ဘာမှမလှုပ်ရှားရသေးခင် ရန်သူကစီရင်ကွင်းရောက်!
Vol. 58 Ch. 860
လိုင်းပေါ်တွင် ချင်းလင်စံအိမ်ပစ်မှတ်ထားခံရသောသတင်းကို ပိုပြီးအာရုံစိုက်လာကြသည်။
"ချင်းလင်စံအိမ်ပစ်မှတ်ထားခံရပြီ... သူတို့သာသက်သေမပြနိုင်ရင် ဒုက္ခရောက်တော့မယ်''
"ဟင်းသီးဟင်းရွက်တွေကို လုံးဝဆေးလိုကြော်ငြာလို့မရဘူး... အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးကထောက်ခံချက်တွေ လက်မှတ်တွေမရှိရင်ပေါ့!''
"ချင်းလင်စံအိမ်မှာသာ သက်ဆိုင်ရာဆေးစစ်ချက်တွေ ထောက်ခံချက်တွေမရှိရင် ဒုက္ခလှလှတွေ့တော့မယ်''
"ဒီဖူရှင်းမင်နဲ့ဆေးဝါးထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ရိုင်းလိုက်တာ''
“……”
ထိုသတင်းကို ဝန်ကြီးလုအာရုံစိုက်မိသည်။
ပြဿနာတက်နေသောကြောင့် သူကချက်ချင်း သူ့အတွင်းရေးမှူးကိုခေါ်ပြီး_
"ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်အသစ်အခြေအနေကိုစစ်ဆေးပြီး စစ်ဆေးချက် ထောက်ခံချက်မှတ်တမ်းတွေရှိမရှိ ကြည့်လိုက်ပါ''
"ကောင်းပါပြီ!''
အတွင်းရေးမှူးကချက်ချင်းခေါင်းညိမ့်ပြီးထွက်သွားသည်။
သူဌေးချင်လိုသတိရှိတဲ့သူက ဒါမျိုးလုပ်မည်ဆိုတာ ဝန်ကြီးလုမယုံ။
နောက်ပြီး ဟင်းသီးဟင်းရွက်တွေကအာနိသင်ရှိမည်ဟု သူယုံကြည်ထားသည်။ ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်လုပ်တာမလား!

ထင်တဲ့အတိုင်း အတွင်းရေးမှူးကပြန်လာပြီး အစီရင်ခံသည်_
"ဝန်ကြီး... ကျွန်တော်တို့စစ်ဆေးပြီးပါပြီ... ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်တွေက မင်မြို့တော်ဆေးဝါးစစ်ဆေးရေးဌာနမှာစမ်းသပ်ပြီးသားပါ... မင်မြို့တော်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်းရဲ့ထောက်ခံချက်နဲ့ဆေးစစ်ချက်လက်မှတ်လည်းရထားပါတယ်... ပြဿနာမရှိပါဘူး''
ဝန်ကြီးလုကခန့်မှန်းမိသော်လည်း သတင်းကြားမှစိတ်အေးသွားသည်။ သူဌေးချင်ကို ဒီလိုအမှားမျိုးနဲ့မမိစေချင်။
ဒါပေမဲ့ သူဌေးချင်က အချဉ်မဟုတ်။
ထို့နောက် ချင်းလင်စံအိမ်သတင်းများပြန်ကြည့်ပြီး ဖူရှင်းမင်နှင့်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အစည်းမှလူများကို အာရုံစိုက်ကြည့်သည်။
အထူးသဖြင့် ချင်းလင်စံအိမ်ကိုပူးပေါင်းတရားစွဲဆိုသော ဖူရှင်းမင်နှင့်ဆေးပညာပါမောက္ခများကို လူလွှတ်စုံစမ်းခိုင်းသည်။
နောက်ဆုံး ဒီလူတွေရဲ့သုတေသနက သူတို့တရုတ်တိုင်းရင်းဆေးကိုထောက်ပံ့မှုအပေါ်သက်ရောက်မှုရှိကြောင်းသိလိုက်ရ၍ သူအံ့ဩသွားသည်။ တရုတ်တိုင်းရင်းဆေးကိုရံပုံငွေခွဲပေးရသောကြောင့် တရားဝင်အစိုးရမှဒီလူတွေလျှောက်နိုင်သောသုတေသနရံပုံငွေကလျော့နည်းသွားသည်။
အထူးသဖြင့် အထိအနာဆုံးကဖူရှင်းမင်ဖြစ်သည်။ ဦးနှောက်သွေးကြောပေါက်အတွက် သူ့ရဲ့သုတေသနကို လုံးဝဖြတ်တောက်ခံရသည်။
"ဘာလဲဟ?''
ဝန်ကြီးလုမျက်မှောင်ကြုတ်လိုက်သည်။
အကြောင်းရင်းကို သူကောင်းကောင်းသိသောကြောင့်ပင်။ အထက်လူတွေ တရုတ်တိုင်းရင်းဆေးကိုထောက်ပံ့တာ သူဌေးချင်နဲ့ဘာလို့ကြီးကြီးမားမားဆက်နွယ်နေကြောင်း၊ အထူးသဖြင့် ဦးနှောက်သွေးကြောပေါက်ခြင်းအတွက်တရုတ်တိုင်းရင်းဆေးနည်းက သူဌေးချင်ကျေးဇူးတွေဖြစ်ကြောင်း သူသိသည်။
အခုဒီလူတွေ သူဌေးချင်ကိုပစ်မှတ်ထားကြတာက ကောလာဟလတွေကြားလို့ တမင်သက်သက်လုပ်ကြတာများလား?
ဒါက ဝန်ကြီးလု၏ခန့်မှန်းချက်သာ။ မှန်သလား၊မှားသလားက ဒီလိုအကြောင်းအရာတွေထည့်စဉ်းစားရဦးမည်။
ထို့ကြောင့် သူကချက်ချင်း ဖုန်းထပ်ဆက်ပြီးရှင်းပြလိုက်သည်။

ရုံချန်းတွင် စွန်းရှန်နှင့်ချန်လီကလည်း အင်တာနက်ပေါ်မှသတင်းများကိုတွေ့သည်။
စွန်းရှန်ကချက်ချင်း ချန်လီကိုလှမ်းခေါ်ပြီး မှုန်မှိုင်းနေသောမျက်နှာနှင့်_
"အင်တာနက်ပေါ်ကသတင်းတွေ တွေ့ပြီးပြီလား?''
ချန်လီကခေါင်းညိမ့်ပြီး_
"တွေ့ပြီးပြီ... ဒါပေမဲ့ ဒီလူတွေကနာမည်ဖျက်နေတာ... သူဌေးချင်ရဲ့ဟင်းသီးဟင်းရွက်တွေကို မင်မြို့တော်မှာစစ်ဆေးပြီးထောက်ခံချက်ရပြီးပြီ... ပုံမှန်ကြော်ငြာပါပဲ... သူဌေးချင်က ဆေးစစ်ချက် ထောက်ခံချက်လက်မှတ်တွေပြလိုက်ရုံပဲ... အားလုံးအဆင်ပြေတယ်''
"ဒါဘာမှမဟုတ်ဘူးလို့ ဘယ်သူပြောလဲ?''
စွန်းရှန်ကအေးစက်စက်ပြန်ဖြေသည်_
"ဒီလိုပြည်သူတွေသိအောင် အကြီးအကျယ်နာမည်ဖျက်တာမျိုးကို လုံးဝတုံ့ပြန်သင့်တယ်... ဒါချင်းလင်စံအိမ်ကိုပဲထိခိုက်တာမဟုတ်ဘူး... ငါတို့ရုံချန်းကိုပါထိခိုက်မှာ''
ချန်လီကခေါင်းညိမ့်ပြီး_
"နားလည်ပါတယ်... ကျုပ်စီစဉ်ထားလိုက်မယ်''
…
အချိန်ကုန်လွန်သွားသည်။
အင်တာနက်ပေါ်တွင် ပြည်သူ့အမြင်လည်းကြီးသည်ထက်ကြီးလာသည်။
ချင်းလင်သတို့သမီးခန်းထဲတွင် ဝမ်ကူလည်း လက်မောင်းကြားတွင်အမျိုးသမီးတစ်ဦးကိုပိုက်ထားပြီး ချင်းလင်စံအိမ်သတင်းများရှာဖတ်နေသည်။ ချင်းလင်စံအိမ်ကိုပစ်မှတ်ထားခံနေရမှန်းသိသောအခါ သူဒေါသထွက်သွားပြီး_
"ဒီလူတွေက နောက်နေတာလား?''
ချင်းလင်စံအိမ်ကို သူလုံးဝယုံကြည်ထားသည်။
မနေ့က တစ်နေ့လုံးရုံးပတီသီးစားပြီး သူ့ကိုယ်သူတောင်မယုံနိုင်အောင် သတ္တိကောင်းနေသည်။
ခါတိုင်းထက်ပိုကြာလာ၏။
နောက်ပြီး သူ့လက်ကြားထဲကအမျိုးသမီး၏အင်အားနှင့်အသံကြောင့် တစ်ခုခုထူးခြားနေမှန်း သူသေချာခံစားမိသည်။
ဒီရုံးပတီသီးကဒီလောက်အာနိသင်ရှိရင် တခြားဟင်းသီးဟင်းရွက်တွေလည်းအာနိသင်ရှိမည်ဟု သူယုံသည်။
ရုံးပတီသီးနှင့်တင် ချင်းလင်စံအိမ်ကိုယုံသွားပြီ။
ကျောက်မိုချင်းရုံးခန်းထဲ၌ ချင်လင်လည်းအချိန်တန်ပြီဟုခံစားရ၍ စီနီယာအစ်ကိုချူကိုဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြသည်။
"ငါ့တာဝန်ထားလိုက်''
ချူဖုန်းက ချင်လင်ကိုရိုးရိုးပဲပြောသည်။
ချင်လင်ကကြက်ကိုသတ်ပြီး မျောက်ကိုသတိပေးဖို့လုပ်နေသည်။ တစ်ဖက်ကလည်း ကိုယ့်ဒုက္ခကိုယ်ရှာသည်။ ဒီကိစ္စမှာ သူဘာမှအားစိုက်ထုတ်စရာမလို။ ချင်လင်ကဖုန်းချပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးမှ ထောက်ခံချက်စာဖိုင်များ၊ဆေးစစ်ချက်လက်မှတ်များယူခိုင်းလိုက်သည်။
အစားအစာကိုဆေးဝါးအဖြစ်ကြော်ငြာ၍မရသည်မှာမှန်သည်။ ဟင်းသီးဟင်းရွက်ဖြစ်သောကြောင့်မဟုတ်။ တချို့ဟင်းသီးဟင်းရွက်များမှာ ဆေးပင်များဖြစ်ပြီး တချို့ဆေးပင်များကိုလည်း ဟင်းသီးဟင်းရွက်အဖြစ်ယူဆနိုင်သည်။
ဥပမာ ပူစီနံ၊ မြင်းခွာ၊ စပါးလင် စသည်။
နောက်ပြီး ဒါတွေကပါမောက္ခလီခိုင်ပျိုးထောင်တဲ့ထုတ်ကုန်အသစ်တွေ။ သာမန်ဟင်းသီးဟင်းရွက်မဟုတ်။ ဆေးဝါးကွပ်ကဲရေးမှဆေးစစ်ချက်လက်မှတ်နှင့်ထောက်ခံချက်ရှိသည်။
ဒါတွေထုတ်ပြလိုက်ရင် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အစည်းဖြစ်ဖြစ်၊ ဖူရှင်းမင်ဖြစ်ဖြစ်၊ အထိနာသွားမည်။ သူတို့ကိုသင်ခန်းစာလည်းပေးနိုင်သည်။
သို့သော် ချင်လင်မလှုပ်ရှားရသေးခင် ကျောက်မိုချင်းကရုတ်တရက်ထပြောသည်_
"ချင်လင်... အင်တာနက်ပေါ်မှာနောက်ဆုံးတက်လာတာကိုကြည့်ပါဦး''
ချင်လင်ကြောင်သွားသည်။ သူကအနားကပ်ကြည့်လိုက်ပြီး နည်းနည်းအံ့ဩသွား၏။
မင်မြို့တော်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်းရဲ့တရားဝင်ကြေညာချက်:
"အင်တာနက်ပေါ်မှာ ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်တွေအကြောင်း သို့လောသို့လောဖြစ်နေကြလို့ ကျွန်တော်တို့က ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်တွေကိုစမ်းသပ်ထားတဲ့အဖြေတွေကြေညာပါမယ်... သံသယတစ်စုံတရာရှိရင် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်တွေကိုကိုယ်တိုင်စမ်းသပ်နိုင်ပါတယ်''
ထိုသတင်းကြောင့် အင်တာနက်ပေါ်တွင် ပိုပြီးရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။