တရားစီရင်ခြင်း
Vol. 20 Ch. 277
ထွက်ပေါက်များ ပိတ်သွားပြီးနောက် စာမေးပွဲဖြေဆိုသူများကို အဆောက်အအုံအတွင်း ဝင်ခွင့်မပြုတော့ပေ။
တံခါးများသည် အခြားသူများ ဝင်ရောက်ခြင်းကို ပိတ်ဆို့ရုံသာမက အာရန်၏ ထွက်ခွာမည့်အစီအစဥ်များကိုပါ တားဆီးထားခဲ့သည်။
ပုံမှန်အခြေအနေတွင် သူအတွက် အခက်အခဲ မရှိပေ။
သူသည် ကျပန်းစွမ်းရည်တစ်ခု ပြသပြီး ဤစာမေးပွဲကို အောင်မြင်လိုက်ရုံသာ လိုအပ်လေသည်။
သူ့တွင် ပင်လယ်မြွေကြီးထံမှ ခိုးယူထားသော စွမ်းရည်လည်းရှိနေသေးပြီး ၎င်းကို သူရဲကောင်းတစ်ဦးအဖြစ် တင်ပြနိုင်လေသည်။
သို့သော် ဤစမ်းသပ်ပစ္စည်း ပေါ်လာသည့်အချိန်တွင်တော့ အရာရာသည် ထင်သလောက်မလွယ်တော့ပေ။
သူရဲကောင်းအကယ်ဒမီ ၌ ဤကဲ့သို့ ဒဏ္ဍာရီအဆင့် စမ်းသပ်ပစ္စည်းတစ်ခု ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
၎င်းသည် စာမေးပွဲဖြေဆိုသူတစ်ဦး ပြသသည့်အရာကိုသာ တိုင်းတာခြင်းမျိုးမဟုတ်ဘဲ ထိုသူ၏ အစွမ်းအထက်ဆုံး စွမ်းရည်ကို တိုင်းတာမည့်အရာဖြစ်လေသည်။
ထိုလူ၏ စကားများ မှန်မမှန် အတည်ပြုနိုင်ရန်အတွက် အာရန်သည် စမ်းသပ်ဖန်လုံးပေါ်တွင် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုလိုက်သည်။
...
ပစ္စည်းအမည်: တရားစီရင်ခြင်း ဖန်လုံး
ပစ္စည်းအဆင့်: ဒဏ္ဍာရီ
ဖော်ပြချက်: လူတစ်ဦး၏ အစွမ်းအထက်ဆုံး စွမ်းရည်အဆင့်ကို တိုင်းတာပေးသည်။
...
အာရန်သည် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းဖြင့် ထိုသူသည် လိမ်ညာခြင်းမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
၎င်းသည် အမှန်တကယ်ပင် ဒဏ္ဍာရီအဆင့် ပစ္စည်းတစ်ခုဖြစ်နေသည်။
သူသည် ပြဿနာများ တိုးပွားလာနေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်နေရလေသည်။
ဤစာမေးပွဲတွင် SSS အဆင့် စွမ်းရည်ရှိသူ တစ်ဦးတည်းသာ ရှိသည်ဟု လူများက ထင်မှတ်ထားပြီးဖြစ်ကာ အခြေအနေများမှာ ရှုပ်ထွေးနှင့်ပြီးသား ဖြစ်သည်။
ထိုဖန်လုံးက သူ့၌လည်း SSS အဆင့် စွမ်းရည်တစ်ခုရှိနေကြောင်း လူတိုင်းကို ပြောပြလိုက်လျှင် မည်သည့်အရာများဆက်ဖြစ်မည်ကို သူ စိတ်ကူးကြည့်၍ပင် ရလေသည်။
ထို့နောက် သူ၏စွမ်းရည်သည် နတ်ဆိုးဝါးမြိုသူ နှင့် အတူတူပင်ဖြစ်ကြောင်းကို လူတိုင်းသိရှိသွားကြလျှင်ကော...။
ဤစာမေးပွဲတွင် လူတိုင်း ကိုးကွယ်သည့် ပထမသူရဲကောင်း၏ စွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ဦးရှိနေသည်။
ဤတွင် လူတိုင်း ကြောက်ရွံ့သည့် ဝါးမြိုသူ ၏ စွမ်းရည်ရှိသူ နောက်တစ်ဦးရှိသည်။
ထို့အပြင် ထိုလူနှစ်ဦးစလုံးမှ မုန်းတီးနေသည့် အမျိုးသမီးတစ်ဦးသည် သူတို့၏ အပေါ်မှ စောင့်ကြည့်နေလေသည်။
သူသည် မစ်ထ်၏သမီးကို ပြန်ပေးဆွဲမည့်အချိန်တွင် ဝါးမြိုသူ အဖြစ် သူ၏ သွင်ပြင်ကို ထုတ်ဖော်ရန် စီစဉ်ထားပြီးဖြစ်သည်။
သို့သော် မစ်ထ်၏ရှေ့တွင် ထိုသို့လုပ်ဆောင်ရန် သူသည် အရူးမဟုတ်ပေ။
သူ၏ ဝါးမြိုသူ ကျွမ်းကျင်မှုတစ်ခုတည်းသည်ပင် SSS အဆင့် သွေးမျိုးဆက် ကျွမ်းကျင်မှုဖြစ်နေလေသည်။
သူကိုယ်တိုင်ပင် သဲသဲကွဲကွဲ မသိရသေးသော အခြားအမည်မသိ သွေးမျိုးဆက်ကိုပင် မထည့်တွက်ရသေးပေ။
စမ်းသပ်ဖန်လုံးသည် အစွမ်းအထက်ဆုံး သွေးမျိုးဆက်စွမ်းအင်အဆင့်ကို တိုင်းတာနိုင်လျှင် သူ့၌ ရှိသော မည်သည့် သွေးမျိုးဆက်စွမ်းအင်ကို ရွေးချယ်၍ အဆင့်သတ်မှတ်ပေးမည်ကိုပင် သူ သေခြာမသိနိုင်ခဲ့ပေ။
သူကိုယ်တိုင်ပင် မည်သည့်သွေးမျိုးဆက်က အဆင့်ပို၍ မြင့်မားသည်ကို မသိနေပေ... ။
ဝါးမြိုသူသွေးမျိုးဆက်လား၊ ကောင်းကင်နဂါးသွေးမျိုးဆက်လာ သို့မဟုတ် ၂၅ ရာခိုင်နှုန်းခန့်သာ နိုးထသေးသော သူ၏ ကိုယ်ပိုင် သွေးမျိုးဆက်လား... ။
မည်သို့ပင်ဖြစ်စေ ဤအကဲဖြတ်မှုအဆုံးတွင် ပြဿနာများမှာ သူ့အား စောင့်ကြိုနေမည်ဖြစ်ကြောင်းကိုမူ သေခြာသိနေခဲ့သည်။
“နာမည် ခေါ်တဲ့သူ ရှေ့ထွက်ခဲ့”
ပါမောက္ခတစ်ဦးက ကြေညာလိုက်ရာ သူ၏အသံသည် ကွင်းပြင်ကြီးတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားလေသည်။
“ပထမဆုံး လာလျှောက်ထားတဲ့တစ်ယောက်နဲ့ပဲ စလိုက်ပါမယ်”
တစ်ဦးပြီးတစ်ဦး ကျောင်းသားများသည် အစီအစဉ်အတိုင်း စားပွဲဆီသို့ တစ်ဦးချင်း ချဉ်းကပ်လာကြသည်။
သူတို့ တစ်ဦးစီသည် စမ်းသပ်ဖန်လုံးပေါ်တွင် သူတို့၏ လက်များကို တင်လိုက်ကြသည်။
ထိုဖန်လုံးသည် တုန်ခါ၍ အရောင်များ တောက်ပလာပြီး ထိုဖန်လုံးရှိ အရောင်နှင့် ထိုအရောင်၏ တောက်ပမှုပေါ် မူတည်၍ ဆုံးဖြတ်ကာ သူတို့၏ စွမ်းရည်အဆင့်များကို အခန်းအတွင်းသို့ ဖော်ပြပေးလိုက်သည်။
ဤ စစ်ဆေးပွဲတွင် B အဆင့်ကို မကျော်လွန်ဘဲ စိတ်ပျက်သွားခဲ့ရသူ အတော်များများ ရှိနေခဲ့သည်။
စာမေးပွဲ အောင်မြင်ရန်အတွက် စွမ်းရည်အဆင့်သည် အနည်းဆုံး A အဆင့်ရှိရမည်ဖြစ်ပြီး ၎င်းသည် စာမေးပွဲများ၏ ပထမဆုံးအခြေခံအဆင့်သာ ဖြစ်လေသည်။
ပုံမှန်အားဖြင့် B အဆင့်သည် သူ့ဟာနှင့်သူ အထင်ကြီးစရာကောင်းနေသော်လည်း သူရဲကောင်းများအားလုံးစုစည်းနေသည့် သူရဲကောင်းအကယ်ဒမီကဲ့သို့နေရာမျိုးတွင်မူ ဖော်ပြရန်ပင် မထိုက်တန်ပေ။
အထူးသဖြင့် စာမေးပွဲဖြေဆိုသူများထဲမှ တစ်ဦးသည် SSS အဆင့် သူရဲကောင်းတစ်ဦး ဖြစ်နေသည့်အခါ၌ ပို၍ပင် ဆိုးဝါးလေသည်။
ထို့နောက်...
“အက်ဒရစ်” ဟု ပါမောက္ခတစ်ဦး ၏အသံသည် ဟိန်းထွက်လာခဲ့သောအခါ လူတိုင်း၏အာရုံကို ဖမ်းစားလိုက်လေသည်။
အခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး ပထမသူရဲကောင်း၏ နာမည်ကို ခံယူဝံ့သော ထိုလူငယ်ကို မျက်လုံးအကြည့်များအားလုံး ဆိုက်ရောက်သွားလေတော့သည်။
အက်ဒရစ်ဆိုသူ လူငယ်သည် ရှေ့သို့ တက်လာခဲ့သည်။
သူ၏ လှုပ်ရှားမှုများမှာ သက်သက်သာသာနှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေပုံလည်း ရလေသည်။
သူ၏လက်ကို စမ်းသပ်ဖန်လုံးပေါ်သို့ တင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုဖန်လုံးသည် အလွန်ပြင်းထန်သောအရောင်အဝါများ တောက်ပလာတော့သည်။
ထိုဖန်လုံးဆီမှအလင်းရောင်သည် မျက်စိစူးလောက်အောင်ပင် တောက်ပလျက်ရှိနေပြီး အပြင်ဘက်သို့ပင် ဖြာထွက်ကာ အခန်းတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားစေခဲ့လေသည်။
ထိုတစ်နေရာလုံးသည် အလွန်တောက်ပနေသောကြောင့် အချို့မှာ ကွင်းအတွင်း၌ နေလုံး
အငယ်စားလေးတစ်လုံး ထွက်ပေါ်လာလေသလားဟုပင် တွေးမိလိုက်ကြသည်။
အက်ဒရစ်၏ SSS အဆင့် စွမ်းရည်အကြောင်းကို လူအများ ကြားဖူးထားကြသော်လည်း ၎င်းကိုသည် မိမိတို့၏ မျက်စိဖြင့် ကိုယ်တိုင် အတည်ပြုလိုက်ရခြင်းက ပို၍ပင် ထိတ်လန့်စရာကောင်းကြောင်း သဘောပေါက် လိုက်ကြသည်။
၎င်းသည် သူ၏မာနကြီးမှုကြောင့် စွမ်းရည်အဆင့်နိမ့်ကျပြီး ရှက်ရွံ့သွားမည့်အချိန်ကို မြင်လို၍ စောင့်ဆိုင်းနေခဲ့သော လူငယ်အချို့၏ မျက်ခွက်များကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့သည်။
ထို့ပြင်ဖန်လုံး၏ အရောင်တောက်ပမှုသည် ထိုနေရာတွင်ရပ်မသွားသေးပဲ တဖြည်းဖြည်းချင်း ပိုမို၍ ပြင်းထန်လာခဲ့ကာ ယခင်က ပြသခဲ့သည့် တောက်ပမှုများ အားလုံးပေါင်းစည်းထားသည်ထက်ပင် ပို၍ တောက်ပလာခဲ့သည်။
ပါမောက္ခ၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့ တွန့်ကွေးတက်သွားခဲ့လေသည်။
လူငယ်လေး၏ မာနကြီးမှုကြောင့် သူသည် အနည်းငယ် စိတ်တိုမိခဲ့သော်လည်း သူ၏စွမ်းရည်မှာမူ ရယ်စရာတစ်ခုမဟုတ်ပေ။
ထိုလူငယ်လေး၏ ဖြစ်တည်မှုနှင့်အတူ အနာဂတ်အောင်မြင်မှုများသည် သူတို့ ၏ လက်အတွင်းသို့ သက်ဆင်းလာတော့မည်သာ ဖြစ်သည်မဟုတ်ပါလား...။
သူမ၏ ထိုင်ခုံနေရာသို့ ပြန်ရောက်နေသော မစ်ထ်သည်ပင်လျှင် စိတ်ဝင်တစားဖြင့် ရှေ့သို့ ငုံ့ကြည့်လိုက်မိသည်။
အလင်းရောင်များ နောက်ဆုံးတွင် မှိန်ကျသွားခဲ့ပြီး လူတိုင်းအား ဆွံ့အသွားစေနိုင်သည့်အဆင့်တစ်ခုကို ဖော်ပြလိုက်လေသည်။
“SSS အဆင့်” ဟု ပါမောက္ခက ကြေညာလိုက်ရာ သူ၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်ပင် တုန်ယင်နေခဲ့သည်။
ဤအချိန်တွင် သူသည် အက်ဒရစ်အား အခြားစာမေးပွဲများ ဝင်ရောက် ဖြေဆိုရန် လိုအပ်သည့် စံနှုန်းအားလုံးကို ချိုးဖောက်၍ အကယ်ဒမီသို့ ချက်ချင်း တိုက်ရိုက် ဝင်ရောက်ခွင့်ကိုပင် ပြုလုပ်လိုနေခဲ့သည်။
မစ်ထ်၏ ပြင်းထန်သောအကြည့်တစ်ချက်ကို သတိပြုမိလိုက်သောအခါမှသာ သူ၏ စိတ်လှုပ်ရှားမှုကို ပြန်လည် ထိန်းချုပ်လိုက်ရသည်။
အက်ဒရစ်သည် သူ၏လက်ကို ဖန်လုံးဆီမှ ဖယ်လိုက်သည်။
သူ၏နှုတ်ခမ်းတွင် သိမ်မွေ့သော အပြုံးတစ်ပွင့် ပေါ်နေခဲ့ပြီး ပထမထပ်ဘက်သို့ တည်ငြိမ်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးမှ လူအုပ်ဘက်သို့ ပြန်လှည့်ထွက်သွားလိုက်သည်။
“ဒါက ကျုပ်ရဲ့ စွမ်းရည်တွေအတွက် လုံလောက်တဲ့ သက်သေပြချက်တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”
အက်ဒရစ်သည် ထိုသို့ တည်ငြိမ်စွာဖြင့် ပြောလိုက်ရာ နောက်ထပ်မေးခွန်းထုတ်မှု များအားလုံး သည် တိတ်ဆိတ်သွားခဲ့ရသည်။
သူ့အား မနာလိုစိတ်ကြောင့် မုန်းတီးနေသူများ ရှိနေကြသေးသော်လည်း ပွင့်ပွင့်လင်းလင်းမူ မဖော်ပြရဲကြတော့ပေ။
မစ်ထ်၏ မျက်လုံးများသည် တခဏခန့် ကျဉ်းမြောင်းသွားပြီးမှ သူမ၏ အမူအရာများ သည် ပုံမှန်ပြန်ဖြစ်သွားလေသည်။
သူမသည် အက်ဒရစ်ကို သူ၏စွမ်းဆောင်ရည်အတွက် ချီးကျူးစကားပင် မဆိုဘဲ နောက်ထပ်ဘာမှ ထပ်မပြောတော့ပေ။
လုံးဝတိတ်ဆိတ်နေစဉ် ပထမထပ်မှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာရာ လူတိုင်း၏အာရုံကို ဖမ်းစားလိုက်သည်။
ပရောဖက်ဆိုသူသည် ရှေ့သို့ တိုးလာခဲ့သည်။
“အထင်ကြီးစရာပဲ”
သူသည် အက်ဒရစ်၏ စွမ်းဆောင်ရည်ကို အထင်ကြီးဟန်ဖြင့်ပြောလိုက်သည့် သူ၏စကားများကို အခြားသူများ ကောင်းစွာ နားလည်နိုင်ခြင်းမရှိမီမှာပင် သူ၏ စကားကိုဆက်လိုက်လေသည်။
“ဒါပေမဲ့ စွမ်းရည်ထက်မြက်နေရုံ တစ်ခုတည်းနဲ့ သူရဲကောင်းတစ်ဦး ဖြစ်မလာနိုင်သေးဘူး မင်း ဒါကို မေ့မပစ်လိုက်ဖို့ မျှော်လင့်ပါတယ်”
အက်ဒရစ်သည် ပရောဖက်၏ အကြည့်နှင့် ဆုံလိုက်ရာ သူ၏မျက်လုံးများသည် သူ၏ ငယ်ရွယ်သောအသွင်အပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ရင့်ကျပ်မှုများ ထင်ဟပ်နေလေသည်။
“ကျုပ် ဒါကို ကောင်းကောင်းနားလည်ပါတယ်” ဟု ပြန်ဖြေလိုက်ပြီး သူ၏နေရာသို့ ပြန်သွားလိုက်သည်။
သူသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အခြားလူငယ်များ၏ စွမ်းဆောင်ရည်များကိုပင် ကြည့်ရှုခြင်းမပြုတော့ပေ။
“နောက်ထပ် တစ်ယောက်”
အခြေအနေ ငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက် ပထမ စမ်းသပ်ပွဲတာဝန်ခံ ပါမောက္ခသည် အာရန်အား လှမ်းကြည့်၍ နာမည်တစ်ခုကို ခေါ်လိုက်လေသည်။
#Catfoot