နိဗာနကိုးပါး သွေးချီ
Vol. 5 Ch. 70
အခန်း (၇၀) : နိဗာနကိုးပါး သွေးချီ
မြေကမ္ဘာအဆင့် စစ်ဆေးမှု၌ ဝမ်ဝေ့က တောအုပ်ကြား ရောက်နေကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း သူ ရပ်နေသည့် နေရာမှာ မီတာတစ်ရာပတ်လည် မြေပြန့်ဟင်းလင်းပြင် ဖြစ်နေသည်။ ထို့ကြောင့် သူက ဒီနေရာကို သေချာစူးစမ်းကြည့်လိုက်သည်။
ဝမ်ဝေ့က တိုက်ပွဲမျှော်စင်ထဲ ဝင်ကြသည့် တပည့်တိုင်း သူတို့ကိုယ်ပိုင် စစ်ဆေးမှု လက်ခံကြရသည်။ ထို့ကြောင့် တိုက်ပွဲရူးဧကရာဇ်သည် တိုက်ပွဲမျှော်စင်ကို ဖန်တီးစဉ်က နေရာစည်းမျဉ်းပါ ထုတ်သုံးခဲ့ကြောင်း ခန့်မှန်းမိလိုက်သည်။
အသက်ရှိုက်စာအနည်းငယ်အတွင်း ဝမ်ဝေ့က သူနှင့် မီတာငါးဆယ်အကွာတွင် ဧရာမကျားကြီးတစ်ကောင် ရှိနေသည်ကို သတိထားမိလိုက်သည်။ အမြင့်အားဖြင့် ငါးပေကျော်ပြီး အလျားမှာ ၇ မီတာ ကျော်ကာ အောက်တွင် အပြာသားမွေးများနှင့် ကြေးခွံအသေးလေးများ ပါရှိလေသည်။
ဝမ်ဝေ့က ဤသည်မှာ အမွေးပြာကြေးခွံကျား ဖြစ်သည့် အဆင့်တစ် နတ်ဆိုးမှန်း သတိပြုမိလိုက်သည်။ ဤသည်မှာ အဆင့်နိမ့်သွေးမျိုးဆက် ရှိသည့် နတ်ဆိုးဖြစ်ပြီး ကာကွယ်ရေးကြောင့် လူသိများကြသည်။
ဝမ်ဝေ့က ကျားကို သေချာလေ့လာလိုက်ပြီး စာကြည့်တိုက်ထဲမှ သူ ဖတ်ထားသည့် ဗဟုသုတများအကြောင်း ပြန်လည်ဆန်းစစ်လိုက်သည်။
ဤကမ္ဘာတွင် တိရစ္ဆာန်များ ကျင့်ကြံပြီး ခံယူချက်သဘောထားရှိလာလျှင် နတ်ဆိုးသားရဲဟု ခေါ်ကြသည်။ မူလနည်းစနစ်ကို ကျင့်ကြံသည့် ကျင့်ကြံသူများနှင့် မတူဘဲ သူတို့သည် သွေးမျိုးဆက်ပေါ် မူတည်သည့် ကျင့်ကြံနည်း ရှိကြသည်။ သွေးမျိုးဆက် ပိုအားကောင်းလေလေ နတ်ဆိုးသားရဲက ပိုမိုအားကောင်းလေလေ ဖြစ်၏။
ထို့ကြောင့် အဆင့်အားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်မှ အထွတ်အထိပ်နယ်ပယ်အဆင့်အထိ ကိုယ်စားပြုသည့် တစ်မှ ကိုးအထိ ခွဲထားလေသည်။ အဆင့် ၁၀ ဟူ၍ မရှိပေ။ အကြောင်းမှာ မဟာဧကရာဇ်နယ်ပယ်အဆင့် ဖြစ်၍ ဖြစ်သည်။
ဧကရာဇ်ကို အဆင့် ၁၀ နတ်ဆိုးသားရဲဟု မည်သူကများ ခေါ်ရဲမည်နည်း။
နတ်ဆိုးမျိုးနွယ်လည်း ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ သူတို့သမိုင်းကြောင်းတစ်လျှောက် အားကောင်းသည့် နတ်ဆိုးဧကရာဇ်များစွာ မွေးထုတ်ခဲ့ဖူး၏။
ဝမ်ဝေ့က ကျားကို လေ့လာနေစဉ် ကျားကလည်း သူ့ကို ပြန်အကဲခတ်နေသည်။ သူ့ခက်ထန်ကြမ်းတမ်းသည့် မျက်လုံးများက ဝမ်ဝေ့အား သားကောင်သဖွယ် ကြည့်နေသည်။ သူ့ပါးစပ်ကို ဟကာ ချွန်ထက်နေသည့် အစွယ်များပြလိုက်သည့်အခါ သရေများစီးကျလာသည်။
သူက လှောင်အိမ်ထဲတွင် နေရသည်မှာ နှစ်များစွာရှိပြီဖြစ်ပြီး အားနည်းသည့် ကျင့်ကြံသူများစွာနှင့် တိုက်ခိုက်ခဲ့သည်။ သူ ကံကောင်းလျှင် လူတချို့ကို သတ်ကာ စားနိုင်လေ၏။ သူက ကျင့်ကြံသူများ၏ အသားမှာ ဝါးရကောင်းပြီး အရသာရှိသည့်အတွက် ကြိုက်နှစ်သက်လေသည်။ သို့သော် ပမာဏက အမြဲလိုလို နည်းပါးလှသည်။
ဝမ်ဝေ့က ကျားဆီမှ သတ်ဖြတ်ငွေ့ကို ခံစားမိလိုက်သည်။ သူက ဂိုဏ်းသားတချို့သည် မြေကမ္ဘာအဆင့် စစ်ဆေးမှု၌ အရှုံးကို ဝန်မခံခင် ကျားစာဖြစ်သွားကြောင်း သိလိုက်သည်။
သူက စိတ်မပူပေ။ အချုပ်အားဖြင့် သူ့သွေးများက ဆူပွက်လာသလို ခံစားလာရပြီး ပိုမို တက်ကြွလာ၏။ တစ်ခါတစ်လေ သူက လီမိသားစု၏ တိုက်ပွဲရူး သွေးမျိုးဆက်များ ဆက်ခံထားသည်လားဟု ကိုယ့်ဘာသာ ထင်မိသည်။
မိသားစုသုံးခုကြား အချင်းချင်း လက်ထပ်ပွဲများကို ထည့်တွေးကြည့်လိုက်လျှင် သူ့အနေနှင့် လီမိသားစု သွေးမျိုးဆက် မရှိနိုင်ခြင်းတော့ မဟုတ်ပေ။
ဝမ်ဝေ့က စိတ်ထဲမှ အရှုပ်များကို ဖယ်ချကာ ကျားဆီ ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။ သွေးချီအကူအညီဖြင့် ကျင် ၃ သောင်း ၆ ထောင်ကျော် ခွန်အားထွက်လာသည်။
အမွေးပြာကြေးခွံကျားသည် ပါတိပါချက် လူသားအောက် အညံ့ခံမည် မဟုတ်ပေ။ သူက လက်တစ်ဖက်ကို မြောက်ကာ ဝမ်ဝေ့အား ယင်ကောင်သဖွယ် လှမ်းရိုက်ထုတ်လိုက်သည်။ ထိုလှည့်ကွက်က အားနည်းသည့် ကျင့်ကြံသူများထံ အမြဲအလုပ်ဖြစ်လေသည်။
သို့သော် ကျားအတွက် ကံဆိုးသည်က သူ စီစဉ်ထားသလို ဖြစ်မလာပေ။ ယနေ့ သူက ပြိုင်ဖက်ကောင်း တွေ့ရလေပြီ။ ဝမ်ဝေ့၏ လက်သီးချက်က ကျားလက်သည်းကို ထိကာ ဘန်းခနဲအသံနှင့်အတူ အားချင်း ထိပ်တိုက်တွေ့သွားသည်။
မည်သူကမှ တုံ့ပြန်ချက် မရှိသလို မလှုပ်ရှားကြပေ။ သူတို့ခွန်အားက ညီမျှနေလေ၏။
ဝမ်ဝေ့က စိတ်လှုပ်ရှားသွားစဉ် ကျားက အံ့ဩသွားလေသည်။ နောက်ဆုံးတွင် သူက သူနှင့် တိုက်ခိုက်နိုင်မည့်သူကို တွေ့ရလေပြီ။ ထို့ကြောင့် သူက မရပ်ပေ။
ဘန်း ဘန်း ဘန်း
လက်သီးတစ်ချက်စီတွင် လေဟာနယ်ပင် တုန်ခါသွားပြီး သူ့ခြေထောက်အောက်မှ မြေကြီးပင် အက်ကွဲလာသည်။ သူ့သွေးများလည်း စတင်ဆူပွက်လာ၏။ ဤသည်မှာ သူ မျှော်လင့်စောင့်စားနေခဲ့သည့် တိုက်ပွဲမျိုး ဖြစ်သည်။ တစ်ယောက်ချင်း နောက်ဆုံး အနိုင်ရသူ တစ်ယောက်တည်းကျန်သည့်အထိ ထိပ်တိုက် တိုက်ခိုက်ကြမည်။
သူက ကျားဆီ ပြေးသွားလိုက်ပြီး လက်သီးဖြင့် ဆက်ထိုးလိုက်သည်။ တိုက်ကွက်တစ်ခုချင်းစီတွင် သူ့ကြွက်သားများက စိတ်လှုပ်ရှားမှုကြောင့်တုန်ခါနေပြီး နှလုံးခုန်လည်း မြန်ဆန်နေသည်။
ဝမ်ဝေ့က တိုက်ပွဲမှာ ပျော်နေစဉ် အမွေးပြာကြေးခွံကျားကတော့ ဒေါသထွက်လာသည်။ ဒီလူအသေးလေးက သူနှင့် တူညီသည့် အင်အားမျိုး ရှိနေသည်မှာ သူ့မာနထိခိုက်စေသည်။
ကျားက ဝမ်ဝေ့ဆီ တဟုန်ထိုးပြေးဝင်လာပြီး လက်သည်းအစား အစွယ်ကို သုံးလိုက်သည်။ သူ့အစွယ်များဖြင့် ဝမ်ဝေ့ကို ရုတ်ချည်းတိုက်ခိုက်ပြီး ကိုက်ပစ်ဖို့ ရည်ရွယ်လိုက်သည်။
ဝမ်ဝေ့၏ ပထမဆုံး တုံ့ပြန်မှုမှာ ကျားအစွယ်ဆီ ထိုးချလိုက်ရန် ဖြစ်သော်လည်း သူ့လက်တွင် သွေးထွက်နေသည်ကို သတိထားမိပြီး စိတ်ပြောင်းသွားသည်။ သူက မြေပေါ်အသာလှိမ့်ကာ ရှောင်လိုက်သည်။ ထို့နောက် သူက မီတာနှစ်ဆယ်လောက်အထိ နောက်ကျွမ်းထိုးခုန်လိုက်ပြီး ကျားနှင့် အကွာအဝေးချဲလိုက်သည်။
သူ့လက်များက ဒဏ်ရာများရှိနေပြီး သွေးများထွက်နေကြောင်း သတိပြုမိလိုက်သည်နှင့် သူ့ကြွက်သားများက စုတ်ပြဲနေပြီး အရိုးများပင် ပေါ်နေလေပြီ။ ခွေးက အရုပ်တစ်ရုပ်ကို ကိုက်ထားသလိုမျိုး ဖြစ်၏။ ထို့နောက် ဝမ်ဝေ့က စောစောလေးက သူ့အပြုအမူသည် မည်မျှဉာဏ်နည်းသွားကြောင်း သဘောပေါက်သွားတော့သည်။
သူ့အားနည်းလှသည့် ခန္ဓာကိုယ်ဖြင့် အမွေးပြာကြေးခွံကျားလိုမျိုး ကာကွယ်ရေးစွမ်းကောင်းပြီး လက်သည်းချွန်ချွန်များကြောင့် လူသိများသည့် နတ်ဆိုးသားရဲကို မည်သို့ ထိပ်တိုက်ရင်ဆိုင်နိုင်မည်နည်း။
သူ့သွေးချီက ခွန်အား၊ အမြန်နှုန်းနှင့် တောင့်ခံနိုင်စွမ်းတို့ကို ထောက်ပံ့ပေးသော်လည်း ကာကွယ်ရေးက သာမန်သာ ဖြစ်သည်။ ထိုအချက်မှာ သွေးချီကို ခန္ဓာကိုယ်အတွင်းသာ ထုတ်သုံးလို့ရပြီး အပြင်ဘက်မပါသောကြောင့် ဖြစ်၏။ ထို့ကြောင့် သွေးချီကို အရေပြားပေါ်ကို ကာကွယ်မှုအလွှာအဖြစ် မသုံးနိုင်ပေ။
အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့် ရောက်သည့် ကျင့်ကြံသူများသာ သွေးချီကို မူလချီအဖြစ် ပြောင်းပြီး ထိုစွမ်းရည် ရရှိလာကြသည်။
ဝမ်ဝေ့က သူ့အမှားကို သတိပြုမိကာ နည်းဗျူဟာ ပြောင်းလဲလိုက်သည်။ သို့သော်လည်း သူက သိပ်မပျော်ပေ။ သူ့အကြိုက်ဆုံးတိုက်ခိုက်ရေးပုံစံက ထိပ်တိုက် ရင်ဆိုင်ခြင်း ဖြစ်၏။
အကယ်၍ လက်သီးတစ်ချက်တည်းဖြင့် မလုံလောက်လျှင် နှစ်ချက်ထိုးမည်။ အကယ်၍ ဒါမှမလုံလောက်သေးလျှင် ရန်သူ သေသည့်အထိ ဒါမှမဟုတ် ဘာမှမလှုပ်နိုင်တော့သည့်အထိ ဆက်တိုက်ထိုးနေမည်။ သူ့အနေနှင့် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံလိုစိတ် ပိုမိုပြင်းပြလာရသည်။
ကံဆိုးစွာဖြင့် ထိုကျမ်းက ကျင့်ကြံသူတစ်ယောက်က မိုးမြေမှ ဝိညာဉ်ချီများကို ကျင့်ကြံဖို့ စိတ်ကြိုက်အသုံးပြုနိုင်သည့်အဆင့် ဖြစ်သည့် အနည်းဆုံး အံ့ဖွယ်ပုလ္လင်နယ်ပယ်အဆင့် လိုအပ်လေသည်။
ဝမ်ဝေ့က သိုလှောင်လက်စွပ်ကို ဖွင့်ကာ ပုလင်းတစ်ပုလင်းကို ထုတ်ကာ တုန်ယင်နေသည့် သူ့လက်ဆီ တော်ဝင်စမ်းရေ အစက်နည်းနည်း လောင်းချလိုက်သည်။ ငါးစက္ကန့်အတွင်း သူတို့က ပုံမှန်ပြန်ဖြစ်သွားလေ၏။
ထို့နောက် သူက ကျားကို သူ့လက်ရှိိစတ်အခြေအနေမှာ မည်မျှဆိုးရွားနေကြောင်း ခက်ထန်စွာ ကြည့်လိုက်သည်။ သူက ငါးမီတာလောက် ခုန်လိုက်ပြီး ကန်ချလိုက်သည်။ သို့သော်လည်း ကျားကလည်း တိုက်ခိုက်ရေးအတွေ့အကြုံရှိဟန်ပေါ်ကာ တိုက်ခိုက်မှုအား အားကောင်းလှသည့် သူ့ကြေးခွံဖြင့် ကာလိုက်သည်။
ထို့နောက် ကျားက ဝမ်ဝေ့ လေထဲရောက်နေသည့်အချိန် မလှုပ်ရှားနိုင်သည်ကို အခွင့်ကောင်းယူကာ လက်သည်းဖြင့် ပုတ်ထုတ်လိုက်သည်။
ဝမ်ဝေ့က မြန်မြန်ဆန်ဆန် စဉ်းစားလိုက်ပြီး ဖြေရှင်းနည်း တွေ့သွားသည်။ သူက မြေပြင်ကို အရှိန်ယူပြီး ကျားမျက်ခွံ့အား ကန်အားအဖြစ် သုံးလိုက်ပြီး ရှောင်ရှားလိုက်သည်။
ကျားကို နောက်ထပ် လှုပ်ရှားဖို့ အချိန်မပေးဘဲ သူက ဘေးဘက် ပြေးလာကာ လက်သီးထပ်ထိုးလိုက်သည်။ ဤတစ်ကြိမ် သူက ကျင် ၇ သောင်း ၂ ထောင် ခွန်အားရှိသည့် နည်းလမ်းအသစ်ကို ထုတ်သုံးလိုက်သည်။
သို့သော်လည်း သူ့အားအပြင်းဆုံး တိုက်ကွက်က ကျားးအပေါ် သက်ရောက်မှု သိပ်မရှိချေ။ သူ့တိုက်ကွက်က သူ့လက်မှအပ ဘယ်အရာမှ မထိခိုက်စေလိုက်ပေ။
ဝမ်ဝေ့က နောက်နည်းလမ်းကို မတွေးနိုင်ခင် ညာဘက်မှ လေတိုက်သံကို ကြားလိုက်ရသည်။ သူက လှည့်ကြည့်လိုက်သည့်အခါ ကျားအမြီးက အမြန်အဆန် ချည်းကပ်လာသည်ကို မြင်လိုက်ရ၏။
သူက သွေးချီကို စုစည်းကာ လက်နှစ်ဖက်ဖြင့် ကာလိုက်သည်။ ထို့နောက် ဝမ်ဝေ့က မီတာရာချီ လွှင့်စင်သွားပြီး တောအုပ်ထဲရှိ သစ်ပင်များစွာ ဝင်တိုက်မိသွားလေသည်။ သူ လွှင့်စင်သွားရာ လမ်းတစ်လျှောက် သစ်ပင်များက ပျက်စီးကုန်၏။
စက္ကန့်ပိုင်းကြာမြင့်ပြီးနောက် ဝမ်ဝေ့က မြေပြင်မှ ထကာ သွေးအန်လိုက်ရသည်။ သူ့သွေးချီက အားအများစုကို ကာပေးနိုင်ခဲ့သော်လည်း တချို့က အတွင်းအင်္ဂါအထိ ထိသွားလေသည်။
“ငါ သတိလက်လွတ်ဖြစ်သွားတာ ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့သွားဖြူဖြူများလည်း နီရဲနေလေပြီ။
တကယ်တော့ ဒီတစ်ခါ သူ့ အမှား မဟုတ်ပေ။ သူက လူသားများနှင့် တိုက်ခိုက်နေကြဖြစ်၍ နတ်ဆိုးသားရဲများက ကွဲပြားကြောင်း မေ့သွားခဲ့သည်။ တချို့က အမြီးရှိကြသလို လက်နက်အဖြစ် အသုံးပြုတတ်ကြသည်။
ဝမ်ဝေ့က သူ့အတွင်းအင်္ဂါများနှင့် သွေးချီကို စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့ဒဏ်ရာများက အလယ်အလတ်လောက်သာ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။
ခဏ … အတွင်းအင်္ဂါ … ခွန်အား … အတွင်းပိုင်း …
ဝမ်ဝေ့က ထိုကျား၏ ကာကွယ်မှုကို ထိုးဖောက်ကာ မြေကမ္ဘာအဆင့် ခက်ခဲမှုကို မည်သို့ဖြတ်ကျော်ရမည်ကို အတွေးတစ်ခုရသွားသည်။
သူက အခြေအနေ ထိန်းညှိဖို့ အသက်ပြင်းပြင်းရှုလိုက်ပြီး ကျား သူ့ဆီ ပြေးဝင်လာသည်ကို ကြည့်နေလိုက်သည်။ သူလည်း မျက်နှာချင်းဆိုင် ရင်ဆိုင်တော့မည့် ပုံစံမျိုး ပြေးသွားလိုက်သည်။
ကျားက ဝမ်ဝေ့ပေါ် ခုန်အုပ်လိုက်သည့်အခါ သူက အချိန်ကောင်းကို စောင့်ပြီး မြေပေါ် လိမ့်လိုက်ကာ ကျားဝမ်းဗိုက်အောက်ထဲ နေရာယူလိုက်သည်။
ထို့နောက် ဝမ်ဝေ့က အားကုန်စုကာ ဗိုက်ကို ထိုးချလိုက်သည်။ သို့သော် ထိုလက်သီးချက်က တခြားအရာများနှင့် ကွဲပြားပေသည်။
သူ့ ကျင် ၃ သောင်း ၆ ထောင် ခွန်အားကို ထုတ်မည့်အစား ဝမ်ဝေ့က တစ်ချက်တည်းဖြင့် အားအပြည့်ထွက်လာစေရန် သူ့အရိုးနှင့် ကြွက်သားများကို လှုံ့ဆော်ပေးဖို့ သွေးချီကို ထုတ်သုံးလိုက်သည်။
ထိုလက်သီးချက်က နတ်ဆိုးကျား၏ ကြေးခွံနှင့် ထိတွေ့မိသည့်အခါ ဘုန်းခနဲ အသံကလွဲ၍ ဘာအသံမှ ထူးထူးဆန်းဆန်း ထွက်မလာပေ။
သိပ်မကြာခင် ကျားက ဆင်းလာပြီး ဝမ်ဝေ့အား တုံ့ဆိုင်းဆိုင်းဖြင့် ကြည့်လိုက်သည်။ အသက်ရှိုက်စာအနည်းငယ်အကြာတွင် သူ့ပါးစပ်၊ နှာခေါင်း၊ နားနှင့် အခြားဒွါရအပေါက်များမှ သွေးများစတင်စီးလာကာ မြေပြင်ပေါ် လဲကျသေဆုံးသွားတော့သည်။
အကယ်၍ ကျားကို ခွဲစိတ်ကြည့်မည်ဆိုလျှင် အတွင်းအင်္ဂါများဖြစ်သည့် နှလုံး၊ အဆုတ်၊ ကျောက်ကပ်နှင့် အစာအိမ်တို့က ပျော့ပြဲသွားသည်ကို မြင်တွေ့နိုင်သည်။ ဤသည်မှာ ရက်ရက်စက်စက် သေဆုံးလိုက်ရခြင်း ဖြစ်၏။
မြေကမ္ဘာအဆင့် ခက်ခဲမှု ဖြတ်ကျော်ပြီးနောက် ဝမ်ဝေ့က နောက်ထပ် တစ်နာရီအချိန်ယူကာ အားဖြည့်ခဲ့သည်။ ထို့နောက် ကောင်းကင်အဆင့် ခက်ခဲမှုကို မကျော်ဖြတ်ခင် နောက်ထပ် တစ်နာရီအချိန်ထပ်ယူလိုက်ရ၏။ အကြောင်းမှာ သူက အမွေးပြာကြေးခွံကျားငါးကောင်နှင့် ထပ်မံ ကြုံတွေ့လာ၍ ဖြစ်သည်။
တိုက်ပွဲမျှော်စင်အပြင်ဘက်တွင် ဝမ်ဝေ့က သူ့ဝမ်းဗိုက်ကြွက်သား ရှစ်မြောင်း ပြသနေသည့် အဝတ်အစားအပြဲများကို ဝတ်ဆင်ထားပြီး ခဲဖြူရောင်ဆံပင်ရှည်ရှည်ကို နောက်ကျောဘက် ချထားလေသည်။ သူက မျှော်စင်အတွင်းမှ အတွေ့အကြုံများကို ပြန်လည်စဉ်းစားနေလေ၏။
သူက ဒီနေရာကို လာဖို့ ဆုံးဖြတ်မိသည့်အတွက် ဝမ်းသာနေမိသည်။ သူ့တိုက်ပွဲအတွေ့အကြုံက အတော်လေး တိုးတက်လာပြီး သေခြင်းရှင်ခြင်းတိုက်ပွဲများကြား သူ့ကျင့်ကြံရေးကို အခြေခံခိုင်မာအောင် လုပ်နိုင်ခဲ့သည်။
အမွေးပြာကြေးခွံကျားက ပြိုင်ဖက်ကောင်း ဖြစ်၏။ သူက နတ်ဆိုးသားရဲများသည် မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့် ခက်ခဲမှုများတွင် အဘယ်ကြောင့် အသုံးပြုကြောင်း သဘောပေါက်သွားသည်။
နတ်ဆိုးသားရဲများက သူတို့၏ သန်မာခွန်အားကြီးသော ကိုယ်ထည်နှင့် အဆင့် ၁ မှာပင် ဝိညာဉ်ချီ ကိုင်တွယ်နိုင်စွမ်းတို့ကြောင့် ကျင့်ကြံရေးအစောပိုင်းအဆင့်တွင် လူသားများထက် ပိုမိုအားကောင်းတတ်ကြသည်။ နောက်ဆုံးအချက်များက အနည်းဆုံး အလယ်အလတ်အဆင့် သွေးမျိုးဆက် ရှိသည့် နတ်ဆိုးသားရဲများကိုသာ ကိုယ်စားပြုလေသည်။
သိုသော်လည်း အသင်္ချေအင်ပါယာကမ္ဘာကို အုပ်စိုးနေသည်မှာ လူသားများဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ နတ်ဆိုးမျိုးနွယ်၏ ဧကရာဇ်မျိုးဆက်ကို ဝိညာဉ်ချီအနည်းဆုံးဖြစ်သည့် မြောက်ပိုင်း လိပ်ကုန်းမြေဘက်၌သာ နေနိုင်အောင် ဖိအားပေးထားကြသည့်အချက်ကို ကြည့်၍ သိနိုင်သည်။
ဝမ်ဝေ့အတွက် နတ်ဆိုးမျိုးနွယ်သည် အရှုံးသမားများသာ ဖြစ်၏။ ဒီလောက်အရေးသာသည့် အားသာချက်ဖြင့် သူတို့သည် လူသားများ၏ လွှမ်းမိုးမှုကို ခံနေရသည်။ ဤသည်မှာ ပါရမီကောင်းကို ဖြုန်းတီးခြင်းသာ ဖြစ်၏။
နတ်ဆိုးမျိုးနွယ်ကို စိတ်ပျက်လက်ပျက်ပြောဆိုပြီးနောက် ဝမ်ဝေ့က မိသားစုတောင်ဆီ ပြန်လာကာ အနားယူလိုက်သည်။ နောက်တစ်ရက်၌ ဝမ်ဝေ့က ကျင့်ကြံရေးအခန်းထဲ မူလလမ်းစဉ်ကျမ်းကို ထပ်ဖတ်လိုက်ပြီး ၁၀လွှာမြောက်မှ ၁၂ လွှာမြောက်အထိ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ဘယ်လိုဖြတ်ကျော်ရမလဲ နည်းလမ်းရှာလိုက်သည်။ ကမ္ဘာရှိ ကျင့်ကြံသူအများစုက ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အဆင့်တွင် အလွှာကိုးခုသာ ရှိထားကြောင်း သိထားကြသည်။ သို့သော် အမှန် မဟုတ်ပေ။
နောက်ဆုံးသုံးလွှာ ချိုးဖောက်တက်လှမ်းနိုင်သည့် နည်းလမ်းကို အားကောင်းသည့် အင်အားစုများ လက်အတွင်း၌ လျို့ဝှက်ထားလေသည်။ အင်အားစုတစ်ခုချင်းစီက မတူညီကွဲပြားသော ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်များ ရှိကြ၏။
နမူနာအားဖြင့် သူတော်စင်အဆင့် ကျင့်ကြံရေးနည်းလမ်းများသာ ဆယ်လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ရောက်နိုင်လေသည်။ အထွတ်အထိပ်အဆင့် ကျင့်ကြံရေးနည်းလမ်းများက ၁၁ လွှာမြောက်အထိ ရောက်စေပြီး ဧကရာဇ်အဆင့် ကျမ်းများကသာ ၁၂ လွှာအထိ ရောက်စေနိုင်သည်။
အကယ်၍ အင်အားစုတစ်ခုတွင် သူတော်စင် ကျင့်ကြံသူရှိပြီး သူတော်စင်အဆင့် ကျင့်စဉ်ရှိထားလျှင် သူတို့ကို တော်ဝင်နယ်မြေဟု သတ်မှတ်ပြီး အထွတ်အထိပ်ကျင့်စဉ်နှင့် အစစ်အမှန်အုပ်ချုပ်သူ တစ်ယောက်ရှိလျှင် အထွတ်အထိပ်နယ်မြေဟု ခေါ်ဆိုကြသည်။ အစရှိသဖြင့် ဖြစ်၏။
ဤသည်မှာ မူလလမ်းစဉ်ကျမ်းက တခြားဧကရာဇ်ကျမ်းများထက် အရေးသာနေခြင်း ဖြစ်၏။ ထိုအရာက ကျင့်ကြံသူများကို ၁၂ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အဆင့်ကို ပြည့်ပြည့်စုံစုံ ဝင်ရောက်နိုင်အောင် လုပ်ပေးနိုင်သည်။
အခြားသော ဧကရာဇ်ကျမ်းများက ၁၂ လွှာမြောက်ကို ဝင်ရောက်ဖို့ ဆေးလုံး၊ အစီအရင်၊ လျို့ဝှက်နည်းလမ်းများ အသုံးပြုရစဉ် မူလလမ်းစဉ်ကျမ်း၏ လုပ်ဆောင်ချက်က ချောမွေ့ပြီး ပြီးပြည့်စုံသည့် အုတ်မြစ်ကို ပေးလေသည်။
ထိုအကြောင်းအရင်းကြောင့် သမိုင်းကြောင်းတစ်လျှောက် မဟာဧကရာဇ်များက ထိုကျမ်းကို စိတ်ဝင်စားကြခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မရှုပ်ရဲကြပေ။
ကျမ်းနှင့် ယောဂပုံစံအသစ်ဖြင့် ဝမ်ဝေ့က ၁၂ လွှာမြောက်ရောက်ဖို့ ခြောက်လကြာ ကျင့်ကြံခဲ့သည်။ သူသာ နောက်ထပ်ခြောက်လလောက် အချိန်ယူလိုက်လျှင် အံ့ဖွယ်ပင်လယ်နယ်ပယ်အဆင့် ချိုးဖောက်နိုင်လောက်သည်။
သို့သော်လည်း တစ်ရက်ကျ ဝမ်ဝေ့ထံ အတွေးတစ်ခု ဝင်ရောက်လာသည်။
ဘာလို့ ၁၂ လွှာတည်း ရှိပြီး ၁၃ လွှာ မဟုတ်ရတာလဲ …
ထိုအတွေးဝင်ရောက်လာသည်နှင့် ဖြစ်သလို မနေလိုက်ပေ။ သူက စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူ ကျရှုံးခဲ့ရသည်။
ဝမ်ဝေ့က ထိုအရာကြောင့် စိတ်ပျက်သွားခြင်း မရှိပေ။ မျှော်မှန်းထားသလိုသာ ဖြစ်၏။ ဒီလိုရူးကြောင်ကြောင်အတွေးမျိုး ရှိသည်မှာ သူ ပထမဆုံး မဟုတ်လောက်ကြောင်း ယုံကြည်ထားမိသည်။ သို့သော်လည်း သူက လက်မလျော့ဘဲ ကျရှုံးမှုများမှတဆင့် ဆက်လက် ကြိုးစားနေသည်။
ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်က ခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲလာဖို့ စွမ်းအားစုဆောင်းရသည်။ အဆင့်တစ်လွှာချင်းစီ ချိုးဖောက်သွားနိုင်သည့်အချိန်တိုင်း ခန္ဓာကိုယ်မှ အတားအဆီး သို့မဟုတ် ဝန် ပေါ့သွားသလို ခံစားရလိမ့်မည်။
သို့သော်လည်း ဝမ်ဝေ့က ခန္ဓာကိုယ်တွင် နောက်ဆုံး ချိုးဖောက်နိုင်သည့် အတားအဆီးမှာ ၁၂ လွှာမြောက် ဖြစ်ကြောင်း သိလိုက်ရသည်။ အကယ်၍ တစ်ယောက်ယောက် ဆက်လက်သွားပါက မချိုးဖောက်နိုင်သည့် နံရံကြီးကို မြင်တွေ့ရလိမ့်မည်။
ဝမ်ဝေ့က စိတ်မလျော့ပစ်ပေ။ ထို့ကြောင့် သူက စာကြည့်တိုက်ဆီ သွားပြီး မဟာအကြီးအကဲဖန်လိန်အား ထိုအရာနှင့် ပတ်သက်ပြီး အချက်အလက် ရှိလားဟု မေးတော့သည်။
စာစောင်တစ်ခု၌ ဝမ်ဝေ့က တစ်ယောက်ယောက်သည် သူနှင့်အတွေးတူရှိကြောင်း သိလိုက်ရသည်။ သို့သော် သူသည်လည်း ကျရှုံးခဲ့ရ၏။ သို့သော်ငြား ထိုလူက အသုံးဝင်သည့် အချက်အလက်တချို့ ချန်ထားပေးခဲ့သည်။
ထိုစာစောင်အရ ၉၊ ၁၂၊ ၃၆၊ ၅၀၊ ၇၃ ဟူသော ဂဏန်းများကို ဖော်ပြထားပြီး ကောင်းကင်တာအို၏ အဆုံးအစွန်ကို ညွှန်ပြကြောင်း ရေးထားသည်။ လူတစ်ယောက် သို့မဟုတ် အရာတစ်ခုက အဆုံးအစွန်ရောက်သွားသည့်အခါ ကောင်းကင်ဘုံက သူတို့အပေါ် ကန့်သတ်ချက်များ ချပေးလာလိမ့်မည်။
ထိုအချက်က တာအိုအခွင့်အလမ်းဂိုဏ်းတွင် နည်းလမ်းအမျိုးမျိုး၊ အရင်းအမြစ်အလုံးစုံ ထုတ်သုံးသော်လည်း နောက်ထပ် ဧကရာဇ် မမွေးထုတ်ပေးနိုင်သည့် အကြောင်းအရင်းထဲမှ တစ်ချက်ဖြစ်လိမ့်မည်ဟု ယုံကြည်ထားသည်။ ဤသည်က ၁၃ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ဆီ တက်လှမ်းဖူးသည့် ကျင့်ကြံသူဟူ၍ မရှိသည့်အကြောင်းအရင်း ဖြစ်ပေသည်။