ဆရာဦးလေး ဒဏ်ရာရသွားတာလား
Vol. 11-16 Ch. 236
အခန်း (၂၃၆) : ဆရာဦးလေး ဒဏ်ရာရသွားတာလား
အနီဝတ်ဂိုဏ်းသခင်က သူ့သွေးများကို စတေးကာ အားအပြင်းဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ ပစ်လွှတ်လိုက်သော လှံချက်တိုင်းတွင် သာမန်ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူကို သတ်ပစ်နိုင်စွမ်း ရှိ၏။
ရဲရဲနီ ကကြိုးကောင်းကင်အသျှင်က အနီဝတ်ဂိုဏ်းသခင်နှင့် ရင်ဆိုင်နေသည့် တာအိုကိုယ်တော်ကြီးအား စိုးရိမ်တကြီး ကြည့်လိုက်ကာ “ အားတင်းထား ”
ကြာဖြူကောင်းကင်အသျှင်ကလည်း သူမ၏ အမှတ်အသားပြားဖြင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ထံ ဆက်သွယ်ဖို့ အသည်းအသန် ကြိုးစားနေသည်။ အနီဝတ်ဂိုဏ်းသခင်က အတိဒုက္ခလွန်စမ်းသပ်ချက်ကို ကျော်ဖြတ်ထားသော အားကောင်းသည့် ကျင့်ကြံသူတစ်ဦး မဟုတ်ပါလော။
ကြာပြာကောင်းကင်အသျှင်အနေနှင့် သူ အသွင်ပြောင်းအဆင့်တွင် ရှိစဉ်အခါက သူတော်စင်အဆင့်ကို သတ်ခဲ့ဖူးသော်လည်း သူ့ဘာသာ ဖောက်ခွဲခဲ့ရသည်။ ထို့အပြင် ကြာပြာကောင်းကင်အသျှင်က ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့၏။
ကိုယ်ထည်မာ ကျင့်ကြံရေးသို့ ပြောင်းလဲလိုက်ပြီးနောက် ကြာပြာကောင်းကင်အသျှင်သည် တိုက်ပွဲအတွင်း တိုက်ခိုက်မှုများများစားစား သိပ်မထုတ်တော့ပေ။ သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သလို လှည့်ကွက်များအပေါ်သာ မှီခိုအားထားခဲ့သည်။ သူ့ဂိုဏ်းရှိ ညီအစ်ကိုများပင် ကြာပြာကောင်းကင်အသျှင်၏ တကယ့် စွမ်းအားအစစ်အမှန်ကို မသိကြချေ။
ယခု သူက တိုက်ခိုက်တော့မည် ဖြစ်ရာ ကြာဖြူကောင်းကင်အသျှင်က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို လှမ်းဆက်သွယ်လိုက်ခြင်း ဖြစ်၏။ သို့သော် သူမက ဤနေရာသည် လုံးဝပိတ်လှောင်ခံထားရကြောင်း သတိပြုမိလိုက်သည်။ သူမက အမှတ်အသားပြားမှတဆင့် ဂိုဏ်းချုပ်ထံ လှမ်းဆက်သွယ်လို့ မရပေ။ ဆက်သွယ်မှု ဖြတ်တောက်ခံထားရ၏။
“ အားကောင်းလိုက်တဲ့ လှံတိုက်ကွက် … ငါ မင်းကို လျော့တွက်မိသွားတာပဲ ”
ထိုစဉ် အော်သံကို ကြားလိုက်ရသည်။ သွေးနီရောင် လှံသည် ကြာပြာကောင်းကင်အသျှင်၏ ဘယ်ဘက်ပခုံးတွင် စိုက်ဝင်နေသည်။
ဒဏ်ရာမှ ရွှေရောင်သွေးများ ထွက်နေပြီး သူ့တာအိုဝတ်ရုံအား ရွှေရောင် ဆိုးလိုက်သလို ဖြစ်သွားကာ သူ့အား ရဲရင့်ပြီး သူရဲကောင်းဆန်ပုံ ပေါ်နေစေသည်။
“ မိစ္ဆာကောင် … ငါ ဒီနေ့သေရမယ်ဆိုရင် ငါ့ထျန်းအာရဲ့ ဆံပင်တစ်မွေးတောင် မထိစေရဘူးကွ ”
ကြာပြာကောင်းကင်အသျှင်က အော်ဟစ်လိုက်ပြီးနောက် သွေးနီရောင် လှံကို ဆွဲနှုတ်လိုက်သည်။ သူ့ညာဘက်လက်သီးကလည်း ဆယ်ဆမက ကြီးမားလာသည်။
ဝှီး
သူက အနီဝတ်ဂိုဏ်းသခင်အား လက်ဝါးဖြင့် အပြင်းအထန် ရိုက်လွှတ်လိုက်သည်။
အနီဝတ်ဂိုဏ်းသခင်ကို သွေးနီရောင် အကာအရံက ကာကွယ်ပေးထားသောပြီး အကာအရံကား ထိုတိုက်ခိုက်မှုတွင် အပြင်းအထန် တုန်ခါသွားသည်။
“ ပျက်စီးမသွားဘူးလား ”
အနီဝတ်ဂိုဏ်းသခင်က သူ့သွေးနီရောင် အကာအရံဆီ တိုက်ခိုက်မှုပြင်းပြင်း ကျရောက်လာသောကြောင့် နောက်ဆုတ်လိုက်သည်။ ထို့နောက် သူက မထီမဲ့မြင် ပြုံးလိုက်သည်။
“ ဟားဟား မင်းရဲ့ လက်ရှိစွမ်းအားက ဒီလောက်အဆင့်ပဲလား။ ချူးလုံဟယ် … မင်းရဲ့ ခေတ်ကုန်သွားပြီ။ မင်းရဲ့ လက်ရှိအနေအထားနဲ့ ဝိညာဉ်အသွင်ပြောင်းအဆင့်မှာ ပြိုင်ဖက်ကင်း ပါရမီရှင် မဟုတ်တော့ဘူးကွ။ နိုးထလိုက်တော့ ”
အနီဝတ်ဂိုဏ်းသခင်က လှောင်ပြောင်လိုက်သည်။
“ ဒီနေ့ မင်းကို ဖျက်စီးပစ်ပြီးတော့ ဆရာအတွက် လက်စားချေပေးရမယ်။ မင်းခေါင်းကိုသာ ပြန်ယူသွားရင် ငါတို့ခေါင်းဆောင်က ဆုကြီးကြီးပေးမှာ သေချာတယ်။ မင်း အဆုံးသတ်လိုက်တော့ ”
ထိုသို့ပြောပြီးနောက် အနီဝတ်ဂိုဏ်းသခင်၏ လက်ထဲမှ လှံက တောက်ပလာကာ ကြာပြာကောင်းကင်အသျှင်ထံ လှံမိုးကြိုးမုန်တိုင်းသဖွယ် ပြေးဝင်သွားသည်။
ကြာပြာကောင်းကင်အသျှင်က သွေးထွက်နေဆဲ ဖြစ်သော်လည်း အကြောက်တရားတော့ မရှိပေ။ သူက ရွှေရောင်တုတ်ချောင်းကို ဝေ့ယမ်းလိုက်ပြီး သွေးနီရောင် လှံများနှင့် ရင်ဆိုင်လိုက်သည်။ သူ့ကြည့်ရသည်မှာ အင်မတန် သူရဲကောင်းဆန်ကာ မြင့်မြတ်ဟန် ပေါ်နေသည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင် မျက်ဝန်းက မျက်ရည်များဖြင့် ပြည့်နှက်လာကာ “ စီနီယာအစ်ကိုချုးက ငါ့ကို ကယ်ဖို့အတွက်နဲ့ သူတော်စင်အဆင့်နဲ့ ရင်ဆိုင်နေရပြန်ပြီ။ ငါက အစ်ကိုချူးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ … ”
ရဲရဲနီ ကကြိုး ကောင်းကင်အသျှင်က အံ့ကြိတ်ကာ တိုက်ပွဲထဲ ပြေးဝင်လိုက်သည်။ သူမက ကြာပြာကောင်းကင်အသျှင်ဘေးနား ရပ်လိုက်ကာ အတူတူ တိုက်ဖို့ ပြင်လိုက်သည်။
ကြာဖြူကောင်းကင်အသျှင်၏ မျက်ဝန်းတို့လည်း လေးနက်သွားလေသည်။ သူမက လက်ဟန်တချို့ကို မြန်မြန် ထုတ်ဖော်ကာ ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာပြာကောင်းကင်အသျှင်တို့ထံ အလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်သည်။
ဤသည်မှာ “ မဟာပြန်လည်နုပျိုခြင်း” ကျင့်စဉ်၏ လျို့ဝှက်ကုသခြင်း ဖြစ်၏။ ထိုအရာက ကျင့်ကြံသူများ၏ ဒဏ်ရာများကို ပြန်လည် ကောင်းမွန်လာစေပြီး အသက်ဓာတ် ပြန်လည်ဖြည့်တင်းပေးသည်။
ကြာဖြူကောင်းကင်အသျှင်က တိုက်ခိုက်ရာ၌ မကျွမ်းကျင်သော်လည်း သူမအနေနှင့် အကောင်းဆုံး ကုသနိုင်ပေသည်။
“ ဒါက ကျွန်တော် သိထားတဲ့ ဆရာဦးလေးမှ ဟုတ်ရဲ့လား ” ရှန်ထျန်းက သွေးသံရဲရဲနှင့် ဆက်လက် တိုက်ခိုက်နေသည့် ကြာပြာကောင်းကင်အသျှင်ကို ကြည့်ကာ မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။ သို့သော် သူ့စိတ်ထဲ ယဲ့ချန်းခန်၏ စိတ်ပျက်လက်ပျက် အသံ ထွက်ပေါ်လာလေ၏။
“ အဲကောင်စုတ်လေး နှစ်တစ်ထောင် ရှိသွားပြီကို လုံးဝ မပြောင်းလဲသေးဘူး။ သူက အရည်ထူလွန်းတယ်။ သူ့အလိမ်အညာ မခံမိစေနဲ့။ သူက အရမ်း ဉာဏ်များလွန်းတယ် ”
ဒီလူရဲ့ အညာမမိစေနဲ့တဲ့လား …
ရှန်ထျန်းက ဆိုလိုရင်းကို နားမလည်ပေ။
ထိုစဉ် အနီဝတ်ဂိုဏ်းသခင်က အခွင့်အရေးကို မြင်ကာ ရဲရဲနီ ကကြိုးကောင်းကင်အသျှင်၏ လည်မျိုကို ထိုးစိုက်ဖို့ ပြင်လိုက်သည်။ လှံတံကား ရက်ရက်စက်စက် အရှိန်ပြင်းပြင်းဖြင့် လှုပ်ရှားလာလေသည်။
ရဲရဲနီကကြိုးကောင်းကင်အသျှင်ကို သွေးနီရောင်စွမ်းအားက ချုပ်ထိန်းထားသောကြောင့် သူမ ထွက်မပြေးနိုင်တော့ပေ။ သွေးနီရောင် လှံက ရဲရဲနီကကြိုးကောင်းကင်အသျှင်၏ လည်မျိုကို အချိန်မရွေး ထိုးဖောက်သွားနိုင်သည်။
သို့သော် ကြာပြာကောင်းကင်အသျှင်က ရဲရဲနီကကြိုးကောင်းကင်အသျှင်၏ ရှေ့သို့ ရုတ်ချည်း ပေါ်လာလေ၏။
သူက လှံဖျားကို ဘယ်ဘက်လက်ဖြင့် ဖမ်းဆုပ်ထားလိုက်သောကြောင့် လက်မှ သွေးများ စီးကျလာသည်။ သွေးနီရောင် အရိုးလှံက ဖြည်းဖြည်းချင်း ရပ်တန့်သွားသော်လည်း ကြာပြာကောင်းကင်အသျှင်၏ ညာဘက်ပခုံးကို ထိုးချင်းပေါက်သွားစေသည်။ သူက မီတာရာချီ လွင့်စင်သွားသေး၏။
ရဲရဲနီကကြိုးကောင်းကင်အသျှင်၏ မျက်ဝန်းများ နီရဲလာစဉ် အနီဝတ်ဂိုဏ်းသခင်က ကျေနပ်နေပုံပေါ်သည်။
“ မင်းက ခေတ်ကုန်သွားပြီ။ ချူးလုံဟယ် .. အခု မင်းသိသင့်ပြီ ”
အနီဝတ်ဂိုဏ်းသခင်က စိတ်ဓာတ်တက်ကြွနေလေသည်။ သူက ခေတ်အသစ်တစ်ခု ရေးဆွဲနိုင်သလိုမျိုး ခံစားနေရသည်။ သို့သော်လည်း ချူးလုံဟယ်က ညာဘက်လက်ကို ရုတ်ချည်း လှုပ်ရှားလိုက်ကာ အနီဝတ်ဂိုဏ်းသခင်၏ ခေါင်းကို တုတ်ချောင်းဖြင့် လွဲရိုက်လိုက်သည်။
ဝုန်း
အနီဝတ်ဂိုဏ်းသခင်က မူးဝေဝေ ဖြစ်သွားပြီး သူ့အနားရှိ ကောင်းကင်ကြီးမှာ ချာချာလည်နေလေသည်။ သူ့အကာအရံပင် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို မကာဆီးနိုင်တော့ပေ။
ဒီလူက ငါ့လှံချက်ကို တမင်ခံလိုက်တာပဲ …
အနီဝတ်ဂိုဏ်းသခင်၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး နောက်ဆုတ်ဖို့ ပြင်လိုက်သည်။
ကံဆိုးစွာဖြင့် အလွန်နောက်ကျသွားလေပြီ။ တုတ်ချောင်းက သူ့အား အဘက်ဘက်မှ မိုးကြိုးမုန်တိုင်းကဲ့သို့ တိုက်ခိုက်နေသည်။ အနီဝတ်ဂိုဏ်းသခင်က ကြယ်တွေလတွေ မြင်သည့်အထိ အရိုက်ခံလိုက်ရသည်။ သူ့အနေနှင့် ထိုရိုက်ချက်များကို တားဆီးနိုင်စွမ်း မရှိတော့ပေ။ သူ့တစ်ကိုယ်လုံး နာကျင်လာပြီး အသက်ရှင်ဖို့ မထိုက်တန်တော့သလို ခံစားလာရသည်။
“ မိစ္ဆာကောင် … ငါ့အစ်ကိုချူးကို နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ ”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် အရိုးခိုက်မတတ် အေးစက်သည့် စွမ်းအားတစ်ခုက အနီဝတ်ဂိုဏ်းသခင်အား လွှမ်းခြုံသွားတော့သည်။ အနီဝတ်ဂိုဏ်းသခင်ကား ရုပ်တုလိုမျိုး အေးခဲသွားပြီးနောက် ကောင်းကင်မှ ပြုတ်ကျလာကာ မြေကြီး၌ တွင်းကြီးဖြစ်သွားစေသည်။
ထိုစဉ် ကြာပြာကောင်းကင်အသျှင်က စွမ်းအား အားလုံး ကုန်ဆုံးသွားသည့်အလား စတင်လဲကျသွားသည် “အစ်ကိုချူး အဆင်ပြေရဲ့လား။ ညီမကို လန့်အောင် မလုပ်ပါနဲ့ … ဒါတွေအားလုံးက ညီမ အမှားတွေပါ။ ညီမကို ကယ်ဖို့ မကြိုးစားခဲ့ရင် ဒီလောက်ဒဏ်ရာတွေ ရသွားမှာ မဟုတ်ဘူး ”
ရဲရဲနီ ကကြိုးကောင်းကင်အသျှင်က ချူးလုံဟယ်အား ပွေ့ဖက်ကာ ဖမ်းယူလိုက်ပြီးနောက် ၇၂၀ ဒီဂရီလှည့်ကာ မြေပြင်ပေါ်သို့ ပြန်ရောက်လာသည်။
ထို့နောက် သူက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ ဆေးလုံးများနှင့် ဆေးရည်များကို ထုတ်ကာ ချူးလုံဟယ် ပါးစပ်ထဲ အကုန်လောင်းထည့်တော့သည်။
“ အစ်ကိုချူး ဘာမှဖြစ်လို့ မဖြစ်ဘူးနော်။ အစ်ကိုသာ တစ်ခုခု ဖြစ်သွားရင် ညီမ ဘယ်လိုအသက်ဆက်ရှင်ရမှာလဲ ”
ချူးလုံဟယ်က ရဲရဲနီကကြိုး ကောင်းကင်အသျှင်အား စိတ်ကုန်နေသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
“ မိန်းကလေး နားလည်မှုလွဲနေပြီ။ ဒီတစ်ခါ ဝင်ပါလိုက်တာက ထျန်းအာကို ကယ်ဖို့အတွက်ပါ။ မင်းကို ကယ်လိုက်တာက နောက်မှ … ကျေးဇူးပြုပြီး စိတ်ကူးမယှဉ်နေပါနဲ့တော့ ” ထိုသို့ပြောပြီးနောက် ချူးလုံဟယ်က ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ ရှန်ထျန်းဆီ ဒယိမ်းဒယိုင် သွားလိုက်သည်။ သူက စာရွက်တစ်ရွက်လို ဖြူဖျော့နေပြီး အားတင်းပြုံးလိုက်ကာ
“ ထျန်းအာ … မင်းလည်း ငါ့ရဲ့ တိုက်ပွဲကို မြင်လိုက်တယ်မလား။ ငါ တော်တယ်မလား … ဒီတိုက်ပွဲစွမ်းအားက မီးစာကျမ်းကို ကျင့်ကြံထားတဲ့ ကျင့်ကြံသူတွေရဲ့ စွမ်းအားပဲ။ အဆင့်မြင့် ကျင့်ကြံသူဆိုရင်တောင် မင်းအတွက် ပါးမွှားလေး ဖြစ်နေမှာ၊ ဘယ်လိုလဲ သင်ချင်လား … တကယ်လို့ သင်ပေးဖို့ တောင်းဆိုမယ်ဆိုရင် ငါ သင်ပေး … ”
ချူးလုံဟယ်က စကားမဆုံးခင် ရှန်ထျန်းရှေ့ လဲကျသွားတော့သည်။ တစ်ချိန်တည်းတွင် သူ့အငွေ့အသက်များလည်း သိသိသာသာ ကျဆင်းသွားလေ၏။
ရှန်ထျန်း၏ မျက်နှာထားက ပြောင်းလဲသွားကာ နိဗာနတော်ဝင်ရေစင်ကို မြန်မြန် ထုတ်ကာ ကြာပြာကောင်းကင်အသျှင် ပါးစပ်ထဲ လောင်းထည့်ပေးလိုက်သည်။
“ အသုံးမဝင်တော့ဘူး။ နိဗာနတော်ဝင်ရေစင်ကို ထပ်မဖြုန်းနဲ့တော့ ”
ဖြူဖျော့နေသည့် တာအိုကိုယ်တော်က အရည်ကို မျိုချလိုက်ပြီး “ ငါ့အတွင်းအင်္ဂါတွေက မိစ္ဆာလှံချက်ကြောင့် ပျက်စီးနေပြီ။ ငါ သိပ်ကြာကြာ အသက်မရှင်ရတော့ဘူး. မင်းဆီမှာ နိဗာနတော်ဝင်ရေစင် ၅၀၀ လီတာ မရှိဘူးဆိုရင် ငါ့ကို ကုသနိုင်မှာ မဟုတ်ဘူး ”
ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်းအား မေတ္တာဖြင့် ကြည့်လိုက်သည်။
“ ထျန်းအာ … အရိုးသားဆုံးပြောရရင် ငါ မင်းကို သဘောကျတယ်။ မင်းကို စတွေ့လိုက်ကတည်းက မင်းကို တပည့်အဖြစ် လက်ခံချင်ခဲ့တာ။ ဒါပေမဲ့ ဒုတိယညီလေးက အရင်လှုပ်ရှားသွားတော့ မင်းက သူ့တပည့် ဖြစ်သွားရတယ်။ သူက ငါ့ထက် ကျင့်ကြံဆင့် ပိုမြင့်နေတာဆိုတော့ ထားလိုက်ပါလေ .. အဟွတ်ဟွတ် … ငါ့ဒဏ်ရာတွေက ဆိုးလာပြီ။ ကြည့်ရတာ သိပ်မတောင့်ခံနိုင်လောက်တော့ဘူး။ ထျန်းအာ … မင်းအားစိုက်မှုတွေကို မဖြုန်းပါနဲ့တော့ ”
နိဗာနတော်ဝင်ရေစင် ငါးလီတာနောက်ဆုံးအစက်ကို သောက်လိုက်ပြီးနောက် ကြာပြာကောင်းကင်အသျှင်က ခေါင်းခါကာ “ ငါ မသေခင် နောက်ဆုံးဆန္ဒတစ်ခုပဲ ရှိတယ်။ ထျန်းအာ … မင်း ငါ့ကို ကတိပေးလို့ ရမလား ”
ရှန်ထျန်းက သက်ပြင်းချကာ “ ဆရာဦးလေးက ဒဏ်ရာအပြင်းအထန် ရထားတာလေ။ စကားမပြောဘဲနဲ့ ဒီနိဗာနတော်ဝင်ရေစင်ကိုပဲ သောက်လိုက်ပါ။ ဒါက ၅၀၀ လီတာတည်းပဲလေ … ကျွန်တော်ကို ကယ်ရင်း ဒဏ်ရာရသွားတာဆိုတော ဒီငါးရာလီတာ ပေးဖို့က ကျွန်တော်ရဲ့ တာဝန်ပါပဲ … ”
ကြာပြာကောင်းကင်အသျှင်က နှုတ်ခမ်းသပ်ကာ “ ဘယ်လို… ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ မင်းဆီမှာ နိဗာနတော်ဝင်ရေစင် တစ်ထောင်လီတာလောက်ပဲ ရှိတာလေ။ ဒါကိုရဖို့ မင်းအသက်ကိုတောင် စတေးခဲ့ရတာမလား … မင်းရဲ့ စီနီယာအနေနဲ့ အခွင့်ကောင်းယူလို့ ဘယ်ဖြစ်ပါ့မလဲ။ တကယ်လို့ မင်း ငါ့အတွက် တစ်ခုခု လုပ်ပေးချင်ရင် ငါ မသေခင်လေး … အမွေအနှစ် လက်ဆင့်ကမ်းပေးခဲ့ရအောင်လို့ ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပါ …
အဲလိုဆိုရင် အခု ငါသေမယ်ဆိုရင်တောင် ဝိညာဉ်က အေးအေးချမ်းချမ်း အနားယူနိုင်လိမ့်မယ် ”
သူ့မသေခင် ငါ့ဆရာအဖြစ် အသိအမှတ်ပြုမှုကို လိုချင်တာတဲ့လား ….
ရှန်ထျန်းက ကြာပြာကောင်းကင်အသျှင်၏ တောင်းဆိုချက်ကြောင့် နည်းနည်း ပြန်စဉ်းစားမိသွားသည်။
ငါက သူ့အသက်ကို အသာလေး ကယ်နိုင်တယ်လေ … ဆရာဦးလေးကြာပြာက ဘာလို့ သေချင်နေတာလဲ …
နိဗာနတော်ဝင်ရေစင် ၅၀၀ လီတာက နည်းတဲ့ ပမာဏ မဟုတ်ပေမဲ့ များလွန်းတာမျိုးလည်း မဟုတ်ဘူးလေ …
ရှန်ထျန်းက အမှန်တကယ် စိတ်ရှုပ်မိသွားသည်။
ထိုစဉ် အနီဝတ်ဂိုဏ်းသခင်၏ အပေါ်ယံ ရေခဲလွှာမှ အက်ကြောင်းများ ပေါ်လာသည်။
“ ချူးလုံဟယ် … မင်းရဲ့ နောက်ဆုံးအခြေအနေ ရောက်သွားပြီလား။ အဲဆိုရင်တော့ သေလိုက်တော့ ”
ဘန်း …
ရေခဲပြင်ကား ကွဲထွက်သွားပြီး အနီဝတ်ဂိုဏ်းသခင်၏ ဖြူဖျော့ဖျော့ မျက်နှာ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ သူလည်း ဒဏ်ရာအပြင်းအထန် ရသွားသော်လည်း ထိုအကြောင်းအရင်းကြောင့် ပို၍ အန္တရာယ်များလာသည်။ သူ့မျက်နှာရှိ သတ်ဖြတ်ငွေ့က ပို၍ ပြင်းထန်လာသည်။
အနီဝတ်ဂိုဏ်းသခင်က ကြာပြာကောင်းကင်အသျှင်နှင့် ရှန်ထျန်းတို့ ရှိရာဆီ လှံတံကို ပစ်လွှတ်လိုက်သည်။
“အဘိုးကြီးယဲ့ … ဒီတစ်ခါမှ မလှုပ်ရှားရင်တော့ ကျွန်တော်တို့ သေတော့မယ် ”
ရှန်ထျန်းက ယဲ့ချန်းခန်အား တိတ်တဆိတ် ဆက်သွယ်လိုက်သော်လည်း ယဲ့ချန်းခန်က မတုန်မလှုပ် ကျန်ရှိနေဆဲ ဖြစ်၏။
သူက ရယ်မောလိုက်ကာ “ မင်းက လူကောင်းဆိုပေမဲ့ အတွေ့အကြုံနည်းလွန်းတယ်။ တခြားသူရဲ့ အရောင်ကို မမြင်နိုင်သေးဘူး။ သိပ်စိတ်မပူစမ်းပါနဲ့ကွာ ”
လှံတံက နီးသည်ထက် နီးလာသည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့က ပူးပေါင်းကာ တားဆီးလိုက်ကြသော်လည်း လှံတံစွမ်းအားကြောင့် မီတာတော်တော်များများ နောက်ဆုတ်လိုက်ရသည်။
လှံတံက ကြာပြာကောင်းကင်အသျှင်နှင့် ရှန်ထျန်းတို့ဆီ ရောက်လုနီးပါး ဖြစ်သွားလေပြီ။
ရှန်ထျန်းက မယုံကြည်ရသည့် ယဲ့ချန်းခန်အပေါ် လက်လျော့ထားလိုက်ပြီး သူတော်စင် အမှတ်အသားပြားကို အသက်သွင်းပြီး သူ့ထျန်းကျူဓားနှင့် တိုက်ဖို့ ပြင်ထားလိုက်သည်။
ထိုစဉ် သူ့နောက်မှ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။
“ ငတုံး မိစ္ဆာကောင် .. ဒီအတိုင်း ရေခဲထဲပဲ နေပါ့လား။ ဒါမှမဟုတ် ထွက်ပြေးပါ့လား။ ဘာလို့ ငါ့အကြံအစည်ကို လာနှောင့်ယှက်နေတာလဲ။ မင်းရဲ့ အသက်ကို တန်ဖိုးမထားဘူး ထင်တယ် … ”
ရှန်ထျန်းက ဖြူဖျော့ဖျော့ ကြာပြာ ကောင်းကင်အသျှင်ကို မြင်ရဖို့ လှည့်ကြည့်လိုက်သည်။ သို့သော်လည်း ကြာပြာကောင်းကင်အသျှင်ဆီမှ ထွက်နေသည့် အငွေ့အသက်က မယုံကြည်နိုင်လောက်အောင် ကြောက်ခမန်းလိလိ ဖြစ်နေသည်။
ရှန်ထျန်းက သူ့ဆရာဦးလေး ဒဏ်ရာဆိုးဆိုးရွားရွား ရထားတာ ဟုတ်ရဲ့လားဟု သံသယဝင်မိလောက်သည့်အထိ ကြောက်ခမန်းလိလိ ဖြစ်နေခြင်း ဖြစ်၏။