← Chapters

စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ စီးပွားရေးတန်ဖိုး

Vol. 11-16 Ch. 240

စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ စီးပွားရေးတန်ဖိုး

Vol. 11-16 Ch. 240

အခန်း (၂၄၀)  :  စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ စီးပွားရေးတန်ဖိုး

ယဲ့ချန်းခန်ဆိုတာ ဘယ်သူလဲ …

သူက နှစ်တစ်သောင်းကြာ နေလာခဲ့တဲ့ မြေခွေးအိုကြီးလေ … ကျန်းလုံယွမ်နဲ့ ချူးလုံဟယ်တို့ကို တစ်ချက်လောက် ကြည့်လိုက်တာနဲ့ သူတို့နှစ်ယောက်ရဲ့ အကြံကို ကွက်ကွက်ကွင်းကွင်း တန်းသိလိုက်တယ် …

သူက အေးအေးဆေးဆေး ပြောလိုက်သည်  “ စစ်နတ်ဘုရား မျှော်နန်းဆောင်က ရှန်ထျန်းကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးပြီ။ အဲဒါကြောင့် ရှန်ထျန်း ဘယ်နေရာသွားသွား မျှော်နန်းဆောင် ရှိနေမှာပဲ။ တကယ်လို့ ရှန်ထျန်း အလိုရှိရင် မင်းတို့ဂိုဏ်းသားတွေက မျှော်နန်းဆောင် စစ်ဆေးမှုအတွက် စိတ်ကြိုက်ဝင်နိုင်တယ်။ ဒါပေမဲ့ အလကားတော့ မရဘူး။

ထျန်းအာက မင်းတို့အထွတ်အမြတ်မြေကဆိုတော့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းသားတွေနဲ့ မင်းတို့က မျှော်နန်းဆောင် စစ်ဆေးမှုကို အရေအတွက် အကန့်သတ်မရှိ ဝင်နိုင်တယ် …

မျှော်နန်းဆောင် ပြိုင်ပွဲဈေးနှုန်းကိုတော့ အများဆုံး ၃၀ ရာခိုင်နှုန်းအထိ လျော့ပေးမယ်။ ပြီးတော့ ထျန်းအာက မျှော်နန်းဆောင်ကို အရှေ့ပိုင်းလွင်ပြင်နဲ့ နယ်မြေငါးခုအတွက်လည်း ဖွင့်ပေးချင်တယ် ပြောထားတယ် …

အဲဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အပြင်လူတွေကတော့ အပြည့် ပေးချေရမယ် … ပြီးတော့ အကျိုးမြတ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းပြီးတော့ မျှော်နန်းဆောင် ဆက်ထိန်းသိမ်းဖို့ သုံးရမယ်။ မင်းတို့ အလွဲသုံးစား လုပ်လို့ မရဘူး။ ကျန်တဲ့ ငါးဆယ်ရာခိုင်နှုန်းက ရှန်ထျန်း ရလိမ့်မယ် … သူက မင်းတို့နဲ့ ဘယ်လိုခွဲပေးမလဲဆိုတာတော့ သူ့အပိုင်းပေါ့ ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ

“ မျှော်နန်းဆောင်က ထျန်းအာကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးမှတော့ ထျန်းအာရဲ့ ရတနာပဲပေါ့ …  စီနီယာယဲ့က အံ့ဖွယ်မိုးကောင်းကင်ရဲ့ တပည့်တွေကို ၃၀ ရာခိုင်နှုန်း လျော့ဈေးပေးထားပြီးပြီလေ။ ကျွန်တော်တို့က မျက်နှာပြောင်တိုက်ပြီး အကျိုးမြတ်ခွဲပေးဖို့ ဘာလို့ တောင်းဆိုရမှာလဲဗျာ။

ဒါက ကျွန်တော် လုပ်ပေးနိုင်သလောက်ပေါ့ … တကယ်လို့ စီနီယာယဲ့ စိတ်မရှိရင် မျှော်နန်းဆောင်ကို အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေးထဲ ထားလို့ ရပါတယ် …

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေနာမည်နဲ့ နယ်မြေငါးခုက ပါရမီရှင်တွေဆီ ဖိတ်ကြားလွှာတွေ ပို့လိုက်ပါ့မယ်။ အဲဒီပါရမီရှင်တွေဆီက အကျိုးမြတ်က စီနီယာယဲ့နဲ့ ထျန်းအာအပိုင်ပါပဲ  ”

ဂိုဏ်းချုပ်၏ ကမ်းလှမ်းမှုက ယဲ့ချန်းခန်အား အံ့အားသင့်သွားစေသည်။ သူက ဂိုဏ်းချုပ်သည် အကျိုးမြတ် မည်မျှကြီးမားမည်ကို မသိကြောင်း မယုံပေ။

စစ်နတ်ဘုရား မျှော်နန်းဆောင်က နယ်မြေငါးခုအတွင်း အထွတ်အထိပ် ရတနာတစ်ခု ဖြစ်ကာ မြောက်များစွာသော လူများက ထိုအရာကို ရှာဖွေဖို့ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲ သွားရောက်ကြခြင်း ဖြစ်၏။

စစ်နတ်ဘုရား မျှော်နန်းဆောင်သာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ ပေါ်လာသည်နှင့် ဂိုဏ်းများ၏ ပါရမီရှင်များကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။ သူတို့က စစ်ဆေးမှုရဖို့ နေရာလုကြပေလိမ့်မည်။

ထိုအခါ စစ်နတ်ဘုရား မျှော်နန်းဆောင်သည် “ ရွှေအမြုတေအဆင့်စာရင်း” နှင့် “ ကနဦးဝိညာဉ်အဆင့်စာရင်း” တို့လိုမျိုး ဖြစ်လာကာ ပါရမီရှင်များ၏ အင်အားကို တိုင်းတာပေးနိုင်သည့် အရေးပါမှု ဖြစ်လာနိုင်သည်။

ထိုစဉ် စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ပြိုင်ပွဲအတွက် လောင်းကြေးသည်လည်း အထွတ်အမြတ်မြေပင် လိုချင်တပ်မက်လာသည့် ပမာဏမျိုး ဖြစ်လာလိမ့်မည်။ သို့သော်လည်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ်က တုံ့ဆိုင်းခြင်းမရှိ လက်လျော့လိုက်လေသည်။

ယဲ့ချန်းခန်က မအံ့ဩဘဲ မနေနိုင်တော့ပေ။

သူက ပိုက်ဆံ မကြိုက်တော့တဲ့အထိ ကောင်းကင်တာအိုကျမ်းကို ဘယ်လောက်များ လေ့ကျင့်လိုက်တာလဲ …

ကြာပြာကောင်းကင်အသျှင်က ဂိုဏ်းချုပ်၏ မှန်ကန်ဖြောင့်မတ်သော အမူအယာကို ကြည့်ကာ ဆုံးရှုံးသွားမည့် ပမာဏကို တွေးရင်း မျက်နှာရောင်ပင် စိမ်းဖန်လာသည်။

သေစမ်း သေစမ်း … ငါ ဒီကလေးကို တပည့်အဖြစ် ဘာလို့ လက်မခံမိခဲ့တာလဲ …

သူသာ ငါ့တပည့်ဆိုရင် အကျိုးမြတ် ဝေမျှယူခွင့် ရှိဦးမယ် …

ကျန်းလုံယွမ်က ဒီပိုက်ဆံတွေ မလိုချင်လောက်အောင် ရူးသွားတာပဲ နေမယ် … ငါကတော့ ဒေါသထွက်ရလွန်းလို့ ရူးတော့မယ် …

ကြာဖြူကောင်းကင်အသျှင်ကား ဂိုဏ်းချုပ်ကို ငေးကြည့်နေလေသည်။ သူမ မျက်နှာ၌ လေးစားမှုအပြည့် ဖြစ်နေလေ၏။ သူမက သူ့ကိုယ်ကျင့်တရားနှင့် မြင့်မြတ်သော အကျင့်စရိုက်တို့ကြောင့် မအံ့ဩဘဲ မနေနိုင်ပေ။

ရှန်ထျန်းက ရှက်ကိုးရှက်ကန်းဖြင့် “ ဆရာ … စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ကြေညာဖို့ အထွတ်အမြတ်မြေကိုပဲ အပ်ရမှာဆိုတော့ ကျွန်တော်အနေနဲ့ အကျိုးမြတ် မခွဲပေးရင် မသင့်တော်ဘူးလေ ”

ဂိုဏ်းချုပ်က ခေါင်းယမ်းလိုက်သည်။

“ ထျန်းအာ … စံနှုန်းစံထားတွေ မပါဘဲ ဘယ်အရာမှ မပြီးမြောက်နိုင်ဘူးလေ။ ဆရာ မျှော်နန်းဆောင်ကနေ အကျိုးမြတ်ကို မယူနိုင်ဘူး။ ဒါပေမဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင် ပြိုင်ပွဲ လောင်းကြေးတစ်ခုတည်းကနေပဲ အကျိုးမြတ်ရနိုင်တာမျိုးလို့ ထင်နေတာလား … အဲလိုဆို မင်း မှားနေပြီ။ တကယ်လို့ မျှော်နန်းဆောင်သာ ငါတို့ဂိုဏ်းထဲ ရှိမယ်ဆိုရင် အကျိုးမြတ်က ပိုတောင် များလာဦးမှာ ”

ဂိုဏ်းချုပ်က သူ့ကောင်းကင်အရှိန်အဝါများ လှုပ်ခတ်နေရင်း အားလုံးကို ရှင်းပြလိုက်သည်။

“ အရင်ဆုံး စစ်နတ်ဘုရား မျှော်နန်းဆောင်က နတ်ဘုရားလောက ပစ္စည်းဆိုတော့ နယ်မြေငါးခုမှာ အဖိုးတန်ဆုံး ရတနာတစ်ခုပဲ။ အဲဒါကြောင့် တန်ဖိုးကြီးမားတယ်။ ငါတို့တွေ ဂိုဏ်းထဲမှာ ပြသထားလိုက်တာနဲ့ ကျင့်ကြံသူအမြောက်အများကို ဆွဲဆောင်နိုင်လိမ့်မယ်။ သူတို့က လာရောက်လေ့လာကြမှာပဲလေ …

အဲဒီလူတွေက ပါရမီရှင် မဟုတ်လို့ မျှော်နန်းဆောင်ထဲ ဝင်ခွင့်မရရင်တောင် အဲဒါက အရေးကြီးတဲ့အချက် မဟုတ်သေးဘူး။ ရောက်လာတဲ့သူတိုင်းက ဧည့်သည်တွေပဲဆိုတော့ ငါတို့ဂိုဏ်းကနေ သူတို့ကို လက်ခံဖို့နဲ့ မျှော်နန်းဆောင် ရှုခင်းသာနေရာ တည်ဆောက်ပေးလို့ ရတယ်။ ဒီနေရာကနေ နေထိုင်ခ၊ မှတ်တမ်းပုံရိပ်ဖိုး၊ အခကြေးငွေး ကောက်ခံလို့ရတယ်ဆိုတော့ ပမာဏတော်တော်များများ ရလာနိုင်တယ် …

ဒီလိုမျိုး ဝိညာဉ်ကျောက်တုံးဈေးနှုန်းနဲ့ အံ့ဖွယ်မိုးကောင်းကင် တပည့်တွေက ထာဝရအဆင့်ပစ္စည်းနဲ့ အမှတ်တရကောင်းတွေကို ပုံရိပ်ဖမ်းသလင်းကျောက်ထဲ အသက်သွင်းပြီး မှတ်သားထားပေးလို့ ရမယ် …

အဲဒီနောက် ငါတိုက မျှော်နန်းဆောင်ဆီ လာရောက်တဲ့ ပါရမီရှင်တွေရဲ့ အတွေ့အကြုံကို ရေးသားပြီးတော့ ပါရမီရှင်တွေကြားက တိုက်ပွဲကို မှတ်တမ်းပုံပွားကို ထုတ်လို့ရမယ်။ အဲလိုအရာတွေကို ကျင့်ကြံသူတွေက ပိုက်ဆံသုံးပြီး ဝယ်ကြမယ် ထင်တာပဲ … ”

ရှန်ထျန်းက မင်သက်သွားကာ စိတ်ထဲမှ သူ့ဆရာအား လက်မအကြီးကြီး ထောင်ပြမိလိုက်သည်။

တကယ်ကို ဆရာက ဆရာပဲ …

အခြားလူများက ထာဝရအဆင့် ပစ္စည်းကို အသုံးပြုကာ လူများကို အနိုင်ယူ၍ ဖြစ်စေ သို့မဟုတ် ဂိုဏ်းကို စောင့်ရှောက်ရန် ဖြစ်စေ အသုံးပြုကြသော်လည်း ဂိုဏ်းချုပ်က ထာဝရအဆင့်ပစ္စည်းအား ဆွဲဆောင်မှုရှိရှိ နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ကြံစည်နေလေသည်။

ဒီအတွေးက မိုးကြိုးလှိုင်း အထွတ်အမြတ်မြေကနေ လှုံ့ဆော်မှု ရထားတာ မဟုတ်တာသေချာရဲ့လား …

ဂိုဏ်းချုပ်က ထပ်ပြောလိုက်သည်  “ ဒုတိယအနေနဲ့ မျှော်နန်းဆောင်က ငါတို့ဂိုဏ်းမှာရှိနေရင် ငါတို့တပည့်တွေရဲ့ အင်အားလည်း သိသိသာသာ တိုးတက်လာလိမ့်မယ်။ အထူးသဖြင့် တပည့်ရင်းတွေပေါ့ … သူတို့တိုက်ပွဲစွမ်းရည်က မျှော်နန်းဆောင်ထဲမှာ ပြိုင်ပွဲတွေဆက်တိုက် ပြိုင်နေရတော့ အခြားဂိုဏ်းက တပည့်တွေထက် သာလွန်သွားလိမ့်မယ် …

အဲဒီအခါကျ ငါတို့တပည့်တွေက သူတို့ရန်သူတွေနဲ့ ကြုံတဲ့အခါ မကြောက်ကြတော့တာပေါ့။ ဒီလိုဆို တပည့်တွေရဲ့ သေဆုံးနိုင်ခြေကိုလည်း လျော့ချပြီးသား ဖြစ်သွားမယ်။ ဒါတွေက ဘာမှမဟုတ်သေးဘူးနော် …  ”

ကြာဖြူကောင်းကင်အသျှင်က ခေါင်းညိတ်ပြလိုက်သည်။

ဒုတိယအစ်ကိုက တကယ်ကို တွေးခေါ်တတ်တာပဲ… တပည့်တွေရဲ့ ဘေးကင်းမှုကိုတောင် သူ့တာဝန်အဖြစ် စဉ်းစားထားတာမျိုး ဘယ်လောက်တောင် ကြင်နာလိုက်သလဲ …

ဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်  “ တတိယအချက်အနေနဲ့ လက်ရည်တူပြိုင်ပွဲတွေက တိုးတက်လာဖို့ အမြန်ဆုံးနည်းလမ်းပဲ … ငါတို့ဂိုဏ်းသားတွေက မျှော်နန်းဆောင် ပြိုင်ပွဲဝင်တဲ့အခါ လျော့ဈေး ၃၀ ရာခိုင်နှုန်းတောင် ရမှာဆိုတော့ ဆွဲဆောင်မှုတစ်ခုပဲလေ။ ဒီဆွဲဆောင်မှုက နယ်မြေငါးခုက ပါရမီရှင်တွေကို မျှော်နန်းဆောင်ဆီ ပိုရောက်လာစေလိမ့်မယ် …

ပါရမီရှင်တပည့်တွေ မကုန်ဆုံးသွားသရွေ့ ငါတို့အထွတ်အမြတ်မြေ မချမ်းသာလာမှာ မပူရတော့ဘူး  ”

ရဲရဲနီကကြိုးကောင်းကင်အသျှင်လည်း အတွေးနက်နေမိသည်။ သူမ နာမည်ကျော်ကြားလာစဉ်အခါက အထွတ်အမြတ်မြေတချို့က သူမအား ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြသည်။ သူမက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေကို ရွေးလိုက်သည့်အကြောင်းမှာ အမျိုးသမီးများ ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံး အစီအရင် ရှိနေ၍ ဖြစ်သည်။

အကယ်၍ ထိုအခါကသာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၌ စစ်နတ်ဘုရား မျှော်နန်းဆောင်လိုမျိုး အထွတ်အထိပ်ရတနာရှိခဲ့လျှင် သူမက အံ့ဖွယ်မိုးကောင်းကင်ကို ဝင်ရောက်ဖို့ ရွေးချယ်မိလိမ့်မည်။

ပါရမီရှင်များအတွက် စစ်နတ်ဘုရား မျှော်နန်းဆောင်လိုမျိုး ရတနာက ဆွဲဆောင်မှုကြီးတစ်ခု ဖြစ်၏။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူ့မျိုးဆက် ပါရမီရှင်ဖြစ်သည်မှာ အံ့ဩစရာမရှိတော့ပေ။ သူက နက်နက်နဲနဲ တွေးထားပြီးသား ဖြစ်နေ၏။

အားလုံးက အာရုံစိုက်စွာ နားထောင်နေသည်ကို မြင်ကာ ဂိုဏ်းချုပ်ဝန်းကျင်ရှိ ကောင်းကင်အရှိန်အဝါတို့က ပိုမို လှုပ်ခတ်လာသည်။

သူက အေးအေးဆေးဆေး ပြောလိုက်သည်  “ ပြီးတော့ ကန့်သတ်ချက်ထားလို့ ရတယ်လေ။ မျှော်နန်းဆောင်ရဲ့ အမွေအနှစ် ရတဲ့သူ တစ်ယောက်တည်းသာ ကျင့်ကြံနိုင်မယ်… ဒီလိုဆိုရင် ပါရမီရှင်တစ်ယောက်ယောက်က သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ အမွေအနှစ်မျိုးကို ရှာတွေ့သွားရင် သူတို့ဂိုဏ်းက ရယူဖို့ အကောင်းဆုံး ကြိုးစားကြမှာပဲလေ …

အဲဒီအခါကျ အထွတ်အမြတ်မြေက စီနီယာယဲ့နဲ့ ထျန်းအာတို့ကိုယ်စား ညှိနှိုင်းပေးလို့ ရတယ်။ ကျွန်တော်တို့က အကျိုးမြတ် မယူပါဘူး။

အထွတ်အမြတ်မြေ လိုအပ်နေတာက တခြားအထွတ်အမြတ်မြေ၊ ကောင်းချီးနယ်မြေနဲ့ ချိုင့်ဝှမ်းတွေကို အမွေအနှစ် ကူရှာပေးတဲ့ ကျေးဇူးကြွေးမျိုးပေါ့ … ဒီကျေးဇူးကြွေးက နောင်အခါ အထွတ်အမြတ်မြေ တိုးတက်လာဖို့အတွက် အကောင်းဆုံးအကျိုးမြတ်ပဲ ”

ယဲ့ချန်းခန်က ဂိုဏ်းချုပ်စကားများကို နားထောင်ပြီးနောက် မင်သက်သွားမိသည်။

ဒီကောင်လေး … အရင်က ဒီလိုအတွေးမျိုး မရှိခဲ့ပါဘူး … နှစ်တစ်ထောင်လောက်နဲ့ ဒီကောင်လေးက ဒီလောက်တောင် ဉာဏ်ကောင်းလာတာလား …

ဒီအပြောင်းအလဲကို အသားမကျသေးဘူး …..

ထို့နောက် သူက ဂိုဏ်းချုပ်ဘေးတွင် ရပ်ကာ ခေါင်းညိတ်ဖို့သာ သိသည့် ကြာပြာကို တစ်ချက်ကြည့်လိုက်မိသည်။

ယဲ့ချန်းခန်က ခေါင်းအသာခါလိုက်တော့သည်။

ပထမစီနီယာအစ်ကိုကြီးက ဂိုဏ်းချုပ် ဖြစ်မလာတာ အဓိပ္ပါယ်ရှိသားပဲ …

ဉာဏ်ရည်ကွာနေတာကိုး …

All Chapters