← Chapters

လူမိခြင်း

Vol. 20 Ch. 272

လူမိခြင်း

Vol. 20 Ch. 272

သူရဲကောင်းအကယ်ဒမီသို့ ဝင်ပေါက်နှစ်ခုရှိလေသည်။

ထိုဝင်ပေါက်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ကျောချင်းကပ်လျက် ရှိနေသော်လည်း တစ်ခုမှာ အစောင့်အကြပ် ပိုမိုတင်းကျပ်နေသောကြောင့် ရောထွေးသွားစရာအကြောင်းမရှိပေ။

ညာဘက်တွင်တော့ လူမစည်ကားသည့် ဝင်ပေါက်တစ်ခုရှိနေသည်။

တကယ်တမ်းပြောရလျှင် အစောင့်များစွာ ချထားသည့်အပြင် လူလုံးဝရှင်းနေခြင်း ဖြစ်ပြီး ထိုဝင်ပေါက်တွင် ထူးခြားသည့်အရာ တစ်ခုခုရှိ နေသကဲ့သို့ပင် ဖြစ်သည်။

၎င်းမှာ သူရဲကောင်းအကယ်ဒမီ၏ ပါမောက္ခများသာ အသုံးပြုနိုင်သည့် ဝင်ပေါက်တစ်ခု ဖြစ်သည်။

အခြားမည်သူမျှ ထိုဝင်ပေါက်ကို အသုံးပြုခွင့်မရှိပေ။ အကြောင်းမှာ ဝင်ပေါက်၏အဆုံးတွင် သူရဲကောင်းအကယ်ဒမီ၏ ဗဟိုဧရိယာသို့တိုက်ရိုက် ပို့ဆောင်ပေးသည့် အထူးယန္တရားတစ်ခု ရှိနေသောကြောင့်ဖြစ်လေသည်။

ထို့ကြောင့် ဝင်ပေါက်ကို အစောင့်အကြပ်များစွာ ချထားခြင်းဖြစ်သည်။ သို့သော် လူတစ်ဦးသည် အစောင့်များကို ကျော်ဖြတ်ပြီး ဝင်ပေါက်မှ ဝင်ရောက်နိုင်ခဲ့လျှင်ပင် ပါမောက္ခတစ်ဦးအဖြစ် အသိအမှတ်ပြုခံရခြင်းမရှိပါက ယန္တရားသည် အသက်ဝင်လာမည် မဟုတ်ပေ။

ယန္တရားကို အသက်ဝင်စေရန် အရာလေးခု လိုအပ်ပြီး မည်သည့်အရာမျှ ပျောက်ဆုံး၍ မရပေ။ ပထမဆုံးအချက်မှာ ပါမောက္ခဖြစ်ကြောင်း သက်သေခံကတ်ပြားပင် ဖြစ်သည်။

ဒုတိယအချက်မှာ အစောင့်များကို ကျော်ဖြတ်ရခြင်းဖြစ်သည်။ နောက်ဆုံးနှစ်ခုမှာ မျက်လုံးစကန်ဖတ်ခြင်း နှင့် လက်ဗွေယာဖတ်ခြင်းတို့ပင်ဖြစ်သည်။

အာရန် မည်မျှပင် စဉ်းစားသည်ဖြစ်စေ ၎င်းသည် အတော်လေး အံ့အားသင့်စရာ နေရာတစ်ခု ဖြစ်နေဆဲဖြစ်သည်။

ဤတိုက်ကြီးတွင် သူလာရောက်ခဲ့သည့် ခေတ်သစ်ကမ္ဘာနှင့် ဆင်တူသော နည်းပညာများ ရှိနေသည်ကို ယှဥ်တွေးကြည့်မိသောကြောင့်ဖြစ်သည်။

အာရန်သည် ပိုမိုအလယ်ခေတ်ဆန်သည့် အရှေ့ပိုင်းတိုက်ကြီးတွင် နေထိုင်ခဲ့သောကြောင့် ယခုကဲ့သို့ တောင်ပိုင်းတိုက်ကြီးသို့ ဝင်ရောက်ခြင်းသည် အမြဲတမ်း ကမ္ဘာသစ်တစ်ခုသို့ ဝင်ရောက်ခြင်းနှင့်ပင် ဆင်တူသည်ဟု ခံစားလိုက်မိသည်။

အထူးသဖြင့် ဤခေတ်မီပြောင်းလဲတိုးတက်မှုများ၏ အဓိကအချက်အချာ နေရာဖြစ်သည့် သူရဲကောင်းအကယ်ဒမီသို့ ဝင်ရောက်မိသောကြောင့်ပင်ဖြစ်သည်။

ပါမောက္ခများအတွက် သီးသန့်ဝင်ပေါက်သည် ပိုမို၍ အဆင်ပြေပုံရသော်လည်း အာရန်သည် ၎င်းဝင်ပေါက်ကို အသုံးပြုရန် အစီအစဉ်မရှိပေ။

သူသည် လုံခြုံရေး ပိုမိုနည်းပါးသော သာမန်ဝင်ပေါက်မှသာ ဝင်ရောက်ရန် စီစဉ်ခဲ့သည်။

အာရန်သည် သာမန်ဝင်ပေါက်အတွင်း ဝင်ရန်တန်းစီနေစဉ် တစ်ချက်ပါမောက္ခဝင်ပေါက် ဘက်သို့ စူးစမ်းကြည့်လိုက်ရာ လူငယ်တစ်ဦးသည် အစောင့်များရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

အစောင့်များသည် ထိုလူကို သက်သေခံကတ်ပြားပင် ပြခိုင်းခြင်း မရှိပေ။ သူတို့အားလုံး သည် ထိုသူအား ကောင်းစွာ မှတ်မိနေသကဲ့သို့ပင် ဖြစ်သည်။

ထို့ပြင် ထိုအစောင့်များသည် ထိုသူကို ပို၍ပင် ရိုသေလေးစားနေကြဟန်ရပြီး သူ့ကို အပြစ်တစ်စုံတစ်ရာ ပြုမိမည်ကိုပင် စိုးရိမ်နေကြပုံရသည်။

အာရန်သည် ထိုပုဂ္ဂိုလ် မည်သူမည်ဝါဖြစ်ကြောင်း သိချင်စိတ် ပြင်းပြလာခဲ့သည်။

စိတ်ဝင်တစားဖြင့် သူ၏ ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို အသုံးပြုတော့မည့် အချိန်မှာပင် ထိုလူငယ်သည် သူ့ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်ကို သူ သတိပြုမိလိုက်သည်။

အံ့အားသင့်သွားသဖြင့် အာရန်သည် ထိုနေရာ၌ပင် အစွမ်းအသုံးပြုမှုကို ရပ်လိုက်သည်။

ထိုလူက သူ၏ စွမ်းရည်အသုံးပြုရန် ကြိုးစားမှုကို သတိပြုမိလိုက်ခြင်းများလားဟု သူ တွေးလိုက်မိသည်။

သို့မဟုတ် တိုက်ဆိုင်စွာပင် သူတို့ဘက်သို့ တစ်ချိန်တည်းတွင် လှည့်ကြည့်မိခြင်းများလား...။

လူငယ်သည် အာရန်ဘက်သို့ စိုက်ကြည့်နေလိုက်သည်။ အာရန်၏ ရှေ့တွင်ရော နောက်တွင်ပါ လူများစွာ ရှိနေကြသောကြောင့် သူသည် တကယ်တမ်းတွင် မည်သူကို ကြည့်နေသည်ကိုမူ ခန့်မှန်းရန် မလွယ်ကူပေ။

“ဟေး အဲ့ဒါ သူရဲကောင်းအကယ်ဒမီရဲ့ ရှေ့ဖြစ်ဟောဆရာ ပရောဖက် မဟုတ်ဘူးလား သူ ငါ့ကို ကြည့်နေတာလား ငါက ကြီးမြတ်တဲ့လူတစ်ယောက် ဖြစ်လာမှာကို သူကြို မြင်လိုက်တာလား” ဟု အာရန်ရှေ့တွင် ရပ်နေသော လူငယ်ကျောင်းသားတစ်ဦးက ရုတ်တရက် အသံကြယ်ကြယ်ဖြင့် ပြောလိုက်မိရာ သူ၏ စိတ်လှုပ်ရှားမှုမှာ သူ၏အသံတွင် ထင်ရှားစွာပေါ်နေလေသည်။

သူ၏ စိတ်လှုပ်ရှားဖွယ် အော်ဟစ်လိုက်သံကို ကြားလိုက်ကြသဖြင့် ထိုလူငယ်ဘက်သို့ လူအတော်များများ လှည့်ကြည့်လာကြသည်။

သူ့အပေါ် အာရုံစိုက်မှုများစွာ ရရှိလာနေသည်ကိုတွေ့လိုက်ရသောအခါ ထိုလူငယ်ပါမောက္ခသည် ခေါင်းကို အနည်းငယ် ခါယမ်းရင်း ဝင်ပေါက်အတွင်းသို့ ဝင်ရောက်လိုက်ပြီး စစ်ဆေးမှုအနည်းငယ်ကို အတည်ပြုချက် ရယူကာ အကယ်ဒမီ၏ ဗဟိုဧရိယာသို့ ပို့ဆောင်ပေးသည့် ယန္တရား အသက်ဝင်လာသည်နှင့် မကြာမီမှာပင် အတွင်းဘက်သို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

အာရန်သည် တိတ်ဆိတ်စွာဖြင့် ရပ်လျက်ရှိနေခဲ့ပြီး ထိုလူ ပျောက်ကွယ်သွားသည်ကို သာငေးကြည့်နေမိသည်။

သူ၏ မျက်နှာအမူအရာများမှာ ငြိမ်သက်နေပြီး ထိုလူငယ်ပါမောက္ခသည် သူ့ဘက်သို့ ကြည့်နေခဲ့သည့်တိုင် မည်သည့်အရာမျှ ဖြစ်ပွားခြင်းမရှိခဲ့သော်လည်း အာရန်သည် အတော်လေး အံ့အားသင့်နေမိဆဲဖြစ်သည်။

သူ မှတ်မိသလောက် သူရဲကောင်းအကယ်ဒမီတွင် ပရောဖက်ဟု ခေါ်ဝေါ်ခံရသူ တစ်ဦးတည်းသာ ရှိလေသည်။

ထိုသူသည် မစ်ထ်၏ သမီးကို အရှေ့ပိုင်းတိုက်ကြီးသို့ လမ်းညွှန်ခဲ့သူဖြစ်ပြီး သူမကို ပင်မဇာတ်လိုက်နှင့် သူ၏ အပေါင်းအပါသူငယ်ချင်းများအတွက် ရည်ရွယ်ထားသော အရေးပါသော ပစ္စည်းများကို ယူဆောင်သွားစေခဲ့သူပင် ဖြစ်လေသည်။

တစ်စုံတစ်ဦးသည် အရှေ့ပိုင်းတိုက်ကြီးတွင် ပင်မဇာတ်လိုက်တစ်ယောက် တည်ရှိနေခြင်းကို သိရှိနေပြီး ထိုသူအား အင်အားကြီးမားလာမည်ကို မလိုလားနေ သကဲ့သို့ပင် ဖြစ်သည်။

မစ်ထ်၏ သမီးဆီမှ ထိုပုဂ္ဂိုလ်အကြောင်း ကြားသိရသောအခါတွင်လည်း သူသည် ဖြစ်နိုင်ချေ နှစ်ခုကို တွေးထားခဲ့ပြီးသားဖြစ်သည်။

ပထမတစ်ခုမှာ ထိုပုဂ္ဂိုလ်သည် ဤကမ္ဘာ၏ အဓိကဇာတ်လိုက်တစ်ဦးပင် ဖြစ်ပြီး အနာဂတ်ကို မြင်နိုင်သော သို့မဟုတ် ပရောဖက်များကို ပြုလုပ်နိုင်သော စူပါပါဝါရှိသူ တစ်ဦး ဖြစ်နေခြင်းမျိုးဖြစ်သည်။

ထိုဖြစ်နိုင်ချေကို သူသည် ချက်ချင်းပယ်ချလိုက်သည်။ အကြောင်းမှာ ထိုလူသည် သူ ပြောင်းလဲသွားသော အနာဂတ်များအကြောင်းကို မသိရှိနိုင်ကြောင်း သူ ရရှိထားသော အချက်အလက်များမှ သဘောပေါက်ခဲ့သောကြောင့် ဒုတိယဖြစ်နိုင်ချေကိုသာ ပိုမိုယုံကြည်စေခဲ့သည်။

ထိုပရောဖက်သည် သူကဲ့သို့ပင် ကမ္ဘာကူးပြောင်း လာသူတစ်ဦးဖြစ်လေသည်။

ထိုသူသည်လည်း ဤကမ္ဘာ၏ စာအုပ်လေးအုပ်ထဲမှ တစ်အုပ်ကို ဖတ်ဖူးထားသူ ဖြစ်နိုင်ပြီး တစ်အုပ်ထက်ပို၍ ဖတ်ထားဘူးခြင်းမျိုးလည်း ဖြစ်နိုင်ချေရှိနေသည်။

သို့သော် ထိုဖြစ်နိုင်ချေမှာလည်း သံသယဝင်စရာအချက်များရှိနေသေးပြီး အကြောင်းမှာ သူသည် အခြားသူရဲကောင်းတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ကမ္ဘာကူးပြောင်းလာသူတစ်ဦးကို တွေ့ဆုံပြီးသား ဖြစ်နေသောကြောင့်ဖြစ်လေသည်။

၎င်းမှာ အကယ်ဒမီ၏ ဒုတိယကျောင်းအုပ်ဖြစ်သော ဝိညာဥ်လမ်းလျှောက်သူပင် ဖြစ်၏။

နေရာတစ်ခုတည်းတွင် ကမ္ဘာကူးပြောင်းလာသူနှစ်ဦးအတူရှိနေခြင်း၏ ဖြစ်နိုင်ချေမှာ အလွန်နည်းပါးသည်ဟု ခံစားမိနေသည်။

အထူးသဖြင့် သူတို့နှစ်ဦးစလုံးသည် ထိုတိုက်ကြီး၏ အနာဂတ်ကို ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲနေကြသောကြောင့်လည်း ဖြစ်သည်။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ရှာဖွေတွေ့ရှိသွားကာ သတ်ဖြတ်ရန်ပင် ကြိုးစားသင့်လေသည်။

သို့သော် ထိုကဲ့သို့ အရာများ မဖြစ်ပွားခဲ့ပေ။

ယင်းအစား အခြားတိုက်ကြီးတစ်ခုတွင်ရှိနေခဲ့သော သူကိုယ်တိုင်အား ထိုကမ်းရိုးတမ်းမြို့တွင် ထိုဝိညာဥ်လမ်းလျှောက်သူနှင့် ထိပ်တိုက်တွေ့စေခဲ့ပြီး သတ်ဖြတ်မိစေခဲ့လေသည်။

‘ပထမ ဖေး အခု သူ... ငါ အခြားကမ္ဘာနေ ကမ္ဘာကူးပြောင်းလာတဲ့သူသုံးဦးတိတိ မြင်ဘူးပြီးပြီ သူတို့ထဲက နှစ်ဦးက ခုထိ အသက်ရှင်နေတုန်းပဲ ဒါပေမဲ့ ဒီတောင်ပိုင်းတိုက်ကြီးရဲ့ အဓိက ဇာတ်လိုက်ကရော ဘယ်မှာလဲ ဘာလို့မပေါ်လာသေးလဲ’

အရှေ့ပိုင်းတိုက်ကြီးရှိ ရဲ့လန်မှလွဲ၍ အခြားမည်သည့် ပင်မဇာတ်ကောင်အကြောင်းကိုမျှ သူ မသိထားပေ။

ထိုဇာတ်လိုက်များသည် အခြားကမ္ဘာကူးပြောင်းလာသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးသားဖြစ်သွားခဲ့ခြင်းလားဟုပင် သူ မသေချာနေသော်လည်း ထိုဖြစ်နိုင်ချေမှာတော့ နည်းပါးလေသည်။

တောင်ပိုင်းတိုက်ကြီး၏ အဓိကဇာတ်လိုက်သည် စာရေးဆရာ၏ လက်ထဲတွင် သူမြင်ခဲ့သော စာအုပ်၏ ခေါင်းစဉ်အရ SSS အဆင့် စွမ်းရည်ရှိသူတစ်ဦးဖြစ်လေသည်။

သူ၏ကိုယ်ပိုင် စွမ်းရည်များအပေါ် မှီခိုသူတစ်ဦးကို သတ်ဖြတ်ခြင်းသည် ရဲ့လန်ကဲ့သို့ စနစ်တစ်ခုအပေါ် မှီခိုနေသူကို သတ်ဖြတ်ရန် ကြိုးစားခြင်းထက် များစွာ ပိုမိုခက်ခဲလေသည်။

ဤတိုက်ကြီး၏ အဓိကဇာတ်လိုက်သည် အတိတ်က သေဆုံးခဲ့ပြီး အနာဂတ်တွင် ပြန်လည်မွေးဖွားလာခဲ့သူ ဖြစ်မည်ဟုယူဆရလေသည်။

အဘယ်ကြောင့်ဆိုသော် စာအုပ်ခေါင်းစဉ်တွင် “SSS အဆင့် သူရဲကောင်းတစ်ဦး၏ ပြန်လည်မွေးဖွားခြင်း” ဟု ဖော်ပြထားသောကြောင့် ဖြစ်လေသည်။

အကယ်၍သာ ထိုဇာတ်လိုက်သည် ထိုကဲ့သို့ ပြန်လည်မွေးဖွားလာခဲ့ခြင်းမျိုး ဖြစ်နေလျှင် သူ၏စွမ်းရည်များကို များစွာပိုမိုလျင်မြန်စွာအသုံးပြုနိုင်မည်မှာ ဖြစ်နိုင်ချေပိုရှိသည်။

ဒါဆို အဲ့ဒီဇာတ်လိုက်ကောင် ခုဘယ်မှာ ရှိနေနိုင်မလဲဟု အာရန်သည် တွေးတောမိလိုက်သည်။

#Catfoot

All Chapters