နတ်ဘုရားအဆင့် စမ်းသပ်ဖန်လုံး
Vol. 20 Ch. 276
“သူကိုယ်သူ အက်ဒရစ်လို့ ပြောလိုက်တာလား” ဟု လူငယ်တစ်ဦးက မယုံကြည်နိုင်စွာ ဖြင့် ဘေးကတစ်ယောက်ကို မေးလိုက်သည်။
“ငါ နားကြားမှားတာများလား” ဟု နောက်ထပ်လူငယ်တစ်ဦးက သူ့နားများကို ပွတ်သပ်ရင်း သူ၏ နားများတွင် တစ်ခုခု မှားယွင်းနေသလားဟု တွေးလိုက်မိသည်။
လူအများအပြားသည် မယုံကြည်နိုင်ဖြစ်သွားကြသည့်အပြင် အချို့လူများစွာကလည်း ထိုနာမည်ကြောင့် ဒေါသထွက်သွားကြလေသည်။
“အဓိပ္ပာယ်မရှိဘူး သူက ဒီနာမည်ကို ဘယ်လိုများ ခိုးယူရဲတာလဲ”
“ဒီစွမ်းရည်တွေနဲ့ မွေးဖွားလာဖို့ ကံကောင်းရုံသက်သက်နဲ့ သူက ပထမသူရဲကောင်းကို မလေးမစား လုပ်နိုင်တယ်လို့ ထင်နေတာလား”
ချက်ချင်းဆိုသလိုပင် ခန်းမကြီးတစ်လုံးမှာ ဆူညံသံများဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။
တောင်ပိုင်းတိုက်ကြီးတွင် ထိုအမည်ကို မသိသူ၊ မလေးစားသော လူတစ်ဦးတစ်လေမျှ မရှိပေ။
အကြောင်းမှာ ၎င်းသည် ပထမဆုံးသော သူရဲကောင်း၏ အမည်ပင် ဖြစ်သောကြောင့် ဖြစ်သည်။
မည်သူမျှ သူတို့၏ကလေးများကို အက်ဒရစ်ဟု အမည်မပေးဝံ့ကြပေ။
အကြောင်းမှာ ထိုအမည်သည် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုနှင့်အတူ တွဲလျက်ဖြစ်တည်နေခြင်းဖြစ်ကြောင်း သူတို့အားလုံး သိရှိထား ကြသောကြောင့်ဖြစ်လေသည်။
တစ်စုံတစ်ဦးက ဤအမည်ကို ယူသုံးမိပါက ၎င်းသည် ပထမသူရဲကောင်းကို မလေးမစား ပြုလုပ်မိခြင်းနှင့်အတူတူပင်ဖြစ်သည်။
မစ်ထ်၏ အမည်မှာလည်း အတူတူပင်ဖြစ်သည်။ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် မစ်ထ်ဟုခေါ်သော လူတစ်ဦးတည်းသာ ရှိနေခဲ့သည်။
မစ်ထ်ဟု အမည်ပေးခံရသူများသည် မည်သည့်ဒေါသမဆို ဆွဲဆောင်ခြင်းမရှိစေရန် သူတို့၏ ကိုယ်ပိုင်အမည်များကို တိတ်တိတ်လေး ပြောင်းလဲခဲ့ကြသည်။
‘ဒီအရူးတွေ... သူက သူ့ကိုယ်ပိုင်နာမည်ကို ပြန်အသုံးပြုတဲ့အတွက် သူ့ကို အပြစ်တင်နေကြတာလား’
အာရန်သည် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ဤမြင်ကွင်းကို ပျော်ရွှင်စွာ ကြည့်ရှုနေခဲ့သည်။
သူ ဤနေရာသို့ လာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မစ်ထ်အား အနည်းဆုံး တစ်ပတ်ဝန်းကျင်အထိသာ အာရုံပျံ့လွင့်သွားစေရန် အကြောင်းပြချက်တစ်ခု လာရောက်ယူဆောင်ခြင်းဖြစ်လေသည်။ ထိုအကြောင်းပြချက်ကို မည်သူက သူ့ထံသို့ ယူဆောင်လာပေးသည်ကို သူ ဂရုမစိုက်ပေ။
တကယ်တမ်းဆိုလျှင် အက်ဒရစ်ကြောင့် ထိုသို့ဖြစ်လာနိုင်လျှင် သူသည် အတိုင်းထက်အလွန်ပင် ကျေးဇူးတင်မိမည်ဖြစ်ပြီး ထိုအခြေအနေတွင် သူ ကိုယ်တိုင် အန္တရာယ်ကြားထဲ ဝင်ပါစရာ မလိုတော့ပေ။
ကံမကောင်းစွာဖြင့် သူရဲကောင်းအကယ်ဒမီ၏ ကျောင်းသားများနှင့် စာမေးပွဲဖြေဆိုသူများကြောင့် ဖြစ်ပေါ်လာသော ဆူညံသံများမှလွဲ၍ အခြားမည်သည့်အရာမျှ မဖြစ်ပွားခဲ့ပေ။
ကျောင်းသားများသည် SSS အဆင့်စွမ်းရည်ရှိသည်ဟု နာမည်ကြီးနေသူကို ရန်ရှာရန်အထိ ရူးမိုက်သူများ မဟုတ်ကြပေ။
တစ်ချိန်တည်းမှာပင် ပါမောက္ခများသည်လည်း တုံ့ပြန်ခြင်းများမရှိခဲ့ပေ။
“တိတ်ကြစမ်း”
မစ်ထ်က ညင်သာစွာဖြင့် ဝင်ပြောလိုက်ရာ တစ်နေရာလုံး ပြန်လည် တိတ်ဆိတ်သွားလေသည်။
ပြဿနာကို ဖန်တီးလိုနေသူများပင် ရုတ်တရက် ပါးစပ်ပိတ်သွားကြသည်။
“ဒါက ဘယ်သူ့နာမည်လဲဆိုတာကို မင်းသိတယ်လား” ဟု မစ်ထ်က ထိုလူကို မေးလိုက်သည်။
သူမသည် ကာရံထားသည့် မှန်များကို ဒီအတိုင်း ဖောက်ထွက်၍ အပြင်သို့ ထွက်လာလိုက်ပြီး ထိုမှန်များမှာသူမ၏ ခန္ဓာကိုယ်ပေါ်သို့ မည်သည့် ကန့်သတ်ချက်များမှ မရှိသကဲ့ပင် ဖြစ်နေသည်။
ပထမဆုံးအကြိမ်အဖြစ် အာရန်သည် မစ်ထ် ဆိုသည့်အမျိုးသမီးလေထဲတွင် လမ်းလျှောက်နေပုံကို မြင်တွေ့နိုင်ခဲ့လေသည်။
ခြေလှမ်းတိုင်းတွင် သူမသည် အက်ဒရစ်နှင့် ပိုမိုနီးကပ်လာခဲ့သည်။
မကြာမီ သူမသည် အက်ဒရစ်ရှေ့တွင် ဆင်းသက်လိုက်ရာ သူတို့နှစ်ဦးကြား အကွာအဝေးမှာ မီတာအနည်းငယ်သာ ရှိတော့လေသည်။
သူမ၏ မျက်လုံးများတွင် မေးခွန်းထုတ်လိုသည့် အကြည့်များရှိနေပြီး သူမသည် လူငယ်လေးကို ထိုးဖောက်ကြည့်ရှုရန်ပင် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။
ထိုလူငယ်မှာ တကယ်တမ်း မည်သူမည်ဝါဖြစ်သည်ကိုမူ သူမသည် သိရှိထားခြင်းမရှိသေးပေ။
“ဒီနာမည်ဟာ ပထမသူရဲကောင်း၏ နာမည်ဖြစ်တယ်”
အက်ဒရစ်သည် ထိုသို့ ပြန်ဖြေလိုက်ရာ သူ့ကိုယ်သူ တတိယလူအဖြစ် ရည်ညွှန်းလိုက်ပုံ ရလေသည်။
အာရန်သည် သူ့ကိုယ်သူ ဖော်ထုတ်၍ မစ်ထ်အား တိုက်ခိုက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုလူငယ်သည် အံ့အားသင့်စရာ ကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။
‘သူ့ရဲ့ ခွန်အားက ခုချိန် မလုံလောက်သေးဘူးလို့ ထင်နေလို့များလား’
ထိုလူငယ်၏အကြောင်းပြချက်ကို အာရန် မသေချာနေပေ။
ထိုလူငယ်သည် သူ၏ ပြင်းထန်သော ခန္ဓာကိုယ်ခွန်အားကို မည်သို့အသုံးပြုရမည်ကို သိနှင့်ပြီးသားလူတစ်ယောက်ဖြစ်သည်။
ထိုသူအတွက် ဤအရာသည် သူ၏ ဘဝဟောင်း အဆုံးသတ်ခဲ့သည့် နေရာကနေပင် ပြန်လည်စတင်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
‘ဒါဆို သူက ဘာလို့ ဘာမှမလုပ်တာလဲ ဒီအချိန်အတောအတွင်း မစ်ထ်က ပိုပြီး အားကောင်းလာတယ်လို့ထင်လို့လား...’
သူမသည် အရှင်သခင်အဆင့်ဖြစ်လာခဲ့ပြီး သူ၏ ခွန်အားထက် အဆင့်သစ်တစ်ခုထိ ရောက်အောင် ဆောင်ကြဉ်းနိုင်ခဲ့၍လား။
သို့မဟုတ် သူ၏ ခန္ဓာကိုယ်သည် အပြည့်အဝ မကြီးထွားသေးသောကြောင့် သူ အသုံးပြုနိုင်တဲ့ ခွန်အားသည် အကန့်အသတ်ရှိနေသေး၍လော...။
အာရန် အကြောင်းရင်းကို မသိနေပေမဲ့ အက်ဒရစ်သည် ပေါက်ကွဲရန် စောင့်ဆိုင်းနေသော အချိန်ဗုံးတစ်လုံးဖြစ်သည်ဆိုသည့်အချက်ကိုမူ သူ သိထားလေသည်။
သူသည် အရာရာကို အနည်းငယ်သာ တွန်းအားပေးလိုက်ရန်လိုအပ်ပြီး သူသည် ဤကဲ့သို့အရာမျိုးကို ကျွမ်းကျင်သူတစ်ယောက်လဲဖြစ်လေသည်။
“ဒါက သူ့နာမည်ဆိုတာ သိနေရဲ့သားနဲ့ ဒီနာမည်ကို အသုံးပြုဝံ့တာလား ဒီနာမည်နဲ့ အတူပါလာတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနိုင်မယ်လို့ မင်း ထင်နေတာလား” ဟု မစ်ထ်က ပထမသူရဲကောင်းကို ဂရုစိုက်သယောင် မေးလိုက်သည်။
အာရန်သည် အက်ဒရစ်အား နောက်ဘက်ဆီမှ လှမ်း၍ မမြင်နိုင်သော်လည်း ထိုလူငယ်သည် သရုပ်ဆောင်အရာ၌ အတော်လေးကျွမ်းကျင်ကြောင်းတော့ သူသတိထားလိုက်မိသည်။
မစ်ထ်သည် ထိုလူငယ်ဆီမှ မည်သည့် ထူးခြားချက်ကိုမျှ ရှာမတွေ့ခဲ့ပုံရသည်။
တစ်ချိန်တည်းတွင် မစ်ထ်သည်လည်း သရုပ်ဆောင်ကောင်းသူ တစ်ယောက်ဖြစ်သည်ဟု ခံစားလိုက်ရသည်။
ပထမသူရဲကောင်းကို အမှန်တကယ် ဂရုစိုက်သလိုမျိုး သူ၏စကားများအတွင်းမှာ လိမ်လည်မှု အရိပ်အယောင်တစ်ခုတစ်လေပင် သူမတွေ့ခဲ့ရပေ။
အာရန်သည် သူ့၏ မူလယူဆချက်သည် အမှန်တကယ်မှန်ကန်နေသလား သို့မဟုတ် မမှန်ဘူးလားဆိုသည်ကိုပင် ပြန်လည်တွေးလိုက်မိသည်။
အက်ဒရစ်အား မစ်ထ်သည် အာဏာအတွက် အမှန်တကယ် သစ္စာဖောက်ခဲ့ခြင်း ဖြစ်နိုင်ပါ့မလား....သို့မဟုတ် သူသည် အခြေအနေများကို မှားယွင်းစွာ သုံးသပ်မိခဲ့ခြင်းလား...။
သို့သော် အက်ဒရစ်သည် သူ၏ လက်သီးများကို နောက်ကျောဘက်တွင် ပိုပြီး တင်းကျပ်စွာ ဆုပ်ထားမိသည်ကို တွေ့လိုက်ရသောအခါမှသာ သူသည် သူမ၏ စကားလုံးများအား မည်မျှ ရွံမုန်းနေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
နှစ်ဖက်စလုံး၏ လုပ်ရပ်များသည် အာရန်အား မတူညီသော ပုံစံတစ်ခုကို မြင်တွေ့စေခဲ့ပြီး မည်သည့်အရာက အစစ်အမှန်ဆိုသည်ကိုပင် ခွဲခြားရန်ပို၍ခက်ခဲလာလေသည်။
“ဒီနာမည်ကို အရင်ထက် ပိုကြီးမြတ်တဲ့ အဆင့်တစ်ခုအထိ ရောက်အောင် ငါ ဆောင်ကြဉ်းနိုင်မယ်လို့ ယုံကြည်တယ်”
အက်ဒရစ်သည် သူ၏စကားလုံးများထဲတွင် မည်သည့် မာန်မာနမှ ရှိဟန်မရပဲ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
သူသည် အမှန်ပင် သူ၏ စကားများကို အပြည့်အဝ ယုံကြည်မှရှိနေသကဲ့သို့ပင် ဖြစ်လေသည်။
မစ်ထ်၏ မျက်လုံးများသည် ခေတ္တခဏခန့် ကျဉ်းမြောင်းသွားခဲ့ပြီး တအောင့်ကြာသောအခါ သူမ၏ မျက်နှာအမူအရာများသည် ပုံမှန်ပြန်ဖြစ်သွားလေသည်။
“မင်းရဲ့ စွမ်းရည်တွေတင်မကဘူး မင်းရဲ့ မာနကလည်း သူ့အတိုင်းပဲ”
မစ်ထ်သည် နောက်ထပ် ဘာမှထပ်မပြောတော့ဘဲ နောက်သို့ပြန်လှည့်ကာ ပထမထပ်သို့ ပြန်သွားလိုက်သည်။
ထိုခဏမှာပင် သူမသည် အနည်းငယ် စိတ်ပျက်နေသည့်ဟန်ပင်ပေါ်နေခဲ့သည်။
အချို့ကျောင်းသားများမှာမူ အက်ဒရစ်၍ မာနကြီးသည့်ဟန်ကို ရွံမုန်းနေကြဟန်ဖြင့် သူ့အား စိုက်ကြည့်နေကြလေသည်။
“သူက တကယ်ပဲ ဒီနာမည်ကို ပိုပြီးကြီးမြတ်တဲ့ အဆင့်အထိ ဆောင်ကြဉ်းပေးမယ်လို့ ပြောသွားတာလား သူက ပထမသူရဲကောင်း လုပ်ခဲ့တာထက် ပိုပြီးအောင်မြင်အောင် လုပ်နိုင်မယ်လို့ သူ့ကိုယ်သူ တကယ်ထင်နေတာလား”
“တကယ်ကို ရေတွင်းထဲက ဖားသူငယ်ပဲ ပထမတော့ သူ့စွမ်းရည်တွေကြောင့် သူ့ကို လေးစားခဲ့မိတယ် ဒါပေမဲ့ သူက စိတ်ဓာတ်ပုပ်သိုးနေတဲ့ လူတစ်ယောက်ပဲ”
“အရမ်း အစွမ်းထက်တဲ့ သွေးမျိုးဆက်အစွမ်းရှိနေတော့ရောဘာဖြစ်လဲ အဲ့ဒီလို ရွံရှာစရာကောင်းပြီး မာနကြီးတဲ့ စိတ်ထားမျိုးနဲ့ဆိုရင် သူ့အောင်မြင်မှုတွေက ဘယ်မှတောင်ရောက်မှာမဟုတ်ဘူး”
လူငယ်အများအပြားသည် သူတို့၏ ထင်မြင်ချက်တွေကို အမျိုးမျိုး ဖော်ပြကြလေသည်။
ထိုလူငယ်များသည် အက်ဒရစ်တစ်ယောက်သာ ကြားနိုင်လောက်ရုံလောက်သော အသံမျိုးဖြင့် တိုးတိုးလေးပြောဆိုနေကြခြင်းဖြစ်ပြီး ပထမထပ်ရှိသူများ ကြားနိုင်ရန်အထိတော့ မဝံ့ရဲကြချေ။
“စတင်နိုင်ပြီ”
မစ်ထ်သည် ပထမထပ်သို့ လှပစွာ ဆင်းသက်လိုက်ပြီး စာမေးပွဲကို စတင်ရန် ညွှန်ကြားလိုက်သည်။
သူမ စကားတွေ ကျဆုံးသွားတာနဲ့ တစ်ပြိုင်နက် ထွက်ပေါက်တံခါးများအားလုံး ပိတ်သွားလေသည်။
စာမေးပွဲ မပြီးမချင်း ဤကွင်းထဲမှ မည်သူမှ ထွက်ခွင့်မရှိတော့ပေ။
အာရန်ပင်လျှင် စာမေးပွဲဝင်ဖြေသူတစ်ဦးအနေအဖြစ် အုပ်စုတစ်ခုထဲတွင် ပါဝင်နေခဲ့လေသည်။
“ပထမဆုံး စာမေးပွဲကတော့ မင်းတို့ရဲ့ စွမ်းရည်တွေကို အဆင့်သတ်မှတ်ဖို့ပဲဖြစ်တယ်” ဟု ပါမောက္ခတစ်ဦးက ခန်းမအလယ်သို့ ဆင်းသက်လာရင်းပြောလိုက်သည်။
သူသည် သူ၏လက်များကို မြှောက်လိုက်သောအခါ အလယ်ရှိ မြေပြင်သည် နှစ်ခြမ်းကွဲထွက်သွားသည်။
ထိုကွဲထွက်သွားသည့် မြေပြင်ဆီမှ စားပွဲတစ်လုံး ထွက်လာခဲ့ပြီး အနက်ရောင် ဖန်လုံးတစ်ခုကို သယ်ဆောင်ထားလေသည်။
“ဒါကိုတော့ မင်းတို့ အများစု သိထားပြီးသားဖြစ်မှာပါ ဒါက ဒဏ္ဍာရီအဆင့် ပစ္စည်းတစ်ခုပဲ နတ်ဘုရားတွေရဲ့ စမ်းသပ်ပစ္စည်းလို့လည်း ခေါ်ကြတယ်”
“အဲ့ဒီ ဒဏ္ဍာရီအဆင့် စမ်းသပ်ဖန်လုံးဆီကနေ မင်းတို့ဘာမှ ဝှက်ကွယ်ထားလို့ ရမှာမဟုတ်ဘူး မင်းတို့ လက်ကို အဲ့ဒီအပေါ်တင်လိုက်တာနဲ့ မင်းရဲ့ အစွမ်းအထက်ဆုံး သွေးမျိုးဆက်စွမ်းရည်ကို တိုင်းတာပြီး အဆင့်သတ်မှတ်ပေးလိမ့်မယ်”
#Catfoot