← Chapters

စတင်ကျင့်ကြံခြင်း

Vol. 5 Ch. 68

စတင်ကျင့်ကြံခြင်း

Vol. 5 Ch. 68

အခန်း (၆၈)  : စတင်ကျင့်ကြံခြင်း

ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၌ ကျောင်းအုပ်ပိုင်ဟန်က မိုးကောင်းကင်မှ ကောင်းကင်ရုပ်ခန္ဓာစာရင်းကို ကြည့်ကာ ရေရွတ်လိုက်သည်။

“ လိုနေတာကို အရယူလိုက်ပြီး ပြောင်းလဲပစ်လိုက်တာပဲ။ တာအိုအခွင့်အလမ်းဂိုဏ်းက ဂိုဏ်းချုပ်ငယ်လေးက မရိုးရှင်းဘူးပဲ ”

ထို့နောက် သူက တာအိုအခွင့်အလမ်းဂိုဏ်းသည် ကောင်းကင်ရုပ်ခန္ဓာ ဖန်တီးနိုင်မည့် လျို့ဝှက်ချက်ကို သိသွားပြီလားဟု စိုးရိမ်မိလာသည်။ နောက်ရက်အနည်းငယ်အကြာတွင် သူ့စိုးရိမ်မှုက ပိုများလာခဲ့သည်။ ကောင်းကင်ရုပ်ခန္ဓာစာရင်းတွင် လီကျွင်းက အဆင့် ၂၀ တိုက်ပွဲရူး ရုပ်ခန္ဓာ ရရှိသွားလေသည်။

လီကျွင်းအလှည့်ရောက်လာသည့်အခါ ကောင်းကင်၌ ကောင်းကင်ရုပ်ခန္ဓာအဆင့်စာရင်း ပေါ်ထွက်မလာသော်လည်း အာရုံစိုက်ထားသည့် လူများက ထိုစာရင်း၌ အပြာင်းအလဲကို သတိထားမိကြသေးသည်။

တစ်လကျော် စာရင်းတွင် အပြောင်းအလဲ မဖြစ်တော့မှ သူတို့လည်း သက်ပြင်းချနိုင်တော့သည်။ တကယ်‌တော့ သူတို့စိုးရိမ်မှုများက မလိုပေ။ ကောင်းကင်တာအိုက တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ဟာကွက်မျိုး မည်သို့ချန်ထားပေးမည်နည်း။

ထို့ကြောင့် လီကျွင်း အသိအမှတ်ပြုခံရပြီး သူ့ရုပ်ခန္ဓာရရှိပြီးနောက် ဂိုဏ်းရှိ အဆင့်မြင့် ကျင့်ကြံသူများဆီ ကောင်းကင်တာအိုဆီမှ သူတို့စာရင်းကို ပြောင်းလဲဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုသာ ရှိကြောင်း သတိပေးချက် ရောက်လာသည်။ ထို့ကြောင့် သူတို့ ဘယ်လိုနည်းလမ်းသုံးသုံး မလုပ်မဖြစ်တော့ပေ။

ဂိုဏ်းအနေနှင့် ဒီနည်းလမ်း သုံး၍ ကျင့်ကြံကောင်း ကျင့်ကြံနိုင်သော်လည်း ဆုလာဘ်တော့ ရမည် မဟုတ်ချေ။ ဂိုဏ်းအနေနှင့်လည်း ထိုနည်းလမ်းမှ အသက်ရှင်နိုင်ခြေရှိသည့် ဂိုဏ်းသားကို အရင်ရှာဖွေရဦးမည်။

လီကျွင်းက ထာဝရအသျှင်ဆီမှ သွေးမျိုးဆက် ရလောက်အောင် ကံကောင်းခဲ့လေသည်။ မဟုတ်ပါက ကောင်းကင်ရုပ်ခန္ဓာကို ရယူဖို့ မဆိုထားနှင့် သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်ပင် အကောင်းတိုင်း ကျန်ရှိနိုင်မည် မဟုတ်ပေ။

ထိုစဉ် တာအိုအခွင့်အလမ်းဂိုဏ်း၌ ဝမ်ဝေ့ သူ့ကောင်းကင်ရုပ်ခန္ဓာ ရသွားသည်မှာ တစ်လကျော်ကြာမြင့်သွားလေပြီ။ ထိုအချိန်အတွင်း သူက သူ့ထံ တစ်ခုခု မှားယွင်းနေလားဟု သေချာစစ်ဆေးခဲ့သည်။ လူတစ်ယောက်က အမြဲတမ်း သတိကြီးကြီးမထားနိုင်ပေ။

ယခု ဝမ်ဝေ့က အသစ်တည်ဆောက်ထားသည့် သူ့ကျင့်ကြံရေးအခန်းအတွင်း တင်ပျဉ်ခွေထိုင်နေသည်။ သူက မူလလမ်းစဉ်ကျမ်းဟူသော စာအုပ်ကိုလည်း ကိုင်ထား၏။

စာအုပ် ပထမစာမျက်နှာတွင် ထိုစာအုပ်ရေးသားသူက စာအုပ်၏ အရေးပါပုံကို အကျဉ်းချုပ် ဖော်ပြထားလေသည်။ ထိုစာအုပ်က ထူးခြားဖွယ် မူလရင်းမြစ်ရှိသည့် စာအုပ်တစ်အုပ် ဖြစ်ပေသည်။

ဗလာခေတ်ကာလအပြီး ရှေးဟောင်းဧကရာဇ်ခေတ်ကာလကို စတင်ကာ မဟာဧကရာဇ်အဖြစ် ပထမဆုံး သရဖူဆောင်းနိုင်ခဲ့သူကို ဧကရာဇ်ချီယွမ်ဟု လူသိများကြပြီး သူက ဝမ်မိသားစု၏ ဘိုးဘေး ဖြစ်သလို တာအိုအခွင့်အလမ်းဂိုဏ်း၏ ပဲ့ကိုင်ရှင်လည်း ဖြစ်သည်။

ဒီစာအုပ်အရ ဝမ်ချီရှန်း အမည်ရှိ ဝမ်ဝေ့၏ ဘိုးဘေးက ထိုခေတ်ကာလ၏ လမ်းစဉ်မဲ့ ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်ပေသည်။

ဗလာခေတ်ကာလအပြီးတွင် ကျင့်စဉ်လည်း မရှိတော့သလို ကျမ်းများလည်း မရှိတော့ပေ။ ထို့ကြောင့် ကျင့်ကြံသူတိုင်းက ဘိုးဘေးဂုဏ်ပုဒ်အတွက် ပြိုင်ဆိုင်ရသလိုမျိုး အသစ်ဖန်တီးဖို့ ပြိုင်ဆိုင်ကြရသည်။ သို့သော်လည်း ထိုပြိုင်ပွဲက ဧကရာဇ်ဟိုင်ယွမ် ခေတ်မတိုင်ကတည်းက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။

ဝမ်ချီရှန်းက ထိုခေတ်ကာလ၏ ကောင်းကင်ရွေးချယ်ခံထဲမှ တစ်ယောက် ဖြစ်ခဲ့ပြီး ကျင့်ကြံရေး အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေသူ ဖြစ်သည်။ သူက အမှန်တကယ်လည်း အောင်မြင်ခဲ့၏။

ဝမ်ချီရှန်းက ကံကောင်းသူ တစ်ဦး ဖြစ်၏။ လျို့ဝှက်နယ်မြေထဲ စွန့်စားခရီးထွက်စဉ် သူ့အား အသင်္ချေအင်ပါယာမှ အဆင့်နိမ့်အလွှာဖြစ်စေ၊ တခြားကမ္ဘာများ ဖြစ်စေ ကမ္ဘာများကြား လွတ်လွတ်လပ်လပ် သွားလာစေနိုင်မည့် ရတနာတစ်ခု ရရှိခဲ့သည်။

ထိုကမ္ဘာများကြား သွားလာနေရင်း ဝမ်ချီရှန်းက ကျင့်စဉ်အမျိုးမျိုး သင်ယူခဲ့သည်။ သိုင်းပညာ၊ ချီကျင့်ကြံရေး၊ တိုက်ပွဲချီ၊ ဝိညာဉ်ကျင့်ကြံရေး သို့မဟုတ် နက်နဲစွမ်းအားများအကြောင်း အကုန်သင်ယူခဲ့သည်။

ထိုနည်းလမ်းများကို သင်ယူပြီးနောက် ဝမ်ချီရှန်းက အသင်္ချေအင်ပါယာကမ္ဘာဆီ အကုန်သယ်ဆောင်လာခဲ့ပြီး ဖြန့်ကျက်ခဲ့သည်။ သို့သော်လည်း သူက ရည်ရွယ်ချက်ကြီးမားသူဖြစ်၍ တခြားနည်းစနစ်များပေါင်းစပ်ကာ သူ့ကိုယ်ပိုင် နည်းစနစ်ကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့သည်။

သူ့သွေးသောက်မောင်နှမ နှစ်ယောက်ဖြစ်သည့် လီမင်နှင့် ယန်းအိုက်တို့၏ အကူအညီဖြင့် သူက သိုင်းပညာနှင့် ချီကျင့်ကြံရေးကို အခြေခံအဖြစ် အသုံးပြုကာ တခြားနည်းစနစ်တချို့ ထပ်ပေါင်းလိုက်ပြီး မူလလမ်းစဉ်ကျမ်းအဖြစ် ဖန်တီးခဲ့ပေသည်။

ထို့နောက် ဝမ်ချီရှန်းက ကမ္ဘာတစ်ဝှမ်းဆီ သူ့နည်းစနစ်အသစ်အကြောင်း ဖြန့်ကျက်ခဲ့ပြီး ကောင်းကင်မှ အကျိုးမြတ်များစွာ ရရှိလိုက်သည်။ လွှမ်းမိုးအားကြီးလှသည့် ဩဇာတိက္ကမနှင့်အတူ သူက တာအိုကို သက်သေပြခဲ့ပြီး ဧကရာဇ်ချီယွမ်အဖြစ် ကြေညာခဲ့သည်။

ထို့ကြောင့် သူ ဖန်တီးထားသည့် ဂိုဏ်းကို တာအိုအခွင့်အလမ်းဂိုဏ်းဟု ခေါ်ခြင်း ဖြစ်၏။ ဧကရာဇ်ချီယွမ်က ကမ္ဘာရှိ အားလုံးကို တာအို အခွင့်အလမ်း ဖွင့်ဟပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် တာအိုအခွင့်အလမ်းဂိုဏ်းကို အားအကောင်းဆုံး ဂိုဏ်းအဖြစ် သတ်မှတ်ထားနိုင်သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

သူတို့ကို သက်တမ်းအရင့်ဆုံး ဂိုဏ်းထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ရုံသာမက သူတို့ဘိုးဘေးများကြောင့် ကံကောင်းမှုအမြောက်အများလည်း စုဆောင်းထားနိုင်လသည်။ ကျင့်ကြံသူများသာ ဒီနည်းစနစ်ကို ဆက်လက် ကျင့်သုံးနေသရွေ့ ဂိုဏ်းကံကောင်းမှုက ပျက်စီးသွားမည် မဟုတ်ပေ။

ဝမ်ဝေ့က အားကြီးဂိုဏ်းတွင် မွေးဖွားလာရသည့်အတွက် မည်မျှကံကောင်းကြောင်း သက်ပြင်းချလိုက်မိသည်။ သူ တွေးမိသလောက် အတိတ်ဘဝတုန်းက တိုင်းပြည်ကို ကယ်တင်ခဲ့သူ မဟုတ်ခဲ့ပေ။

သူက ဘယ်လိုလုပ်များ ဒီလောက်ကံကောင်းနေရတာလဲ …

ဝမ်ဝေ့က ထိုအတွေးများကို ထုတ်ပစ်လိုက်သည်။ ထို့နောက် သူက မူလလမ်းစဉ်ကျမ်းကို ဆက်လက် ဖတ်ရှုလိုက်သည်။ အရင်လအတွင်း သူ့အဖေက သူ နားမလည်သည့်အရာများစွာကို ရှင်းပြခဲ့သည်။ ထို့ကြောင့် သူက ဘေးကင်းမှုသေချာစေရန် ပြန်လည်စစ်ဆေးနေခြင်း ဖြစ်၏။

သူက စာအုပ်ကို ဖတ်ပြီးသည့်နောက် ပိတ်လိုက်သည်။ ထို့နောက် သူက ကျမ်းရွတ်ဖတ်နေရင်း ယောဂပုံစံ ထူးထူးဆန်းဆန်း လှုပ်ရှားမှုများကို စတင်လုပ်ဆောင်လိုက်သည်။

ထိုအပြုအမူကို သုံးကြိမ်တိုင်တိုင် လုပ်ဆောင်ပြီးနောက် ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ဝိညာဉ်ချီများ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ သွေးထဲ ရောသွားပြီး စွမ်းအားပုံစံတစ်မျိုး ဖန်တီးလိုက်သည်ကို ခံစားမိလိုက်သည်။ ကျင့်ကြံရေးလောက၌ ထိုအရာကို သွေးချီဟု ခေါ်ညွှန်းပြီး ပထမအလွှာ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် ဝင်ရောက်သည့် လက္ခဏာ ဖြစ်ပေသည်။

သွေးချီက ဝမ်ဝေ့ခန္ဓာကိုယ် တစိတ်တပိုင်းလို ဖြစ်ပြီး သူ့ခန္ဓာကိုယ်ဆီ နောက်ထပ် ချိတ်ဆက်လာသည့် နံရိုးသဖွယ် ထိန်းချုပ်နိုင်လေသည်။

သူက ခန္ဓာကိုယ်အတွင်းမှ သွေးချီကို စုစည်းကာ လက်သီးချက် ထိုးခွင်းလိုက်သည်။ သူက လက်သီးချက်ကြောင့် လေသံကိုသာ ကြားလိုက်ရသည်။ သူက ထိုလက်သီးချက်သည် အနည်းဆုံး ကျင်လေးထောင်နီးပါးအထိ ရှိနိုင်ကြောင်း ခန့်မှန်းမိလိုက်၏။

ထိုအရေအတွက်က ပုံမှန်ကျင့်ကြံသူများ၏ ပုံမှန် ကျင်နှစ်ထောင်နှင့် ယှဉ်လျှင် နှစ်ဆ ဖြစ်နေလေပြီ။ ဤသည်မှာ သူ့တမူထူးရုပ်ခန္ဓာအသစ် ရရှိလိုက်သည့် ရလဒ်ကြောင့် ဖြစ်၏။

အထူးသဖြင့် ဟန်လီ၏ ၂၇၀၀ ကျင်နှင့် ယှဉ်ကြည့်လိုက်လျှင် ဤအရေအတွက်က အတော်လေး ကောင်းပေသည်။ သို့သော်လည်း ကျီစုန့်၏ သွေးချီမလေ့ကျင့်ရသေးဘဲ ကျင်သုံးထောင် ထုတ်သုံးနိုင်သည့် ခွန်အားနှင့် ယှဉ်လိုက်လျှင် ကောင်းကင်ဘုံ သွေဖယ်နေသည်ဟု မဆိုနိုင်သေးပေ။ ထို့ကြောင့် သူက အရမ်းတော့ မကျေနပ်သေးပေ။

သို့သော်လည်း သူက အဓိပ္ပါယ်မရှိသည့် အရာများကို ဆက်မတွေးနေတော့ပေ။ သူက အကြမ်းခံပုဆိန်ရုပ်ခန္ဓာသည် ကျီစုန့်အား ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်တွင် အားသာချက် ဖြစ်စေမည်မှန်း သိထားသော်လည်း အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့်ကျ အတူတူ မဖြစ်နိုင်တော့ပေ။ ဤနယ်ပယ်အဆင့်တွင် ကျင့်ကြံသူများ၏ အင်အားကို ကျင်အရေအတွက်တစ်ခုတည်းဖြင့် ခွဲခြား၍ မရပေ။

ထို့အပြင် သူသာ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်သရွေ့ ကွာခြားချက်ကို ကာနိုင်ဖို့ အခွင့်အရေးရှိနေဆဲ ဖြစ်၏။

သိပ်မကြာခင် ခြောက်လကျော် ကုန်ဆုံးသွားလေသည်။ ဝမ်ဝေ့က ၉လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် သို့ ရောက်သွားလေပြီ။ ထိုအဆင့်၌ သူက ကျင် သုံးသောင်း ခြောက်ထောင် ခွန်အား ပိုင်ဆိုင်ထားသည်။

ဤသည်မှ အလွန်မြန်ဆန်နေပြီ ဖြစ်၏။ ဝမ်ဝေ့လိုမျိုး ကောင်းကင်ရွေးချယ်ခံ အရည်အချင်းရှိသူတစ်ယောက်ပင် ၁၂လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ရောက်ဖို့ အနည်းဆုံး ၂ နှစ်၊ ၃ နှစ် အချိန်ယူရလေသည်။ တချို့က အနာဂတ်အတွက် ခိုင်မာသည့် အုတ်မြစ်ရစေရန် ငါးနှစ်ကျော် အချိန်ယူကြသည်။

သူ မြန်ဆန်နေသည့် အကြောင်းအရင်းမှာ နှစ်များစွာတစ်လျှောက်လုံး သူ့ခန္ဓာကိုယ် ကျန်ရှိနေသည့် ဆေးအကြွင်းအကျန်များကြောင့် ဖြစ်ပေသည်။ သူတော်စင်အဆင့် ခြောက်ရောင်ခြယ်နွားဆီမှ ရသည့် နွားနို့ကိုလည်း ထိုအကြောင်းအရင်းအတွက် ကလေးဘဝကတည်းက နေ့တိုင်းသောက်ခဲ့သည် မဟုတ်ပါလော။

သူက ကျင့်ကြံဆင့် ရပ်လိုက်သည့် အချက်မှာ သူ့ကိုယ်သူ လေ့ကျင့်ဖို့ စိန်ခေါ်မှုအစစ်အမှန် လိုအပ်နေကြောင်း သတိပြုမိ၍ ဖြစ်သည်။ လွန်ခဲ့သည့် လဝက်ခန့်က သူက ယှဉ်ပြိုင်ပွဲတွင် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံးကို အလွယ်လေး မှောက်သိပ်နိုင်ခဲ့သည်။

အလွန်လွယ်ကူနေသောကြောင့် ပျင်းစရာကောင်းလာခဲ့သည်။ သို့သော်လည်း သူက အမွေခံသားတော်အဖြစ် အနာဂတ်အနေအထားအတွက် ဩဇာထုတ်ပြထားရမည်။

သို့သော် ယခုတွင် သူက အမှန်တကယ် စိန်ခေါ်မှုအစစ် လိုအပ်နေသည်။ သူက ဘယ်နေရာတွင် ရနိုင်ကြောင်း သိထားသည်။ ဤသည်မှာ တိုက်ပွဲမျှော်စင် ဖြစ်၏။ ထိုအရာက ဂိုဏ်းတစ်ခုလုံး တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ပေးဖို့ရာ တိုက်ပွဲရူးဧကရာဇ် ဖန်တီးထားခဲ့သည့် စစ်ဆေးမှု ဖြစ်လေသည်။

ထိုနေရာတွင် သူက ခန္ဓာကိုယ်သန့်စင်ရေး နယ်ပယ်အဆင့်မှ မဟာဧကရာဇ်နယ်ပယ်အဆင့်အထိ တာအိုတိုက်ခိုက်ရေး အသိအမြင်အားလုံးကို ချန်ထားခဲ့သည်။

သဘောတရားအရ ဝမ်ဝေ့က ဧကရာဇ် ဖြစ်လာလျှင်ပင် ထိုစစ်ဆေးမှုအား အသုံးပြုနိုင်သည်။ သို့သော်လည်း မဟာဧကရာဇ်အားလုံးက သူတို့ကိုယ်ပိုင်တာအို ရှိကြသည့် မောက်မာသူများ ဖြစ်ကြလေရာ တခြားတစ်ယောက်၏ တာအိုကို စိတ်မဝင်စားကြပေ။

ပို၍ အရေးကြီးသည်က တိုက်ပွဲရူးဧကရာဇ်သည် ထိုစစ်ဆေးမှုကို ချန်ထားခဲ့သည်မှာ နောက်ထပ် မဟာဧကရာဇ်နှင့် တိုက်ခိုက်ရန် နည်းလမ်းကို ရှာလိုသည့်အတွက် သို့မဟုတ် သူ့တာအိုမှ တခြားလူများ အသိဉာဏ်ပွင့်သွားစေရန် ဖြစ်သည်။

ဝမ်ဝေ့က ဝမ်မိသားစု တောင်စွန်းဆီ လျှောက်သွားပြီး ခုန်ချလိုက်သည်။ သူက နေရာတစ်ခုအထိ ဒီအတိုင်း ပြုတ်ကျခံလိုက်ပြီးနောက် သွေးချီကို လှည့်ပတ်ကာ အဆောင်လက်ဖွဲ့အား အသက်သွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ကျဆင်းစေလိုက်သည်။

ဝမ်ဝေ့က တောင်ကို ရစ်ပတ်ထားသည့် သံကြိုးတစ်ခုပေါ် ဆင်းသက်လိုက်ပြီးနောက် တိုက်ပွဲမျှော်စင်ဆီ ဦးတည်လိုက်သည်။ တစ်ယောက်ယောက် ဖြတ်သွားတိုင်း သူ့အဆင့်အတန်းကို မှတ်မိကြသောကြောင့် အရိုအသေပေးသွားကြသည်။

သူက အပြုံးလေးဖြင့်သာ ပြန်တုံ့ပြန်လေသည်။ သူ့ခဲဖြူရောင်ဆံပင်နှင့် မျက်ဝန်းရောင်ကြောင့် ပို၍ ခန့်ညားလာသည်။ ထို့ကြောင့် အမျိုးသမီး တပည့်များထံ သူ့ကျော်ကြားမှုများလည်း ပိုမို တိုးမြင့်လာတော့သည်။ ယဉ်ကျေးကာ ချည်းကပ်ရလွယ်သည့် သူ့သဘာဝကို ထည့်ပေါင်းလိုက်လျှင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေလေသည်။

“ ဝမ်ကျူ ဒီမှာမရှိတာ တော်တော်ဆိုးတာပဲ။ မဟုတ်ရင် သူမနဲ့ဆိုရင် တန်းပျံသွားလို့ရတယ်” ဝမ်ဝေ့က အမျိုးသမီး တပည့်တစ်ဦးနှင့် စကားပြောအပြီးတွင် ရေရွတ်လိုက်တော့သည်။

“ သူမက အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့် တက်လှမ်းဖို့ သီးသန့်ကျင့်ကြံဖို့ ဝင်သွားတာဆိုတော့ အခုတလော ငါတစ်ယောက်တည်းပဲ ဖြစ်နေဦးမှာပဲ ”

အချိန်ကုန်လွန်သွားသည်ကို သတိမထားမိဘဲ ဝမ်ဝေ့က သူ့ဦးတည်ချက်သို့ ရောက်လာသည်။ သူက ကျန်း ၉၀ မြင့်မားသည့် မျှော်စင်အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက တိုက်ပွဲကောင်းကောင်း တစ်ပွဲ ရလာပေတော့မည်။

All Chapters