← Chapters

ကျုပ်လိုချင်တဲ့အရာက

Vol. 20 Ch. 282

ကျုပ်လိုချင်တဲ့အရာက

Vol. 20 Ch. 282

---

“ကျုပ် လိုချင်တဲ့ အရာတစ်ခုတော့ ရှိတယ်”

အာရန်သည် သူ ရရှိနိုင်သည့် ယခင်က မေ့နေခဲ့သော အခွင့်အရေးတစ်ခုကို သဘောပေါက်လိုက်သဖြင့် ပြောလိုက်သည်။

စမ်းသပ်ပွဲတာဝန်ခံပါမောက္ခက အာရန်ကို ငတုံးတစ်ဦးအဖြစ် လှမ်းကြည့်လိုက်သည်။ သူသည် မစ်ထ်၏သမီးကို ပြန်ပေးဆွဲခြင်းဖြင့် မစ်ထ်ကို စော်ကားခဲ့သော်လည်း ရတနာတစ်ခုပင် ထပ်မံ တောင်းဆိုဝံ့လောက်သည်အထိ လောဘကြီးနေသေးသည်တဲ့လား...။

ထို ရတနာများကို ရယူနိုင်ပြီးနောက်တွင်ပင် ဆက်လက် အသက်ရှင်နိုင်မည်ဟု သူ သည် ထင်နေသေးသည်လား။ သူတို့ထဲမှ အများစုသည် သူ့အား လောဘကြောင့် သူ၏အသက်ကို စွန့်စားသည့် ငတုံးတစ်ယောက်အဖြစ် စတင်ကြည့်လာကြပြီဖြစ်သည်။

သို့သော်ထိုအရာသည် သူတို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။

ထိုလူငယ်အား ရတနာတစ်ခု ပေးခြင်းဖြင့် ဆီရာအား ပြန်လည်ရယူနိုင်မည်ဆိုလျှင် ၎င်းသည် အကောင်းဆုံး ဖြေရှင်းနည်းပင်မဟုတ်ပါလား...။

နောက်ပိုင်းတွင် သူ့အား မည်သို့ ကိုင်တွယ်ရမည်ကို မစ်ထ်ကိုယ်တိုင်က ဆောင်ရွက်လိမ့်မည်ဖြစ်သည်။

“မင်း ဘာလိုချင်တာလဲပြောပါ”

မစ်ထ်က အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ မေးလိုက်သည်။

သူ ဘာတောင်းသည်ဖြစ်စေ အရေးမကြီးပေ။ သူမ၏သမီးကို ပြန်လည်ရယူနိုင်သမျှ ကာလပတ်လုံး သူမ မည်သည့်အရာကိုမဆို ပေးနိုင်ပေသည်။ သို့သော်လည်း ၎င်းသည် သူ့အား မည်သည့် ပြစ်ဒဏ်မျှမပေးဘဲ လွှတ်ပေးမည်ဟုတော့ မဆိုလိုပေ။

ဤလူသည် သူမ၏သမီးကို လက်ဖြင့်ရွယ်ရန်အထိ ရဲတင်းခဲ့လေသည်။ သူမ၏သမီးကို ပစ်မှတ်ထားပါက မည်သို့ဖြစ်မည်ကို နမူနာပြသရန် အကယ်ဒမီ၏ ဝင်ပေါက်တွင် ထိုလူငယ် ၏ခေါင်းကို ချိတ်ဆွဲထားရန်အထိပါ သူမ စီစဉ်ထားပြီး ဖြစ်သည်။

သို့သော်လည်း ထိုသို့ပြုလုပ်ရန် သူမ၏သမီးကို အရင်ပြန်လည်ရယူရန် လိုအပ်လေသည်။

“ခင်ဗျား မျက်လုံးထဲက သွေးဆာမှုတွေကို အနည်းဆုံးတော့ ဖုံးကွယ်ဖို့ ကြိုးစားသင့်တယ် မဟုတ်လား မိတ်ဆွေဟောင်းကြီး” ဟု အာရန်က ရယ်မောရင်း ခေါင်းစောင်းကာ မေးလိုက်သည်။

သူမက သူ့အား ဆွဲဖြဲရန် စီစဉ်နေမှန်းကို သူ ရှင်းလင်းစွာ မြင်နေရသည်။

အကယ်၍ သူ့၌ ထွက်ပြေးရန် လမ်းကြောင်း မရှိသေးဘူးဆိုလျှင် တကယ်ပင် ကြောက်လန့်စရာကောင်းနေမည်ဖြစ်လေသည်။

ဤအချိန်တွင် ဆီရာကို ပြန်ပေးဆွဲရန် သူ ရွေးချယ်ခဲ့သည့် အဓိက အကြောင်းရင်း ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာခဲ့သော ဆုလာဘ်ကြောင့်ပင် ဖြစ်လေသည်။

[သင်သည် ရွေးချယ်ထားခဲ့သော ရွေးချယ်မှုကို ပြီးမြောက်ခဲ့ပါသည်။]

[ထို့ကြောင့်သင်သည် လွတ်မြောက်ခြင်းအဆောင် (ရှားပါးအဆင့်) ကို လက်ခံ ရရှိခဲ့သည်။]

သူ့ဘေးတွင် အဆင်သင့် ဖွင့်ထားပြီးသားဖြစ်သော သူ၏ စနစ်သိုလှောင်ခန်းထဲတွင် အဆောင်ပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။

သူ လုပ်ရမည့်အရာမှာထို လွတ်မြောက်ခြင်းအဆောင်ကို ထုတ်ယူပြီး အသက်သွင်းလိုက်ရုံဖြင့် မစ်ထ်၏ သမီးနှင့်အတူ ထွက်ခွာသွားနိုင်မည် ဖြစ်သည်။

အကယ်ဒမီပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ကန့်သတ်ချက်များ နှင့်ဆိုလျှင် ရိုးရိုးအဆောင်များက သူ့အား ထွက်ပြေးလွတ်မြောက်ရန် ကူညီပေးနိုင်မည် မဟုတ်ကြောင်း သိထားလေသည်။

သို့သော်လည်း စနစ်မှ ရရှိသော ဆုလာဘ်များက သူ့အား တစ်ခါမျှပင် စိတ်ပျက်စေခြင်း မရှိခဲ့ပေ။

လွတ်မြောက်ခြင်းအဆောင်တစ်ခုကို ရှားပါးအဆင့်အဖြစ် သတ်မှတ်ထားခြင်းမှာလည်း ရှားသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် သူ့အား လွတ်မြောက်ရန် ကူညီပေးနိုင်မည်ဟု သူ ယုံကြည်မိသည်။

ထို့ကြောင့် မစ်ထ်အား စိန်ခေါ်ရန် သူ မတွန့်ဆုတ်ခဲ့ပေ။ သူမက သူ့အား သတ်ဖြတ်၍ သူ၏သွေးကို သောက်လိုပုံရနေလျှင်ပင် သူ့အား ရှာမတွေ့နိုင်လျှင် သူမ မည်သို့လုပ်ဆောင်နိုင်မည်နည်း။

“မိတ်ဆွေဟောင်းကြီးဟုတ်လား”

ထိုစကားကိုကြားသောအခါ မစ်ထ်၏ မျက်လုံးများ ကျဉ်းသွားသည်။

ဤလူငယ်သည် သူတို့ အချင်းချင်း သိခဲ့ကြသကဲ့သို့ ဘာကြောင့် သူမအား မိတ်ဆွေဟောင်းကြီးဟု ခေါ်နေသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

ထိုကဲ့သို့သော သူတစ်ဦးကို သူမ မှတ်မိခြင်း မရှိခဲ့ပေ။ ။ယ

အခြားပါမောက္ခများသည်လည်း ပိုမိုရှုပ်ထွေးနေကြပြီး ထိုသူသည် မစ်ထ်၏ မိတ်ဆွေ ဟောင်း အမှန်တကယ် ဟုတ်မဟုတ်ကို တွေးတောနေမိကြသည်။

‘နောက်ထပ် မိတ်ဆွေတစ်ယောက်လား...’

အက်ဒရစ်က အနှောင့်အယှက် မပေးဘဲ မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

တကယ်တော့ သူသည် မစ်ထ်၏ ဒုက္ခရောက်နေသည့် မြင်ကွင်းကို ကြည့်ပြီး ပျော်ရွှင်နေပုံရလေသည်။

“မင်း ဘယ်သူလဲ”

ဟု မစ်ထ် တစ်ခုခုကို သဘောပေါက်သွားရင်း မေးလိုက်သည်။

ထိုလူငယ် ပြောဆိုနေသည်မှာ အမှန်တကယ် မဟုတ်ကြောင်း သေချာနေသည်။ သူမက ထိုလူငယ်သည် ဟန်ဆောင်ထားသည်ဟုပင် ထင်မှတ်လိုက်သည်။

ပုံမှန်အားဖြင့် သာမန်ဟန်ဆောင်မှုများသည် သူမ၏ရှေ့တွင် အလုပ်ဖြစ်မည် မဟုတ်ပေ။

ထိုမျှအထိ ဟန်ဆောင်နိုင်ရန် ကူညီပေးနိုင်သည့် ရတနာပစ္စည်း အနည်းငယ်သာ ရှိကြပြီး ၎င်းတို့အားလုံးသည် ယူနီကွန်းမြင်းများ (နှာဖူးတွင်ဦးချိုပါသည့်မြင်း) ထက်ပင် ပို၍ ရှားပါးလေသည်။

---

“ခင်ဗျားက ကျုပ်ကို ဘယ်လိုများ မေ့သွားနိုင်ရတာလဲ ကျုပ်တို့တတွေ တိုက်ကြီးအနှံ့ ပြေးလွှားပြီး တူတူပုန်းတမ်းကစားခဲ့ကြတဲ့ အချိန်တွေကို မမှတ်မိတော့ဘူးလား” ဟု အာရန်က ပြုံးရင်း မစ်ထ်၏ သိချင်စိတ်ကို ပို၍ နှိုးဆွစေခဲ့သည်။

အာရန်၏ စကားကြောင့် သူမမှာ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လာခဲ့သည်။ ဤသူကား မည်သူနည်း။ သူသည် မိမိအား နောက်ပြောင်နေခြင်းသက်သက်လော...။

သူမ လိုက်ဖမ်းခဲ့သည့် ပုဂ္ဂိုလ်နှစ်ဦးသာ ရှိခဲ့ပြီး တစ်ဦးမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ ကျန်တစ်ဦးမှာမူ မည်သည့်စွမ်းရည်မျှ ထပ်မံ အသုံးမပြုနိုင်တော့သောကြောင့် ထိုသူ ဖြစ်နိုင်မည်မဟုတ်ပေ။ သို့ဆိုလျှင် ဤသူကား မည်သူနည်း။

“ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်သလဲ” ဟု အာရန်က သူ၏ ကိုယ်ခန္ဓာကို ပြန်လည်ပြောင်းလဲလိုက်ရာ သူ၏စစ်မှန်သော ပုံပန်းသဏ္ဌာန်ကို ဖော်ထုတ်ပြသနေသကဲ့သို့ ထင်ရစေလေသည်။

တကယ်တမ်းမှာမူ သူသည် အသွင်သဏ္ဌာန်အသစ်တစ်ခုသို့ ပြောင်းလဲ ဟန်ဆောင်လိုက်ခြင်းသာ ဖြစ်လေသည်။

ဖြည်းဖြည်းချင်း အာရန်၏ကိုယ်ခန္ဓာသည် ပြောင်းလဲလာသည်။

သူ၏ဆံပင်များသည်လည်း အရောင်ပြောင်းလဲလာကာ ပိုမိုနက်မှောင်လာလေသည်။

သူ၏မျက်နှာမှာလည်း ပိုမိုသွယ်လျလာပြီး မေးစေ့များပိုမိုချွန်ထွက်လာကာ သူ၏ အသားအရေမှာလည်း ပိုမိုဖြူဖျော့လာခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် အခြားသူတစ်ဦး အဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့သည်။

“ဒါက...”

မစ်ထ်တင်မက ပထမထပ်ရှိ လူတိုင်းနီးပါးပင် အံ့အားသင့်သွားကြပြီး အချို့မှာ တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။

ထိုအချိန်ကတည်းက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုပုဂ္ဂိုလ်၏ မည်သူမည်ဝါဖြစ်သည်ကိုမူ သူတို့ မမေ့လျော့ကြသေးပေ။

ထိုပုဂ္ဂိုလ်၏အမည်တစ်လုံးတည်းဖြင့်ပင် လူတိုင်းကို ကြောက်ရွံ့စေခဲ့သည့် အချိန်တစ်ချိန် ရှိခဲ့ဖူးလေသည်။

သူသည်က တောင်ပိုင်းတိုက်ကြီးတွင်သာမက တိုက်ကြီးလေးခုလုံးတွင် နာမည်ကျော်ကြားခဲ့သူဖြစ်သည်။

သူသည် နောက်ထပ် အရှင်သခင်တစ်ဦး ဖြစ်လာနိုင်သည်ဟု ပြောဆိုခဲ့ကြသော နတ်ဆိုးဝါးမြိုသူပင် ဖြစ်နေလေသည်။

မစ်ထ်၏ မျက်နှာအမူအရာများလည်း ထိုပုဂ္ဂိုလ်၏ မျက်နှာကို မြင်လိုက်သောအခါ ပုံပျက်သွားခဲ့သည်။

“ဒါ မဖြစ်နိုင်ဘူး မင်းက...”

“သေပြီလို့ပြောချင်တာလား” ဟု အာရန်က လှောင်ပြောင်သောအကြည့်ဖြင့် သူမ၏ စကားလုံးကို ဖြည့်စွက်ပေးလိုက်သည်။

“ကျုပ်က မင်းတို့လို လူတွေရှေ့မှာ အရင်သေမယ်လို့ တကယ်ကြီး ထင်နေခဲ့တာလား” ဤနေရာတစ်ခုလုံးတွင် အာရန်၏ ယခုမျက်နှာအသစ်ကို မမှတ်မိသူ အနည်းငယ်သာ ရှိလေသည်။

ထိုသူများမှာ ထိုအချိန်က မွေးဖွားခြင်း မရှိသေးသူများ သို့မဟုတ် အသက်မပြည့်သေးသော ကျောင်းသားများသာ ဖြစ်ကြသည်။

အက်ဒရစ်သည်လည်း စိတ်ရှုပ်ထွေးသွားခဲ့သည်။ မည်သူက မစ်ထ်ကို ဤကဲ့သို့ တုံ့ပြန်အောင် ပြုလုပ်နိုင်ပါသနည်း။

နတ်ဆိုးဝါးမြိုသူ ပေါ်ပေါက်လာစဉ်က အက်ဒရစ်သည် အသက်ရှင်သန်နိုင်ခြင်း မရှိတော့သောကြောင့် အာရန်၏ ယခုသွင်ပြင်ကို သူ မမှတ်မိခြင်းဖြစ်သည်။ ထိုနည်းတူ ပရောဖက်သည်လည်း အံ့အားသင့်သွားခဲ့သည်။

‘ဘာလို့ လူတိုင်း ဒီလောက်တောင် ထိတ်လန့်နေကြတာလဲ သူက ဘယ်သူလဲ’ ဟု စိတ်ရှုပ်ထွေးစွာဖြင့် တွေးလိုက်မိသည်။

“ကျုပ် ဘာလိုချင်လဲဆိုတာ ခင်ဗျား နားလည်မယ် ထင်ပါတယ်” ဟု အာရန်က ပြောလိုက်ရာ သူ ဤနေရာကို လာခဲ့ခြင်းသည် အရာတစ်ခုတည်းအတွက်သာ ဖြစ်ကြောင်း ရည်ညွှန်းလိုက်သည်။

သူ၏ မူလ စွမ်းအားကို ပြန်လည်နိုးထစေရန် လိုအပ်သည်ဟု ပြောဆိုထားသည့် အရာကား မည်သည့်အရာဖြစ်သည်ကို သူ အမှန်တကယ် မသိသောကြောင့် သူမအား တိုက်ရိုက်တောင်းဆို၍ မရနိုင်ခဲ့ပေ။

အစားထိုးအနေဖြင့် သူက သူမအား သူ ဘာလိုချင်လဲဆိုတာကို တွေးမိသွားစေခဲ့ခြင်းဖြစ်သည်။

“သူ့ကို ချုပ်နှောင်ထားတာ တော်တော်ကြာနေပြီပဲ ခုချိန်မှာ သူ့ကို ပြန်လည်လွတ်မြောက်ဖို့ အချိန်တန်ပြီ ထင်ပါတယ်” ဟု သူက ထပ်ဖြည့်ပြောလိုက်ရာ မစ်ထ်သည် သူ၏စကားများကို နားလည်မှုလွဲမှားစရာ အကြောင်းမရှိတော့ပေ။

#Catfoot

All Chapters