သတိပြန်ဝင်လာခြင်း
Vol. 11-16 Ch. 237
အခန်း (၂၃၇) : သတိပြန်ဝင်လာခြင်း
အနီဝတ်ဂိုဏ်းသခင်က တာအိုကိုယ်တော်ကြီးဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်တို့ကြောင့် ကြောင်အမ်းသွားလေသည်။
လခွမ်း ဘာတွေဖြစ်နေတာလဲ …
ကြာပြာက သေတော့မလို ဖြစ်နေတာ မဟုတ်ဘူးလား…
ငါ အတားအဆီးကို ချိုးဖောက်လိုက်တာနဲ့ တန်းပြန်ကောင်းလာရတာလဲ … ဒါက သေခါနီးလူတစ်ယောက် ပြန်သတိဝင်လာသလိုမျိုးလား …
ဒါပဲ ဖြစ်ရမယ် … သူက ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာပဲ …
အနီဝတ်ဂိုဏ်းသခင်က အေးစက်စက် ပြုံးလိုက်သည်။
“ဟးဟား ငါ့ကို အရူးလုပ်လို့ရမယ် ထင်နေလား။ မင်းက ငါ့လှံချက် နှစ်ခါတောင် မှန်ထားတာဆိုတော့ အဲဒီစွမ်းအားက မင်းခန္ဓာကိုယ်ကို ဖျက်စီးပစ်နေလောက်ပြီ။ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ ”
ကြာပြာကောင်းကင်အသျှင်က တုတ်ချောင်းကို ယူကာ အနီဝတ်ဂိုဏ်းသခင်ဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလိုက်ပြီး “ ငါ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ အရေးမကြီးဘူး။ အခု မင်းကတော့ ပြဿနာထဲ ရောက်ပြီ ”
“ အဆုံးသတ်တိုက်ကွက် ခုနှစ်သွယ် ”
အနီဝတ်ဂိုဏ်းသခင်၏ မျက်နှာကား တင်းမာသွားကာ ဧရာမလှံရှည် တစ်ချောင်း ထွက်ပေါ်လာသည်။
ကြာပြာကောင်းကင်အသျှင်က နှာခေါင်းရှုံ့ကာ “ အရမ်းနှေးတယ် ”
သူက အရိပ်အသွင်ပြောင်းသွားကာ နေရာမှ ပျောက်ကွယ်သွားသည်။ သူ့အငွေ့အသက်ကိုပင် အာရုံခံ၍ မရတော့ပေ။ ကြာပြာကောင်းကင်အသျှင်က ကမ္ဘာကြီးမှ လုံးဝ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေသည်။
“ မိစ္ဆာကောင် ဒါကို ကြည့် ”
အနီဝတ်ဂိုဏ်းသခင် အနောက်ဘက်မှ အသံကျယ်ကြီး ကြားလိုက်ရပြီး ကြာပြာကောင်းကင်အသျှင်က တဖန် ပြန်ပေါ်လာသည်။
သူ့လက်ထဲရှိ ရွှေရောင်တုတ်ချောင်းဖြင့် အနီဝတ်ဂိုဏ်းသခင်ကို ရိုက်ချပစ်လိုက်သည်။
ဘန်း
ဘန်း ဘန်း ဘန်း …
ရိုက်ချက်တစ်ချက်ချင်းစီက အနီဝတ်ဂိုဏ်းသခင် လက်ထဲမှ သွေးနီရောင် လှံနှင့် ထိပ်တိုက် တွေ့သွားသည်။
ဂိုဏ်းသခင်က သူ့ဆီ မုန်ယိုနေသည့် ကျွဲရိုင်းတစ်ကောင် ခုန်အုပ်တော့မလိုမျိုး ခံစားနေရသည်။
ဒါက သေခါနီး သတိပြန်ဝင်လာတာရော ဟုတ်ရဲ့လား …
အခု အရမ်းလွန်လွန်းသွားပြီ … သေခါနီးအချိန်အတွင်းမှာ ရူးသွပ်သွားသည့် ကျွဲရိုင်းတစ်ကောင်လို ဘယ်သူကများ ပြုမူကြလို့လဲ …
အနီဝတ်ဂိုဏ်းသခင်က စိတ်လေးလာမိသည်။ သူက အမှားလုပ်လိုက်မိသလိုမျိုး ခံစားနေရသည်။
“ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ခွေးရိုက်တုတ်လေး မြည်းစမ်းကြပါဦး ”
ကြာပြာကောင်းကင်အသျှင်က အော်လိုက်ရင်း သူ့လက်ထဲမှ တုတ်ကို အမြန်အဆန် လှုပ်ရှားလိုက်သည်။ ထို့နောက် သူက အနီဝတ်ဂိုဏ်းသခင်၏ လှံအစီအရင်ကို ချေဖျက်ပစ်လိုက်သည်။
တုတ်ချောင်း၏ ပြင်းပြင်းထန်ထန် ရိုက်ချက်များက အနီဝတ်ဂိုဏ်းသခင် ခန္ဓာကိုယ်အနှံ့ ကျရောက်လာသည်။ ရိုက်ချက်တစ်ချက်ချင်းစီတွင် ကြောက်ခမန်းလိလိ စွမ်းအားများ ကိန်းအောင်းနေလေ၏။
ရိုက်ချက်တိုင်းက အနီဝတ်ဂိုဏ်းသခင်အား သူ့ဘဝအကြောင်း မေးခွန်းပြန်ထုတ်လာစေမိသည်။
သူက ကြာပြာကောင်းကင်အသျှင်၏ တုတ်ကို လုံးဝ မခုခံနိုင်ကြောင်း သတိပြုမိလိုက်သည်။ သူက ကြာပြာကောင်းကင်အသျှင်၏ တုတ်ရိုက်ချက်များအောက်တွင် ရိုက်ချက်များသာ ခံယူနေရသည်။
အနီဝတ်ဂိုဏ်းသခင်က သွေးတစ်ပွက် အန်ထုတ်လိုက်ကာ “ လူယုတ်မာ ငါက သူတော်စင်ကွ …မင်းက ဘယ်လို … ”
သူ့စကားမဆုံးခင် ရွှေရောင်တုတ်က သူ့မျက်နှာအထက် ပြင်းထန်စွာ ကျရောက်လာကာ လေထဲ လွှင့်စင်သွားစေသည်။
“သူတော်စင်တဲ့လား … ဟားဟား အားနည်းလိုက်တဲ့ သူတော်စင် ”
ကြာပြာကောင်းကင်အသျှင်က တုတ်ချောင်းကို မြှောက်ကာ အနီဝတ်ဂိုဏ်းသခင်၏ ပါးစပ်ကို ဖြတ်ရိုက်လိုက်သောကြောင့် သွားတစ်ဝက်လောက် ကျွတ်သွားစေသည်။
ထို့နောက် သူက အမြန်ဆုံးလှုပ်ရှားမှုဖြင့် အနီဝတ်ဂိုဏ်းသခင်အား သတိလစ်သွားအောင်အထိ ရိုက်လွှတ်လိုက်သည်။
“ သူက တကယ်ကို အစ်ကိုချူးပဲ … ဒီလောက်နှစ်တွေကြာနေတာတောင် အားအရမ်းကောင်းနေသေးတယ်။ အစ်ကိုချုးကို မှီဖို့ ကြိုးစားရမယ်”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ကြာပြာကောင်းကင်အသျှင်အား မြတ်မြတ်နိုးနိုး ကြည့်လိုက်ပြီး ထိုမြင်ကွင်းကို မှတ်သားထားရန် ကျောက်စိမ်းကြေးမုံအား အသက်သွင်းလိုက်သည်။ ကြာပြာကောင်းကင်အသျှင်၏ အံ့ဩလောက်ဖွယ် တိုက်ခိုက်ရေးပုံစံအား ကြည့်ခွင့်ရသည်မှာ အခွင့်ထူး ဖြစ်၏။
“ နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူက ချီသန့်စင်ခြင်း သူတော်စင်အဆင့် ကျင့်ကြံသူကိုတောင် ကျော်နိုင်တာပေါ့။ အစ်ကိုချူးက သူ့စွမ်းအားကို ကောင်းကောင်းကြီး ဖုံးကွယ်ထားတာပဲ ”
ကြာဖြူကောင်းကင်အသျှင်လည်း အံ့ဩနေမိသည်။ သူမက သူ့ဂျူနီယာညီမလေး ဖြစ်သော်လည်း သူ့စွမ်းအားအစစ်အမှန်ကို မသိခဲ့ရပေ။ သို့သော် သူတို့က ထိုမျှ အံ့ဩသွားခြင်းတော့ မဟုတ်ပေ။ ပြောရလျှင် ကြာပြာကောင်းကင်အသျှင်အနေနှင့် သူ့ထက် ကျင့်ကြံဆင့်မြင့်သူကို အနိုင်ရသည်မှာ ပထမအကြိမ် မဟုတ်ချေ။
“ ခွေးကောင် … ချူးလုံဟယ် ဒီနေ့ ငါ့ကို အရှက်ခွဲခဲ့တာကို မှတ်ထားမယ်။ ငါ အောင်အောင်မြင်မြင် ကျင့်ကြံပြီးတာနဲ့ လက်စားလာချေလှည့်မယ်”
အနီဝတ်ဂိုဏ်းသခင်က ဒေါသထွက်ကာ မျက်နှာပျက်သွားရသည်။ သူက သွေးနီရောင် ပုလဲကို ကြာပြာကောင်းကင်အသျှင်ဆီ ရုတ်ချည်း ပစ်ပေါက်လိုက်သည်။
တစ်ချိန်တည်းတွင် ပုလဲ အပေါ်ယံ မျက်နှာပြင်၌ အက်ကြောင်းများ ပေါ်လာကာ အချိန်မရွေး ပေါက်ကွဲတော့မလိုမျိုး ဖြစ်နေသည်။
မှန်ပေ၏။ အနီဝတ်ဂိုဏ်းသခင်က သူ့ဓမ္မလက်နက်သူ ဖောက်ခွဲပစ်တော့မည် ဖြစ်သည်။
သူတော်စင်အဆင့်အောက် ချူးလုံဟယ်နှင့် ရင်ဆိုင်ရစဉ် သူ့အနေနှင့် ဓမ္မလက်နက်ကို ဖောက်ခွဲပြီး ထွက်ပြေးရတော့မည်။
ဘယ်သူတော်စင်ကမှ ထိုသို့အရှက်ခွဲမှုမျိုးကို ခံစားနိုင်မည် မဟုတ်ပေ။
သို့သော် အနီဝတ်ဂိုဏ်းသခင်က သူရဲကောင်း ဖြစ်ဖို့ ကြိုးစားနေခြင်း မဟုတ်ပေ။ သူက မာန်မာနနှင့် ဒေါသကို ချိုးနှိမ်ထားရ၏။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိ၏။ အသက်ရှင်မှသာ အနိုင်ရဖို့ မျှော်လင့်ချက် ရှိလာပေမည်။
ဝုန်း …
သွေးနီရောင် ပုလဲက အမြန်အဆန် ကြီးမားလာကာ စွမ်းအားအလုံးအဖြစ် ပြောင်းလဲသွားသည်။
ကြာပြာကောင်းကင်အသျှင်က အနီဝတ်ဂိုဏ်းသခင်နှင့် အတူတူ ရပ်နေသောကြောင့် စွမ်းအားအလုံး၏ ဗဟိုချက်သို့ ရောက်ရှိနေပြီး ယခုအခါ လွှမ်းခြုံခံလိုက်ရလေပြီ။
“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ငါ ပြန်လာခဲ့မယ် ”
အနီဝတ်ဂိုဏ်းသခင်က ကြာပြာကောင်းကင်အသျှင်အား အချိန်ဆွဲထားဖို့ရာ သူ့လူသတ်ပုလဲ ခုနှစ်သွယ်ကို ဖောက်ခွဲပစ်ဖို့ ရွေးချယ်လိုက်သည်။ သူက နောက်ဆုံးစကားကို ပြောလိုက်ပြီးနောက် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ပြေးဝင်သွားတော့သည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ အခြေတည်အဆင့်အထိ ကျင့်ကြံဆင့် ကန့်သတ်ခံထားရသော ကျင့်ကြံသူများသည် အထဲရှိ ဝိညာဉ်မဲ့ သတ္တဝါဆန်းများနှင့် ရင်ဆိုင်ရသည့်အခါ အင်မတန် အန္တရာယ်များပေသည်။ မည်သို့ပင်ဆိုစေကာမူ အနီဝတ်ဂိုဏ်းသခင်က သူတော်စင်အဆင့် ဖြစ်ပြီး ဓမ္မပညာရပ်များအပေါ် နက်နက်နဲနဲ နားလည်ထား၏။ ရလဒ်အနေနှင့် သူက အခြေတည်အဆင့် ဖြစ်နေလျှင်ပင် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ အသက်ရှင်ဖို့ ယုံကြည်ချက် ရှိသည်။
အချုပ်အားဖြင့် သူ့အတွက် ကြာပြာကောင်းကင်အသျှင်က ပိုမိုကြီးမားသော အန္တရာယ်ကြီး ဖြစ်၏။
အကယ်၍ သူသာ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ထွက်မပြေးခဲ့ဘဲ ကြာပြာကောင်းကင်အသျှင် လက်ထဲ ဖမ်းမိသွားလျှင် ပိုဆိုးရွားသွားပေလိမ့်မည်။
သူသာ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ အောင်အောင်မြင်မြင် ပုန်းအောင်းနိုင်သရွေ့ ဝိညာဉ်မဲ့သတ္တဝါဆန်းများကြား ကြာပြာကောင်းကင်အသျှင်ကို ဖယ်ရှားနိုင်ဖို့ သိပ်ခက်မည် မဟုတ်ချေ။
ကြာပြာကောင်းကင်အသျှင်က အနီဝတ်ဂိုဏ်းသခင် သူ့လက်နက်ကို ဖောက်ခွဲပြီး ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ထွက်ပြေးသွားသည်ကို ကြည့်နေမိသည်။
ကြာပြာကောင်းကင်အသျှင်က သူ့အား မတားဆီးပေ။ လူသတ်ပုလဲ ခုနှစ်သွယ် ပေါက်ကွဲသွားပြီးနောက် သူ့တုတ်ချောင်းက စုတ်ဖွာသွားလေပြီ။ သူက ကောင်းကင်ယံမှ ဖြည်းဖြည်းချင်း ဆင်းသက်လာလိုက်ရင်း မျက်နှာမှာ တဖန်ဖြူဖျော့သွားပြန်သည်။
“ သေစမ်း … အဆင့်မြင့် ဓမ္မလက်နက် သူ့လူသတ်ပုလဲ ခုနှစ်သွယ်ကို တကယ်ကြီး ဖောက်ခွဲပစ်လိမ့်မယ်လို့ မထင်ထားမိဘူး ” ကြာပြာကောင်းကင်အသျှင်က အနီဝတ်ဂိုဏ်းသခင် ပျောက်ကွယ်သွားသည့် ပုံရိပ်ကို စိုက်ကြည့်ကာ “ ငါက အားလုံးပေးဆပ်ထားတာတောင် ဒီမိစ္ဆာကောင်ကို ထွက်ပြေးခွင့် ပေးလိုက်ရသေးတယ် ”
ထိုသို့ပြောပြီးနောက် သူက ရှန်ထျန်းကို မျက်နှာအထက် သွေးရောင်မရှိစွာဖြင့် လှည့်ကြည့်လိုက်သည်။
“ ထျန်းအာ … ဒီတစ်ခါတော့ ငါ အကြာကြီးမနေရလောက်တော့ဘူး။ ငါ မသေခင်လေး ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုဖို့ ပြောထားတာလေ … အဲဒါကို တွေးပြီးပြီလား ”
အနီဝတ်ဂိုဏ်းသခင်က ကြာပြာကောင်းကင်အသျှင်၏ အငွေ့အသက် တဖန်အားလျော့သွားသည်ကို ခံစားမိလိုက်သော်လည်း ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲသာ ဆက်ပြေးသွားတော့သည်။
သေစမ်း … ငါ တစ်ခါပဲ အလိမ်ခံမယ်။ မင်းရဲ့ လှည့်ကွက်က နှစ်ခါ အလုပ်ဖြစ်မယ် ထင်နေလား … ငါ့ကို အဲလောက်တုံးတယ်များ ထင်နေလား …
အနီဝတ်ဂိုဏ်းသခင်ပင် ကြာပြာကောင်းကင်အသျှင်အား မယုံလေရာ ရှန်ထျန်းကား ထည့်ပြောဖို့ပင် မလိုတော့ပေ။ သူက အရူး မဟုတ်ပေ။
ရှန်ထျန်းက ချွေးများကို သုတ်ကာ ကြာပြာကောင်းကင်အသျှင်အား ကြည့်လိုက်သည်။
“ စောစောကလည်း ဒီလိုပြောခဲ့တာပဲလေ”
ကြာပြာကောင်းကင်အသျှင်၏ မျက်နှာကား နီရဲလာပြီး “ အဟမ်း … စောစောလေးက သေခါနီး သတိပြန်ကပ်လာတာမျိုးလေ။ ဒီတစ်ခါ မိစ္ဆာကောင်က သူ့ဓမ္မလက်နက်ကို ဖောက်ခွဲခဲ့တာဆိုတော့ ငါ ကြာကြာအသက်မရှင်လောက်တော့ဘူး ”
ရှန်ထျန်း၏ ခေါင်းထဲမှ ရယ်သံကို ကြားလိုက်ရသည်။
ရှန်ထျန်းက ထိုရယ်သံကြောင့် မျက်နှာမှာ မည်းမှောင်သွားသည်
“ဆရာဦးလေး စိတ်မပူပါနဲ့ … ဆရာဦးလေးက ကျွန်တော်ကြောင့် ဒဏ်ရာရသွားတာလေ။ ဆရာဦးလေးသာ တစ်ခုခု ဖြစ်ခဲ့ရင် ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးပြီးတော့ ရက်ကြီးရက်မြတ်နဲ့ လစဉ်လတိုင်း တစ်ရက်နေ့နဲ့ ၁၅ ရက်တို့မှာ အုတ်ဂူဆီ လာတွေ့ပါ့မယ်။
အခု နောက်ထပ် သေခါနီး သတိပြန်ကပ်လာလို့ ရပြီလား။ ဒီလူက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ထွက်ပြေးတော့မယ်လေဗျာ”
ကြာပြာကောင်းကင်အသျှင်က ရှန်ထျန်း၏ စကားများကြားပြီးနောက် မျက်နှာထား တည်သွားလေသည်။
သူ့ပွဲ ပြီးဆုံးသွားပြီဆိုတာကို သိလိုက်၏။
သေစမ်း … မိစ္ဆာကောင် မင်း သေချင်နေတာလား … ဘာလို့လဲကွာ …