ကောင်းကင်ရုပ်ခန္ဓာ
Vol. 5 Ch. 65
အခန်း (၆၅) : ကောင်းကင်ရုပ်ခန္ဓာ
လူအများစုက ဝမ်ဝေ့နှင့် ယန်းလီလင်းကြားမှ စကားဝိုင်းကို အမှန်တကယ် နားမလည်ကြသော်လည်း သခင်လေးက မေးခွန်းတွေအတွက် အဖြေရှိကြောင်း သတိထားမိကြသည်။
အားလုံးက သခင်လေးပြောသည့် အနာဂတ်အစီအစဉ်အကြောင်း တွေးကာ စိတ်လှုပ်ရှားလာကြသည်။ အထူးသဖြင့် လီကျွင်း၏ အဖွဲ့သားအသစ်များ ဖြစ်၏။
စိတ်ဝိညာဉ်ခရီးလမ်းတစ်လျှောက် လီကျွင်းက ဝမ်ဝေ့သည် သူတို့၏ ခေါင်းဆောင်အစစ်အမှန်ဖြစ်ကြောင်း အကြိမ်များစွာ ပြောခဲ့စဉ် အားလုံးက ဘာမှမပြောကြသော်ငြား သဘောတူကြခြင်း မဟုတ်ပေ။ သူတို့က လီကျွင်းထံ ခစားလာသည်မှာ တစ်နှစ်လုံးလုံးရှိပြီဖြစ်ရာ တခြားလူတစ်ယောက်ကို ခေါင်းဆောင်အဖြစ် မည်သို့လက်ခံနိုင်မည်နည်း။
သို့သော်လည်း ယခု သူတို့စိတ်များက မပြောင်းလဲသော်လည်း သူတို့စိတ်နှလုံးသားထဲ မျှော်လင့်ချက်မျိုးစေ့ စိုက်ပျိုးလိုက်လေပြီ။ အကယ်၍ သူတို့သာ သခင်လေးနောက်လိုက်လျှင် တစ်ရက်ကျ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပြီး သူတို့လုပ်ဆောင်ချက်များကို သမိုင်းကြောင်းတစ်လျှောက် မှတ်သားခံရလိမ့်မည်။
အများစုက အဖြစ်မှန်နှင့် ဖြည်းဖြည်းချင်း အလှမ်းဝေးလာစဉ် အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က ဝမ်ဝေ့အား သတိပေးလိုက်သည် “သခင်လေး သေချာတဲ့ ကျင့်ကြံဆင့်တစ်ခု မရောက်မချင်း ဒီစကားတွေကို လူအများကြား မပြောတာ ပိုကောင်းလိမ့်မယ်။ ကျင့်ကြံရေးလောကက နှစ်အကြာကြီး တည်မြဲလာတာက လူအများစုက အဲလိုဖြစ်ချင်ကြလို့ပဲ။ တချို့လူတွေက ဒီလက်ရှိအနေအထားကို ဆက်ထိန်းထားဖို့ အဆုံးအစွန်အထိ လုပ်လာနိုင်တယ် ”
ထိုသို့ပြောလိုက်ပြီးနောက် သူက အဖွဲ့သားများကို ကြည့်ကာ ဆက်ပြောလိုက်သည် “ ဒါက မင်းတို့တွေအတွက်လည်း အတူတူပဲ။ တကယ်လို့ တစ်ခုခုသာ မှားသွားရင် သခင်လေးမှာ သူ့ကို ကာကွယ်ပေးဖို့အတွက် ဂိုဏ်းရှိတယ်။ ဒါပေမဲ့ မင်းတို့မှာ ဘာမှမရှိဘူး။ မင်းတို့ဘေးကင်းလုံခြုံရေးအတွက် အခုကြားထားသမျှကို မေ့ထားလိုက်ကြ ”
အကြီးအကဲချုပ်စကားကို ကြားကာ လူအများက ခေါင်းညိတ်ပြီး ပါးစပ်ပိတ်နေဖို့ ကျိန်ဆိုလိုက်ကြသည်။ တကယ်တော့ အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က အဖွဲ့သားများ၏ မှတ်ဉာဏ်ကို ဖျက်ပစ်ဖို့ စဉ်းစားခဲ့သော်လည်း သခင်လေး၏ စကားများက အဖွဲ့အား ပိုမိုစည်းလုံးညီညွှတ်လာစေသောကြောင့် သူက လွှတ်ပေးထားလိုက်သည်။
ဝမ်ဝေ့က ပြုံးကာ အကြီးအကဲချုပ်ယန်းချန်၏ စကားများကို အသိအမှတ်ပြု ခေါင်းညိတ်လိုက်သည်။ သူ ပြောလိုက်သည့်စကားများက စာကြည့်တိုက်မှ ဒီကမ္ဘာအကြောင်း ဖတ်ထားပြီးကတည်းက အချိန်အတော်ကြာ တွေးမိထားသည့် ကြုံရာအတွေးသာ ဖြစ်ပေသည်။ သူက ထိုအခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ မြင်ပြီးမှ အစီအစဉ်အဖြစ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် ဝမ်ဝေ့က သူ့အစီအစဉ်တွင် အမှန်တကယ် မလုပ်ဆောင်ချက် အပြစ်အနာအဆာများစွာ ရှိကြောင်းသိထားလေသည်။ ပို၍ အရေးကြီးသည်က မဟာဧကရာဇ် ဖြစ်မလာဘဲ အစီအစဉ်ဟု ခေါ်သည့်အရာများက စကားသပ်သပ်သာ ဖြစ်၏။
ခရီးလမ်းက တစ်ပတ်ကြာ ကြာမြင့်လေသည်။ တစ်ရက်ကျ ဝမ်ဝေ့က လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး မဟာအကြီးအကဲဝမ်ဖူအား လေသင်္ဘောကို ရပ်ခိုင်းကာ သူ့ဘာသာ စူးစမ်းလေ့လာဖို့ ထွက်သွားလေသည်။
ဝမ်ဝေ့က အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်သည် သူ့အား တိတ်တဆိတ် ကာကွယ်ပေးနေကြောင်း သိထားသော်လည်း သူက ဘာမှမပြောတော့ပေ။ သူ့လက်ရှိ သေမျိုးအင်အားဖြင့် သူ့အား အလွယ်လေး သတ်သွားနိုင်သည့်အရာများစွာ ရှိပေသည်။ ထို့ကြောင့် သူက ကာကွယ်မှု လိုအပ်၏။
ဝမ်ဝေ့က အနီးအနားမှ ရွာဆီ သဘာဝတရား ခံစားဖို့ သွားလိုက်သည်။ ထိုနေရာတွင် သစ်ပင်ပန်းမန်ဖြင့် ပြည့်နှက်နေသည့် တောအုပ်ငယ်လေး ရှိပြီး မြို့အပြင်ဘက်၌ ပေါင်းပင်များစွာ ကြီးထွားနေသည်။ လေထုက တနင်္ဂနွေလို အလုပ်ပြီးသည့်အချိန် အဖွား၏ ချက်ပြုတ်သံကြောင့် နိုးထလာသလိုမျိုး ချိုမြိန်ကာ ပျော်ရွင်ဖို့ကောင်းလှသည်။
အစပိုင်း ရွာသားများက သူ့၏ သန့်ရှင်းသပ်ရပ်ကာ ဈေးကြီးလှသော ဝတ်စုံကြောင့် ကြောက်ရွံ့ကြလေသည်။ သို့သော် နောက်ပိုင်း သူတို့မှာ သူက ရင်းနှီးလွယ်ကာ ကြင်နာတတ်သူ ဖြစ်ကြောင်း သိသွားပြီး သူတို့သိမ်းဆည်းထားသည့် အစားအစာတချို့ပါ ပေးလာကြသည်။ သတ္တိကောင်းသည့် အဒေါ်ကြီးတချို့က သူတို့သမီးများကို ဝမ်ဝေ့ရှေ့ ထိုးပေးကာ ကိုယ်လုပ်တော်ထားဖို့ စိတ်ဝင်စားလားဟု မေးနေကြသေးသည်။
ဝမ်ဝေ့က သူတို့ရွာတွင် သုံးရက်ကြာ နေထိုင်ခဲ့လိုက်သည်။ လေးရက်မြောက်နေ့၌ ဝမ်ဝေ့က စိတ်ကူးပေါက်ကာ ရွာအနီးတွင် သစ်ပင် တစ်ပင်စိုက်ပျိုးပေးဖို့ ဆုံးဖြတ်လိုက်သည်။
မျိုးစေ့ကို စိုက်ပျိုးပေးပြီးနောက် သူက ရေထဲတွင် ဝိညာဉ်ချီ ပါနေသည့် စိတ်ဝိညာဉ်ရေဖြင့် ဆယ်ရက်တိုင်တိုင် လောင်းပေးလိုက်သည်။
ဖြစ်စဉ်တစ်လျှောက် ဝမ်ဝေ့က အမြစ်မှ စိတ်ဝိညာဉ်ရေကို စုပ်ယူကာ မြေပေါ်တွင် အခိုင်အမာ ကုပ်တွယ်ထားသည့်အထိ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် အမြစ်များက တဖြည်းဖြည်း စတင်ကြီးထွားလာလေသည်။ ဝမ်ဝေ့က သူ့ဂရုစိုက်မှုအောက်တွင် အစေ့မှ အနီးအနားပတ်ဝန်းကျင်တွင် လေဒဏ်၊ မိုးဒဏ် ခံနိုင်ပြီး အားအကောင်းဆုံး၊ အခိုင်မာဆုံး သစ်ပင် ဖြစ်လာသည့်အထိ စောင့်ကြည့်နေခဲ့သည်။
သူက သစ်ပင်သည် နေအပူဓာတ်ကို ကာကွယ်ပေးနိုင်ပြီး တစ်ရွာလုံး၌ အမြင့်မားဆုံး အပင်ဖြစ်လာသည့်အထိ စောင့်ကြည့်ခဲ့သည်။
ဝမ်ဝေ့က ထိုသစ်ပင်နှင့် ဆယ်ရက်တာမျှသာ အချိန်ကုန်ဆုံးခဲ့သော်လည်း ကြာရှည်စွာ ရှင်သန်ပြီး ဆက်လက်ကြီးထွားလာဖို့ မျှော်လင့်မိသည်။ ထိုအခါမှ သူ ပြန်ရောက်လာသည့်အခါ ထပ်တွေ့နိုင်မည် ဖြစ်၏။
သူ ရွာက ထွက်မသွားခင် မဟာအကြီးအကဲဝမ်ဖူအား ရွာမြေအောက်တွင် ဖုန်းရွှေအစီအရင် ခင်းကျင်းခိုင်းခဲ့သည်။ ထိုအစီအရင်၏ ရည်ရွယ်ချက်မှာ ရွာအား ကံကောင်းမှုနှင့် ကြွယ်ဝမှုကို ကောင်းချီးပေးရန် ဖြစ်၏။
ဤအစီအရင်ဖြင့် ရွာ၏ သီးနုံထွက်နှုန်းက ပေါကြွယ်ဝလာမည် ဖြစ်ကာ ရွာသားများလည်း အသက်ရှည်ကျန်းမာကြလိမ့်မည်။ ထို့အပြင် ရွာသားများက တခြားလူများ၏ မနာလိုဝန်တိုခြင်း မခံရဘဲ အလွယ်တကူ ပေါကြွယ်ဝလာနိုင်သည်။
ယေဘုယျအားဖြင့် သူတို့အနာဂတ်ကြိုးပမ်းအားထုတ်မှုအရ အောင်မြင်မှုနှင့် ပျော်ရွင်မှုကို ရှာဖွေလို့ လွယ်ကူလာလိမ့်မည်။ ထိုသို့လုပ်ဆောင်ပေးပြီးနောက် ဝမ်ဝေ့က ရွာမှ ထွက်ကာ ကူးပြောင်းရေး အစီအရင်မှတဆင့် ဂိုဏ်းဆီ ပြန်ဖို့ ဦးတည်လိုက်သည်။
အိမ်ပြန်ရောက်ပြီးနောက် ယုယန်က ဝမ်ဝေ့ကို ထွေးပွေ့မှုဖြင့် စီးကြိုလေသည်။
ဂိုဏ်းချုပ်ကတော် ယုယန်က သူ့ကို လွှတ်ပေးလိုက်ပြီးနောက် သေချာကြည့်လိုက်သည်။ ထို့နောက် သူမက သူ့မျက်နှာလေးကို ထိကာ “ဝေ့အာ … သား အရမ်းပိန်သွားလိုက်တာ။ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေက ဘာတွေတုန်း ”
ထိုသို့ပြောပြီးနောက် ယုယန်က မဟာအကြီးအကဲဝမ်ဖူဘက် လှည့်ကာ အံ့ကြိတ်လျက် ပြောလိုက်သည် “ဝမ်ဖူ … ရှင့်တူလေးကို ကောင်းကောင်းကာကွယ်ပေးမယ် ထင်ထားခဲ့တာ။ အခုတော့ သူ့ကို ကြည့်လိုက်ပါဦး။ အမာရွတ်အပြည့်နဲ့ ဖြစ်နေပြီ ”
မဟာအကြီးအကဲဝမ်ဖူက ပြောစရာပင် ရှာမတွေ့သောကြောင့်နေရခက်သည့် အပြုံးလေးဖြင့် “ဂိုဏ်းချုပ်ကတော် … သူ စိတ်ဝိညာဉ်ခရီးလမ်းထဲ ဝင်သွားတာနဲ့ ကျုပ်လည်း လုပ်နိုင်တာ ဘာမှမရှိတော့ဘူးလေ”
ယုယန်က သူ့ကို လျစ်လျူရှုထားပြီး သူ့သားကိုသာ နံရိုးကျိုးသွားသေးလား၊ ချက်ချင်း ကုသဖို့လိုအပ်နေသည်လား စစ်ဆေးနေသည်။
ဝမ်ဝေ့ သူ့အမေကို ကြည့်ကာ အသာပြုံးလိုက်သည်။ သူက ၁၆ နှစ်ရှိနေပြီ ဖြစ်၏။ ဒီကမ္ဘာ၏ စံနှုန်းအရ အရွယ်ရောက်နေလေပြီ။ သို့သော် သူ့အမေက ကလေးတစ်ယောက်ကို ဆက်ဆံနေဆဲ ဖြစ်၏။ သို့သော် သူ တစ်ယောက်တည်း မကပေ။ ဘေးတွင် လီကျွင်းကိုလည်း သူ့အမေက သေချာစစ်ဆေးနေသည်။
ဝမ်ဝေ့က မျက်နှာပူသော်လည်း သူ့အမေ၏ အပြုအမူများကို စိတ်မကွက်ပေ။ သူ့အရင်ဘဝတုန်းက မိဘမဲ့ ဖြစ်သောကြောင့် အမေတစ်ယောက်၏ ချစ်ခြင်းမေတ္တာကို မခံစားဖူးပေ။ နောက်ပိုင်း သူ့ကို မွေးစားခဲ့ကာ သူတို့သားအဖြစ် ဆက်ဆံခဲ့သော်လည်း အဆုံးသတ်၌ အတူတူ မဟုတ်ပေ။
ယုယန်က ဝမ်ဝေ့ခန္ဓာကိုယ်ကို သေချာစစ်ဆေးပြီးနောက် ဝမ်မိသားစု တောင်ထိပ်ဆီ ပြန်ခေါ်သွားသည်။ လီကျွင်းလည်း လီမိသားစုတောင်ထိပ်ဆီ ပြန်သွားလေသည်။ ယန်းလီလင်းက မဟာအကြီးအကဲယန်းမိန်နှင့် အတူ ကျန်နေခဲ့သည်။
အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်အတွက်မူ သူက အပြန်ခရီးစဉ်အတွင်း သခင်လေး အနာဂတ်အစီအစဉ်အကြောင်း၊ သူ့လျို့ဝှက်ဆန်းကြယ် ဝိညာဉ်နှင့် ပတ်သက်၍ ဆွေးနွေးရန် အကြီးအကဲချုပ် နေထိုင်ရာအိမ်ဆီ ရောက်သွားလေသည်။
ဝမ်ဝေ့က အိမ်ပြန်ရောက်သည့်အခါ သူ့အဖေကို တွေ့လိုက်ရသည်။ ယုယန်နှင့် မတူဘဲ ဝမ်ထျန်းက သူ့ပခုံးကို အသာပုတ်ကာ မေးလိုက်သည် “အားလုံးရခဲ့ရဲ့လား ”
ဝမ်ဝေ့က ခေါင်းညိတ်ကာ အစီအရင်သင်္ကေတခန္ဓာ နည်းလမ်းအပါအဝင် ကျီစုန့်ဆီမှ ရလာသည့် ပစ္စည်းများကို သူ့အဖေဆီ ပေးလိုက်သည်။ ဂိုဏ်းချုပ်က ပါဝင်အကြောင်းအရာကို ဖတ်လိုက်ပြီးနောက် ပြောလိုက်သည် “ကောင်းတယ် ကောင်းတယ်။ ပြင်ဆင်ထားတော့ … တစ်လအတွင်း ဂိုဏ်းက အားလုံးကို စီစဉ်ပေးထားမယ် ”
ဝမ်ဝေ့က စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ နှစ်များစွာ စီစဉ်ထားပြီးနောက် အရာအားလုံး အကောင်အထည်ပေါ်လာတော့မည်။ ထို့နောက် သူက ရုတ်ချည်း မေးလိုက်သည် “လီကျွင်းရော ဘယ်လိုလဲ။ သူ့ဝိညာဉ်က စည်းမျဉ်းအပိုင်းအစ ပေါင်းထည့်တာကနေ အသက်ရှင်နိုင်မှာ မဟုတ်လောက်ဘူး ”
“ လီကျွင်းကို စိတ်ပူစရာ မလိုဘူး။ လွန်ခဲ့တဲ့တစ်နှစ်က နိုးထလာတဲ့ ထာဝရအသျှင်က သူ့သွေးမျိုးဆက်တချို့ကို လီကျွင်းအတွက် အောင်မြင်နိုင်အောင် ပေးထားတယ်”
ဝမ်ဝေ့က သူ့အဖေကို နားမလည်စွာ ကြည့်လိုက်သည်။ ထာဝရအသျှင်များက အားကောင်းမှန်း မှန်းဆမိသော်လည်း သူ့သွေးမျိုးဆက်က လီကျွင်း၏ အောင်မြင်နှုန်းကို တိုးမြင့်လာစေသည့် အကြောင်းအရင်းအား မသိပေ။
သူ့သား၏ အမူအရာကို မြင်ကာ ဝမ်ထျန်းက ရှင်းပြလိုက်သည် “လီမိသားစုရဲ့ ပထမဧကရာဇ်ကို တိုက်ပွဲရူး ဧကရာဇ်အဖြစ် အသိများကြတယ်။ သူက တိုက်ခိုက်ရေးတာအိုကို ကျင့်ကြံတယ်။ ဒီတစ်ခါ နိုးထလာတဲ့ ထာဝရအသျှင်က လီမိသားစုကပဲ။ အဲဒါကြောင့် သူ့သွေးမျိုးဆက်ထဲ တိုက်ပွဲရူးဧကရာဇ်ရဲ့ စွမ်းအားတွေ ပါဝင်နေတာ။ အဲဒါနဲ့ဆိုရင် လီကျွင်းက တမူထူးရုပ်ခန္ဓာ ရလာနိုင်ခြေ မြင့်မားတယ် ”
ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ လီကျွင်းသာ အဆင်ပြေသရွေ့ ကိစ္စများက ဘယ်လိုလုပ်လုပ် ကိစ္စမရှိပေ။ ရလဒ်သာ အရေးကြီးလေသည်။
သူ့အဖေနှင့် ဆွေးနွေးပြီးနောက် ဝမ်ဝေ့က သူ့အဘိုးအပါအဝင် မိသားစုနှင့် ညစာစားလိုက်သည်။ ထို့နောက် ပထမဆုံးအကြိမ် မူးပြီး အိပ်ပျော်သွားသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။