ကောင်းကင်ရုပ်ခန္ဓာ
Vol. 5 Ch. 66
အခန်း (၆၆) : ကောင်းကင်ရုပ်ခန္ဓာ
နောက်တစ်ရက်၌ ဝမ်ဝေ့က လန်းလန်းဆန်ဆန်း နိုးလာသည်။ သူက အသက်ပြင်းပြင်းရှုလိုက်သည့်အခါ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် ချီပမာဏအမြောက်အများကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းနွမ်းနယ်မှုအားလုံး ပြေလျော့သွားသည်ကို ခံစားမိလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အစေခံတစ်ဦးက တံခါးလာခေါက်ကာ ဝမ်ဝေ့အား ချိုးရေအသင့်ပြင်ပြီးကြောင်း လာပြောလေသည်။ ထို့ကြောင့် သူက သူမနောက် လိုက်သွားလိုက်သည်။
ရွှေရောင်ချိုးကန်အတွင်း ကြည်လင်နေသည့် ရေများအပြည့် ဖြည့်ထားသည်။ သို့သော်လည်း ရေက စိန်ထက် ပိုတောက်ပနေ၏။ ထိုအရာက မိုင်ထောင်ချီအဝေးမှ လမ်းပျောက်သူများကိုပါ ဆွဲဆောင်နိုင်သည့် ရနံ့မျိုး ထုတ်လွှင့်နေသည်။
“အဲဒါဘာလဲ” ဝမ်ဝေ့က မေးလိုက်သည်။
အစေခံက ပြန်လည်ဖြေကြားလိုက်၏ “သခင်လေး ဒါက တော်ဝင်စမ်းရေပါ။ စိတ်ဝိညာဉ်ခရီးလမ်းမှာ သခင်လေး ရခဲ့သမျှ ဒဏ်ရာတွေ၊ အမာရွတ်တွေကို ဘာမှမဖြစ်ခဲ့သလိုမျိုး ပျောက်ကွယ်သွားစေမှာပါ ”
ဝမ်ဝေ့က သူမကို ကြည့်လိုက်ပြီး “ ဒါက တော်ဝင်စမ်းရေမှန်း သိပါတယ်။ ဒါက ကုသရေး သူတော်စင်ဆေးလုံးတွေ လုပ်တဲ့နေရာမှာ သုံးတဲ့ အဖိုးတန်ပစ္စည်းဆိုတာလည်း သိတယ်။ ဒီတစ်စက်လောက်နဲ့ လေဟာနယ်ဖြိုခွဲခြင်း နယ်ပယ်အဆင့်နဲ့အောက် သေခါနီး ကျင့်ကြံသူတွေကိုတောင် ကယ်လို့ရတယ်ဆိုတာလည်း သိတယ်။ ငါ မေးတာက ဘာလို့ ရေချိုးဖို့ သုံးရတာလဲ ”
အစေခံငယ်လေးက ခေါင်းငုံ့ထားပြီး ရှင်းပြလိုက်သည် “ သခင်လေး … ဒါက ဂိုဏ်းချုပ်ကတော်ရဲ့ အမိန့်ပါ ”
ထိုအရာကို ကြားပြီး ဝမ်ဝေ့၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားတော့သည်။ သူက သူ့အမေသည် သူနှင့် ပတ်သက်လာလျှင် နည်းနည်းပိုလွန်းမှန်း သိထားသော်လည်း ဒီလောက်အထိတော့ ထင်မထားပေ။
အဖေတော့ အမေ ဖြုန်းတီးတယ်ဆိုပြီး ရေရွတ်ရင်း တစ်နေရာရာမှာ ငိုနေလောက်ပြီ …
ထိုစဉ် အစေခံလေးက ဝမ်ဝေ့ ချိုးကန်ထဲ မဝင်သည်ကို မြင်သည့်အခါ ချက်ချင်း ဒူးထောက်လိုက်ပြီး ငိုကာ ပြောလိုက်သည် “သခင်လေး ကျေးဇူးပြုပြီး ရေချိုးလိုက်ပါနော်။ မဟုတ်ရင် သခင်မကြီးက ကျွန်မကို ဆူလိမ့်မယ် ”
ဝမ်ဝေ့က သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက ထကာ သူ့အား အဝတ်အစားချွတ်ပေးပြီး နောက်ကျောနှင့် ဆံပင်ကို တိုက်ချွတ်ဆေးကြောပေးလေသည်။
ဝမ်ဝေ့က ရေချိုးနေတုန်း သူ့ခန္ဓာကိုယ်ပေါ်မှ အမာရွတ်နှင့် ဒဏ်ရာများက တစ်ခုပြီး တစ်ခု အလျှင်အမြန် ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှ ဝန်ပိုကြီး ပေါ့သွားသလို ခံစာလိုက်မိ၏။ သူက ပိုမို ပေါ့ပါးစိတ်ကြည်လာသည်။ သူ့နောက်ကျောဘက် ရံဖန်ရံခါ ခံစားနေရသည့် နာကျင်မှုလည်း ပျောက်ကွယ်သွားလေသည်။
တော်ဝင်စမ်းရေက အမှန်တကယ် အံ့ဖွယ် ဖြစ်၏။ ဝမ်ဝေ့က ခန္ဓာအသစ်ရရှိလိုက်သည့်အလား ခံစားလိုက်ရသည်။ သူက ကမ္ဘာကြီးထဲ ပထမဦးဆုံး အသက်ရှုလိုက်သည့် ကလေးပေါက်စလေးလို ဖြစ်နေ၏။
ဝမ်ဝေ့က ရေချိုးပြီးနောက် ဝမ်ကျူအား ခေါ်ကာ ယခင်နှစ်အတွင်း သူ သိထားသင့်သည့် သတင်းအချက်အလက်များကို ခေါ်မေးလိုက်သည်။
သူမဆီမှတဆင့် ကျီစုန့်သည် ပြန်ကောင်းကာ ခြောက်လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် သို့ ရောက်နေကြောင်း သိလိုက်ရသည်။
ထိုအရာက နည်းနည်းအံ့ဩစရာဖြစ်သော်လည်း ဝမ်ဝေ့က မဟာကျိုးတော်ဝင်တိုင်းပြည်လို အခြေခံအုတ်မြစ် နက်နဲသည့် နေရာတစ်ခုအတွက် ပုံမှန်ဖြစ်သည်ဟုသာ ထင်မိသည်။ သို့သော်လည်း သူ မြန်မြန် ပြန်ကောင်းလာစေရန် သူတို့ပေးဆပ်ရမည့် တန်ဖိုးကလည်း မနည်းလောက်ကြောင်း မှန်းဆမိလေသည်။
ကျီစုန့်အကြောင်း ဖတ်ပြီးနောက် နောက်ထပ် သတင်းကို ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုကို တွေးမိကာ မေးလိုက်သည် “ဝမ်ကျူ … ယန်းလီလင်းရဲ့ ဇစ်မြစ်ကို သိထားလား။ မဟာအကြီးအကဲယန်းမိန်မှာ တူမရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး ”
ဝမ်ကျူက ရှင်းပြလိုက်၏ “ယန်းလီလင်းက ယန်မိသားစု လျို့ဝှက်ကမ္ဘာထဲမှာ လေ့ကျင့်ပေးထားတဲ့ အမွေဆက်ခံသူပါ”
“လျို့ဝှက်ကမ္ဘာလား ”
“ သခင်လေး … ဂိုဏ်းက မိသားစုတစ်ခုစီတိုင်းမှာ ပင်မသွေးမျိုးဆက် ပိုင်ဆိုင်ထားတဲ့ လျို့ဝှက်ကမ္ဘာတစ်ခုစီ ရှိကြတယ်။ လျို့ဝှက်ကမ္ဘာက ပြင်ပကမ္ဘာက တစ်ယောက်ယောက် တစ်ခုခု ဖြစ်သွားခဲ့ရင် မိသားစုသွေးမျိုးဆက်ကို ဆက်ထိန်းဖို့ အရန်အစီအစဉ်နဲ့ သုံးကြတာ။ ပြီးတော့ ပြင်ပကမ္ဘာက မိသားစုဆက်ခံသူက ပါရမီသာမန် ဖြစ်ခဲ့ရင်ဆိုတဲ့ အခါမျိုးပေါ့ … နမူနာအနေနဲ့ဆိုရင် လီကျွင်းက လီမိသားစုရဲ့ တကယ့် ဆက်ခံသူ ဖြစ်ပေမဲ့ သူ့ပါရမီနည်းပါးမှုကြောင့် အစားထိုးခံရတော့မလို ဖြစ်ခဲ့တယ်။
ဒါပေမဲ့ သခင်လေးက ဝင်ပါပြီးတော့ လီကျွင်းကို လေ့ကျင့်ပေးဖို့ ထိုက်တန်ကြောင်း သက်သေပြပေးလိုက်တော့မှ သူ့ကို လီမိသားစုရဲ့ ဆက်ခံသူအဖြစ် လက်ခံလိုက်ကြတာ။ ယန်းမိသားစုအတွက်တော့ မဟာအကြီးအကဲယန်းမိန်ဆီမှာ ကလေး မရှိတော့ လျို့ဝှက်ကမ္ဘာထဲက ကလေးအများကြီးထဲကနေ တစ်ယောက်ကို ပြန်ရွေးထားတာပါ ”
“ အိုး ” ဝမ်ဝေ့က ပြောလိုက်သည် “ ယန်းလီလင်းက ယန်းမိသားစု ဆက်ခံသူ ဖြစ်လာတယ်ဆိုတော့ သူမက ပါရမီထူးကဲမှာပေါ့ ”
“ ဟုတ်ပါတယ်။ သူမက ဆေးလုံးဖော်စပ်တဲ့နေရာမှာ ကြောက်ခမန်းလိလိ ထူးချွန်ပါတယ်။ စတင်မကျင့်ကြံရသေးပေမဲ့ သူမက မြေကမ္ဘာမီးတောက်နဲ့ ထိပ်တန်း နက်နဲအဆင့် ဆေးလုံးကို ဖော်စပ်နိုင်ပါတယ် ”
“ တကယ်ကို ကြောက်ခမန်းလိလိ စွမ်းရည်ပဲ ” ဝမ်ဝေ့က ပြောလိုက်သည်။
စိတ်ဝိညာဉ်ခရီးလမ်းမှာ ဆေးလုံးတွေက ပုပ်သိုးပြီး အမှုန့်ဖြစ်နေတာတောင် သူမက အနံ့ခံရုံနဲ့ ရှေးဟောင်း ဆေးလုံးတွေကို ခွဲခြားနိုင်တာ မဆန်းတော့ပါဘူး … တချို့ဆေးလုံးတွေဆို သမိုင်းကြောင်းမှာ ဖော်စပ်နည်းတောင် မရှိတော့ဘူး …
ထို့နောက် ဝမ်ဝေ့က မေးလိုက်သည် “ဝမ်မိသားစုကရော ဘယ်လိုလဲ။ လျို့ဝှက်ကမ္ဘာထဲက လူတွေအထိ လိုက်အာရုံစိုက်စရာ လိုသေးလား ”
“ သခင်လေး စိုးရိမ်ဖို့ မလိုပါဘူး။ သခင်လေးရဲ့ ပါရမီနဲ့ အရင်နှစ်တွေမှာ အောင်မြင်မှုတွေအရ သခင်လေးရဲ့ ဆက်ခံသူ အနေအထားက ရာနှုန်းပြည့် သေချာသွားပါပြီ ”
“ကောင်းပြီ။ တခြားတင်ပြစရာ ရှိသေးလား ”
“ ဟုတ်ကဲ့ … အကြီးအကဲတွေက တစ်လကြာရင် အရာအားလုံး အသင့်ပြင်ထားမှာမလို့ သခင်လေး စလို့ရပါပြီလို့ ပြောလိုက်ပါတယ် ”
ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်သည်။ သူ့အဖေက ပြောပြထားပြီးသား ဖြစ်၏။ သူမကို အလုပ်ပြန်လုပ်ခိုင်းလိုက်ပြီး အရေးကြီးသတင်းရှိလာလျှင် သူ့အား အကြောင်းကြားဖို့သာ မှာလိုက်သည်။
တစ်လကြာမြင့်ပြီးနောက် မဟာအကြီးအကဲဝမ်ဖူက ဝမ်ဝေ့ကို ကူးသန်းရေး အစီအရင်များစွာ ဖြတ်ကျော်ပြီး လျို့ဝှက်နေရာတစ်ခုဆီ ခေါ်လာသည်။ သူက ကူးသန်းရေး အစီအရင်များစွာ ဖြတ်သန်းခဲ့ရ၍ မူးနောက်နောက် ဖြစ်နေပြီး ဘယ်ရောက်နေမှန်း မသိရပေ။
ဝမ်ဝေ့က သူ့ကိုယ်သူ ဂိုဏ်းရှိ အကြီးအကဲများစွာရှိနေသည့် အခန်းကျယ်ကြီးထဲ ရောက်နေသည်ကို မြင်လိုက်ရသည်။ သူက သူ့အဖေ၊ အဘိုး၊ တာအိုကာကွယ်သူ၊ မဟာအကြီးအကဲလီကျန်းနှင့် မဟာအကြီးအကဲယန်းမိန်တို့ပါ ဘေးက ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။
ဆေးဝါးခန်းမဆောင်၏ မဟာအကြီးအကဲလီကျန်းက သူ့အသက်ထက် အရေးကြီးသည့်အလား ဆေးပုလင်း နှစ်ပုလင်းကို သေချာကိုင်လာသည်။ အစီအရင်ခန်းမဆောင်၏ မဟာအကြီးအကဲယန်းကျီက တစ်ယောက်ယောက်ကို ကူ၍ အခန်းတစ်ခန်းလုံး မြေကြီးမှ မျက်နှာကြက်အထိ အစီအရင်မြောက်များစွာ ခင်းကျင်းပေးနေသည်။
အကြီးအကဲချုပ်ထဲမှ တစ်ယောက်ဖြစ်သည့် လီဖန်းအမည်ရှိ အမျိုးသမီးက ဟန်လီကို ခွဲစိတ်မှုတုန်းက သတင်းအချက်အလက် ပြုစုဆန်းစစ်ပေးရသည့် တာဝန်ယူထားသူ ဖြစ်နေလေသည်။
သူတို့အကုန်ပြင်ဆင်ပြီးနောက် အကြီးအကဲချုပ်လီဖန်းက စိတ်လှုပ်ရှားစွာဖြင့် ဝမ်ဝေ့အား အစီအရင်အလယ်တွင် အဝတ်ချွတ်၍ လဲလျောင်းစေလိုက်သည်။
အခန်းအပြည့် လူအများရှေ့တွင် ကိုယ်လုံးတီးချွတ်လိုက်ရပြီးနောက် ဝမ်ဝေ့က သူ့ဘေးပတ်လည်မှ အစီအရင်ကို စတင် လေ့လာလိုက်သည်။
ထို့နောက် မဟာအကြီးအကဲယန်းကျီ၊ အဆောင်လက်ဖွဲ့ ခန်းမဆောင်၏ မဟာအကြီးအကဲ ချင်းဟွာနှင့် မွမ်းမံရေး ခန်းမဆောင်၏ မဟာအကြီးအကဲဝမ်ဖူတို့၏ အကူအညီဖြင့် ဝမ်ဝေ့ ခန္ဓာကိုယ်တစ်လျှောက် သင်္ကေတများ စတင်ရေးဆွဲကြသည်။
သူက တချို့သင်္ကေတများမှာ အစီအရင်သင်္တေကခန္ဓာမှ ဖြစ်ကြောင်း မှတ်မိလိုက်သော်လည်း ကျန်သင်္ကေတ၊ အက္ခရာများကို မသိပေ။ သူတို့ကို ဒီဖြစ်စဉ်အတွက် လိုက်လျောညီထွေဖြစ်စေရန် ပိုမို အဆင့်မြင့်ထားဟန်ပေါ်သည်။
သင်္ကေတများကို ရေးဆွဲပြီးနောက် မဟာအကြီးအကဲ လီကျန်းက ဝမ်ဝေ့အနား ရောက်လာကာ ဆေးနှစ်လုံး ပေးလိုက်ပြီး ရှင်းပြလိုက်သည် “ ဒီဆေးလုံးက ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်နဲ့ အတွင်းအင်္ဂါတွေကို ကာကွယ်ပေးမဲ့ အသက်ဓာတ်ကာကွယ်ဆေးလုံး။ ဒုတိယဆေးလုံးက မတော်တဆများဖြစ်ခဲ့ရင် ဝိညာဉ်ကို ဘာမှမထိခိုက်စေအောင် ဝိညာဉ်ကာကွယ်ဆေးလုံးပဲ ”
ဝမ်ဝေ့က ဆေးနှစ်လုံးကို သောက်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်း ဆေးလုံးက သူ့သွေးကြောထဲ ပျော်ဝင်သွားကာ ခန္ဓာကိုယ်အနှံ့ စတင်ပျံ့နှံ့သွားသည်။
အရာအားလုံး အဆင့်သင့်ပြင်ပြီးနောက် ဟန်လီကို တာဝန်ယူထားသည့် အကြီးအကဲချုပ်တစ်ယောက်က မီးခိုးဖြူ လိပ်ခွံကို ကိုင်လျက် ဝမ်ဝေ့ရှေ့ပေါ်လာသည်။ သူ့နာမည်က ရှင်းတုံ ဖြစ်၏။
“ အဲဒါက ဘာကြီးလဲ ” သူက မေးလိုက်သည့်အခါ အစစ်အမှန်အုပ်ချုပ်သူ ရှင်းတုံက ပြန်ဖြေလိုက်သည် “ဒါက ပါကွားလိပ်ခွံလို့ ခေါ်တယ်။ ငါတို့တွေ လျို့ဝှက်ကောင်းကင်မျှော်နန်းကနေ ငှားလာတာ”
“ ဂိုဏ်းက လျို့ဝှက်ကောင်းကင်မျှော်နန်းကနေ ကျင့်စဉ်တစ်ခု သွားယူတယ် ထင်နေတာ ”
“ ပိုကောင်းတဲ့ဟာရှိမှတော့ ဒါပဲ ယူလိုက်တာပေါ့။ ဒီပါကွားလိပ်ခွံက အသုံးပြုသူကို ကံကြမ္မာမြစ်ကို ဆင့်ခေါ်ပြီးတော့ အသင်္ချေအားလုံးရဲ့ ကံကြမ္မာနဲ့ လျို့ဝှက်ချက်ကို သိစေနိုင်တဲ့ အင်မော်တယ်ပစ္စည်းတစ်ခုပဲ ”
ထိုသို့ပြောပြီးနောက် အစစ်အမှန်အုပ်ချုပ်သူ ရှင်းတုံက ပစ္စည်းကို အားကျတကြီး လောဘအရိပ်အယောင်အနည်းငယ်စွက်ကာ ကြည့်လိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏ “ အဲဒါကို မဟာဧကရာဇ်တစ်ယောက်က ကိုယ်တိုင်လုပ်ထားပြီးတော့ သူမကို ကူညီပျိုးထောင်ပေးခဲ့လို့ လျို့ဝှက်ကောင်းကင်မျှော်နန်းဆီ ဆုချီးမြင့်ထားတာ။ မျှော်နန်းက သူတို့ကံကောင်းမှု စုစည်းရေးရတနာအဖြစ် အသုံးပြုကြတယ်လေ။ တကယ်လို့ ထာဝရအသျှင်ရဲ့ စွမ်းအားကြောင့်သာ မဟုတ်ရင် သူတို့က ငါတို့ဆီ ငှားလိုက်မှာ မဟုတ်ဘူး ”
“ငှားလိုက်တာလား ” ဝမ်ဝေ့က မေးလိုက်သည်။
“ အင်း .. ငှားထာတာ။ ပြီးရင် ပြန်ပေးဆပ်ရမှာပဲ ”
ဝမ်ဝေ့က သဘောပေါက်လိုက်သည်။ ဂိုဏ်းက လျို့ဝှက်ကောင်းကင်မျှော်နန်းနှင့် သူ ဒီရတနာကို အသုံးပြုနိုင်ဖို့အတွက် တစ်ရက်ရက် သူသာ တာအိုကို သက်သေပြနိုင်ခဲ့လျှင် ပြန်ပေးရုံသာမက ငှားယူသည့် ကျေးဇူးပါ ပြန်ပေးဆပ်ရမည့် သဘောတူညီချက် လုပ်ခဲ့ကြောင်း သိလိုက်သည်။
အကယ်၍ ဝမ်ဝေ့က မဟာဧကရာဇ် ဖြစ်လာဖို့ ကျရှုံးသွားလျှင် တာအိုအခွင့်အလမ်းဂိုဏ်းက သူ့အကြွေးကို ပြန်ပေးဆပ်လိမ့်မည်။
သူတို့စိတ်ပါရင်ပေါ့ …
ဂိုဏ်း၏ များပြားလွန်းသော ချီကံကောင်းမှုဖြင့် သူတို့သာ ဆန္ဒရှိပါက ဒီအကြွေးကို လျစ်လျူရှုထားနိုင်သည်။