ထျန်းအာနဲ့ဆိုရင် အထွတ်အမြတ်မြေက ဘယ်လိုလုပ် မကြီးပွားဘဲ နေမှာလဲ
Vol. 11-16 Ch. 238
အခန်း (၂၃၈) : ထျန်းအာနဲ့ဆိုရင် အထွတ်အမြတ်မြေက ဘယ်လိုလုပ် မကြီးပွားဘဲ နေမှာလဲ
တစ်ဖက်တွင် အနီဝတ်ဂိုဏ်းသခင်က မိုင်ရာချီအဝေးသို့ ရောက်နေလေပြီ။ သူက ကမ္ဘာဦးတိုက်ပွဲနယ်မြေအနီး ရောက်လာပြီကို မြင်ကာ လွတ်မြောက်မည့် မျှော်လင့်ချက်အလင်းရောင်လေး သမ်းလာသည်။ သို့သော်လည်း ထိုစဉ် သူ့အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
အကြောင်းမှာ သူ့ရှေ့တွင် တိုက်ဖို့ အသင့်ဖြစ်နေသည့် နောက်ထပ် အားကောင်းကောင်း အငွေ့အသက် စုစည်းနေသည်ကို ခံစားမိလိုက်၏။
မကောင်းတော့ဘူး …
အနီဝတ်ဂိုဏ်းသခင်က သူ့အင်အားကို မြန်မြန်စုစည်းကာ သူ့ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင် အကာအကွယ် အသက်သွင်းလိုက်သည်။ သွေးနီရောင် အကာအကွယ် ဖြစ်ပေါ်လာပြီးနောက် မိုးကြိုးချက်တစ်ခု ရုတ်ချည်း ထိမှန်သွားလေ၏။
ဝုန်း …
ရွှေရောင်မိုးကြိုးက လေထုခွင်းလာပြီးနောက် အနီဝတ်ဂိုဏ်းသခင်ထံ ကျရောက်သွားလေသည်။
ထိုမိုးကြိုးချက်က အနီဝတ်ဂိုဏ်းသခင်၏ အကာအကွယ်ကို တစစီ ဖြစ်သွားစေသည်။ တစ်ချိန်တည်းတွင် အကာအကွယ် ကျိုးပျက်သွားသည်နှင့် ရွှေရောင် ဓာတ်နှောနတ်မိုးကြိုးက အနီဝတ်ဂိုဏ်းသခင်၏ ခန္ဓာကိုယ်ပေါ် အလျှင်အမြန် ပျံ့နှံ့သွားတော့သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းသားများအတွက် နတ်မိုးကြိုးသည် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ အထူးသဖြင့် ကြာပြာကောင်းကင်အသျှင်၏ ကြောက်ခမန်းလိလိ အငွေ့အသက်များ ကိန်းအောင်းနေသည့် ဓာတ်နှော နတ်မိုးကြိုး ဖြစ်၏။ အနီဝတ်ဂိုဏ်းသခင်ကအား မည်သို့ပျက်စီးသွားစေသည်ကို ပြောစရာပင် မလိုတော့ပေ။
အနီဝတ်ဂိုဏ်းသခင်က သူ့လူသတ်ပုလဲ ခုနှစ်သွယ်ကို ဖောက်ခွဲခဲ့ရခြင်းကြောင့် ဒဏ်ရာရထားခဲ့သည်။ ယခုတွင် နတ်မိုးကြိုး ထိမှန်သွားသည့်အခါ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်ကာ ကောင်းကင်မှ ပြုတ်ကျလာသည်။
“ ငါ့တပည့်ကို ထိရဲတယ်ပေါ့လေ။ ကြည့်ရတာ အရှေ့ပိုင်းလွင်ပြင်မှာ မိစ္ဆာဝိညာဉ်ဂိုဏ်းကို ရှင်းထုတ်ပစ်ရမဲ့အချိန် ကျရောက်လာပြီပဲ ”
ရွှေရောင်မိုးကြိုးနှင့် ကောင်းကင်အငွေ့အသက်တို့ ဖုံးလွှမ်းထားစဉ် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့ လွှမ်းခြုံထားသည့် ပုံရိပ်ကာ အားလုံးရှေ့ ပေါ်လာကာ အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှင့်နေသည်။
မှန်ပေသည်။ ဤလူမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ် ကျန်းလုံယွမ် ဖြစ်၏။
“ ကျန်းလုံယွမ် … ဘယ်လိုလုပ် ရောက်လာတာလဲ ”
မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ရာထူးကြီးသူများက အရှေ့ပိုင်းလွင်ပြင်၏ ပြိုင်ဖက်ကင်း အထွတ်အမြတ်မြေဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည့် ကျန်းလုံယွမ်ကို သိကြသည်မှာ ပုံမှန်သာ ဖြစ်၏။
အနီဝတ်ဂိုဏ်းသခင်က ကျန်းလုံယွမ်ကို မြင်လိုက်သည်နှင့် စိတ်ပျက်မှုအတိ ဖြစ်သွားတော့သည်။ အကယ်၍ ကြာပြာကောင်းကင်အသျှင်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ အားအကောင်းဆုံး ပါရမီရှင် ဖြစ်ခဲ့သည်ဆိုလျှင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဂိုဏ်းချုပ် ကျန်းလုံယွမ်က ချူးလုံဟယ်ထက်ပင် ပို၍ ကြောက်ဖို့ကောင်းသည်။
သူ ငယ်ရွယ်စဉ်အခါက ချူးလုံဟယ်လောက် နာမည်မကျော်ကြားခဲ့သော်လည်း ချူးလုံဟယ်ထက် များစွာ တည်ငြိမ်ခဲ့သည်။ ချူးလုံဟယ် ကျင့်ကြံဆင့် ဆုံးရှုံးသွားသည့် လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ ဦးဆောင်မည့်လူ မရှိခဲ့ပေ။ ထို့ကြောင့် ကျန်းလုံယွမ်က ရှေ့ထွက်ကာ တာဝန်ယူခဲ့သည်။
နှစ်ထောင်ချီအတွင်း ပထမနေရာယူထားသော အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ နတ်မိုးကြိုးပညာရပ် ကျော်ကြားမှုက သူတို့၏ ကြွားလုံးကြောင့် မဟုတ်ချေ။ ထိုအရာမှာ အားကောင်းသော မိစ္ဆာဂိုဏ်းသားများ၏ အလောင်းအမြောက်အများနှင့် မရေတွက်နိုင်သော တိုက်ပွဲတို့မှတဆင့် တည်ဆောက်ထားခြင်း ဖြစ်၏။
ပြောရလျှင် ကျန်းလုံယွမ် နာမည်ကျော်ကြားမှုကား မိစ္ဆာဝိညာဉ်ဂိုဏ်းအတွင်း ညအခါ ကလေးများ ငိုနေလျှင်ပင် သူ့နာမည်ပြောလိုက်သည်နှင့် တန်းတိတ်သွားကြသည့်အထိ ဖြစ်၏။
သို့သော်လည်း ကျန်းလုံယွမ် ဂိုဏ်းချုပ် ဖြစ်လာကတည်းက ကောင်းကင်တာအိုကျမ်းနှင့် အံ့ဖွယ်မိုးကောင်းကင် တော်ဝင်မိုးကြိုးကျမ်းတို့ ကျင့်ကြံဖို့ရာ အာရုံစိုက်ထားတော့သည်။
မည်သည့်အဖြစ်အပျက် ဖြစ်စေကာမူ ကျန်းလုံယွမ်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ထွက်လာသည်မှာ ခပ်ရှားရှား ဖြစ်၏။ သူက စိတ်ခံစားချက်များနှင့် စိတ်ဆန္ဒများကို ဖြတ်တောက်လိုက်ရသောကြောင့် ချီဖောက်ပြန်မှု ဖြစ်သွားခဲ့သည်ဟု ကောလဟာလများပင် ထွက်ခဲ့သေးသည်။
ကျန်းလုံယွမ်က အနီဝတ်ဂိုဏ်းသခင်ရှေ့ တကယ်ကြီး ရောက်လာသောကြောင့် အံ့ဩထိတ်လန့်သွားသည်မှာ ပုံမှန်ဖြစ်၏။
သူ့အား စိတ်ပျက်သွားစေသည်မှာ ကျန်းလုံယွမ်၏ နတ်မိုးကြိုးပညာရပ်များနှင့် ယှဉ်လိုက်လျှင် သူက လုံးဝ အရေးနိမ့်နေသောကြောင့် ဖြစ်၏။ တစ်ချိန်တည်းတွင် ကျန်းလုံယွမ်၏ ကျင့်ကြံဆင့်က သူ့ထက် များစွာ ပိုအားကောင်းနေသည်။ ကျန်းလုံယွမ်နှင့် လုံးလုံး မယှဉ်နိုင်ပေ။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ဘယ်လိုလုပ် မြန်မြန် ရောက်လာတာလဲ ”
အနီဝတ်ဂိုဏ်းသခင်က ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့က သူ့အား ဝိုင်းထားလိုက်မှန်း သိ၍ စိတ်လျော့လိုက်ရသည်။ သူ့တွင် ထွက်ပြေးနိုင်စွမ်း မရှိတော့ပေ။
ဂိုဏ်းချုပ်အနားရှိ ကောင်းကင်အရှိန်အဝါက အသာလှုပ်ခတ်သွားသည်။
“ မင်းက ပတ်ဝန်းကျင်တစ်ခုလုံး ပိတ်လှောင်ထားရက်နဲ့ ငါက ဘာလို့ ချက်ချင်း ရောက်လာတာလဲဆိုတာ သိချင်နေတာမလား။ အကြောင်းအရင်းက ရိုးရိုးလေးပါပဲ။ ထျန်းအာ ပျောက်သွားတာကို ကြားကြားချင်း အရှိန်အပြည့်နဲ့ တန်းရောက်လာတာ ”
အနီဝတ်ဂိုဏ်းသခင်က ဂိုဏ်းချုပ်အား မယုံနိုင်စွာ ကြည့်လိုက်သည် “အထွတ်အမြတ်မြေဂိုဏ်းချုပ် ခင်ဗျားက တပည့်တစ်ယောက် ပျောက်သွားလို့ ကိုယ်တိုင် ရောက်လာတာတဲ့လား ”
လာနောက်နေတာလား … ဘယ်ဂိုဏ်းချုပ်က ဒီလောက်အားယားနေလို့လဲ
သူ့ပို့ဆောင်ရေးစက်ဝန်းတစ်ခုပဲ လမ်းကြောင်းသွေဖယ်သွားခဲ့တာလေ … သူ သေသွားတာမှ မဟုတ်တာ
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ အားလုံးက ဒီလိုလား … အထွတ်အမြတ်မြေဂိုဏ်းချုပ်တောင် ကိုယ်တိုင် လာတဲ့အထိလေ
အနီဝတ်ဂိုဏ်းသခင်၏ မေးခွန်းကို ကြားပြီး ဂိုဏ်းချုပ်အနားရှိ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က လှိုင်းလုံးများသဖွယ် ပြင်းထန်လာသည်။ သူ့အသံမှာ အေးစက်ကာ “ ထျန်းအာနဲ့ ငါ့ကြားက ဆရာတပည့် ဆက်ဆံရေးက မင်းတို့ မိစ္ဆာကျင့်ကြံသူတွေ နားလည်နိုင်မှာ မဟုတ်ဘူး။ မင်းက မကောင်းကျင့် မကောင်းအကြံနဲ့ ထျန်းအာရဲ့ ပို့ဆောင်ရေးလမ်းကြောင်း သွေဖယ်သွားအောင် လုပ်ပြီး ထျန်းအာကို ဓားစာခံလုပ်ပြီးတော့ ငါနဲ့ အထွတ်အမြတ်မြေကို ခြိမ်းခြောက်ဖို့ ကြိုးစားသေးတယ်ပေါ့လေ … မိစ္ဆာကောင် နာနာခံခံ အဖမ်းခံလိုက်စမ်း ”
ဘာတဲ့ … သူ့ပို့ဆောင်ရေးလမ်းကြောင်း သွေဖယ်အောင် လုပ်လိုက်တာတဲ့လား …
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို ဓားစာခံလုပ်ပြီးတော့ အထွတ်အမြတ်မြေနဲ့ ဂိုဏ်းချုပ်ကို ခြိမ်းခြောက်မလို့တဲ့လား …
ဘယ်သူလဲ … ငါကလား …
အနီဝတ်ဂိုဏ်းသခင်က မျက်လုံးပြူးလာသည်။
ငါ ဘယ်တုန်းက အဲလိုတွေးလိုက်မိလို့လဲ … အသရေဖျက်မှုနဲ့ တရားစွဲပစ်မယ် …
မင်းတို့လို သမာသမတ်ဂိုဏ်းသားတွေက ငါတို့မိစ္ဆာကျင့်ကြံသူတွေကို မလိမ့်တပတ်လုပ်ပြီးတော့ အသရေဖျက်လို့ရတယ် ထင်နေလား
အနီဝတ်ဂိုဏ်းသခင်က ဒေါသတကြီးဖြစ်လာသည်။
“ ကျန်းလုံယွမ် … မင်း လွန်လွန်းသွားပြီ။ ငါ ဒီနေ့သေလုနီးပါး စတေးရမယ်ဆိုရင်တောင် မင်းလက်ကနေ လွတ်အောင် ပြေးပြီးတော့ နောင်ကျရင် လက်စားချေပြမယ် ”
အနီဝတ်ဂိုဏ်းသခင်က စကားအားလုံးကို အကြမ်းတမ်းဆုံး ထုတ်ပြောလိုက်ကာ သူ့မိစ္ဆာလက်နက်များကို တစ်ခုပြီး တစ်ခု ထုတ်လိုက်သည်။ သူ့မိစ္ဆာလက်နက်များက အလယ်အလတ်အဆင့်နှင့်အထက် ဖြစ်ကြသည်။ သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းခွဲ သွေးသတ်ဖြတ်ရေးဂိုဏ်း၏ ရတနာများ ဖြစ်ကြသည်။
လွတ်မြောက်ဖို့ရာအတွက် အနီဝတ်ဂိုဏ်းသခင်က ထိုလက်နက်များကို တိုက်ရိုက်ဖောက်ခွဲကာ ဂိုဏ်းချုပ်ထံ ပစ်လွှတ်လိုက်သည်။
ထိုစဉ် သူက နောက်လှည့်မကြည့်ဘဲ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ ဝင်ပြေးဖို့ ပြင်လိုက်သည်။ အကယ်၍ သူ့အသက်လေးကိုသာ ထိန်းထားနိုင်လျှင် ကံကောင်းမှု ပြန်ရောက်လာမည် ဖြစ်ကြောင်း မျှော်လင့်ချက် ရှိသေး၏။
ယခုကား ရင်ဆိုင်ဖို့ အချိန်ကောင်း မဟုတ်ပေ။
အနီဝတ်ဂိုဏ်းသခင်က အဝေးတစ်နေရာအထိ ထွက်ပြေးပြီးနောက် သူ့ဘာသာ ဆက်တိုက် နှစ်သိမ့်လိုက်သည်။ သို့သော်လည်း ထိုလက်နက်များက ဂိုဏ်းချုပ်အား မတားဆီးထားနိုင်ပေ။ ဂိုဏ်းချုပ်က ခြေလှမ်းတစ်လှမ်းမျှဖြင့် အာကာပြင် ခုန်ကူးလာသည့်အလား အနီဝတ်ဂိုဏ်းသခင်အနောက် သုံးလှမ်းအကွာသို့ ရောက်ရှိလာသည်။
သူ့လက်ထဲရှိ နတ်မိုးကြိုးမှာ လှံတံအဖြစ် ပြောင်းလဲသွားပြီး အနီဝတ်ဂိုဏ်းသခင် ပခုံးဆီ စိုက်ဝင်သွားကာ ရပ်တန့်သွားစေသည်။
“ မင်းက သူတော်စင်အဆင့်ဆိုပေမဲ့ အခြေခံက အရမ်းအားနည်းနေသေးတယ်။ မင်းက ငါတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ပြိုင်ဖက်ဖြစ်ဖို့ မတန်သေးဘူး ”
ရွှေရောင် နတ်မိုးကြိုး ရုတ်ချည်း ပေါက်ကွဲသွားသည့်အခါ အေးစက်စက် ခံစားချက်ကင်းမဲ့သည့် အသံလည်း ထွက်ပေါ်လာသည်။
အနီဝတ်ဂိုဏ်းသခင်၏ တစ်ကိုယ်လုံးမှာ လှံတံကြောင့် မြေပေါ်စိုက်သွားသလို ဖြစ်သွားကာ ဖုန်မှုန့်အလိမ်းလိမ်း ထသွားစေသည်။
ဖုန်မှုန့်များ အနည်ထိုင်သွားသည့်အခါ အနီဝတ်ဂိုဏ်းသခင်၏ ကိုယ်ပေါ်၌ သူ့သူတော်စင်အဆင့်ကို ပိတ်ဆို့ထားသည့် ရွှေရောင်ဆန်းကြယ်သင်္ကေတတို့ ပေါ်လာသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကောင်းကင်မှ ဆင်းသက်လာပြီး အနီဝတ်ဂိုဏ်းသခင်အား ငုံ့ကြည့်လိုက်သည်။
“ဒီနေ့ မင်းကို နမူနာထားပြီးတော့ နယ်မြေငါးခုမှာ ငါတို့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ရန်စတဲ့သူတိုင်း သက်ညှာခြင်းမရှိ သုတ်သင်ခံရမယ်။”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်မှ နတ်ဘုရားတစ်ပါးလို သူရဲကောင်းဆန်ဆန် ဆင်းသက်လာသောကြောင့် ကြာဖြူကောင်းကင်အသျှင်၏ မျက်နှာက ရှက်သွေးဖြာသွားလေသည်။
အစပိုင်းက သူမက ကြာပြာတစ်ယောက်တည်းသာ ရောက်လာသည်ဟု ထင်ခဲ့မိသည်။ ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
ဂိုဏ်းချုပ်က ငါနဲ့ တူလေးရှန်ထျန်းကို ဂရုစိုက်နေတာ အမှန်ပဲ …
တာအိုကိုယ်တော် ချူးလုံဟယ်ကား အမူအယာ သိပ်မကောင်းတော့ပေ။
သူက ကျန်းလုံယွမ်ကို ကြည့်လိုက်သည်။
“ ညီလေး .. ဒီတစ်ခါ ငါ ထျန်းအာကို ကယ်ဖို့ ကြမ်းတမ်းတဲ့ တိုက်ပွဲကို တိုက်ခဲ့တာနော်။ ဒီမိစ္ဆာကောင်နဲ့ တိုက်ရင်း ငါ ဒဏ်ရာအပြင်းအထန် ရသွားသေးတယ်။ ငါ့ကို ဆေးဖိုး ပြန်မလျော်သင့်ဘူးလား ”
ဒီတစ်ခေါက်တော့ ဝိညာဉ်ကျောက်တုံး ရှစ်သန်းကနေ ဆယ်သန်းလောက်အထိ တောင်းပစ်ရမယ် …
သို့သော်လည်း ကျန်းလုံယွမ်က ကြာပြာကောင်းကင်အသျှင်အား လျစ်လျူရှုထားကာ ရှန်ထျန်းအား ကြည့်လိုက်သည်။
သူက ရှန်ထျန်းနောက်မှ ငှက်မွေးထာဝရသတ္တုကို မြင်လိုက်ရသည့်အခါ ကျန်းလုံယွမ်အနားရှိ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က သိသိသာသာ လှုပ်ခတ်သွားသည်။
တစ်လတာအတွင်း ထျန်းအာက နောက်ထပ် ထူးခြားအံ့ဖွယ်ပစ္စည်းတစ်ခုကို ထပ်ရခဲ့လေပြီ …
ဟူး ငါ ထင်ထားတဲ့အတိုင်း ထျန်းအာက ကံကြမ္မာသားတော်ပဲ …
ထျန်းအာသာရှိနေရင် ငါတို့ အထွတ်အမြတ်မြေ မကြီးပွားလာမှာ မပူရတော့ဘူး … သူက မဝေးတော့တဲ့ အနာဂတ်မှာ ငါတို့အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ကြီးပွားချမ်းသာလာစေလိမ့်မယ်…