ကမ္ဘာကြီး၏ လက်ရှိအခြေအနေ
Vol. 5 Ch. 64
အခန်း (၆၄) : ကမ္ဘာကြီး၏ လက်ရှိအခြေအနေ
ကျန့်ယီနှင့် ကျန့်ဝူရွှမ်းတို့ ထွက်သွားပြီးနောက် ဝမ်ဝေ့နှင့် တာအိုအခွင့်အလမ်းဂိုဏ်းမှ လူများသည် လေသင်္ဘောဖြင့် ဂိုဏ်းဆီ ပြန်လာလိုက်ကြသည်။
ခရီးလမ်းက ရှည်ကြာသောကြောင့် ဝမ်ဝေ့က မဟာအကြီးအကဲဝမ်ဖူအား ကူးပြောင်းရေး အစီအရင်ကို အသုံးပြုမည့်အစား ဖြည်းဖြည်းချင်း မောင်းဖို့သာ တောင်းဆိုလိုက်သည်။ ဝမ်ဝေ့က ဒီတစ်လျှောက်လုံး ပြင်ပလောကကို မသိရဘဲ ဂိုဏ်းအတွင်း၌သာ နေထိုင်ခဲ့ရသည်။
သူ ပြန်ရောက်သည့်အခါ စတင် ကျင့်ကြံရမည် ဖြစ်ပြီး အားအားယားယား စိတ်အပန်းဖြေချိန် မရှိတော့ချေ။ နောက်တစ်ခါ အပြင်ပြန်ထွက်ဖို့ အခွင့်အရေး ရလာဖို့ နှစ်ဘယ်လောက်ကြာမြင့်ဦးမည်ကို ကောင်းကင်ဘုံသာ သိလိမ့်မည်။
ဝမ်ဝေ့တစ်ယောက်တည်း ဒီလိုခံစားနေရခြင်း မဟုတ်ပေ။ လီကျွင်း၊ ယန်းလီလင်းနှင့် သူတို့အဖွဲ့သားများလည်း အတူတူ ဖြစ်၏။
လေသင်္ဘောကို မမြင်နိုင်အောင် အစီအရင်ချထားပြီး တစ်ဖွဲ့သားလုံးက သူတို့ဖြတ်သွားသမျှ နေရာများကို လေ့လာကြည့်ရှုနေကြသည်။ သူတို့က သေမျိုးများ၏ နေ့စဉ်ဘဝသည် ကျင့်ကြံသူများနှင့် မည်မျှကွာခြားကြောင်း တွေ့မြင်ခဲ့ရ၏။ ဒီကမ္ဘာရှိ ပတ်ဝန်းကျင်သည် ချီစွမ်းအား ပေါကြွယ်ဝသောကြောင့် သေမျိုးများက ဖူဖူလုံလုံ စားသောက်နိုင်သင့်ပေသည်။ သို့သော်လည်း ထိုသို့မဟုတ်ခဲ့ပေ။
သေမျိုးအများစုက စားစရာရှိရုံမျှသာ ဖြစ်၏။ အကြောင်းအရင်းတစ်ချက်မှာ သူတို့က ဒီကုန်းမြေကို ဘယ်လိုစိုက်ပျိုးရမလဲ မသိကြပေ။ ထိုအသိပညာက တော်ဝင်မျိုးနွယ်တွေ လက်ထဲသာ ဆုပ်ကိုင်ထားကြသည်။ သို့သော်လည်း တော်ဝင်မျိုးနွယ်ဟု ခေါ်သူများ၏ စိုက်ပျိုးနည်းကလည်း ရှေးကျလွန်းလှသည်။
နောက်ထပ်တစ်ချက်မှာ သေမျိုးများ ရုန်းကန်နေသည့်အချက်မှာ သူတို့နေထိုင်ရာ တိုင်းပြည်၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကြောင့် ဖြစ်၏။ ဒီကမ္ဘာ၌ တိုင်းပြည် အမျိုးအစား နှစ်ခု ရှိလေသည်။
တစ်မျိုးက သေမျိုးများက ဦးဆောင်ပြီး နောက်တစ်မျိုးမှာ မဟာကျိုးတော်ဝင်တိုင်းပြည်လိုမျိုး ကျင့်ကြံသူများက ဦးဆောင်ကြသည်။ ကျင့်ကြံရေး ဘုရင်စနစ်၌ နေထိုင်သူတို့၏ ဘဝမှာ အတော်လေး ကောင်းမွန်ကြသည်။ သူတို့အုပ်ချုပ်သူက တိုင်းပြည်၏ ကံကောင်းမှု တိုးမြင့်လာဖို့ လူများစွာ၏ ပျော်ရွင်မှု၊ သက်ဝင်မှုတို့ လိုအပ်သည် မဟုတ်ပါလော။ ထို့ကြောင့် တိုင်းပြည်က တိုင်းသူပြည်သားများအား ဘေးကင်းမှု၊ အစားအစာလုံလောက်မှု၊ အဝတ်အစားနှင့် ချမ်းသာကြွယ်ဝမှုတို့ကို အာမခံထားကြသည်။
သို့သော်လည်း သေမျိုးတိုင်းပြည်များ၌ သာမန်လူများက အတော်လေး ခေါင်းပုံဖြတ်ခံရသည်။ ထိုတိုင်းပြည်များ၏ ဘုရင်များက သူတို့ရရှိထားသည့် ကုန်းမြေ၏ အရင်းအမြစ်ကို ဆုတ်ယုတ်အောင်သာ လုပ်နေကြသည်။ တော်ဝင်မျိုးနွယ်၏ မျက်လုံးများ၌ သူတို့က မထိမတွေ့နိုင်သည့် လူအုပ်စုသာ ဖြစ်ပြီး တစ်ယောက် သေဆုံးသွားလျှင်ပင် အများကြီး ကျန်ရှိနေဦးမည် ဖြစ်၏။
ဝမ်ဝေ့က ထိုအကြောင်းအရာများကို မြင်သည့်အခါ ခေါင်းယမ်းလိုက်သည်။ အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က မြင်လိုက်ပြီး သခင်လေး ဘာတွေးနေလဲ သိချင်မိသွား၍ မေးလိုက်သည် “သခင်လေး ဘာလို့ခေါင်းခါနေရတာလဲ ”
ဝမ်ဝေ့က ရုတ်တရက် ထမေးလိုက်သော မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။
“ကျွန်တော်တို့ ကျင့်ကြံသူတွေက ဘယ်လောက်တောင် ဖြုန်းတီးပစ်နေလဲ၊ ကျွန်တော်တို့လူမှုအဖွဲ့အစည်းက ဘယ်လောက်တောင် နောက်ပြန်သွားနေလဲ တွေးလိုက်မိလို့ပါ ”
“အိုး ” အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က စိတ်ဝင်တစား မေးလိုက်သည် “သခင်လေးက ဘာကိုဆိုလိုချင်တာလဲ”
တကယ်တော့ သူ တစ်ယောက်တည်း ဒီခေါင်းစဉ်ကို စိတ်ဝင်စားနေခြင်း မဟုတ်ပေ။ လေသင်္ဘောပေါ်ရှိ လူအများစုက သူ ဘာပြောမလဲ သိချင်ကာ နားစွန့်နေကြသည်။
ထို့ကြောင့် ဝမ်ဝေ့က သူ့အတွေးအမြင်များကို စတင်ရှင်းပြရတော့သည်။
“ကျွန်တော့်အမြင်မှာ ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက် အရေးကြီးဆုံးက လူဦးရေပဲ။ သေမျိုး ၉၉ ရာခိုင်နှုန်းလောက်က ချီစွမ်းအားတွေကို စုပ်ယူပြီး ခန္ဓာသန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ ကျင့်ကြံသူတွေခေါ်ကြတဲ့ အလုံခန္ဓာကိုယ် မရှိကြဘူး။ တကယ်တမ်းကျ ကျင့်ကြံသူတွေအများစုက သာမန်သေမျိုးကနေ ဖြစ်လာတာပဲလေ။
သေမျိုး လူဦးရေမများရင် ကျင့်ကြံသူအရေအတွက်ကလည်း လျော့ကျသွားမှာပဲ။ အဲဒါဆိုရင် အသင်္ချေအင်ပါယာအလွှာတစ်ခုလုံးရဲ့ အင်အားလည်း လျော့ကျသွားမှာပဲမလား ”
လူများက ဝမ်ဝေ့၏ စကားများကို စဉ်းစားကာ မှန်ကန်သည်ဟု ထင်ကြသည်။ လူဦးရေ သန်းပေါင်းများစွာရှိသော သေမျိုးများကြား တစ် ရာခိုင်နှုန်းလောက်သာ ကျင့်ကြံဖို့ ပါရမီပါရှိကြသော်လည်း ကျင့်ကြံသူအရေအတွက်က များပြားနေဆဲ ဖြစ်၏။
“အစ်ကိုကြီးဝမ်ဝေ့ ပြောတာ ဆီလျော်တယ်” လီကျွင်းက ပြောလိုက်သည် “ဒါပေမဲ့ ကျွန်တော်တို့ ဖြုန်းတီးမိနေတာနဲ့ ဘာဆိုင်တာလဲ”
ထိုမေးခွန်းက လူအားလုံး သိချင်နေကြသည့် မေးခွန်း ဖြစ်ကြသည်။ ထို့ကြောင့် ဝမ်ဝေ့က ဆက်ရှင်းပြလိုက်၏။
“ အောက်က စိုက်ပျိုးမြေတွေကို ကြည့်ပါဦး။ အများကြီးရှိနေရက်နဲ့ မစိုက်မပျိုးဘဲ အလကားဖြစ်နေတုန်းပဲ။ အသုံးပြုထားတာတွေကျတော့လည်း သက်ရောက်မှုက အားနည်းတယ်။ လေထဲ ဒီလောက်ဝိညာဉ်စွမ်းအားတွေ ပေါကြွယ်နေတာဆိုတော့ အခြေအနေတွေသာ တိုက်ဆိုင်ရင် သေမျိုး လယ်သမားတစ်ယောက်အတွက် တစ်ရာသီမှာ အထွက်နှုန်း ပိုတိုးလာစေမှာပဲ။ အဲလိုဆိုရင် သူတို့အတွက် စားဖို့လည်း ဖူလုံသွားလိမ့်မယ်။
ဒါပေမဲ ပိုကောင်းတာက ကျင့်ကြံသူတွေက ရေ-သစ်သား မန္တန်နဲ့ အထွက်နှုန်းကို ကူညီပေးလို့ရတယ်လေ။ ကျင့်ကြံသူတွေက သေမျိုးတွေအတွက် မဖြစ်နိုင်တာတွေကို အများကြီး လုပ်နိုင်တယ်။ သေမျိုးတစ်ယောက်အတွက် လချီလုပ်ရမဲ့ ကိစ္စက ကျင့်ကြံသူတွေအတွက် စက္ကန့်ပိုင်းလောက်နဲ့ ပြီးသွားနိုင်တယ်။
ဒီလောက်များပြားတဲ့ စိုက်ပျိုးမြေတွေကို ကျင့်ကြံသူတွေရဲ့ စွမ်းအားနဲ့ဆိုရင် အစားအစာ ပမာဏလည်း တိုးမြင့်လာမှာပဲ။ အစားအစာပိုများလာရင် သေမျိုးအရေအတွက်လည်း ပိုတိုးလာမယ်။ လူတွေပိုများလာရင် ကမ္ဘာတစ်ဝှမ်း ကျင့်ကြံသူတွေလည်း ပိုများလာမယ်။ အဲဒီအခါ အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံး ပိုမိုစည်ကားကြွယ်ဝလာလိမ့်မယ် ”
ဝမ်ဝေ့၏ စကားကို ကြားကာ အားလုံးက ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး သူ့အား ရူးနေသည်လားဟု ကြည့်လိုက်ကြသည်။ သူတို့အတွက် သခင်လေးဝမ်ဝေ့၏ စကားများက ကျိန်ဆဲနေသလို ဖြစ်၏။
နှစ်သန်းချီကြာမြင့်အောင်အထိ ကျင့်ကြံသူများက မြင့်မြတ်ကြောင်း အရိုးစွဲနေသည့် အတွေးအခေါ်က သူတို့သွေးသားထဲ၊ အရိုးထဲအထိ နစ်ဝင်နေလေပြီ။ သို့သော် ဝမ်ဝေ့က ထိုစွမ်းအားကြီး မြင့်မြတ်သည့် ကျင့်ကြံသူများကို လယ်စိုက်ခိုင်းနေလေသည်။ သူတို့အများစုအတွက် အမြင့်မားဆုံး ကျိန်ဆဲလိုက်ခြင်း ဖြစ်သည်။
ဝမ်ဝေ့က သူတို့အမူအရာများမှ အတွေးများကို မှန်းဆမိလိုက်သည်။ သို့သော်လည်း သူက သူတို့တွေးခေါ်ပုံကိုသာ သရော်မိလိုက်သည်။
အကယ်၍ သူတို့ နက်နက်ရှိုင်းရှိုင်း တွေးကြည့်ပါက သေမျိုးနှင့် ကျင့်ကြံသူများ၏ ဆက်သွယ်မှု နက်ရှိုင်းပုံကို သဘောပေါက်သွားကြလိမ့်မည်။ သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူများက အထွတ်အထိပ်နယ်ပယ်အဆင့် တက်လှမ်းဖို့အတွက် အဘယ်ကြောင့်များ သေမျိုးတဖန်ကို ပြန်လည်ဖြတ်ကျော်ရသနည်း။
အကြောင်းမှာ သူတို့မူလဇစ်မြစ်ဆီ ပြန်သွားပြီး သူတို့ခေါ်ဆိုသည့် မြင့်မြတ်သော ကျင့်ကြံသူများ ဖြစ်မလာခင် အားနည်းသည့်အချိန်ကို ပြန်သွားပြီး သူတို့သည်လည်း တစ်ခါက သေမျိုးဖြစ်ခဲ့ကြောင်း ပြန်မှတ်မိစေရန် ဖြစ်သည်။
သူတို့၏ ဇစ်မြစ်အကြောင်း ပြန်လည်အမှတ်ရစေရန် ဖြစ်ပြီး စကြဝဠာအတွင်း တစ်ခုတည်းသော မြင့်မြတ်သည့် တည်ရှိမှုဖြစ်သည့် တာအို၏ ကြီးမြတ်မှုနှင့် ကျယ်ပြောမှုတို့နှင့် ရင်ဆိုင်လိုက်ရသည့်အခါ စိတ်သဘောထားကို ထိန်းညှိနိုင်ရန် ဖြစ်သည်။
တကယ်တော့ လေသင်္ဘောပေါ် အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ရှိထားသည့် တစ်ဦးတည်းသောလူအဖြစ် အကြီးအကဲချုပ် ယန်းချန်က သေမျိုးများ၏ အရေးပါပုံကို သိထားသည်။ ထို့ကြောင့် ဝမ်ဝေ့၏ စကားများကို ကြားသည့်အခါ အရမ်းကြီး အံ့ဩသွားခြင်း မရှိပေ။
သို့သော်လည်း စကားထဲ ပြဿနာတချို့ရှိနေသေးကြောင်း ခံစားမိနေသည်။ ထို့ကြောင့် သူက မေးလိုက်၏ “ သခင်လေး ပြောတာက အဆင်ပြေပေမဲ့ သေမျိုးတွေက ကျင့်ကြံသူတွေကို ကြောက်နေတဲ့ ကြောက်စိတ်ကို ဘယ်လိုဖြေရှင်းကြမလဲ။ ပြီးတော့ ကျင့်ကြံသူတွေက သေမျိုးထက် မြင့်မြတ်တယ်ဆိုတဲ့ အတွေးအခေါ်စွဲနေတာဆိုတော့ သူတို့ကို လယ်စိုက်ခိုင်းဖို့ ဘယ်လိုဖျောင်းဖျမှာလဲ။ အတင်းကျပ်အားသုံးပြီးတော့လား ”
ထိုသို့ပြောပြီးနောက် ယန်းချန်က ခေါင်းယမ်းကာ ဆက်ပြောလိုက်သည် “ မဟာကျိုးတော်ဝင်တိုင်းပြည်လိုမျိုး အားကောင်းတဲ့ တိုင်းပြည်တောင် အဆင့်နိမ့်ဆုံး ခန္ဓာသန့်စင်ခြင်း ဒါမှမဟုတ် အံ့ဖွယ်အသိစိတ်နယ်ပယ်အဆင့် ကျင့်ကြံသူတွေကို လယ်သွားစိုက်အောင် မလုပ်နိုင်ဘူး ”
ဝမ်ဝေ့က ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည် “အတင်းကျပ်လုပ်တာ အဖြေ မဟုတ်ဘူး။ ကျင့်ကြံသူတွေက သဘာဝအားဖြင့် တစ်ကိုယ်ကောင်းဆန်ကြတဲ့သူတွေ။ ဒါပေမဲ့ သူတို့ကို အကျိုးမြတ်လုံလုံလောက်လောက် ပေးနိုင်ရင် ဘာမဆို လုပ်ကြမှာပဲ။
တကယလို့ တစ်ယောက်ယောက်က ကျင်ကြံသူတွေကို သေမျိုးတွေဆီ သွားကူညီပေးတဲ့အခါ ဆုချီးမြင့်တဲ့ ကမ္ဘာသုံးစနစ်မျိုး ဖန်တီးနိုင်ခဲ့ရင် လယ်စိုက်ဖို့ မပြောနဲ့ဦး … သူတို့က သေမျိုးလူအဖွဲ့အစည်းထဲ ဝင်ရောက်ဖို့ တုံ့ဆိုင်းနေကြမှာ မဟုတ်ဘူး။ သူတို့က သမားတော်တွေ၊ ပန်းပဲဆရာတွေ၊ အစောင့်တွေတောင် ဖြစ်လာနိုင်တယ်။
သေမျိုးတွေက ကျင့်ကြံသူတွေကို ကြောက်တာကတော့ သူတို့တွေ သေမျိုးတွေရဲ့ ဘဝတိုးတက်လာအောင် ကူညီပေးပြီး အလွယ်တကူ မသတ်တော့ဘူးဆိုရင် သူတို့အကြောက်တရားလည်း ပျောက်ကွယ်သွားလိမ့်မယ် ”
အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်နှင့် အခြားလူများက ထပ်မံ အံ့ဩသွားကြသည်။ ထိုအတွေးက ဖြစ်နိုင်ခြေရှိသော်လည်း ဘယ်လိုအရာမျိုးက ကျင့်ကြံသူတွေကို ဒီလိုလုပ်ခိုင်းစေနိုင်မည်နည်း။ ယန်းချန်က စတင်စဉ်းစားလိုက်သည်။ သို့သော် သူက ဘာမှမတွေးမိပေ။ ထို့နောက် သူက သခင်လေးကို ကြည့်လိုက်၏။
သူ့မျက်နှာအမူအရာအရ ထိုပြဿနာကို အစကတည်းက တွေးထားပြီးကြောင်း သိသာလှပြီး အစီအစဉ်ရှိထားပုံပေါ်သည်။
လက်တွေ့ဖြစ်လာနိုင်ခြေကို တွေးကြည့်လိုက်သည့်အခါ အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က စိတ်လှုပ်ရှားလာသည်။ သူတို့တာအိုအခွင့်အလမ်းဂိုဏ်းက ကျော်ကြားမှုနှင့် ဂုဏ်သတင်းအရ ကမ္ဘာမှာ မှန်းမကြည့်နိုင်သည့် အနေအထားသို့ ရောက်နေလေပြီ။ ထို့အပြင် သူတို့က ထိုစနစ်မှ အကျိုးမြတ်အများဆုံး ရရှိမည့်သူများ ဖြစ်၏။
အားလုံး ဝမ်ဝေ့၏ စကားမှ ဖြစ်နိုင်ခြေကို စဉ်းစားနေကြစဉ် ယန်းလီလင်းက အရင်ဦးဆုံး တည်ငြိမ်သွားပြီး အရေးပါသည့် မေးခွန်းကို ထုတ်မေးလိုက်သည်။
“ အစ်ကိုကြီးဝမ်ဝေ့ အဲဆိုရင် အရင်းအမြစ် ပြဿနာကိုရော ဘယ်လိုဖြေရှင်းမှာလဲ။ ကျင့်ကြံသူတွေပေါများလာရင် အရင်းအမြစ်ပမာဏလည်း တိုးလာမှာပဲ။ အဲဒီအခါ ဆေးလုံးတွေ၊ သတ္တုတွေ၊ မူလရင်းမြစ်တွေ ကုန်ဆုံးသွားဖို့ အချိန်တစ်ခုပဲ ကြာမှာ ”
မှန်ပေသည်။
သခင်လေး၏ အစီအစဉ်အရ အရင်းအမြစ် ကုန်ဆုံးနှုန်းက ပြဿနာကြီး ဖြစ်လာပေမည်။ တစ်ကမ္ဘာလုံးက အနှေးနှင့်အမြန် ကျင့်ကြံသူအမြောက်အများကို ထောက်ပံ့ပေးနိုင်တော့မည် မဟုတ်ချေ။
ထိုအရာကို ကြားကာ ဝမ်ဝေ့က ပြုံးလိုက်ပြီး ကောင်းကင်ကြီးဆီ မော့ကြည့်လိုက်သည်။ နေ့ဘက်အချိန် ဖြစ်နေသော်လည်း ကြယ်တာရာအလင်းရောင်ကို မြင်တွေ့နိုင်သေးသည်။ အကြောင်းအရင်းမှာ အဆုံးမဲ့ လေဟာနယ်အတွင်း ကြယ်တာရာဟု ခေါ်သော ကမ္ဘာ အရွယ်အစားအမျိုးမျိုး မျှောလွင့်နေ၍ ဖြစ်၏။ ထိုကမ္ဘာကြီးများတွင် အသက်ဓာတ် ရှိကြပြီး သူတို့အဖွဲ့အစည်း၊ သူတို့လူ့အဖွဲ့အစည်းသူ ဖွဲ့စည်းထားကြသည်။
ဝမ်ဝေ့က ပြောလိုက်သည် “ အသစ်ပြန်ဖြစ်တည်လာမဲ့ အရင်းအမြစ် သဘောတရားအကြောင်း မပြောတော့ဘူး။ တကယ်တော့ ငါတို့ လူမှုအဖွဲ့အစည်း တိုးတက်လာဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ရဖို့နည်းလမ်းအများကြီး ရှိတယ် ”
“ အဲလိုကိုး ” ဝမ်ဝေ့၏ အဓိပ္ပါယ်ကို အမှန်တကယ် နားလည်သည့် လူတချို့ထဲမှ တစ်ယောက်ဖြစ်သည့် ယန်းလီလင်းက ရေရွတ်လိုက်သည်။