစ်ဖြစ် တားဆီးဖို့ ပြင်ဆင်လိုက်သည်။
“ ကြာဖြူကောင်းကင်အသျှင်က အရှေ့ပိုင်းလွင်ပြင်မှာ အတော်ဆုံး ဆေးပညာရှင်ထဲက တစ်ယောက်လို့ ကြားထားတယ်။ ဘာလို့များ ငါ့ရန်သူ ဖြစ်ချင်နေရတာလဲ ”
အနီဝတ်ဂိုဏ်းသခင်က လှောင်ပြုံးဖြင့် “ သူတော်စင်အဆင့်သာ မင်းတို့ကို လာမကယ်ရင် မင်းတို့ ဘယ်လောက်ကြိုးစားကြိုးစား ရထားလုံးပျံကို တားနေတဲ့ ပုရွက်ဆိတ်လိုမျိုး ဖြစ်နေမှာပဲ။ ထားလိုက်ပါတော့ … ငါလည်း ဆက်မဆော့ချင်တော့ဘူး။ ”
အနီဝတ်ဂိုဏ်းသခင်က ညာဘက်လက်သီးကို ဆုပ်လိုက်သည့်အခါ သွေးနီရောင် လှံတစ်ချောင်း ပေါ်လာသည်။ သူက သွေးလှံကို ဝေ့လိုက်ကာ အဆထောင်ချီ ကြီးမားလာပြီး ဧရာမလက်နက်အသွင်ပြောင်းသွားသည်။
အရိုးလှံ ပေါ်လာသည်နှင့် အာကာပြင်အတွင်း အက်ကြောင်းများ ဖြစ်လာစေသည်။ အရိုးလှံ၏ အငွေ့အသက်က သူတို့သုံးယောက်ကို အပြည့်အဝ ဖိနှိပ်ထားလေရာ ထွက်ပြေးလို့ မရတော့ပေ။
လူအိုကြီးယဲ့ … တိုက်ဖို့ ပြင်ထားလိုက်တော့ …
ရှန်ထျန်းက သက်ပြင်းချကာ တိတ်တဆိတ် တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။
သူက စစ်နတ်ဘုရား မျှော်နန်းဆောင်အား အသက်သွင်းဖို့ အရင်းအမြစ် အမြောက်အများ သုံးရမည် ဖြစ်သော်လည်း ယခုကား သေခြင်းရှင်ခြင်း အခြေအနေ ဖြစ်နေလေပြီ။ အားလုံးက နောက်မှ ကြည့်လုပ်လို့ ရ၏။ ရှန်ထျန်းက တခြားသူများ သေဆုံးသွားမည်ကို ထိုင်ကြည့်နေမည့် လူစားမျိုး မဟုတ်ပေ။ အထူးသဖြင့် ထိုလူများက သူ့အား ကယ်တင်ဖို့ ရောက်လာသည့်အခါမျိုးတွင် ဖြစ်၏။
ထိုစဉ် ယဲ့ချန်းခန်၏ ရယ်မောသံက သူ့စိတ်ထဲ ပဲ့တင်ထွက်လာသည်။
“ စိတ်မပူစမ်းပါနဲ့ကွာ … ငါ လှုပ်ရှားဖို့ အချိန်မကျသေးပါဘူး ”
သွေးနီရောင်လှံရှည် ဆင်းသက်လာလေသည်။ အာကာပြင် အက်ကြောင်းများက ပျံ့နှံ့သွားကာ ရှန်ထျန်းအနားအထိ ရောက်လာကြသည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့ကား ဆုံးဖြတ်ချက် အခိုင်အမာ ချထားဟန် ပေါ်သည်။ သူတို့က မည်သို့ပင်ဖြစ်စေ ရှန်ထျန်းအား ကာကွယ်ပေးဖို့ရာ ဆုံးဖြတ်ထားကြ၏။
ထို့အပြင် ထျန်းအာက “သူတို့” ၏ တပည့် မဟုတ်ပါလော။
(သူတို့ဆိုတာက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ ကြာပြာ ကောင်းကင်အသျှင်တို့ကို ရည်ညွှန်းတာပါ )
ထိုစဉ် ဧရာမလှံကြီးက ရုတ်ချည်း ရပ်တန့်သွားသည်။ အာကာပြင် အက်ကြောင်းတို့လည်း ရပ်တန့်သွားပြီး နေရာရှိ အရိုးဖြူအားလုံးလည်း အမှုန့်ဖြစ်သွားလေသည်။
ကောင်းကင်ကို လွှမ်းမိုးသွားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ ငါက အရမ်းငြိမ်နေမိတာလား ဒါမှမဟုတ် မင်းတို့ကောင်တွေက ရဲတင်းလာတာလား။ ငါ မင်းတို့ကောင်တွေကို ပညာပေးလိုက်တာ နှစ်ရာချီပဲ ရှိသေးတာကို အခု ငါ့လူတွေကို တိုက်ခိုက်ရဲနေပြီပေါ့လေ ”
ဧရာမ သွေးနီရောင် လှံပေါ်တွင် အက်ကြောင်း ပေါ်လာပြီး အလျှင်အမြန် ပျံ့နှံ့သွားတော့သည်။
တာအိုကိုယ်တော်တစ်ပါး ရုတ်တရက် ပေါ်လာလေ၏။ သူက တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်း၌ ဆံပင်ဖြူအပြည့် ဖြစ်နေကာ ပါးနှစ်ဖက်ကား နီရဲနေသည်။ သူ့လက်မောင်းကား ကြွက်သားတောင့်တင်းနေပြီး ခက်ထန်ကြမ်းတမ်းသည့် အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။
တာအိုကိုယ်တော်ကြီးက ညာဘက်လက်သီးဖြင့် လှံကို ချေမွဖျက်စီးပစ်လိုက်သည်။ လှံကား ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် တစစီ ဖြစ်သွားသည်။
“ကြာပြာကောင်းကင်အသျှင်လား ”
တာအိုကိုယ်တော်ကို မြင်လိုက်ပြီးနောက် အနီဝတ်ဂိုဏ်းသခင်၏ မျက်နှာထားမှာ တောင့်တင်းသွားလေသည်။
လူငယ်မျိုးဆက်က ဤတာအိုကိုယ်တော် မည်မျှကြောက်ဖို့ ကောင်းမှန်း မသိကြသော်လည်း အနီဝတ်ဂိုဏ်းသခင်က အစောပိုင်းမျိုးဆက်မှ ဖြစ်သည်။ သူက ဤလူသည် အခြားလူများထက် ပိုအားကောင်းကာ ရက်စက်တတ်ကြောင်း ကောင်းကောင်း သိထားသည်။ ဤလူသည် သူ့ဆရာကို သတ်ခဲ့သူ ဖြစ်၏။ ထိုစဉ်အခါက သူ့ကျင့်ကြံဆင့်သည် ပိုနိမ့်နေသေးသည်။
ကြာပြာကောင်းကင်အသျှင်သည် စွမ်းအားအကုန်ပျောက်ဆုံးသွားကာ အစမှ ပြန်လည် ကျင့်ကြံခဲ့ရသော်လည်း နှစ်များစွာ ကြာပြီးနောက် ကြာပြာကောင်းကင်အသျှင်သည် ကောင်းကင်အသျှင်အနေအထားသို့ ပြန်လည် ရောက်လာလေပြီ။ ထို့အပြင် သူက နတ်ဘုရားကိုယ်ထည်မာ ကောင်းကင်အသျှင် ဖြစ်၏။
သူက သူတော်စင်အဆင့် ဖြစ်သော်လည်း အနီဝတ်ဂိုဏ်းသခင်က အနိုင်ရဖို့ ယုံကြည်ချက် မရှိပေ။
အနီဝတ်ဂိုဏ်းသခင် စိတ်ထဲ အကြောက်တရား ဖြစ်ပေါ်လာစဉ် ကြာဖြူကောင်းကင်အသျှင်နှင့် ရဲရဲနီကကြိုးကောင်းကင်အသျှင်တို့က စိတ်အေးသွားကြသည်။ အထူးသဖြင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင် ဖြစ်၏။ သူမ ပါးပြင်ကား ရှက်သွေးဖြာကာ ရဲနေသည်။
စီနီယာအစ်ကိုချူးက ငါ့ကို သူ့လူလို့ ပြောလိုက်တာလား … သူ့အပိုင်လို့ ဆိုလိုချင်တာလား … ဟီးဟီး ငါတို့က အသက်ကြီးနေပြီကို ဒီလိုမျိုးတွေ ပြောနေတုန်းလား
ပြီးတော့ ကလေးရှေ့မှာ ရှက်စရာကြီး …
“ ဂိုဏ်းတူအစ်ကိုကြီး အချိန်မီ ရောက်လာတာပဲ။ ဒီမိစ္ဆာဂိုဏ်းချုပ်ကို လွှတ်မပေးနဲ့ ”
ကြာဖြူကောင်းကင်အသျှင်က ကြင်နာတတ်သူ ဖြစ်ကာ ဆေးပညာရပ်ကို အထူးပြုထားပြီး အားနည်းသူနှင့် ဖျားနာသူများကို ကယ်တင်ဖို့အတွက် တောင်အောက်သို့ ဆင်းသွားတတ်သည်။
အနီဝတ်ဂိုဏ်းသခင်၏ အရိုးဖြူကမ္ဘာနှင့် ရင်ဆိုင်ရသည့်အခါ ထိုအရာထဲတွင် အငြိုးတရားစွမ်းအား အမြောက်အများ ကိန်းအောင်းနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။ ဤအရာမှာ လက်နက်ကောင်း မဟုတ်မှန်း သိသာလှသည်။ ဤသည်မှာ မြောက်များစွာသော သက်ရှိများ၏ သွေးစတေးမှုမှ ထုဆစ်ဖန်တီးထားခြင်း ဖြစ်၏။
ကြာဖြူကောင်းကင်အသျှင်က အလွန်နူးညံ့သိမ်မွေ့သော်လည်း ယခုအခါ အနီဝတ်ဂိုဏ်းသခင်ထံ သတ်ဖြတ်လိုစိတ်များအပြည့် ဖြစ်နေသည်။
ဒါက ဒုတိယအစ်ကိုအစား ဂိုဏ်းတူအစ်ကိုကြီး ရောက်လာလို့ လုံးဝ မဟုတ်ဘူးနော် … သူမက ဒေါသတွေကို အနီဝတ်ဂိုဏ်းသခင်ပေါ် ပုံချနေတာ မဟုတ်ရပါဘူး …
ကြာပြာကောင်းကင်အသျှင်က ခေါင်းညိတ်ကာ “ စိတ်မပူပါနဲ့။ ဒီကောင်စုတ်လေးက ငါ့တူလေးကို တိုက်ရဲတယ်ဆိုတော့ ငါလည်း သက်ညှာမနေတော့ဘူး ”
ထိုသို့ပြောလိုက်ပြီးနောက် ကြာပြာကောင်းကင်အသျှင်သည် ရှန်ထျန်း ပခုံးကို ပုတ်လိုက်သည်။ သူ့မျက်နှာ၌ ဖခင်မေတ္တာအပြည့် ဖြစ်နေပြီး “ ထျန်းအာ … မင်းရဲ့ ဆရာဒေါ်လေးနှစ်ယောက်နဲ့ အတူတူ ဘေးမှာရပ်နေချည် … မင်းအတွက် လက်စားချေပေးမယ် ”
ရှန်ထျန်းက ကြာပြာကောင်းကင်အသျှင်သည် ယခင်တွေ့ဆုံစဉ်နှင့် ကွဲပြားနေကြောင်း ခံစားမိလိုက်၏။ သို့သော် ရှန်ထျန်းက နာနာခံခံ ဘေးမှာ ရပ်နေလိုက်သည်။ သူ့စီနီယာက အကုန်ဖြေရှင်းပေးမည် ဖြစ်ရာ အဘယ်တွက်ကြောင့် သူ့အရင်းအမြစ်များကို သုံးနေရမည်နည်း။
ဒီကောင်လေး ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဝင်ပြီးတော့ ကံကောင်းမှုတွေ ကြုံလာတာပဲ … သူက ထာဝရသတ္တုအဆင့်စာရင်းမှ အဆင့် ၈ ဖြစ်တဲ့ ငှက်မွေးထာဝရသတ္တုတောင် ရလာလိုက်သေးတယ် … ပြီးတော့ သူ့ခန္ဓာကိုယ်ထဲမှာ သဘာဝဓာတ်ငါးမျိုးလုံး လှည့်ပတ်နေတာကို ခံစားမိတယ်
သူ့အခြေခံက မယုံကြည်နိင်လောက်အောင် ခိုင်မာလာတာပဲ
ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ အကျိုးမြတ်တော်တော် ရလာတာ သေချာတယ်။ ငါ ဝေစုရဖို့ နည်းလမ်း ရှာရမယ် …
ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဒီကောင်လေးနဲ့ ဆရာတပည့် ဆက်ဆံရေးမျိုး ပျိုးထောင်ရမယ် …
ကြာပြာကောင်းကင်အသျှင် စိတ်ထဲ အတွေးပေါင်းတစ်သန်းလောက် ပေါ်လာသည်။ သူက ကျောဘက်မှ တုတ်ချောင်းရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
ယခင်ထက် အားကောင်းသည့် မီးတောက်အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ သူ့ကြွက်သားများလည်း စတင်ကြီးထွားလာသည်။
တာအိုဝတ်ရုံလည်း အဆုံးအစွန်အထိ ဆွဲဆန့်လိုက်သလို ဖြစ်သွားကာ သူ့ကြွက်သားပုံပန်းသဏ္ဌာန်ကို ကောင်းကောင်း မြင်နေရသည်။ ထိုမြင်ကွင်းကြောင့် ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ မျက်နှာက နီရဲလာပြန်သည်။
“ မိစ္ဆာဝိညာဉ် ဂိုဏ်းသခင် … ဒီနေ့ မင်း သေနေ့စေ့ပြီ ”
ကြာပြာကောင်းကင်အသျှင်က လက်ထဲတွင် ရွှေရောင် တုတ်ချောင်းရှည်ကိုင်ဆောင်ရင်း အနီဝတ်ဂိုဏ်းသခင်ထံ ပြေးဝင်သွားလိုက်သည်။
သူ တုတ်ချောင်းကို ဝေ့ယမ်းလိုက်သည်နှင့် အံ့ဖွယ် အားပြင်းပြင်းစွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ တုတ်ချောင်းအနားရှိ လေထုမှာ ဝှီးခနဲ ဖြစ်သွားပြီး တာအိုကိုယ်တော်ကြီးက အနီဝတ်ဂိုဏ်းသခင်ထံ ဦးတည်လိုက်စဉ် သူ့အနောက်မှ အာကာပြင်မှာလည်း အက်ကြောင်းများပေါ်လာသည်။
“ ငါက သူတော်စင်အဆင့် ရောက်နေပေမဲ့ မင်းက သူတော်စင်အဆင့်တောင် မရောက်သေးတဲ့ ပုရွက်ဆိတ်သာသာပါပဲ။ မင်းကြောင့် ဘာလို့ ရှုံးရမှာလဲ ”
အနီဝတ်ဂိုဏ်းသခင်၏ မျက်ဝန်း၌ အထိတ်တလန့် ဖြစ်သွားခဲ့သော်လည်း သူက မဖော်ပြပေ။
သူ့လူများက တောင်ကြားထဲတွင် ရှိနေသေးသည် မဟုတ်ပါလော။
သူက လူသတ်ပုလဲခုနှစ်သွယ်ကို သွေးများဖြင့် ပေါင်းစပ်လိုက်သည်။ ပုလဲက ပို၍ တောက်ပလာသည်။ အရိုးလှံက ပိုနီလာလေသည်။ လှံပေါ်တွင် အနီရင့်ရင့် ပုံစံများ ဖုံးအုပ်ထားပြီး မိစ္ဆာဆန်လှသည်။
“ ကောင်းကင်၊ မြေကြီး၊ နတ်ဘုရား၊ ဗုဒ္ဓ၊ တစ္ဆေ၊ နတ်ဆိုး၊ သက်ရှိအားလုံး … ခုနှစ်မျိုးလုံး သေဆုံးကြစမ်း”
အနီဝတ်ဂိုဏ်းသခင်၏ ဆံပင်များက လွှင့်လာကာ သွေးနီရောင်မြစ် ဖုံးလွှမ်းသွားသလို ဖြစ်သွားသည်။ သူ့အငွေ့အသက်တို့လည်း လှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာသည်။
သူက လှံကို ထုတ်ကာ လှံထောင်ချီပုံရိပ်အဖြစ် ပြောင်းလဲလိုက်ပြီး ကြာပြာကောင်းကင်အသျှင်ကို ပိုင်းဖြတ်ဖို့ ပြင်လိုက်သည်။ သူက သူ့ထက အဆင့်နိမ့်သည့် လူနှင့် ရင်ဆိုင်နေရသော်လည်း အထင်မသေးရဲပေ။
သူက အားအပြည့် ထုတ်တိုက်လိုက်သည်။