တိုက်ဆိုင်မှု
Vol. 016 Ch. 1504
ဓားချောက်နက်သည်အလွန်ကျယ်ပြန့်ပြီး ထိုက်ရွှမ်တောင်၏ တစ်ဖက်ခြမ်းအား သိမ်းပိုက်ထားသည်။ ရီဖူရှင်း တွေ့မြင်နေရသည့် ဓားထိပ်ပိုင်း၏ နောက်တွင် ဓားကမ်းပါး နှင့် ဓားစံအိမ်များလည်း ရှိသည်။
ဓားကမ်းပါးကို ပညာရှင်များ၏ ဓားကမ်းပါးဟု ကျော်ကြားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ ဓားသမားဘဝကို ဂုဏ်ယူစွာဖြင့် ကမ်းပါးနံရံပေါ်တွင် ဓားအမှတ်အသားများ ထားခဲ့ကြပြီး အများစုမှာ ဓားဘိုးဘေးကြီးများမှချန်ထားခဲ့သော အမှတ်အသားများဖြစ်ကြသည်။ ဓားစံအိမ်မှာမူ ဓားသမားများ ကျင့်ကြံသော ဂူငယ်လေးများဖြစ်သည်။ ထိုနေရာသည် မြေပြင်ပေါ်တွင်တည်ရှိသော ကောင်းကင်ဘုံတစ်ခုကဲ့သို့ ကောင်းမွန် သော ကံတရားတို့ ပြည့်လျှံနေသည့် နေရာဖြစ်သည်။
ဘိုးဘေးများဆီမှ လမ်းညွှန်မှုများမရနိုင်သော်လည်း ထိုဂူငယ်များတွင် ဓားပညာအပေါ် ထိုးထွင်းသိမြင်မှုများစွာ ရရှိနိုင်ခဲ့သည့် မှတ်တမ်းများစွာရှိနေသည်။ ထို့အပြင် ထိုက်ရွှမ်တောင်မှ ထိပ်တန်းဓားပညာများကိုလည်း အမွေ ဆက်ခံခွင့်ရရှိနိုင်ပေသည်။ အရှင်ထိုက်ရွှမ်သည် အသိအမြင်ကြွယ်ဝသူဖြစ်ပြီး များစွာသော ဓားကျမ်းပေါင်း များစွာကိုလည်း စုဆောင်းထားခဲ့ကာ အချို့မှာ ထိပ်တန်းကျင့်စဉ်ဟုသတ်မှတ်နိုင်ပေသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက အရှင်ထိုက်ရွှမ်ကိုယ်တိုင်သည်ပင် အလွန်ထူးခြားသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
ရီဖူရှင်းသည် ဓားချောက်နက်၏ ဓားသမားများနှင့်တပည့်များ၏ ဓားပညာလေ့ကျင့်ခြင်းများကို လေ့လာခဲ့ပြီး အတွေးနက်နေမိသည်။ ဓားချောက်နက်၏ တပည့်အများစုသည် ဓားပညာတွင် သူ့ကိုမယှဉ်နိုင်ကြပေ။ ထိုသူများအား ထိုက်ရွှမ်တောင်မှ ဆင်းသက်လာသော ဓားသမားဟု သတ်မှတ်၍မရနိုင်ပေ။
ဝမ်ရှိုးရီအသုံးပြုခဲ့သော ဓားပညာသည် အလွန်ထူးခြားသည်။ အကယ်၍ ထိပ်တန်းကျင့်ကြံသူသာ အသုံးပြုမည် ဆိုလျှင် မယုံနိုင်လောက်အောင် အစွမ်းထက်သော ဓားပညာတစ်ခုဖြစ်လာပေမည်။
သူသည် ကုချင်းလမ်းစဉ်ကဲ့သို့ပင် ဓားလမ်းစဉ်တွင်လည်း ထူးချွန်ကာ အစွမ်းထက်သည့်ပုံပေါ်နေသော်လည်း သူ၏အစစ်အမှန်စွမ်းအားများသည် ကုချင်းလမ်းစဉ်ကဲ့သို့မဟုတ်ဘဲ မသန့်စင်သေးကြောင်း သူသိပေသည်။ ဓားပညာတွင် သူသည် ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုနှင့် ယခင်ကရရှိခဲ့သော ဝိညာဉ်ခွင်းဓားပညာကို ပေါင်းစပ်နိုင်ခဲ့ သော်လည်း ထိုဓားပညာပေါ်တွင်သာ အလွန်တရာမှီခိုအားထားနေခဲ့ရသည်။ အမှန်တကယ်တွင် သူ၏ ဓားပညာသည် ထိပ်တန်း ဓားပညာများတွင်မူ လုံလောက်မှုမရှိသေးပေ။ အမှန်တကယ်တွင် သူသည် ပျက်စီးခြင်း ဘုံမှ ကောလဟာလများနှင့် နည်းနည်းလေးတောင် မနီးစပ်ချေ။
“မင်းဘယ်လိုထင်လဲ” ရီဖူရှင်းသည် ဓားကွက်များကို ကြည့်နေစဉ် ဓားချောက်နက်မှ တပည့်များသည် သူ့အနား ရောက်လာကြကာ ပြုံးပြီးမေးလိုက်သည်။
ရီဖူရှင်းကပြုံးပြီးဖြေလိုက်သည်။ “ဓားချောက်နက်ရဲ့ တပည့်တွေက ဓားပညာမှာထူးချွန်ကြတယ်”
“မင်းက ဂီတပညာရှင်တစ်ယောက်ပဲ အခုတော့ဓားပညာကိုလေ့လာနေတယ် နားရောလည်ရဲ့လား” ထိုလူသည် နောက်တစ်ခေါက်ထပ်မေးလိုက်သည်။
“ဓားပညာ အပါအ၀င် ပညာရပ်အားလုံးက ဆက်နွယ်မှုတွေရှိတယ်။ အစ်ကိုဝမ်ရဲ့ ထူးခြားတဲ့ဓားပညာကို အရင်က မြင်ခဲ့ပြီးတော့ နောက်ပိုင်း အခြားသူတွေရဲ့ ဓားပညာတွေကို မြင်ခဲ့ရတယ်။ သူတို့က မတူညီတဲ့ ဓားပညာ တွေကို အသုံးပြုကြပေမယ့် သူတို့အားလုံးရဲ့ဓားပညာတွေမှာ ပညာရပ်တစ်ခုရဲ့ ပုံရိပ်ထင်ဟပ်နေတယ်။ ဓားပညာအားလုံးက တူညီတဲ့ပညာရပ်တစ်ခုတည်းက ဆင်းသက်လာတာလား”ရီဖူရှင်း မေးလိုက်သည်။
“ဟုတ်တယ်” နောက်တစ်ယောက်က ပြုံးကာ ခေါင်းညိမ့်လိုက်သည်။ “ အဲဒီဓားပညာရပ်ကို ဓားချောက်နက်ရဲ့ တပည့်အားလုံးက သင်ယူချင်ကြတယ်။ ဓားချောက်နက်ရဲ့တပည့်တွေကများပေမယ့်လည်း အစ်ကိုဝမ်လို အထူးချွန်ဆုံး အဆင့်လူအနည်းငယ်ကပဲ အဲဒီဓားပညာနဲ့ ရှန့်ထိုအဆင့်အထိ ရောက်နိုင်တယ်။ ရန်ဟောင်အဆင့် ဓားသမားက ထိုက်ရွှမ်တောင်ရဲ့ ဓားပညာကိုလေ့ကျင့်မယ်ဆိုရင်တောင် အပြည့်အဝနားလည်သဘောပေါက်ဖို့ အရမ်းခက်ခဲတယ်”
“ ဘယ်လိုဓားပညာမျိုးမို့ ဒီလောက်တောင် ဆွဲဆောင်နိုင်ရတာလဲ” ရီဖူရှင်း သိချင်စိတ်ပြင်းစွာမေးလိုက်သည်။
“တစ်ဒင်္ဂနတ်ဘုရားဓားသိုင်း” ထိုလူငယ်က ပြုံးပြီးပြောကြားခဲ့သည်။
“ဒါပေမယ့်လူအများစုက ပထမအဆင့်ဖြစ်တဲ့ ကောင်းကင်အငွေ့အသက် အထိပဲ ကျင့်ကြံနိုင်ကြတယ်။ ဒီပထမ အဆင့်က အာကာသဓါတ်ကို နားလည်တဲ့သူတွေအတွက် အသင့်တော်ဆုံးပဲ။ အဲ့ဒီစွမ်းအားက ငါတို့ရဲ့ အစစ်မှန်ဆုံးနဲ့ အစွမ်းအထက်ဆုံးစွမ်းအားပဲ”
“အဲဒီလိုလား... ဒါပေမယ့် အစ်ကိုဝမ်ရဲ့ ဓားပညာက ပိုပြီးအစွမ်းထက်သလိုပဲ။ သူဘယ်အဆင့်ကို ရောက်ပြီလဲ” ရီဖူရှင်း မေးလိုက်သည်။
နောက်တစ်ယောက်က သူ့ကိုပြုံး၍ကြည့်ကာဖြေလိုက်သည်။ “ဒုတိယအဆင့် - အရာခပ်သိမ်းဖြတ်တောက်ခြင်း။ ဒီအဆင့်ကို ကျင့်ကြံနိုင်ရင် သာမန်ဓားချက်တစ်ချက်ဟာ ဓားကွက်ရဲ့နာမည်အတိုင်းပဲ လေထုကိုတောင်အပိုင်းပိုင်း ဖြတ်တောက်ပစ်နိုင်လိမ့်မယ်”
“တတိယအဆင့်ကရော” ရီဖူရှင်းမေးလိုက်သည်။
“တတိယအဆင့်က တစ်ဒင်္ဂနတ်ဘုရားဓားသိုင်းပဲ ဒါပေမယ့် ထိုက်ရွှမ်တောင်မှာရှိတဲ့ ရန်ဟောင်အဆင့် လူနည်းစုကပဲ ဒီအဆင့်အထိ ကျင့်ကြံနိုင်ကြတယ်။ ဓားပညာကကျယ်ပြန့်လွန်းတော့ အချိန်တွေ ရေလိုစီးဆင်းပြီး ဓားသိုင်းရဲ့နာမည်လိုပဲ 'တစ်ဒင်္ဂ' အတွင်း နှစ်ပေါင်းများစွာကုန်လွန်သွားတယ်။ တစ်ဒင်္ဂနတ်ဘုရားဓားသိုင်းကိုတော့ မအောင်မြင်ခဲ့ကြဘူး။ နောက်ဆုံးတော့ ဒီဓားပညာကို စွမ်းအားကွာခြားချက်တွေနဲ့ပဲ ခွဲခြားသတ်မှတ်လိုက်ကြတယ် မဟာလမ်းစဉ်ရဲ့ စွမ်းအားမျိုးစုံကို ကျွမ်းကျင်သူတွေပဲ ထိပ်တန်းရောက်နိုင်တယ်။ အရှင်ထိုက်ရွှမ် တစ်ယောက် တည်းကပဲ တစ်ဒင်္ဂနတ်ဘုရားဓားသိုင်းရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်နိုင်ခဲ့တယ်” နောက်ထပ်အဖွဲ့ဝင်တစ်ဦးက အပြုံးနှင့်ရှင်းပြရင်း ရီဖူရှင်းကို စိတ်ဝင်တစားကြည့်နေသည်။
“ညီလေးရှန်းက ဒီပညာရပ်ကို ကျင့်ကြံချင်တာလား” ဟုသူတို့မေးလိုက်ကြသည်။
“ဒီဓားပညာက ဘယ်လောက်ထူးခြားသလဲဆိုတာ လေ့လာကြည့်ဖို့တော့ ကျွန်တော်နည်းနည်း စိတ်ဝင်စားတယ် ဒါပေမယ့် ကျွန်တော့် ပါရမီက အကန့်အသတ်ရှိတယ်လေ။ တကယ်လို့များ ဒီဓားပညာကို ကျင့်ကြံဖို့ ရွေးချယ်ခဲ့မယ် ဆိုရင် ဘယ်အဆင့်အထိပဲ ရောက်နိုင်မလဲ မသိဘူးနော်” ဟုရီဖူရှင်းက နိမ့်ချသောလေသံဖြင့် ပြန်လည်ဖြေကြား ခဲ့ပြီး သူ၏ရည်ရွယ်ချက်အား မငြင်းဆန်ဘဲ ထုတ်ပြောလိုက်သည်။ သူသည် ဓားချောက်နက်သို့ အချိန်ဖြုန်းရန် လာခဲ့ခြင်း မဟုတ်သဖြင့် ပုန်းလျှိုးကွယ်လျှိုး ကျင့်ကြံနေစရာမလိုအပ်ပေ။
“ညီလေးရှန်ကျင်းအတွက် စပြီးကျင့်ကြံဖို့လွယ်ကူမှာပါ။ တစ်ဒင်္ဂနတ်ဘုရားဓားသိုင်းက အန္တိမဓားပညာရပ်တစ်ခုပဲ ပထမအဆင့်နှစ်ဆင့်က လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ညီလေးရှန်း ကျင့်ကြံချင်တယ်ဆိုရင် ပြဿနာမရှိပါဘူး ပြီးတော့လဲ ပညာရှင်များ၏ ဓားကမ်းပါးမှာ အရင်ကျင့်ကြံသူတွေ ချန်ခဲ့တဲ့ ဓားအမှတ်အသားတွေအများကြီးရှိတယ် ဒါကြောင့်အဲဒါတွေကိုကြည့်ပြီးတော့လဲ သင်ယူနိုင်တယ်” ဟုအခြားတစ်ယောက်က ဆက်ပြောသည်။ ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ “ကျွန်တော့်ကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဒါက ဘာမှမဟုတ်ပါဘူး” ဟုအပြုံးနှင့် ပြန်လည်ဖြေကြားပြီး သူတို့ကဆက်ပြောလိုက်သည်။
“ညီလေးရှန်ကျင်း ပြဿနာတစ်ခုခုရှိရင် ငါတို့ဆီလာခဲ့ပါ”
“သေချာတာပေါ့” ရီဖူရှင်းကပြန်ပြောလိုက်သည်။
အတန်ကြာအောင် ဆက်လက်ကြည့်ရှုပြီးနောက် ရီဖူရှင်း ဓားချောက်နက်မှ ထွက်လာခဲ့သည်။ ထို့နောက် ရီဖူရှင်းသည် တေးသံသာစံအိမ်တွင် နေ့စဉ်လေ့ကျင့်ခြင်းအပြင် ဓားချောက်နက်မှ ဓားပညာများကိုလည်း လေ့လာ ကြည့်ရှုခဲ့သည်။
ဓားချောက်နက်တွင်ရှိသော သူတိုင်းသည် လေ့လာသင်ယူခြင်းအား နှစ်သက်သော ဂီတပညာရှင်တစ်ယောက် ရှိကြောင်း သိရှိနေကြပြီဖြစ်သည်။ သူသည် တေးသံသာစံအိမ်၏ စောင့်ရှောက်သူလည်းဖြစ်ပြီးစတုတ္ထသခင်မလေး ကိုယ်တိုင် ထိုက်ရွှမ်တောင်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သောသူဖြစ်သည်။
ရီဖူရှင်းသည် ဓားချောက်နက်တွင် တိတ်ဆိတ်စွာနေ၍ သူ၏အချိန်အများစုကို ဓားပညာအား လေ့လာရှုမှတ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ သူသည် လူအများနှင့် စကားပြောခဲလှသည်။ ရံဖန်ရံခါတွင်သာ သူသည် မေးခွန်းအချို့ကို မေးလေ့ရှိပြီး သူ၏နှိမ့်ချတတ်မှုနှင့် လေ့လာသင်ယူလိုသော သဘောထားများကြောင့် လူအများ၏ နှစ်သက် သဘောကျမှုများကို ရရှိခဲ့သည်။ နောက်ဆုံးတွင် ဓားချောက်နက်၏ တပည့်အများစုသည် ရှန့်ထို အဆင့်သို့ ရောက်နေသူများဖြစ်ကြပြီး သူတို့အားလုံးသည် ထူးခြားသော စိတ်နေစိတ်ထားရှိကြသူများ ဖြစ်သည်။ ရီဖူရှင်းသည် သူတို့၏ကိုယ်ပိုင်လမ်းကြောင်းနှင့် ဆန့်ကျင်နေသည့်အနေအထားရှိသော မေးခွန်းများကို မေးသည့် အခါမျိုးတွင် စိတ်အားထက်သန်စွာဖြင့် ပြန်လည်ဖြေဆိုခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ရီဖူရှင်းသည် ဓားချောက်နက်၏ တပည့်တစ်ယောက်ပမာ ဖြစ်လာသည်။ ဓားချောက်နက်မှ ကျင့်ကြံသူများသည် သူ၏တည်ရှိမှုကို နေသားကျလာကြသည်။
သို့သော် ဖီးနစ်လေးသည် မကျေမနပ်ဖြစ်ကာ ရီဖူရှင်းသည် အရာရာတိုင်းတွင် ဝင်ပါချင်သည့်သူဖြစ်သည်ဟု မကြာခဏ တိတ်ဆိတ်စွာဖြင့် ညည်းညူနေခဲ့သည်။ သူသည် ကုချင်းလမ်းစဉ်ကို အာရုံစိုက်မည့်အစား ဓားပညာ များကို လေ့လာရန် ဓားချောက်နက်သို့ မကြာခဏသွားနေခဲ့သည်။ ရီဖူရှင်းသည် ဖီးနစ်တောင်ပံ၏လေဟုန်ခရီးကို တီးခတ်ချိန်တွင် သူမ၏စွမ်းရည်များ တိုးတက်လာခြင်းအား သူမအလွန်နှစ်သက်သည်ဖြစ်ပြီး ယခုမူ ရီဖူရှင်းသည် သူမအား အချိန်မပေးနိုင်တော့ခြင်းကြောင့် သူမ၏ပျော်ရွှင်ဖွယ်အချိန်များအား ဆုံးရှုံးသွားရပြီဖြစ်သည်။ ထိုသံစဉ်အား ကြားရတိုင်း သူမကိုယ်သူမ တိုးတက်လာသည်ဟု ခံစားရခဲ့ရသည်။ ထိုအတိုင်းသာ ဆက်လက် ဖြစ်နေမည် ဆိုပါက နောက်အဆင့်သို့ ရောက်ရှိရန် အလွန်နီးကပ်နေပြီဖြစ်သည်။
ယနေ့တွင် ဓားချောက်နက်သို့ အလွန်ထူးခြားသည့် ဧည့်သည်တစ်ယောက်ရောက်လာသည်။
ထိုသူမှာ အရှင်ထိုက်ရွှမ်၏ ဓားပညာအား ဖခင်ထံမှ အမွေဆက်ခံနိုင်ခဲ့သော ထိုက်ရွှမ်မြို့စား၏သမီး မင်းသမီး လော့ယွဲ့ဖြစ်သည်။ လော့ယွဲ့သည် ယခင်က ဓားချောက်နက်တွင် လေ့ကျင့်ခဲ့ဖူးသည်။ ဖခင်ဖြစ်သူက သူမအား အရှင်ထိုက်ရွှမ်ဆီသို့ လည်ပတ်ရန်ခေါ်ဆောင်လာသောအခါ ထိုအခွင့်အရေးကိုအသုံးချကာ ဓားချောက်နက်သို့ တဖန်လာရောက်လည်ပတ်ခြင်း ဖြစ်သည်။
ဓားချောက်နက်ရှိ တပည့်များသည် လော့ယွဲ့ကိုသိကြပြီး သူတို့အချင်းချင်း ဂိုဏ်းတူမောင်နှမများအဖြစ် သတ်မှတ် ဆက်ဆံလေ့ရှိကြသည်။
ထိုအချိန်တွင် ဓားချောက်နက်နှင့် ဓားထိပ်ပိုင်းတို့၏ အနောက်ဘက်ရှိ ဓားကမ်းပါးတစ်ခုတွင် ဓားချောက်နက်၏ တပည့်များစွာ ရှိနေကြသည်။ ထိုနေရာသည် ဓားချောက်နက်တွင် ကျော်ကြားသော ဓားကမ်းပါးတစ်ခုဖြစ်သည်။ ချောက်ကမ်းပါးနံရံပေါ်တွင် အလွန်အစွမ်းထက်သော အကြီးအကဲတစ်ဦး ထားရှိခဲ့သည့် ဓားအမှတ်အသားများ ရှိသည်။ များစွာသောတပည့်များသည် ထိုဓားအမှတ်အသားအတွင်းတွင် ရှိနေသောအရာအား ထိုးထွင်း သိမြင်နိုင်ရန် ရောက်လာလေ့လာကြသည်။
လော့ယွဲ့သည် ဓားကမ်းပါးနံရံရှေ့တွင်ရပ်ကာ ကြည့်လိုက်သည်။ သူမ၏ဖခင်သည် ဓားသမားကောင်းတစ်ဦးပင် ဖြစ်သော်လည်း သူ၏တိုက်ပွဲများတွင် ပုဆိန်ကဲ့သို့သော အခြားသောနည်းစနစ်များကို အသုံးပြုသည်ပင်ရှိခဲ့သည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် အခြားဂိုဏ်းများ၏ ကောင်းမွန်သော ပညာရပ်များကို လေ့လာရှုမှတ်ရန် လိုအပ် နေဆဲပင် ဖြစ်သည်။
သူမသည် တစ်ဒင်္ဂနတ်ဘုရားဓားသိုင်းကို ကျင့်ကြံရာတွင် ဒုတိယအဆင့်ဖြစ်သော အရာခပ်သိမ်းဖြတ်တောက် ခြင်းတွင် တစ်ဆို့နေခဲ့သည်။ သူမထပ်မံအဆင့်တက်ရန် ခက်ခဲနေခဲ့သည်။ ထို့ကြောင့်သူမသည် ထိုက်ရွှမ် တောင်သို့ နောက်တစ်ကြိမ် ပြန်လာလိုသောကြောင့် သူမ၏ဖခင်က ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
လော့ယွဲ့သည် ကမ်းပါးကိုကြည့်လိုက်ရုံနှင့် ပတ်ဝန်းကျင်တွင် ဖိနှိပ်နိုင်စွမ်းသော ဓားစွမ်းအင်များကို ခံစားလိုက် ရသည်။ အချိန်အနည်းငယ်ကြာသောအခါ သူမသည် ထက်မြက်သောပုံသဏ္ဍန်ဖြင့် လေထုထဲသို့ညွှန်ပြလိုက်သည်။ ရုတ်တရက် များစွာသော ဓားချီများသည် မုန်တိုင်းတစ်ခုပမာ လေထုထဲတွင် ပျံ့နှံ့သွားပြီး ကောင်းကင်အား ပိုင်းဖြတ်သွားသည်။
“ညီမ လော့ယွဲ့ရဲ့ ဓားပညာက ပိုပြီးသန့်စင်လာပြီ။ ဒီအတိုင်းဆိုရင် အရာခပ်သိမ်း ဖြတ်တောက်ခြင်းအဆင့် ရောက်ဖို့ သိပ်ပြီးကြာတော့မှာမဟုတ်ဘူး” ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။ လော့ယွဲ့ကို ပြောလိုက်သောသူမှာ ဓားချောက်နက်၏ တပည့်တစ်ဦးဖြစ်သော ဝမ်ရှိုးရီဖြစ်သည်။
“စီနီယာ အစ်ကိုက အရမ်းချီးကျူးလွန်းနေပါပြီ ကျွန်မရဲ့အဆင့်က စီနီယာအစ်ကိုနဲ့ယှဉ်ရင် အများကြီးလိုနေ သေးတာ ကျွန်မသိပါတယ်” လော့ယွဲ့သည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ပျက်စီးခြင်းဘုံတွင် သူမကြုံတွေ့ရသော ဓားသမားကို သူမ မမေ့နိုင်သေးပါ။ သူ၏ဓားချက်သည် အရမ်း ရိုးရှင်းပြီး သာမန်ဓားချက်တစ်ချက်နှင့်ပင် လုံလောက်ပေသည်။ ထိုဓားချက်သည် သူမ၏ ဂိုဏ်းတူအစ်ကိုဝမ်ရှိုးရီနှင့် ယှဉ်ပြိုင်နိုင်မည်လားဟု သူမသိချင်မိသည်။
“အများကြီးတော့ ကွာခြားချက်ရှိမယ်လို့မထင်ပါဘူး အခုပုံအတိုင်းဆို ညီမက အချိန်မရွေးအတားအဆီးကို ကျော်ဖြတ်သွားနိုင်တယ်” ဝမ်ရှိုးရီကပြောသည်။ “လော့ယွဲ့ မင်းအတွက် ငါ လမ်းညွှန်ပေးမယ်”
လော့ယွဲ့က ဝမ်ရှိုးရီကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။ “ ကျေးဇူးတင်ပါတယ် အစ်ကို”
စကားပြောပြီးနောက် သူတို့နှစ်ယောက်သည် တစ်ဖက်တစ်ချက်စီသို့ သွားလိုက်ကာလေထဲတွင် ပျံဝဲသွားသည်။ လူပေါင်းများစွာသည် သူတို့နှစ်ဦီး၏ ပညာဖလှယ်မှုကို ကြည့်ရှုရန်ပြင်ဆင်လိုက်ကြသည်။ ဝမ်ရှိုးရီသည် လော့ယွဲ့အား သူ၏ဓားကိုအသုံးပြုပြီး လမ်းပြရန် ရည်ရွယ်နေကြောင်း ထင်ရှားပေသည်။
ချက်ချင်းဆိုသလို ဓားချီများသည် နေရာတိုင်းတွင် ပျံ့နှံ့သွားသည်။ လူတိုင်းမျှော်လင့်ထားသလိုပင် ဝမ်ရှိုးရီ၏ ဓားပညာသည် အဆင့်တစ်ဆင့်အား ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး သူရည်ရွယ်ချက်မှာ လော့ယွဲ့အား တစ်ဆင့်ပြီး တစ်ဆင့် လမ်းညွှန်ပေးနိုင်ရန်ဖြစ်သည်။
လော့ယွဲ့၏ ဓားကွက်သည် သူ၏ဓားကွက်နှင့် အလွန်ဆင်တူသော်လည်း သူမ၏ဓားချက်များတွင် အမြဲတမ်းလိုလိုပင် တစ်စုံတစ်ရာလိုအပ်နေခဲ့သည်။
ထိုအချိန်တွင် ရုတ်တရက် ကုချင်းသံအား ကြားလိုက်ရသည်။ ထိုကုချင်းသံသည် ဓားချက်များနှင့် ပေါင်းစည်း သွားသည်။ ကုချင်းသံသည် ဓားကွက်များနှင့် လိုက်ဖက်ညီစွာ လိုက်ပါပြောင်းလဲနေသည်။ အချို့က ဓားကွက်များကို ဆက်လက်ကြည့်ရှုနေကြပြီး အချို့သည် သံစဉ်ထွက်ပေါ်လာရာအရပ်သို့ ကြည့်လိုက်ကြသည်။ ထိုသံစဉ်အား ရှန်ကျင်း မကြာခဏတီးခတ်သည်ကို ကြားဖူးကြသောကြောင့် မည်သူမျှ အံ့အားသင့်ခြင်းမရှိကြပေ။
ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့၏ ဓားကွက်များသည် ပိုမိုအားကောင်းလာကြသည်။ ဝမ်ရှိုးရီသည် လော့ယွဲ့အား သူမ၏ ဓားကွက်များကိုထုတ်ရန် စတင်၍ ဖိအားပေးလိုက်သည်။ သို့သော်လော့ယွဲ့သည် သူမတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု ခံစားနေရဆဲဖြစ်သည်။
ထိုအချိန်တွင် ကုချင်းသံသည် သူမနားထဲကိုစီးဝင်လာပြီး သူမရဲ့စိတ်ထဲတွင် ပုံရိပ်ယောင် တစ်ခုပေါ်ပေါက် လာသည်။ ဂီတသံစဉ်သည် ဓားကွက်များ နှင့်ဆင်တူနေသည်။ သူမသည် မည်သို့မျှ မတတ်နိုင်ဘဲ သူမ၏ လက်ကိုဝေ့ရမ်းလိုက်သည်။ ချက်ချင်းပင် တောက်ပသော ဓားအလင်းတန်းများသည် လော့ယွဲ့၏ လှပသော မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ ထိုအချိန်ခဏလေးအတွင်းတွင် သူမနှလုံးခုန်သံများ မြန်ဆန်လာပြီး စွမ်းအားပြင်းထန်သော ဓားကွက်များသည် သူမထံမှထွက်ပေါ်လာသည်။
ဝှစ်…
ကောင်းကင်ကိုးလွှာသို့တိုင် တောက်ပသွားသော ဓားချက်တစ်ချက် ဖြစ်ပေါ်လာပြီး ဝမ်ရှိုးရီ၏ဓားနှင့် ထိခတ်သွား ခဲ့သည်။ ဓားမုန်တိုင်းနှစ်ခုသည် ရောယှက်သွားပြီး ဓားကွက်များ ပျက်ပယ်သွားကာ တိုက်ပွဲလည်း အဆုံးသတ် သွား၏။
ခဏကြာသော် လေထုထဲရှိ ဓားချီများသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မျက်နှာချင်းဆိုင် ရပ်နေသော လူနှစ်ယောက်ကို တွေ့ကြရသည်။
“ဂုဏ်ယူပါတယ် ဂျူနီယာ ညီမလေး” ဝမ်ရှိုးရီက ပြုံးပြီးပြောလိုက်သည်။
“အောင်မြင်သွားတာလား” ထိုနေရာရှိလူများအားလုံး အံ့အားသင့်သွားကြသည်။ အစ်ကိုဝမ်သည် လော့ယွဲ့၏ ဓားကွက်ကို လမ်းညွှန်ခြင်းဖြင့် သူမအား ထိုးထွင်းသိမြင်မှုများရရှိစေခဲ့ပြီး အောင်မြင်စွာ အဆင့်ချိုးဖေါက်စေရန် ကူညီခဲ့သည်။ အခုအချိန်တွင် သူမသည် ယခင်ကထက်ပိုပြီး အစွမ်းထက်လာပြီဖြစ်သည်။
လော့ယွဲ့သည် အချိန်အတန်ကြာသည်အထိ တုန်လှုပ်ချောက်ချားနေဆဲ ဖြစ်သည်။ အခုအချိန်တွင် သူမ၏ ဓားအပေါ်တွင်ဖြစ်ပေါ်လာသော ထိုးထွင်းသိမြင်မှုများသည်…
“အခုလို ညွှန်ကြားပေးတဲ့အတွက် စီနီယာအစ်ကိုကို ကျေးဇူးတင်ပါတယ်” လော့ယွဲ့က ဝမ်ရှိုးရီအား ဦးညွှတ် ဂါဝရပြုလိုက်သည်။
“မင်းက အဆင့်တက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာပါ မင်း ဒီအဆင့်ကို အနှေးနဲ့ အမြန်ထိုးဖောက်နိုင်မှာပါ ဒါငါနဲ့ဘာမှမဆိုင်ပါဘူး” ဝမ်ရှိုးရီပြုံးပြီးပြောလိုက်သည်။
“ခြေတစ်လှမ်းစာဆိုတဲ့ ထောင်ချောက်ထဲမှာ ကျွန်မအကြာကြီး မိနေနိုင်တာပဲလေ” လော့ယွဲ့ ခေါင်းခါလိုက်သည်။ သူမ တစ်စုံတစ်ခုအား နားလည်လိုက်သည်။
ထိုအချိန်တွင် သူမသည် ဓားကမ်းပါးရှေ့ ကျောက်တုံးပေါ်တွင် ထိုင်နေသော သူအား ကြည့်လိုက်သည်။ ရီဖူရှင်းသည် ကုချင်းအား သူ့ရှေ့တွင်ချကာထိုင်နေပြီး ထိုအချိန်တွင် ဂီတသံစဉ်သည်လည်း ရပ်တန့်သွားပြီ ဖြစ်သည်။
သူမသည် ထိုသူအား ထိုက်ရွှမ်တောင်၏ ဂီတပညာရှင် ရှန်ကျင်း ဖြစ်ကြောင်း သိရှိကာ သူသည် တေးသံသာ စံအိမ်တွင် ကုချင်းများကို စောင့်ရှောက်ရသူ ဖြစ်သွားကြောင်း ကြားသိခဲ့ရသည်။ သူသည် လေ့လာသင်ယူရန် အလွန်စိတ်အားထက်သန်သူဖြစ်ပြီး ဓားချောက်နက်သို့ လာရောက်ကျင့်ကြံနေသည်။
“အခုဖြစ်သွားတာတွေက တိုက်ဆိုင်မှုတစ်ခုလား” လော့ယွဲ့သည် သူမ၏ စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်သည်။ ကုချင်းသံသည် သူမ၏ စိတ်ဝိညာဉ်အား လမ်းပြပေးခဲ့ပုံပေါ်သည်။
“ရှန်ကျင်းက မင်းသမီးလော့ယွဲ့ကို နှုတ်ဆက်ပါတယ် “ လော့ယွဲ့ သူ့ကိုကြည့်နေသည်ကို မြင်သဖြင့် ရီဖူရှင်းက ပြုံးပြီး နှုတ်ဆက်လိုက်သည်။
“အင်း…” လော့ယွဲ့သည် တစ်ခြားသူများနည်းတူ မည်သည့်ထူးခြားမှုမျှမရှိသော ရီဖူရှင်းအားကြည့်ရင်း သူမကိုယ်သူမ အရမ်းအတွေးလွန်နေသည်ဟု ယူဆလိုက်သည်။
“ဦးလေးကမင်းကို ဂီတပညာရှင်အဖြစ် ထိုက်ရွှမ်တောင်ကိုပို့လိုက်ပေမယ့် အဲဒါက မင်းကို အခွင့်အရေးအများကြီး ပေးလိုက်တာပဲ ကျင့်ကြံတာကိုအာရုံစိုက်ပါ” ဟု လော့ယွဲ့က ရီဖူရှင်းကိုပြောပြီးထွက်ခွာသွားခဲ့သည်။
***