← Chapters

ဓားချောက်နက်

Vol. 016 Ch. 1503

ဓားချောက်နက်

Vol. 016 Ch. 1503

ရီဖူရှင်းသည် ထိုအဖွဲ့ထွက်သွားပြီးနောက် တေးသံသာစံအိမ် နောက်ဘက်ရှိတောင်ကုန်းသို့ပြန်သွားလိုက်သည်။

တိတ်ဆိတ်သောဝန်းကျင်တွင် တစ်ယောက်တည်းကျန်ခဲ့သည်ကသူ့ကို ပို၍ သက်သောင့်သက်ဖြစ်စေခဲ့သည်။ ဤနည်းလမ်းသည် အားလုံးကို စိတ်ကျေနပ်စေပြီး နောင်တွင်လည်း သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမည့် သူများလည်း ရှိမလာနိုင်တော့ပေ။

သူသည် တေးသံသာစံအိမ်တွင် ကျင့်ကြံရသည်ကို အလွန်စိတ်ကျေနပ်နေပြီး ထိုက်ရွှမ်စံအိမ်သခင်အား အလွန် ကျေးဇူးတင်မိသည်။ ဤကဲ့သို့ ကျင့်ကြံနိုင်သော အခြေအနေကိုရရှိရန် အလွန်ခက်ခဲသောကြောင့် ထိုအခြေအနေ အား အနှောင့်အယှက်ဖြစ်စေမည့် အရာများဖြစ်မလာစေရန် တတ်နိုင်သမျှရှောင်လွှဲမည်ဖြစ်သည်။ သူသည် တတ်နိုင်သမျှ နှိမ့်ချကာ အားနည်းသူတစ်ယောက်ပမာ ထင်ရစေရန် ကြိုးစားရပေမည်။ ဤသို့သောနည်းဖြင့် တစ်စုံတစ်ယောက်က သူ့အား မကျေနပ်လျှင်ပင် ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ထိုက်ရွှမ်တောင်ရှိလူတိုင်းသည် ပါရမီရှင်များဖြစ်ကြသည်။ သူတို့၏စိတ်ထဲတွင် မကျေနပ်မှုအချို့ ရှိနေလျှင်ပင် ထိုက်သင့်သည့်အကြောင်းပြချက်ကောင်းမရှိလျှင် သူတို့ထက်နိမ့်ကျသူအား ပြဿနာရှာလိမ့်မည် မဟုတ်ပေ။

“သူတို့သွားပြီလား” ရီဖူရှင်းသည် အသံလာရာဆီသို့လှည့်ကြည့်လိုက်လျှင် သူ့နောက်တွင် ရပ်နေသော ဖီးနစ်လေးအား တွေ့လိုက်ရသည်။

“မင်းကို မင်းအမေခေါ်သွားတာမဟုတ်လား မင်းဘာလို့ ပြန်ရောက်နေတာလဲ”

“ကုချင်းသံကြားလို့ရောက်လာတာလေ။ ဒီကုချင်းသံကဆွဲဆောင်မှုတော့ရှိပါတယ်။ ဒါပေမယ့် ပုံမှန်ဆို သူက ရှင့်ထက်အများကြီးဆိုးရွားနေတာကိုတောင် ရှင်ကဘာလို့ မယှဉ်ပြိုင်ရဲရတာလဲ” ဖီးနစ်လေးသည် ရီဖူရှင်းအား အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အဲဒါ တမင်ဖုံးကွယ်ထားတာ” ရီဖူရှင်းသည် အနည်းငယ် ဒေါသထွက်သွားသည်။ ဘယ်သူက မပြိုင်ရဲလို့လဲ။

ဒီမိန်းကလေး ထိုအတွေးအား မည်သည့်နေရာက ရလာပါသနည်း။

“လူလိမ်ကြီး” ဟုရေရွတ်လိုက်ပြီး ဖီးနစ်လေးသည် သူမထွက်ပေါ်လာသည့်နေရာသို့ ဝင်ရောက်ပျောက်ကွယ် သွားသည်။ သူကျင့်ကြံနေသော ဤနေရာသည် သူမအိမ်၏အနောက်ဘက်နေရာ ဖြစ်နိုင်သည်။ ရီဖူရှင်း ပြုံးပြီး ခေါင်းကိုခါလိုက်ကာ ထိုင်ချလိုက်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။

ရီဖူရှင်း ကြိုတင်ခန့်မှန်းခဲ့သလိုပင် ထိုနေ့အပြီးတွင် နောက်ထပ်မည်သူမှ သူ့ကိုအနှောင့်အယှက်မပေးကြတော့ပေ။ ထိုက်ရွှမ်တောင်တန်းရှိ အချို့တပည့်များသည် ပြင်ပမှ ထိုက်ရွှမ်တောင်သို့ ရောက်ရှိလာပြီး တေးသံသာစံအိမ်တွင် ပထမဦးဆုံးအကြိမ် ကျင့်ကြံနိုင်ခဲ့သော ရီဖူရှင်းအပေါ်တွင် ကိုယ်ပိုင်ထင်မြင်ချက်များရှိခဲ့သော်လည်း ရီဖူရှင်းသည် ယဉ်ကျေးမှုရှိသူဖြစ်ကာ နူးညံ့သိမ်မွေ့စွာဖြင့် ထိုက်ရွှမ်တောင်မှ တပည့်များအား လေးစားမှုများပြခဲ့သောကြောင့် ထိုက်ရွှမ်တောင်မှမည်သူမျှ သူ့အား မဆန့်ကျင်ကြတော့ပေ။

ရှန်ကျင်း၏ ရို့ကျိုးနှိမ့်ချမှုရှိသည့်အကြောင်း ပျံ့နှံ့သွားပြီး ထိုက်ရွှမ်တောင်ရှိလူများသည် တေးသံသာစံအိမ်၏ နှိမ့်ချတတ်သော စံအိမ်ထိန်းအကြောင်း သိရှိလာကြသည်။

အချိန်များကုန်လွန်မှာမြန်လွန်းလှပြီး ရီဖူရှင်း ထိုက်ရွှမ်တောင်ပေါ်တွင်ကျင့်ကြံခဲ့သည်မှာ တစ်နှစ်ခွဲရှိပြီဖြစ်သည်။ သူသည် လွန်ခဲ့သော တစ်နှစ်ခွဲအတွင်းတွင် တေးသံသာစံအိမ်မှ အပြင်သို့သိပ်မထွက်ပေ။ သံစဉ်များအား ကျင့်ကြံခြင်းအပြင် သူသည် ဂီတမှတ်တမ်းများကို လေ့လာဆင်ခြင်ကာ အခြားအနုပညာများကိုလည်း ကျင့်ကြံ ခဲ့သည်။ သို့သော် ထိုအရာများအားလုံးကြောင့် ရီဖူရှင်းသည် သာမန်ကိစ္စရပ်များတွင် အာရုံမရှိတော့ဘဲ ကျင့်ကြံခြင်းကမ္ဘာတွင်သာ လုံးဝနှစ်မြုပ်နေခဲ့သည်။

အရာအားလုံး၏ အခြေခံမှာ စွမ်းအားပင်ဖြစ်သောကြောင့် ယခုအချိန်တွင် သူကြိုးစားခဲ့ပေမယ့် မည်သည့် အရာမျှ ဖြစ်မလာခဲ့သော်လည်း သူ့တွင်ရွေးချယ်စရာမရှိခဲ့ပါ။ ကုချင်းလမ်းစဉ်သည် စိတ်ခံစားချက်ကို လေ့ကျင့်ခြင်း ဖြစ်သဖြင့် သူ၏ စိတ်ခံစားချက်အပေါ်တွင် အလွန်အကျိုးသက်ရောက်မှုရှိစေကာ စိတ်များ ပိုမိုတည်ငြိမ်လာစေ သည်သာမက သူ၏ကျင့်ကြံခြင်းအဆင့်အားလည်းပိုမို နက်ရှိုင်းလာစေသည်။

ယခုအခါ အနောက်ဘက်တောင်၏ ချောက်ကမ်းပါးထိပ်တွင် ကုချင်းထိုင်တီးနေသော ပုံရိပ်တစ်ခုရှိနေသည်။

ကုချင်း၏အသံသည် အလွန်လျင်မြန်လွန်းလှပြီး ကောင်းကင်နှင့်မြေကြီးအကြားတွင် အလွန်ကြီးမားသော ဖိနှိပ်မှုအား ဖြစ်ပေါ်စေသည်။ ထိုနေရာရှိ တိမ်ပင်လယ်သည် တလိမ့်လိမ့်တက်လာပြီး ပြိုကွဲသွားကာ မြင်ကွင်း သည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး အခြားသော ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားသယောင် ထင်မှတ်ရပေသည်။ ထိုနေရာသည် သံစဉ်များဖြင့် ဖန်တီးလိုက်သော ရီဖူရှင်း၏ ကိုယ်ပိုင်ကမ္ဘာ ဖြစ်ဟန်တူ ပေသည်။

ကုချင်းဆောင်မှ လူများသာ တွေ့မြင်ကြလျှင် ထိုခမ်းနားထည်ဝါသော မြင်ကွင်းသည် တေးသံသာစံအိမ်၏ နာမည်ကျော် သံစဉ်ခြောက်ပုဒ်၏ ကုချင်းသံစဉ်ကြောင့် ဖြစ်တည်လာသော စစ်မှန်သော သဘာဝ၏ ဆန်းကျယ်မှု ဖြစ်စဉ်ဖြစ်ကြောင်း သဘောပေါက်နားလည်ကြပေမည်။

ဤသံစဉ် အပိုင်းသည် အလွန်ဝင့်ကြွားလွန်းလှပြီး ခက်ခဲမှုမြင့်မားလွန်းသော အပိုင်းလည်းဖြစ်သည်။ ရီဖူရှင်းသည် ယင်းတို့ကိုကြာရှည်စွာလေ့ကျင့်ခဲ့ပြီး ယခုအခါ သူသည် ထိုသံစဉ်ခြောက်ပုဒ်လုံးအား အခြေခံကျကျ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

ဂီတသံများ ထွက်ပေါ်ရိုက်ခတ်နေဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်ကြားဖြစ်ပေါ်နေသည့် ဆန်းကျယ်မှုများသည် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။ ကုချင်းသံ တိတ်ဆိတ်သွားသော်လည်း ရီဖူရှင်း၏လက်ချောင်း ဆယ်ချောင်းသည် ကြိုးပေါ်တွင်ဆက်လက် ရှိနေဆဲဖြစ်သည်။ သူသည် အဝေးမှ ရှုခင်းကို ငေးကြည့်ပြီး အတိတ်ဖြစ်ရပ်များကို အောင်းမေ့သတိရနေသည်။ အရာအားလုံးသည် အိပ်မက်ပမာ ဖြစ်သည်။

သူသည် ဒွန်ဟိုင်ကျောင်းတော်တွင် ဆရာဘိုးဘိုးနှင့် ကုချင်းလေ့ကျင့်ခဲ့သော နောက်ဆုံးအချိန်များအား ပြန်လည် အောင်းမေ့မိသည်။ ထိုနှစ်တွင် သူသည် ဆယ့်ရှစ်နှစ်ပင် မပြည့်သေးချေ။ သူနှင့်ဂျီယူတို့၏ ကိုယ်ပိုင် ဘဝအား စတင်ခဲ့ကြသည်။

မျက်တောင်တစ်ခတ်အတွင်းတွင် ဆယ်စုနှစ်များစွာ ကျော်လွန်သွား ပြီးနောက်တဖန် ကုချင်းအား အလေးအနက် ထားကာ လေ့လာကျင့်ကြံနေရပြန်သည်။ ထိုဖြစ်ရပ်များ အားလုံးသည် အိပ်မက်တစ်ခုပမာ ထင်မြင်ရပေသည်။

သူသည် ကုချင်းလမ်းစဉ်အား နှစ်ပေါင်းများစွာ ကျင့်ကြံသန့်စင်ခဲ့ပြီးဖြစ်သဖြင့် သူ၏ အတိတ်ကာလက သိမြင်မှု များသည် ယခုအချိန်သိမြင်မှုများနှင့် နှိုင်းယှဉ်မရနိုင်တော့ပေ။ ကံမကောင်းစွာပင် ထိုအရာအားလုံးကို ဆရာဘိုးဘိုး တွေ့မြင်နိုင်ခြင်းမရှိတော့ချေ။

အဝေးမှတိမ်ပင်လယ်အား ငေးကြည့်ရင်း ရီဖူရှင်း၏စိတ်နှလုံးတွင် တစုံတရာအား ခံစားမိလာခဲ့သည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဂီတမှတ်တမ်းကိုကြည့်ကာ ကြိုးများပေါ်တွင်လက်ချောင်းများ ပြေးလွှားသွားသည်။ တစ်ချိန်တည်းမှာပင် ကျယ်လောင်သော ကုချင်းအသံသည် ကောင်းကင်သို့ ထိုးဖောက်သွားသည်။ မြင့်မားသော ကောင်းကင်ထက်မှ ကြိုးကြာငှက်အော်သံများ ထွက်ပေါ်လာသည်။

တိမ်တိုက်ပင်လယ်ထဲမှ စူးရှသော အော်မြည်သံတစ်ခုထွက်ပေါ်လာသည်။ အမှန်မှာ ကုချင်းသံသည် ကောင်းကင် ကိုးလွှာထက်မှ နတ်ကြိုးကြာတို့အား နှိုးထကာ ပျံသန်းစေခဲ့ခြင်းဖြစ်သည်။ သူတို့သည် နက်ရှိုင်းသော ရေကန် တစ်နေရာမှ အော်ဟစ်မြည်ကြွေးနေကြသည်။

ဤသီချင်းသည် “ပျက်စီးခြင်းကမ္ဘာ” ဖြစ်သော်လည်း သံစဉ်တွင်ပါဝင်သော ခံစားချက်များမှာ ယခင် အတွေး အမြင်ယူဆချက်များနှင့် မတူညီပေ။ ကုချင်းသံသည် ဆက်လက်ထွက်ပေါ်နေပြီး ကြိုးကြာငှက်များလည်း ကောင်းကင်နှင့်မြေပြင်တဝိုက်တွင် လှည့်ပတ်ကခုန်နေကြသည်။

နက်ရှိုင်းသော တိမ်ပင်လယ်ထဲတွင် မည်သည့်အရာကိုမဆို ထိုးဖောက်ကြည့်မြင်နိုင်သော အကန့်အသတ်မဲ့ စွမ်းအားများဖြင့် အလွန်တောက်ပသော မျက်လုံးနှစ်စုံရှိနေပြီး သူတို့၏အကြည့်မှာ ရီဖူရှင်းအပေါ်တွင် ကျရောက် နေသည်။

မိုးတိမ်များပေါ်တွင် အနီရောင်မီးတောက်ဝတ်စုံအား ဝတ်ဆင်ထားသော ထူးကဲသောပုံရိပ်များရှိသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေကြသည်။ သူတို့သည် ဖီးနစ်လေး၏ မိဘများဖြစ်သည်။

“သူက ‘လောကအမိန့်တော်’ ကိုလည်းသင်ယူခဲ့တယ်” ဟုအမျိုးသမီးကတိုးတိုးလေးပြောသည်။

“သူက တစ်နှစ်ခွဲအတွင်းမှာ နာမည်ကျော်သံစဉ်ခြောက်ပုဒ်စလုံးကို သင်ယူနိုင်ခဲ့တယ်။ သူ့ရဲ့ ဂီတအပေါ် ထိုးထွင်း သိမြင်နိုင်စွမ်းကို သူကိုယ်တိုင်တောင် သတိထားမိရဲ့လားမသိဘူး” အမျိုးသားက အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ပြောသည်။ ယခင်တေးသံသာအင်ပါယာနှင့် နှိုင်းယှဉ်လျှင်ပင် သူသည် မည်သည့်နည်းနှင့်မျှ အောက်ကျမည် မဟုတ်ပေ။

စတုတ္ထသခင်မလေးက ရီဖူရှင်းကို ထိုက်ရွှမ်တောင်သို့ ပို့လိုက်ခြင်းသည် တတိယသခင်လေးကြောင့်လုံးဝ မဟုတ်ကြောင်း သူတို့ နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ ရီဖူရှင်း၏ ကုချင်းလမ်းစဉ်သည် ပါရမီ ထူးကဲလှသောကြောင့် စတုတ္ထသခင်မလေးက သူကိုယ်တိုင်လေ့လာသင်ကြားနိုင်ရန် တေးသံသာစံအိမ်သို့ စေလွှတ်လိုက်ခြင်းဖြစ်မည်။

တစ်နှစ်ခွဲဟူသောအချိန်တွင်ပင် သူသည် ဂီတမှတ်တမ်းခြောက်ခုအား လေ့လာသင်ယူနိုင်ခဲ့သည်။

သူ၏အနာဂတ်သည် အကန့်အသတ်မရှိပေ၊ သူသည် အနာဂတ်တွင် တေးသံသာအင်ပါယာကဲ့သို့ နောက်ထပ် လေးစားဖွယ်ရာပုံရိပ်တစ်ခုဖြစ်လာနိုင်ပေသည်။

…

သူသည်နာမည်ကျော်သံစဉ် ခြောက်ပုဒ်အား လေ့ကျင့်ပြီးနောက် အခြားဂီတသံစဉ်များအား ထပ်မံကျင့်ကြံခဲ့သည်။ ယနေ့တွင် ရီဖူရှင်းသည် ကုချင်းနားမှ ထွက်ခွာလိုက်သည်။ ထိုက်ရွှမ်တောင်တန်းတွင် သူနေထိုင်ခဲ့သည့် တစ်ချိန်လုံးတွင် တေးသံသာစံအိမ်တွင်သာ လေ့လာကျင့်ကြံနေခဲ့သည်။

ရီဖူရှင်းသည် ထိုက်ရွှမ်တောင်၏ ရှုခင်းအား ပထမဆုံးအကြိမ်အဖြစ် လိုက်လံကြည့်ရှုခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူနှင့်မသိသော အခြားကျင့်ကြံသူများနှင့် တခါတရံ တွေ့ဆုံရာတွင် သူသွားလိုသည့် နေရာအား မေးမြန်းလျှင် ထိုသူများသည် သူ့အား ထူးဆန်းသည့်အကြည့်များဖြင့် စူးစမ်းသလို ကြည့်ကြသည်။

ထိုသူသည် မည်သူဖြစ်သနည်း။ အမှန်တကယ်ရော ထိုက်ရွှမ်တောင်မှာ ကျင့်ကြံသည့်သူ ဖြစ်နိုင်ပါ့မလား။

ဓားချောက်နက် မည်သည့်နေရာတွင်ရှိသည်ကိုပင် သူမသိသည်မှာ ဟုတ်နိုင်ပါမည်လား။

ဓားချောက်နက်သည် ထိုက်ရွှမ်တောင်၏ တောင်ဘက်ပိုင်းတွင်တည်ရှိပြီး ထိုက်ရွှမ်တောင်၏ ဓားသမားများ ကျင့်ကြံသည့်နေရာဖြစ်သည်။

ထိုက်ရွှမ်တောင်၏ ဓားသမားများသည် အလွန်အဆင့်အတန်း မြင့်မားကြသူများဖြစ်သည်။ အရှင်ထိုက်ရွှမ်သည် ဓားကျမ်းပေါင်းများစွာကို စုဆောင်းခဲ့ပြီး ဓားရေးတွင်လည်း အလွန်ကျွမ်းကျင်သည်။ အရှင်ထိုက်ရွှမ်၏ ဒုတိယ တပည့်ဖြစ်သည့် ထိုက်ရွှမ်မြို့စားသည် အရှင်ထိုက်ရွှမ်၏ ဓားပညာကို ဆက်ခံသူဖြစ်သည်။ သူ၏ဂုဏ်သတင်းသည် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေခဲ့ပြီး သူသည်ဓားလမ်းစဉ်တွင် လွှမ်းမိုးချုပ်ကိုင်သော အရှင်သခင်တစ်ယောက် ဖြစ်လာခဲ့သည်။

ထို့ကြောင့်ပင် ထိုက်ရွှမ်မြို့၏ မြို့စားအိမ်တော်မှ သခင်မလေးလော့ယွဲ့သည် ပျက်စီးခြင်းဘုံ၌ အစွမ်းထက် ဓားသမားတစ်ဦးရှိကြောင်း သိရသောအခါ ဓားသမားတစ်ဦးပီပီ သူမသည် ထိုဓားသမားအား သွားရောက်ရှာဖွေ ခဲ့ခြင်းဖြစ်သည်။

ဓားချောက်နက်သည် နာမည်နှင့်တူညီစွာပင် ချောက်ကြီးတစ်ခုဖြစ်သည်။ ရီဖူရှင်းသည် ထိုနေရာသို့ ရောက်သော အခါ သူသည် မြေပြင်ပေါ်တွင် ဖြောင့်မတ်စွာ ထိုးသွင်းထားသည့် ဓားတစ်ချောင်း၏ ထိပ်ပိုင်းအား တွေ့လိုက် ရသည်။ ထိုဧရာမဓားကြီး၏ ထိပ်တွင် ရှေးဆန်သော နန်းတော်များသည် နေရာဒေသအသီးသီးတွင် လှပစွာဖြင့် တည်ရှိနေသည်။

ထိုဓားလက်ကိုင်၏ ရှေ့တွင်ကြီးမားသော ချောက်ကြီးတစ်ခုရှိသည်။ အောက်ဘက်တွင် ကျင့်ကြံရန်အတွက် နန်းတော်များ၊ ဂူအိမ်များနှင့် လေ့ကျင့်ရေးခန်းမတစ်ခု ရှိသည်။ ရီဖူရှင်းသည် အောက်ဘက်ရှိ ချောက်ထဲသို့ ဆင်းလာပြီး သူ၏ရှေ့တွင်ရှိနေသည့် ဓား၏လက်ကိုင်ထက်ရှိနယ်မြေအား ကြည့်ရင်း ရင်ခုန်သံများ မြန်ဆန် လာသည်။

“နေရာကောင်းတစ်ခုပဲ “ ရီဖူရှင်း ကောက်ချက်ချလိုက်သည်။

ထိုသည်သာမက ဓားချောက်နက် တစ်ခုလုံးသည် အဆုံးမဲ့သော ဓားသမားများ၏အငွေ့အသက်များဖြင့် ပြည့်နှက် နေသည်။ ဤသည်မှာ စစ်မှန်သောဓားနယ်မြေပင်ဖြစ်သည်။

လေ့ကျင့်ရေးခန်းမ၏ လေထဲတွင် တိုက်ပွဲတစ်ခုဖြစ်ပွါးနေသည်။

ကောင်းကင်နှင့်မြေပြင်ကြားရှိ လေထဲတွင် အပြာရောင်ပုံရိပ်တစ်ခု ရပ်နေ၏။ သူ၏ လက်ချောင်းများသည် ကောင်းကင်ကို ညွှန်ပြနေပြီး ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော နတ်ဓားများ ပေါ်ထွက်လာသည်။ ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။ ထိုအချိန်တွင် ထိုသူ၏ ပြိုင်ဘက်သည် လေထုအား လျင်မြန်စွာဖြတ်သန်းလာနေသည်။ ချက်ချင်းဆိုသလိုပင် လေထုသည် ကပ်ဘေးတစ်ခုကဲ့သို့သော ဓားများ အောက်တွင် ဖိနှိပ်ခြင်းခံလိုက်ရသည်။

ရက်စက်ပြတ်သားသည့် အသံများထွက်လာပြီး ရာနှင့်ချီသောဓား အမှတ်အသားများသည် သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်းပေါ်လာပြီး သွေးစများစွန်းထင်သွားသည်။

“ဓားသမားကောင်းတစ်ယောက်ပဲ” ရီဖူရှင်းစိတ်ထဲတွင် ချီးကျူးလိုက်သည်။ ထိုက်ရွှမ်တောင်၏ဓားပညာသည် အမှန်ပင်ချီးကျူးထိုက်ပေ၏။

“အစ်ကိုဝမ်ရဲ့ ဓားပညာက ပိုပြီးအားကောင်းလာတာပဲ” ဟု ဓားချောက်နက်၏ အခြားတပည့်များက ပြုံးပြီး ပြောလိုက်သည်။ “ငဲ့ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို” ဟု ရှုံးနိမ့်သွားသူက ပြောလိုက် သည်။

သူသည် လေ့ကျင့်ခြင်းမှ မလွှဲသာမရှောင်သာ၍ရခဲ့သော သူ၏ ထိခိုက်ဒဏ်ရာများအား အလေးထားပုံမပေါ်ပေ။

“မင်းရဲ့ဓားပညာလဲ မခန့်မှန်းနိုင်လောက်အောင်တိုးတက်လာတာပဲ” အစ်ကိုဝမ်က ရှုံးနိမ့်သွားသူကို ပြောလိုက် သည်။ သူတို့နှစ်ယောက်သည် တခြားသူများ ယှဉ်ပြိုင်နိုင်စေရန်အတွက် တိုက်ပွဲကွင်းပြင်မှ အတူတကွ ဆင်းသွား ကြသည်။

ရီဖူရှင်းသည် တိုက်ပွဲအား ကြည့်ရှုနေသည့် ကျင့်ကြံသူများဘေးတွင် ရပ်နေလိုက်သည်။ ထိုဓားသမားနှစ်ယောက် သည် တူညီစွာပင် သန်မာကြသူများဖြစ်ကြသည်။

ထိုအချိန်တွင် စီနီယာအစ်ကိုဝမ်သည် ရီဖူရှင်းအား သတိပြုမိသွားသည်။ သူ၏ခြေလှမ်းများအား ရီဖူရှင်းဆီသို့ ဦတည်လိုက်ချိန်တွင် ထိုနေရာရှိကျင့်ကြံသူများသည် ထိုသူသည် ဓားချောက်နက်တွင် ကျင့်ကြံနေသည့်သူမဟုတ်  မဟုတ်ကြောင်း သတိပြုမိသွားကြသည်။

“မင်းက ထိုက်ရွှမ်တောင်ရဲ့ တခြားနေရာက ကျင့်ကြံသူလား” စီနီယာဝမ်က သံသယအချို့ဖြင့်မေးလိုက်သည်။  သူသည် ရီဖူရှင်းအား ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး ယခင်က ထိုက်ရွှမ်တောင်ပေါ်တွင် တစ်ခါမျှ တွေ့ဆုံဖူးခြင်း မရှိခဲ့ပေ။

“တေးသံသာစံအိမ်ရဲ့ ဂီတမှတ်တမ်းထိန်းသူ ရှန်ကျင်းပါ။ အစ်ကိုနဲ့အခုလို ဆုံတွေ့ရတဲ့အတွက် ဝမ်းသာပါတယ်” ရီဖူရှင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။ ရုတ်တရက် ပတ်၀န်းကျင်ရှိ လူများသည် အနည်းငယ် အံ့အားသင့် သွားသည်။  ဒါက တေးသံသာစံအိမ်က ဂီတပညာရှင်ပေါ့။ ထိုနေရာရှိ လူတိုင်းသည် ရှန်ကျင်း၏ အမည်အား ကြားဖူးကြသော်လည်း လူကိုတော့ ယခုမှသာ ပထမအကြိမ်တွေ့မြင်ဖူးကြခြင်းဖြစ်သည်။

“ဓားချောက်နက်ရဲ့ တပည့် ဝမ်ရှိုးရီပါ” ဝမ်ရှိုးရီသည် ရီဖူရှင်းအား ပြန်လည်ကာ ဦးညွှတ်ပြီး ပြောလိုက်သည်။

“တေးသံသာစံအိမ်မှာ ကျင့်ကြံနေတယ်ဆိုတာ ကြားသိရပါတယ်။ ဘာအတွက်နဲ့ ဓါး‌ချောက်နက်ကို ရောက်လာ တာပါလဲ”

“ကျွန်တော်က ဓားလမ်းစဉ်ကို ကျင့်ကြံဖူးပြီး ဓားပညာအကြောင်း နည်းနည်းသိပါတယ်။ ဓားပညာကိုကျင့်ကြံတဲ့ ပါရမီရှင်တွေကိုလည်း အမြဲတမ်းလေးစားမိပါတယ်။ ထိုက်ရွှမ်တောင်ပေါ်မှာ ဓားပညာရဲ့တော်ဝင်မြေ တစ်ခုဖြစ်တဲ့ ဓားချောက်နက်ရှိတယ်ဆိုတဲ့ သတင်းကိုကြားတော့ ကျွန်တော့်ရဲ့ ဓားပညာ တိုးတက်လာစေမဲ့ အထောက်အကူ တစ်ခုခု ရနိုင်မလားဆိုပြီး လာခဲ့တာပါ” ဟု ရီဖူရှင်းကပြောလိုက်သည်။ “ကျေးဇူးပြုပြီး မရယ်ကြဖို့ မေတ္တာ ရပ်ခံပါတယ်”

“ညီလေးရှန်းက သင်ယူခြင်းမှာ မွေ့လျော်နေတာပဲ ဒါပေမယ့် ကျင့်ကြံခြင်းမှာ အာရုံစိုက်ဖို့လဲ အရေးကြီးတယ်” ဝမ်ရှိုးရီကပြောလိုက်သည်။ “ညီလေးရှန်းက တေးသံသာစံအိမ်မှာ ကျင့်ကြံဖို့အခွင့်အလမ်းရှိတဲ့အတွက် မင်းအဲဒါကို ပိုပြီးအာရုံစိုက်သင့်တယ်”

“ဒါပေမယ့်လဲ…” ရီဖူရှင်းကပြုံး၍ပြောလိုက်သည်။

“ကျွန်တော်က ကုချင်းလမ်းစဉ်ကိုပဲအဓိကထား ကျင့်ကြံသူဖြစ်ပေမယ့် တခါတရံကျရင် စိတ်မနှစ်နိုင်တဲ့ အချိန်တွေ ဆိုရင်တစ်ခြားနည်းလမ်းတွေကိုလေ့လာကြည့်ချင်တယ်။ ပြောရမယ်ဆိုရင် ဓားချောက်နက်မှာသာ လေ့လာခွင့် ရမယ်ဆိုရင် ကျွန်တော်က ဓားပညာကိုလေ့လာရင်းနဲ့ ကျွန်တော့်ရဲ့ဂီတပညာကို မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိလာနိုင်ပါတယ် “

ဝမ်ရှိုးရီသည် ရီဖူရှင်းကိုကြည့်ပြီး တေးသံသာစံအိမ်မှ ဂီတပညာရှင်သည် ကောလဟာလများထဲကအတိုင်းပင် နူးညံ့သိမ်မွေ့၍ နှိမ့်ချတတ်သည်ဟုထင်မြင်ခဲ့သည်။ သူသည် လေ့လာသင်ယူခြင်းတွင် ထိုမျှ စိတ်ဝင်တစား ရှိလိမ့်မည်ဟု မထင်မိခဲ့ပေ။ စတုတ္ထသခင်မလေးက သူ့ကိုကူညီခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

“ဒါဖြင့်လဲ ကောင်းပြီလေ.... ဒါပေမယ့်မင်းက ဓားချောက်နက်ရဲ့တပည့်မဟုတ်တဲ့အတွက်  မသွားသင့်တဲ့ နေရာတွေကို မသွားမိဖို့တော့ သတိပြုပါ” ဝမ်ရှိုးရီက ညွှန်ကြားချက် ထုတ်လိုက်သည်။ ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်အစ်ကို”

***

All Chapters