နိဗာနကိုးပါးသွေးချီ
Vol. 6 Ch. 71
အခန်း (၇၁) : နိဗာနကိုးပါးသွေးချီ
စာစောင်က ထိုနေရာမှာတင် ရပ်တန့်သွားခြင်းမဟုတ်ဘဲ ရဲတင်းသော အကြံဉာဏ်အများအပြားနှင့် သဘောတရားများ ပါဝင်နေသည်။ ဥပမာအားဖြင့် ကောင်းကင်၏ ထိန်းချုပ်မှုများမှ ကင်းလွတ်နိုင်သည့် ဖြစ်တည်မှုများကို မဟာဧကရာဇ်များအဖြစ် သတ်မှတ်ခဲ့ပြီး သူတို့က ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို ရောက်ရှိနိုင်သည်။
သို့သော် ထိုအချိန်လောက်ဆိုလျှင် အရမ်းနောက်ကျသွားပြီ ဖြစ်၏။ အကျဉ်းချုပ်ပြောရလျှင် အဓိပ္ပာယ် မရှိတော့ပေ။ မဟာဧကရာဇ်များက လုံးဝကွဲပြားခြားနားသော ဖြစ်တည်မှုအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းကို လက်လျှော့ကာ အစမှ ပြန်လည်လုပ်ဆောင်ချင်ပါက သူတို့၏ အုတ်မြစ်ကို တည်ဆောက်ပြီးသားဖြစ်သည့်အတွက် သူတို့ရရှိမည့် အကျိုးရလဒ်က အင်မတန် နည်းပါးလှသည်။
ထို့အပြင် ဧကရာဇ်တစ်ယောက်အနေဖြင့် တခြားလူတစ်ယောက်ကို ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ရရှိအောင် ကူညီပေးပါက ထိခိုက်စေနိုင်သည်။
၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိနိုင်စေရန် အခက်အခဲ ဖြတ်ကျော်သည့် လုပ်ငန်းစဉ်က ဆန္ဒ၊ ဝိညာဉ်၊ စိတ်အခြေအနေနှင့် တာအိုနှလုံးသားတို့အား သန့်စင်ဆေးကြောလိုက်ခြင်းနှင့် တူညီသည်။
ထိုအရာက ကောင်းကင်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြီးပြည့်စုံခြင်း အတိုင်းအတာကို ကျော်လွန်ခြင်း ဖြစ်သလို ပြီးပြည့်စုံခြင်းထက် သာလွန်သော အဆင့်သို့ ရောက်ရှိသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
ထိုအရာကို ရရှိအောင် တစ်စုံတစ်ယောက်က ကူညီပေးပါက ရရှိနိုင်သည့်အရာက ဆန္ဒမပါဝင်သည့် အင်အားသက်သက်သာ ဖြစ်သည်။ အခွင့်အရေးရှိလျှင်တော့ လူအများကြီးက ထိုအင်အားသက်သက်ကို ရရှိဖို့ အလိုရှိနေပေလိမ့်မည်။
စာကြည့်တိုက်ထဲရှိ အချက်အလက်ကို ဖတ်ပြီးနောက် ဝမ်ဝေ့ ထိတ်လန့်သွားမိသည်။ သူ ရုတ်တရက် ရလာသည့်စိတ်ကူးက ယခုလောက်ထိ ဆက်နွယ်မှုများပြားနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သို့သော် သူ အောင်မြင်ဖို့အတွက် ဆုံးဖြတ်ချက် ပိုမိုပြတ်သားလာရသည်။
ဝမ်ဝေ့က သူ့နေအိမ်ရှိရာ တောင်ပေါ်သို့ ပြန်သွားကာ နောက်ထပ် တစ်လလုံးကို ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်အား ဘယ်လိုရောက်ရှိအောင် လုပ်ရမလဲဆိုတာကို စဉ်းစားရင်း အချိန်ကုန်ဆုံးခဲ့သည်။ ယခင်လတွင် ခန္ဓာကိုယ် သန့်ရှင်းခြင်းနှင့် စားသောက်ခြင်းကို မပြုလုပ်သလောက် နည်းပါးသည်။ သူ့ခန္ဓာကိုယ်မှ အောက်သိုးသိုးအနံ့ မနံအောင် ကျင့်ကြံရေးက ထိန်းသိမ်းပေးထားခြင်းသာ မဟုတ်ပါက ယခုလ ကုန်ဆုံးသွားလျှင် သူ ဖြစ်နေမည့်ပုံစံကို ကောင်းကင်ကသာ သိလိမ့်မည်။
အာဟာရရှိစေရန်အတွက် ဆေးလုံးများကိုသာ အဓိကထား သောက်သုံးသည်။ တစ်လကြာပြီးနောက် သူ့အမေမှ သူ့ကို မြင်သည့်အခါ သူ့သား၏ ကျင့်ကြံရေးအခန်းထဲသို့ ကျူးကျော်ဝင်ရောက်နေသော သူတောင်းစားက ဘယ်သူများလဲဟုပင် တွေးမိသွားသည်။
သူတောင်းစားကဲ့သို့ ဖြစ်နေသောသူက သူမ၏ သားမှန်း သိလိုက်ရသည့်အခါ ကျင့်ကြံနေစဉ် ချီဖောက်ပြန်မှုဖြစ်ကာ တစ်စုံတစ်ခု မှားယွင်းသွားခြင်းလားဟု သူမ စိုးရိမ်သွားမိသည်။
သို့သော် သူ ဘာမှမဖြစ်ပေ။ အဆင်ပြေသည်ထက် ပိုပြီး အဆင်ပြေနေသည်။ ယခင်လက ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ရောက်ရှိအောင်လုပ်ခြင်းနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသော အကြံတစ်ခုကို ရရှိခဲ့သည်။
ပြဿနာအတွက် အဖြေက အရမ်းရိုးရှင်းသည်။ သွေးချီသာ လုံလောက်စွာ စွမ်းအားကြီးပါက သေချာပေါက် ထိုအဆင့်သို့ ရောက်ရှိနိုင်သည်။ ဖြေရှင်းရမည့် ပြဿနာက သွေးချီကို အရမ်းစွမ်းအားကြီးစေရန် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲဆိုသည့် အရာပင် ဖြစ်သည်။
ကမ္ဘာပြောင်းရွှေ့နေထိုင်သူ ဝမ်ဝေ့အနေဖြင့် စိတ်ကူးယဉ်မှုများ၊ ကောင်းမွန်သော အကြံဉာဏ်များ မလစ်ဟင်းနေသည့်အတွက် ထိုအရာကို ကြိုးစားချင်စိတ် ထက်သန်နေသည်။
ပြဿနာ ဖြေရှင်းရမည့် ဝမ်ဝေ့၏ ပထမဆုံးခြေလှမ်မှာ အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့် ကျင့်ကြံသူများတွင် ရှိသည့် မူလချီ ဖြစ်သည်။ မူလလမ်းစဉ်ကျမ်းကို လေ့လာပြီးနောက် မူလချီဆိုသည်မှာ သွေးချီကို ဝိညာဉ်စွမ်းအားနှင့် ရောနှောထားသည့် အရာဖြစ်ကြောင်း သတိထားမိသွားသည်။
ဝမ်ဝေ့က မူလချီ၏ အင်အားနှင့် သန့်စင်မှုကို ထိန်းထားရင်း မူလချီအား သွေးချီအဖြစ် ပြန်လည်ပြောင်းလဲနိုင်မည့် နည်းလမ်းကိုသာ သူ ဖန်တီးနိုင်ပါက ထိုအဆင့်သို့ ရောက်ရှိရန် လိုအပ်နေသည့် သွေးချီအရည်အသွေး ပြည့်ဝသွားလိမ့်မည် ဖြစ်သည်။
သို့သော် သန့်စင်မှုနှင့် အရည်အသွေးက ထိုအလုပ်ကို ပြီးပြည့်စုံအောင် လုပ်ရန် လုံလောက်မှုမရှိပေ။ အရေအတွက်ကလည်း လိုအပ်သေးသည်။ ဤပြဿနာ ဖြေရှင်းရန်နည်းလမ်းကို ဝမ်ဝေ့က စာကြည့်တိုက်ရှိ စာစောင်တစ်ခုမှ အကြံတစ်ခုကို ရရှိလိုက်သည်။ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်မှ ပြန်လည်ကျင့်ကြံသည့် ဧကရာဇ်တစ်ယောက်၏ အကြံဉာဏ် ဖြစ်၏။
သူ ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို တစ်ခါထပ်ပိုပြီး ကျင့်ကြံကာ တစ်ခါကျင့်ကြံပြီးတိုင်း သွေးချီ၏ အင်အားကို ထိန်းသိမ်းနိုင်ပါက သွေးချီက ပြင်းထန်စွာ အားကောင်းလာမည်ဖြစ်ကြောင်းကို ဝမ်ဝေ့ ယုံကြည်မိသည်။
ဥပမာအားဖြင့် ယခုလက်ရှိ ၁၂လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်တွင် ရှိနေသော ဝမ်ဝေ့တွင် ၄၈,၀၀၀ကျင်း (၂၄၀၀၀ကီလိုဂရမ်) အင်အားကို ပိုင်ဆိုင်ထားသည်။ သို့သော် ဤနည်းလမ်းဖြင့် လုပ်ဆောင်လျှင် ဒုတိယအကြိမ် ထပ်မံကျင့်ကြံပါက ပထမအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်တွင် ၄၈,၀၀၀ကျင်း အင်အား ရှိနေမည် ဖြစ်သည်။ ထိုစက်ဝန်းက သူ နောက်တစ်ဆင့်သို့ ရောက်ရှိနိုင်သည့်အချိန်အထိ လည်ပတ်နေမည်ဖြစ်သည်။
ရှင်းလင်းသေချာသော အစီအစဉ်တစ်ခုကို ဆွဲပြီးနောက် ဝမ်ဝေ့က အကြောများလျှော့ကာ ကောင်းကောင်းအိပ်စက်အနားယူရန်အတွက် စိတ်ငြိမ်ဆေးကို သောက်သုံးလိုက်သည်။ နောက်တစ်နေ့၌ ဝမ်ဝေ့က သူ့အတွက် ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်း လုပ်ပေးရန် သူ့အဖေကို တောင်းဆိုခဲ့သည်။
ထိုလက်ဖက်ရည်ကြမ်းက နာမည်အတိုင်း ကျင့်ကြံသူများအား ဉာဏ်အလင်းပွင့် အခြေအနေသို့ ရောက်ရှိအောင် လုပ်ပေးပြီး နားလည်မှုစွမ်းရည်ကို တိုးတက်စေသည်။ ထိုအရာက အရမ်းတန်ဖိုးရှိသည့်အတွက် သူ့ရာထူးဖြင့်ပင် ဝမ်ဝေ့အနေနှင့် တောင်းဆိုဖို့ လိုအပ်သည်။
ဝမ်ထျန်း သူ့သားဆီမှ တောင်းဆိုချက်ကို ကြားလိုက်ရသည့်အခါ အတော်လေး အံ့အားသင့်သွားမိသည်။ နားလည်ခြင်းနှင့် ပတ်သက်လာလျှင် သူ့သားက အစစ်အမှန် ကြောက်စရာကောင်းသော ပါရမီရှင်ဖြစ်ကြောင်း သူ သိထားသည်။
သူ အသက်သုံးနှစ်အရွယ်ကတည်းက ပညာရှင်များသာ နားလည်နိုင်သည့် ကျမ်းများကို အလွယ်တကူ နားလည်နိုင်ခဲ့သည်။ သူ၏ ကိုယ်ပိုင် ကောင်းကင်ခန္ဓာရရှိရန် ပြင်ဆင်နိုင်ဖို့အတွက် မဟာအကြီးအကဲဝမ်ဖူ၊ လီကျန်း၊ ချင်းဟွာ၊ ယန်းကျီတို့ဖြင့် နှစ်ပေါင်းများစွာ အက္ခရာစာများကို လေ့လာခဲ့သည်။
သူက အခြေခံအက္ခရာစာများကို အလွယ်တကူ နားလည်နိုင်ရုံသာမက ပြုပြင်ပြောင်းလဲကာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သည်။ ဒီထက်ပိုပြီးမြင့်သော အဆင့်ကို မလေ့လာရသည့် တစ်ခုတည်းသော အကြောင်းအရင်းက ထိုအက္ခရာစာများကို လေ့လာရန်အတွက် ကျင့်ကြံဆင့်တစ်ခုရှိရန် လိုအပ်သည့်အတွက် ဖြစ်သည်။
ထို့အပြင် နတ်ဆိုးပါရမီရှင်ဆိုသော ရာထူးကို အရာထောင်ချီ တစ်သားတည်းကျမ်းကို ဖန်တီးကတည်းက သက်သေပြခဲ့ပြီးပြီဖြစ်သည်။ ထိုကျင့်စဉ်က သာမန်လူတစ်ယောက်ကို ပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်သည့်အရာ ဖြစ်သည်။
ဂိုဏ်းချုပ်ဝမ်ထျန်း သူ့သားနှင့် ပတ်သက်ပြီး သဘောကျဆုံးအရာက ရုတ်တရက် ထွက်ပေါ်လာသော အကြံဉာဏ်များ ဖြစ်သည်။ ယခု သူက ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်းကို တောင်းဆိုနေသည့်အတွက် နောက်ထပ် ရူးသွပ်စရာကောင်းသည့် အကြံဉာဏ်ကိုရပြီး ထိုအရာကို ရရှိအောင်လုပ်ရန် အကူအညီနည်းနည်း လိုနေပုံပေါ်သည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ဝမ်ထျန်းက ထျန်းဝေ့တောင်ထိပ်မှ ထွက်သွားကာ သူ့သားနှင့် တွေ့ဖို့ မိသားစုပိုင်တောင်သို့ ပြန်သွားသည်။ ထို့နောက် ဝမ်ဝေ့က သူ့အကြံအကြောင်း ရှင်းပြလိုက်သည်။
ဝမ်ထျန်းက သူ့သားကို အံ့ဩသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့သားမှာ ရူးသွပ်စရာကောင်းသော အကြံဉာဏ်များ ရှိနေမှန်း သိသော်လည်း ဒီလောက်ထိ ရူးသွပ်နေမည်ဟု မထင်ခဲ့ပေ။ သူ့ကိုပိုပြီး အံ့ဩသွားစေသည်က သူ့သားမှာ အောင်မြင်နိုင်ချေ များနေခြင်းဖြစ်သည့်အတွက် လက်ဖက်ရည်ကြမ်း ပေးဖို့အတွက် သဘောတူလိုက်သည်။
ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်းကို သောက်သုံးပြီး ဝမ်ဝေ့က နောက်ထပ် ၆လကြာ ထပ်မံသီးသန့်ခွဲနေခဲ့သည်။ ထို့နောက် နိဗာနကိုးပါး သွေးချီဟုခေါ်သော ကျင့်စဉ်ကို ဖန်တီးခဲ့သည်။
ဝမ်ဝေ့ ကျင့်ကြံရေး အခန်းထဲမှ ထွက်လာသည့်အခါ သူ့အဖေနှင့် အဘိုးက သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ အကြည့်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် လေးနက်သော မျှော်လင့်ချက်များကို မြင်နေရသည်။
ဒါလေးက ကျင့်စဉ်တစ်ခုပဲ မဟုတ်လား။ သူတို့က ဘာလို့ ဒီလိုလုပ်နေကြတာလဲ
ဝမ်ဝေ့ တွေးလိုက်မိသည်။ သူတို့ မေးတာကို မစောင့်ဘဲ သူ၏ နည်းလမ်းအသစ်ကို ဖော်ပြထားသည့် စာရွက်ကို ကမ်းပေးလိုက်သည်။
သူတို့က ဝမ်ဝေ့ဆီမှ စာရွက်ကိုယူကာ စတင်ဖတ်လိုက်ကြတော့သည်။ သူတို့ ဖတ်လေလေ ပိုပြီးစိတ်လှုပ်ရှားလေလေဖြစ်လာသည်။
ဖတ်ပြီးသွားသည့်အခါ ဝမ်ချန်က ရေရွတ်လိုက်သည်
“ ငါတို့မှာ မျှော်လင့်ချက် ရှိတယ်”
ထို့နောက် ဝမ်ထျန်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဝမ်ဝေ့က စိတ်ရှုပ်ထွေးစွာဖြင့် သူတို့ကို ကြည့်နေသော်လည်း ရှင်းပြမည့်ပုံ မပေါ်ပေ။
ဝမ်ထျန်းက သူ့သားကို ကြည့်ကာ မေးလိုက်သည်
“ ဒီကျင့်စဉ်ကို သေချာကျင့်ကြံနိုင်ဖို့အတွက် ဘာလိုအပ်လဲ”
“ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ဖို့နဲ့ ထုံးကျောက်ဂူထဲ ဝင်နိုင်ဖို့အတွက် ဆေးလုံးတွေ လိုအပ်တယ်”
“ ပြဿနာ မရှိဘူး။ ဒီမှာ ဂိုဏ်းချုပ် အမှတ်အသားပြား ရှိတယ်။ အဲဒါနဲ့ဆိုရင် မင်း ဂူထဲ သွားလို့ရတယ်”
ပြောဆိုပြီးနောက် ဝမ်ထျန်းနှင့် ဝမ်ချန်တို့ နှစ်ယောက်လုံး ထွက်သွားသော်လည်း ဝမ်ဝေ့ သူတို့မျက်နှာပေါ်မှ အပြုံးများကို မြင်တွေ့နေရဆဲ ဖြစ်သည်။ သူ့မိဘတွေ သူ့ကို မပြောထားသည့် အကြောင်းအရာရှိသည်ဟု ဝမ်ဝေ့ ခန့်မှန်းမိသည်။ သူ့ကျင့်စဉ်က ထင်ထားသည်ထက်ပိုပြီး ကြီးမားသော အကျိုးဆက်များ ရှိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။
သို့သော် ယခု သူက ထိုကဲ့သို့အရာမျိုးကို တွေးတောနိုင်သည့် အခြေအနေ မဟုတ်ပေ။ သူ စိတ်ပင်ပန်းနေပြီး ဘာမှမလုပ်ခင် အနားယူဖို့ လိုအပ်သည်။
ထို့ကြောင့် သူက ထုံးကျောက်ဂူသို့ မသွားခင် သူ့အခြေအနေကို သေချာပြင်ဆင်ရန် လဝက်ကျော်ကြာ အချိန်ယူလိုက်သည်။ ယခုတစ်ခေါက်တွင် တခြားတပည့်များ၏ ဘဝက ဘယ်လိုမျိုးလဲဆိုတာ သိရဖို့အတွက် သူ့ ဖြစ်တည်မှု အစစ်အမှန်ကို ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
ရုပ်ပြောင်းရုပ်လွှဲဆေးလုံးကို သောက်သုံးပြီးနောက် လုံးဝမတူညီသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူ့ဆံပင်နှင့် မျက်လုံးများပင် ခဲဖြူရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားသည်။
ဂူသို့ သွားသည့်လမ်းတစ်လျှောက်တွင် တပည့်များ ပြောဆိုနေသော စကားကို နားထောင်နေသည်။
“ အစ်ကိုကြီး ထုံးကျောက်ဂူထဲမှာ သွားပြီး ကျင့်ကြံမလို့လား”
“ ဟုတ်တယ် ဂူရဲ့ အပြင်အလွှာမှာ တစ်နာရီလောက် နေနိုင်ဖို့အတွက် အဆင့်၅၀ နတ်ဆိုးသားရဲ သုံးကောင်ထက်ပိုပြီး အမဲလိုက်နိုင်မှ ဖြစ်မယ်”
“ ဝိုး…အစ်ကိုကြီးက ကံကောင်းသားပဲ။ အတွင်းစည်းတပည့်တစ်ယောက်အနေနဲ့ ထုံးကျောက်ဂူထဲကို ဝင်ခွင့်တယ်လေ။ ဒီမှာ တစ်နာရီလောက် ကျင့်ကြံတာက အပြင်ဘက်မှာ ၃လကျော်ကျင့်ကြံတာနဲ့ အတူတူပဲ”
“ ဂျူနီယာညီလေး အဲဒါက ဘာမှအရေးမပါဘူး။ ပင်မတပည့်တွေက ဂူအတွင်းပိုင်းမှာ ကျင့်ကြံလို့ရတယ်။ အဲဒီမှာ တစ်နာရီလောက် ကျင့်ကြံတာက အပြင်မှာ ၆လလောက် ကျင့်ကြံတာနဲ့ အတူတူပဲ။ အပြိုင်အမွေခံသားတော်တွေဆို ပြောစရာတောင် မလိုတော့ဘူး။ ငါ ကြားဖူးတာတော့ သူတို့ အဆင့်တစ်ဆင့် တက်တော့မဲ့အချိန်တိုင်း ဂူအတွင်းပိုင်းကနေ နို့ရည် အနည်းငယ်ရရှိတယ်လို့ ကြားဖူးတယ်”
“ အစ်ကိုကြီးပြောတဲ့ နို့ရည်ဆိုတာ ဘာလဲ”
“ မင်း မသိဘူးလား။ အော် ဟုတ်သားပဲ။ မင်း ဂိုဏ်းထဲကို ဝင်လာတာ သိပ်မကြာသေးဘူးနော်။ နို့ရည်ဆိုတာက နှစ်ပေါင်းများစွာ မြေအောက်မှာ ဖိနှိပ်ထားတဲ့ စိတ်ဝိညာဉ်စွမ်းအင် အရည်ပဲ။ ထုံးကျောက်ဂူကို ဧကရာဇ် ချီယွမ် ဖန်တီးခဲ့တာလို့ တခြားစီနီယာအစ်ကို တစ်ယောက်ဆီကနေ ကြားဖူးတယ်။ အဲဒါကြောင့် နို့ရည်ကို နှစ်သန်းပေါင်းများစွာ ဖိနှိပ်ထားခဲ့တာ”
“ ငါ့မှာသာ အဲလိုဟာမျိုး ရှိရင် ကျင့်ကြံရေးက အရမ်းနှေးနေမှာ မဟုတ်တော့ဘူး”
“ အလုပ်ကြိုးစားနော် ညီလေး။ တစ်နေ့ကျရင် မင်းလည်း အပြိုင်အမွေခံသားတော် ဖြစ်လာမှာပါ”
မကြာခင်မှာပင် ဝမ်ဝေ့ သူ့ဦးတည်ရာသို့ ရောက်ရှိသွားသည်။ သူက သူ့အဖေ၏ အမှတ်အသားပြားကို အပေါက်ဝတွင် စောင့်နေသော အကြီးအကဲဆီ ပေးကာ ဂူအတွင်းပိုင်းအထိ တည့်တည့်ဝင်သွားသည်။