ကြက်ကိုသတ်ပြီး အမတ်ကိုပူဇော်! ၂
Vol. 58 Ch. 859
ကျောက်မိုချင်းက ချင်းလင်စံအိမ်တရားဝင်အီးမေးလ်ကိုတန်းဖွင့်ပြီး ချင်လင်ကိုပြကာ_
"ကြည့်... ပူးတွဲဆေးတိုင်ချက်ပို့ထားတယ်''
ဆေးဘက်ဆိုင်ရာပူးပေါင်းတရားစွဲဆိုခြင်းမှာ ဆေးလောကတွင် အထူးတရားစွဲဆိုမှုတစ်မျိုးဖြစ်သည်။ အာရုံစိုက်မခံရသောဆေးဘက်ဆိုင်ရာဖြစ်စဉ်များကိုချိုးဖောက်ခြင်းအတွက် နာမည်ကြီးတချို့ကပူးပေါင်းတရားစွဲဆိုခြင်းဖြစ်သည်။
အစက ကြီးကြပ်နည်းတစ်မျိုးဖြစ်၍ ကောင်းသောကိစ္စဖြစ်သည်။ အကြိမ်ပေါင်းများစွာလည်း ကောင်းသောအဓိပ္ပါယ်နှင့်ကောင်းသောကိစ္စဖြစ်ခဲ့သည်။
သို့ရာတွင် ဒီလိုပူးတွဲတရားစွဲဆိုခြင်းမျိုးကလည်း အားကစားသမားနှင့်အကဲဖြတ်လူကြီးတချို့ ကိုယ်ရေးကိုယ်တာရလိုမှုအတွက်အလွယ်တကူအုပ်စုဖွဲ့မှာစိုးရသည်။
ဘာပဲဖြစ်ဖြစ် ပြည်သူ့အမြင်ပါလာရင် တရားသူကြီးတွေအသာစီးရဖို့လွယ်သွားပြီ။
ချင်လင်ကတိုင်ချက်ကိုကြည့်ပြီး ဆွံ့အသွားကာ_
"ဒီဖူရှင်းမင်ဆိုတဲ့လူက ဘာဖြစ်နေတာလဲ? ကိုယ့်ဟင်းသီးဟင်းရွက်ကိုယ်ရောင်းတာ... သူနဲ့ဘာဆိုင်လို့လဲ? ပြီးတော့ ဟိုကဘာလို့တရားစွဲပေးတာလဲ? မှားယွင်းကြော်ငြာတာ? သူ့မှာ အစားအသောက်နဲ့ဆေးဝါးအဖွဲ့အစည်းက ဆေးစစ်ချက်ရှိလို့လား? ဒါပုံမှန်ကြော်ငြာပဲလေ!''
ဖူရှင်းမင်အတွက် သူကအနှောင့်အယှက်ဖြစ်ကြောင်း သူမသိ။ ဦးနှောက်သွေးကြောပေါက်ကုသဆေးကြောင့် အထက်လူများကတရုတ်တိုင်းရင်းဆေးကိုထောက်ပံ့၍ သူတို့ဘဝခက်ခဲလာသည်။ သူ့ခရမ်းသီးကလည်း သူတို့ကိုချောက်ထဲကျအောင်လုပ်နေပြန်သည်။ တချို့က ခရမ်းသီးကို သူတို့ထုတ်တဲ့ဆေးထက်ကောင်းကြောင်းပြောကြတာ သူကိုယ်တိုင်ကြားခဲ့ရသည်။
ဘယ်သူကသည်းခံနိုင်မှာလဲ?
ဒေါသထွက်သူမှာ ဆင်ခြင်တုံတရားကင်းမဲ့သွားတတ်သည်။
"လျစ်လျူရှုထားလိုက်''
ချင်လင်က အေးစက်စက်ထေ့လိုက်ပြီး_
"အချိန်ကျရင် မှားယွင်းစွပ်စွဲမှုနဲ့ စီနီယာအစ်ကိုချူလက်ထဲအပ်လိုက်ရုံပဲ''
"ဒါဆိုရင် စီနီယာအစ်ကိုချူကိုအခုဆက်သွယ်ထားလိုက်မယ်''
ကျောက်မိုချင်းကအမြန်ပြောသည်။
"စိတ်မပူပါနဲ့''
ချင်လင်ကတားလိုက်ပြီး_
"အခုမှားယွင်းစွပ်စွဲမှုနဲ့တရားစွဲရင် ဘယ်သူမှမပါသေးလို့ သူတို့အထိနာမှာမဟုတ်ဘူး''
"သူတို့ဘာဆက်လုပ်မလဲကြည့်ရတာပေါ့... ဒီတိုင်ချက်ကိုပြည်သူတွေပိုသိသွားအောင် အင်တာနက်ပေါ်တင်ပြီး ပွဲရှာရင်ရော?''
"အဲဒီတော့မှ စီနီယာအစ်ကိုချူကိုလှုပ်ရှားခိုင်းမယ်... ပါဝင်ပတ်သက်တဲ့သူတွေများလာမှ သင်ခန်းစာကောင်းကောင်းပေးရမယ်... ပြည်သူတွေအမြင်လွှမ်းမိုးသွားအောင် ခဏလောက်လွှတ်ပေးထားလိုက်''
ဤသည်က တောင်ပို့မှဖွတ်ထွက်အောင်လုပ်ခြင်းပင်။ တချို့သူတော်ကောင်းများမျက်စိထဲတွင် မလိုအပ်ဟုထင်ကောင်းထင်နိုင်သည်။
သို့ရာတွင် တစ်ခါတလေ လူနာမည်ကြီးလေလေ ပြဿနာပိုကြီးလေလေဖြစ်တတ်သောကြောင့် ကြက်ကိုသတ်ပြီးသတိပေးရမည်။
မဟုတ်လို့ တစ်ကြိမ်ဂရုမစိုက်ဘဲလွှတ်ထားလိုက်ရင် အားနည်းသူ၊အနိုင်ကျင့်ရလွယ်သူဟုထင်သွားလိမ့်မည်။
သူတို့လိုအပ်လို့ဒီလိုလုပ်တယ်ဆိုတာ ဘယ်သူသိမလဲ?
မော်ဒန်ခေတ်ထဲမှာ လူအချင်းချင်းလှည့်ပတ်ကြတာ ဘာလို့တွေ့ရများနေတာလဲ?
လိမ်လည်မှုတန်ဖိုးနည်းလို့ပေါ်သွားရင်တောင် ကိစ္စကြီးမဟုတ်တော့ဘူးလား?
တကယ်လို့ တစ်နေ့မှာလူလိမ်နဲ့ကြုံလို့ သေအောင်ရိုက်သတ်ပစ်လည်း တာဝန်ယူစရာမလိုဘူးဆိုတဲ့ဥပဒေမျိုးရှိလာရင် လိမ်ရဲတဲ့သူရှိဦးမလား?
စကားအဖြစ်ပါ။ ဒီလိုဥပဒေမျိုးပေါ်လာဖို့လည်းမဖြစ်နိုင်။ မဟုတ်ရင် တမင်တကာသတ်ဖြတ်ခဲ့ပြီး သူတို့ကလူလိမ်ဟု ရှေ့နေများနှင့်စွပ်စွဲလာနိုင်သည်။
ထို့ကြောင့် ချင်လင်ကသူ့စံအိမ်ကို ခဏခဏချောက်ချမခံချင်။
ချင်းလင်စံအိမ်သတို့သမီးခန်းထဲတွင် ဖူရှင်းမင်နှင့်သူတပည့်ချန်ချွမ်းကျားက ထပ်ဆုံပြန်သည်။
အမှန်အတိုင်းပြောရရင် ဒီဆေးပညာသုတေသနပါမောက္ခက တကယ်ကြီးကျယ်သည်ဟုဆိုရမည်။ ချင်းလင်စံအိမ်မှာအပန်းဖြေနေရင်း ပူးပေါင်းတရားစွဲဆိုရန် ချင်းလင်စံအိမ်သို့ရှေ့နေစာပို့ခဲ့သည်။
"ဆရာ... ချင်းလင်စံအိမ်က ရှေ့နေစာရလောက်ပြီ''
ချန်ချွမ်းကျားကပြောသည်။
ဖူရှင်းမင်ကခေါင်းညိမ့်ပြီး ခဏစဉ်းစားကာ_
"ဒါနဲ့မရသေးဘူး... ငါတစ်ညလုံး ပါမောက္ခလင်းနဲ့ပြောထားတယ်... အခု အထက်လူတွေက တရုတ်တိုင်းရင်းဆေးကိုထောက်ပံ့နေတာ... ငါတို့အားလုံး ပုံရိပ်ကျတယ်''
"ဝူဟွားဆိုတဲ့အင်တာနက်ဆယ်လီပါမောက္ခအကြောင်းလည်းပြောကြတယ်... သူကတကယ်တော့ သိပ်မလုပ်နိုင်ပါဘူး... သာမန်ကျောင်းမှာ သုံးလေးနှစ်လောက်လုပ်ပြီး ဒီပလိုမာလေးပဲရထားတာ''
"ဒါပေမဲ့ အခုကျ အင်တာနက်ဆယ်လီပါမောက္ခဆိုပြီး ငါတို့ထက်အများကြီးသာနေတယ်... အဲဒါကြောင့် ငါစဉ်းစားနေတာ... ဒါကိုအခွင့်အရေးယူပြီး အင်တာနက်ပေါ်မှာစမ်းကြည့်ရမလားလို့?''
"ဘာပဲဖြစ်ဖြစ် အင်တာနက်ခေတ်လေ... အားလုံးကအင်တာနက်အားကိုးနေကြတာ! ပြည်သူ့အမြင်ဖြစ်သွားတာနဲ့ သတိထားမိလာပြီ... ငါလိုတကယ်အရည်အချင်းရှိသူဆိုရင် ဝူဟွားထက်မညံ့လောက်ဘူးမလား?''
ဒေါသထွက်ရင် လူအတော်များများကမောဟဖုံးလွှမ်းပြီး ဆင်ခြင်ဉာဏ်ကင်းကာ ဦးနှောက်မဲ့သွားတတ်ကြသည်။
ဥပမာ သာမန်အသက် ၅၀ အရွယ်အမျိုးသမီးတစ်ယောက်သည် ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီး အင်တာနက်ဆယ်လီဖြစ်ရန်၊တစ်လယွမ်သောင်းချီဝင်ရန် မြင်မြင်သမျှစိတ်ကူးယဉ်နိုင်သည်။ ထို့ကြောင့် ဗီဒီယိုများစရိုက်ပြီး သူမအတွေ့အကြုံအားလုံးကို Tiktok တွင်နှစ်မြှုပ်လိုက်သည်။
သူမမျက်နှာကျနေမှန်း၊ ခန္ဓာကိုယ်ပုံပျက်နေမှန်း၊ အရည်အချင်းသိပ်မရှိမှန်း၊ ဒါတွေနားမလည်။
သို့ရာတွင် ကိုယ့်စိတ်ကူးယဉ်ကမ္ဘာထဲရောက်သွားပါက အလွန်ကြောက်စရာကောင်းသည်။ တစ်ခါတလေ သူတို့စိတ်ကူးကိုအတည်ယူပြီး အချိန်ကြာလာသည်နှင့်အမျှ သူတို့ရောဂါကပိုဆိုးလာတော့သည်။
အရင်က ဒီရောဂါအကြောင်း အင်တာနက်ပေါ်တွင်သတင်းတစ်ပုဒ်ရှိခဲ့ဖူးသည်။ ညက သူ့ဘေးတွင်အိပ်ခဲ့သောမိန်းကလေးရှိမရှိမေးဖူးသော ယောက်ျားတစ်ယောက်ပင်။ သူ့အဖြေက သူ့ဘေးမှာအိပ်ခဲ့တဲ့မိန်းကလေးသုံးလေးဦးရှိပါသတဲ့။ (တကယ်တော့ သူ့ဘေးခန်းမှာနေသောမိန်းကလေးသုံးလေးဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များသာဖြစ်လေသည်။)
သူက'အခန်း'ဟူသောစကားကို သူ့အလိုလိုဖြုတ်ချထားခဲ့သည်။ သူ့စိတ်ကူးထဲတွင် ဒီမိန်းကလေးတွေက သူ့ဘေးမှာအိပ်ခဲ့သည်။ ပြီးတော့ သူ့မိတ်ဆွေအသိုင်းအဝိုင်းမှာ ဒီမိန်းကလေးတွေနဲ့အိပ်ခဲ့သည်ဟုပြောရင် သူ့ကိုအံ့ဖွယ်လူသားဟုအတော်များများကထင်ကြမည်။
ပြီးတော့ ထိုမိန်းကလေးတွေက သူနှင့်အိပ်ခဲ့မှန်းမသိကြ။
ဟိုတစ်ယောက်က နောက်ကွယ်မှာရောဂါသည်းနေပြီ။ သူ့သူငယ်ချင်းမွေးနေ့မှာ သူ့မိန်းကလေးသူငယ်ချင်းတွေကို VC ခေါ်တတ်သည်။ ဒီမိန်းကလေးတွေက သူ့ကောင်မလေးတွေ၊ သူတို့နှင့်အပြင်မှာချိန်းတွေ့တာသူပဲဟုပြောမည်။
သူငယ်ချင်းတွေက သူ့ကိုဂရုမစိုက်။ သူ့အကြောင်းပေါ်သွားရင် သူက_
"မိန်းကလေးသူငယ်ချင်းကလည်း မိန်းကလေးအဖော်ပဲ'' ဟူသတတ်။
နောက်ဆုံး ဒီလိုထင်ယောင်ထင်မှားရောဂါကပြင်းထန်လာပြီး သူ့သူငယ်ချင်းမိန်းမက သူ့မိန်းမဟုထင်သော၊အဓိပ္ပါယ်မရှိသောအဆင့်အထိပြင်းထန်လာသည်။ အဆုံးတွင် သူ့သူငယ်ချင်းမိန်းမကိုမဖွယ်မရာလုပ်ဖို့ကြိုးစားခဲ့သောကြောင့် ဆေးရုံပို့လိုက်ရတော့သည်။
ရှင်းရှင်းပြောရရင် ချီဓာတ်ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းပင်။
ဒါ မစိုက်ပျိုးဘဲရိတ်သိမ်းချင်တဲ့လူတွေရဲ့ပြဿနာ။
ဒါပေမဲ့ အထက်လူတွေက ဒီအတိုင်းမလုပ်လောက်ဘူးမလား?
မဟုတ်!
လူတိုင်းက အင်တာနက်ဆယ်လီလုပ်ပြီး ပိုက်ဆံရှာချင်ကြသည်။ ဒီပုံမမှန်တဲ့လူအသိုင်းအဝိုင်းထဲမှာ ဘယ်သူမှဒီဥပဒေကမလွတ်နိုင်။
ဖူရှင်းမင်လိုပါမောက္ခအတွက်တောင် မှန်နေသည်။ သူ့ထက်ပညာရေးနောက်ခံနိမ့်သူ၊အသိပညာနည်းသူနှင့်နှိုင်းယှဉ်နေသည်။
သူများတောင် အင်တာနက်ဆယ်လီဖြစ်ရင် သူကဘာလို့မဖြစ်နိုင်ရမှာလဲတဲ့?
နောက်ပြီး သူကဆင်ခြင်တုံတရားမရှိသောအခြေအနေဖြစ်နေသည်။
သူ့ကိုယ်သူလည်း ယုံကြည်မှုလွန်ကဲနေ၏။ ပြည်သူ့အမြင်စသည်နှင့် သူ့ကိုသတိထားမိပြီး ပါမောက္ခဝူဟွားလိုပရိသတ်တွေအမြန်ရလာမည်ဟုတောင် စိတ်ကူးထားသည်။
ဖူရှင်းမင်မှာ သူ့စိတ်ကူးနှင့်သူမျောနေသည်။
ဒီလိုအခြေအနေမျိုးက အသိ၊ပညာ၊လုပ်နိုင်စွမ်းနှင့်ထိန်းချုပ်နိုင်တာမျိုးမဟုတ်။ မျက်နှာကိုခပ်ပြင်းပြင်းဖြတ်ရိုက်လိုက်မှ၊အထိနာမှသာ လန့်နိုးတတ်ကြသည်။
မနိုးနိုင်သောသူများမှာ ဆေးမမီတော့ဘဲ သတင်းထဲကလူလို အဆုံးသတ်ရလိမ့်မည်။
အင်တာနက်လောကက အလွန်ရှုပ်ထွေးတာနှမြောစရာ။ အသိ၊ပညာရှိရုံမျှနှင့် နားလည်နိုင်သောအရာမဟုတ်ပေ။
ဖူရှင်းမင်၏လက်ရှိအခြေအနေအရ သူဒါကိုမမြင်နိုင်။
အခုတော့ သုတေသနဆေးပညာရဲ့ကဖျက်ယဖျက်ဒေါက်တာဖြစ်နေသည်။
ထို့ကြောင့် ပူးပေါင်းတရားစွဲဆိုမှုကိုအင်တာနက်ပေါ်တင်ခဲ့ခြင်းပင်။ နောက်ပြီး ချင်းလင်စံအိမ်၏ဟင်းသီးဟင်းရွက်များက ရေပန်းစားခေါင်းစဉ်ဖြစ်နေသည်။ ပူးပေါင်းတရားစွဲဆိုမှုထွက်လာသည်နှင့် လိုင်းပေါ်ချက်ချင်းပေါက်သွားသည်။
ဒီလိုပွဲရှာသောသတင်းမျိုးက Tiktok ကလိုချင်သောသတင်းမျိုးပင်။
ထို့ကြောင့် Tiktok အသုံးပြုသူများက ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးသည်နှင့် ထိုဗီဒီယိုကိုမြင်သွားကြသည်။
ထိုသတင်းကချက်ချင်း အုတ်အော်သောင်းတင်းဖြစ်သွား၏။
ချင်းလင်စံအိမ်မှဟင်းသီးဟင်းရွက်များ၏အာနိသင်က အားလုံးအာရုံကိုဖမ်းစားထားပြီးဖြစ်ပြီ။ မျက်စိတစ်မှိတ်အတွင်းမှာ ချင်းလင်စံအိမ်ကို ဆေးလောကမှနာမည်ကြီးပါမောက္ခတွေအများကြီးပေါင်းပြီး ပူးတွဲတရားစွဲဆိုခံရမည်ဟု ဘယ်သူမှမထင်မိပေ။
သို့ရာတွင် ပိုအံ့ဩစရာကောင်းတာဖြစ်လာပြန်သည်။ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အစည်းပင်! ဒီအဖွဲ့အစည်းကဘာလုပ်မှန်း ဘယ်သူမှမသိသော်လည်း ချင်းလင်စံအိမ်၏မှားယွင်းကြော်ငြာမှုကိုပြုပြင်ရန် အင်တာနက်ပေါ်သတိပေးစာတင်လာသည်။
ဒီတစ်ကြိမ်တွင် အင်တာနက်တစ်ခုလုံးရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ဒီလိုအဖြစ်မျိုးကြုံဖူးတာ ချင်းလင်စံအိမ်အဖို့ပထမဆုံးပင်။ မီးစမွှေးသူ ဖူရှင်းမင်လည်း ရည်ရွယ်ချက်ရှိရှိလုပ်ရပ်များကြောင့် အင်တာနက်ပေါ်တွင်နာမည်ကြီးလာသည်။
ဖူရှင်းမင်က နာမည်အကြီးဆုံးအချိန်တွင်အခွင့်ကောင်းယူပြီး သူ့နံပါတ်ကိုမှတ်ပုံတင်ရန်လည်းပြင်နေသည်။
မကြာမီ လူတွေက သူ့ကိုတကယ်အာရုံစိုက်လာကြသည်။
သူအလွန်စိတ်ကျေနပ်နေ၏။ သူမှန်သည်။ မကြာခင် အင်တာနက်ဆယ်လီပါမောက္ခဝူဟွားကိုသူကျော်တက်တော့မည်။