← Chapters

အားလုံးအခကြေးငွေပေးရမည်ဟု ဘယ်သူမှမပြောရဲ!

Vol. 58 Ch. 865

အားလုံးအခကြေးငွေပေးရမည်ဟု ဘယ်သူမှမပြောရဲ!

Vol. 58 Ch. 865

……

ထိုဆေးဝါးကုမ္ပဏီ၏ရုတ်တရက်ကြေညာချက်ကြောင့် အတော်များများအံ့ဩကုန်သည်။

အင်တာနက်ပေါ်တွင်လူတချို့က ပိုပြီးသံသယဖြစ်လာကြ၏။

သွေးတိုးကိုလုံးဝကုနိုင်တဲ့ဆေးက အရင်ကဘာလို့မရှိခဲ့တာလဲ? အခုချင်းလင်စံအိမ်က သွေးတိုးကုနိုင်တဲ့ဟင်းသီးဟင်းရွက်ထုတ်မှ စျေးကွက်ထဲမှာသွေးတိုးကုနိုင်တဲ့ဆေးထွက်လာတာလဲ?

အင်တာနက်ပေါ်တွင် စကားတစ်ခွန်းရှိသည်:

အမြစ်ပြတ်ကုနိုင်တဲ့ဆေးမှန်သမျှ ဆေးကုမ္ပဏီကသိမ်းထားသည်တဲ့။ သူများမထုတ်ရင် သူလည်းမထုတ်။ ပြီးမှ အာနိသင်လျော့အောင်၊ပျော့အောင်လုပ်ထားသောဆေးကို စျေးကွက်ထဲပို့မည်။

ဒီလိုနှင့် 'ရောဂါကိုကုနိုင်တယ်၊ ဒါပေမဲ့ အမြစ်မပြတ်လို့ ဆေးဆက်သောက်ရမယ်'ဆိုသည့်သဘောဖြစ်လာသည်။

ဆေးဝါးကုမ္ပဏီအတွက် ဘယ်ဟာကပိုမြတ်လဲ တွေးကြည့်ဖို့မခက်။

အစက ဒီအဆိုကိုလူတိုင်းမယုံကြ။ ဘာပဲဖြစ်ဖြစ် လူတွေကသဘောကောင်းကြသည်။ ကုမ္ပဏီက ဒီလိုနည်းနဲ့ပိုက်ဆံရှာမယ်လို့မထင်ကြဘူးမလား?

ဒါယုတ်မာတာဟုတ်?

သို့ရာတွင် ကုမ္ပဏီ၏ရုတ်တရက်လုပ်ရပ်ကြောင့် လူတွေသံသယဝင်လာကြသည်။

သို့သော် ထိုဆေးကုမ္ပဏီက အင်တာနက်ပေါ်ဂယက်ထနေသည်ကိုလုံးဝဂရုမစိုက်။ ငန်းဖြူလိုဝင့်ကြွားနေသည်။

မကြာမီ တခြားဆေးကုမ္ပဏီက ထပ်ကြေညာပြန်သည်:

"ကျွန်တော်တို့ကုမ္ပဏီသုတေသနက ရုတ်တရက်အောင်မြင်သွားတဲ့အတွက် သွေးတွင်းအဆီကျဆေးအသစ်ကိုအစားထိုးပါမယ်... ဆေးအသစ်က အဆီဓာတ်မြင့်တာကိုလုံးဝကုသနိုင်ပါတယ်''

ရက်ပိုင်းအကြာ တခြားဆေးဝါးကုမ္ပဏီဓာတ်ခွဲခန်းကလည်း သူတို့သုတေသနအောင်မြင်ကြောင်းပြောပြီး ရောဂါတစ်မျိုးကိုကုသနိုင်သောဆေးဝါးကိုကြေညာပြန်သည်။

ထိုဆေးဝါးကုမ္ပဏီများမှရုတ်တရက်ထွက်လာသောသတင်းကြောင့် လူနာများသို့​လောသို့လောဖြစ်ကုန်သည်။

ပြီးခဲ့တဲ့ရက်ပိုင်း ဆေးရုံတက်တုန်းကမှ ဆရာဝန်က အမြစ်ပြတ်ကုနိုင်သောဆေးမရှိကြောင်း၊ သက်သာအောင်သာလုပ်ပေးနိုင်ကြောင်း ပြောခဲ့သည်။

ဒီလောက်အချိန်တိုအတွင်း ဘာလို့ဒီလိုဖြစ်သွားတာလဲ?

ဒါကြောင့်လည်း အင်တာနက်ပေါ်မှလူများက စိတ်လေးပြီးသက်ပြင်းချကုန်သည်။ ဘယ်နယ်ပယ်ကဖြစ်ဖြစ် ကုမ္ပဏီတစ်ခုအောင်မြင်သည်နှင့် တခြားကုမ္ပဏီများကလည်း အချိန်တိုအတွင်းအောင်မြင်ပြီး ထုတ်ကုန်အသစ်ကြေညာကြသည်။ ဒီလိုမဟုတ်ရင် ဘယ်သူမှမလှုပ်ဘဲရေသေလိုငြိမ်နေကြမည်။



ဒီတစ်ခါ ဆေးဝါးကုမ္ပဏီတွေက ရေသေတွေဖြစ်ခဲ့တာမလား? နှစ်ပေါင်းများစွာ ဒီရောဂါတွေကိုကုသမယ့်ဆေးမရှိခဲ့။

အခု ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်အသစ်က ရောဂါကိုအမြစ်ပြတ်ကုနိုင်တယ်ဆိုမှ ဆေးကုမ္ပဏီတွေကလည်း အောင်မြင်ကြောင်း တစ်ခုပြီးတစ်ခုကြေညာကြသည်။

ထင်တဲ့အတိုင်း အောင်မြင်ရန် 'ပြိုင်ဘက်'သာလိုသည်။

မဟုတ်ရင် ဒီဆေးဝါးကုမ္ပဏီတွေ ဆယ်စုနှစ်ပေါင်းများစွာမလုပ်နိုင်တာက 'ပြိုင်ဘက်'ချင်းလင်စံအိမ်ထွက်လာတာနဲ့ ဘယ်လိုလုပ်ပြီး ရက်ပိုင်းအတွင်းအောင်မြင်သွားလဲ?

ပေကျင်း_

ဝန်ကြီးလုလည်း သတင်းများကြည့်နေသည်။

ဒီအတောအတွင်း ချင်းလင်စံအိမ်ဟင်းသီးဟင်းရွက်အသစ်အကြောင်းသတင်းက နေ့စဉ်သတင်းမှာအဓိကဖြစ်လာသည်။ သတင်းပလက်ဖောင်းတိုင်းက ထိုသတင်းကိုတင်ကြသည်။

သူအာရုံမစိုက်ဘဲမနေနိုင်။ သူဌေးချင်နှင့်ဆိုင်နေသောကြောင့် စိတ်ဝင်စားသည်။

"ဆေးကုမ္ပဏီတွေက အံ့ဩဖို့ကောင်းလိုက်တာ... ရက်ပိုင်းနဲ့ ဒီလိုအံ့ဩစရာသုတေသနအစွမ်းတွေထွက်လာပြီး ထုတ်ကုန်အသစ်ကြေညာနိုင်ကြတယ်''

ဝန်ကြီးလုက သူ့အတွင်းရေးမှူးကို အားမရှိသံနှင့်ပြောလိုက်သည်။

သူကအရူးမဟုတ်။ အလှည့်အပြောင်းတွေကို သူနားလည်သည်။

ဒါတွေကိုရှောင်လွှဲမရ။ ဘာပဲဖြစ်ဖြစ် တရုတ်သိပ္ပံအကယ်ဒမီဆေးပညာသုတေသနက ပါမောက္ခရန်တို့ဘယ်လောက်တော်တော်၊ လုပ်နိုင်စွမ်းကအကန့်အသတ်ရှိသည်။ သုတေသနအတွက်ဆေးဝါးပရောဂျက်တချို့ကို သတိထားရွေးချယ်ရသည်။

ထို့ကြောင့် ဆေးသုတေသနမြောက်မြားစွာကို ထိုဆေးကုမ္ပဏီများကသာလုပ်ရသည်။

သို့သော် ဒီတစ်ကြိမ်တွင် စျေးကွက်ထိန်းချုပ်ရေးနှင့်ပြိုင်ဘက်မရှိခြင်းက ပြဿနာတချို့ရှိကြောင်းသိနိုင်သည်။

လုပ်ငန်းမှာပြိုင်ဘက်မရှိသည်နှင့် ကုမ္ပဏီများ၏အလိုလိုပြောင်းလဲသောစည်းမျဉ်းက ကြောက်စရာကောင်းသည်။



အခုလိုပင်။ ရောဂါကိုကုသနိုင်သော်လည်း မရောင်းပေး။

ဒါ ဒီလောကမှာအလိုလိုဖြစ်နေတဲ့စည်းမျဉ်းပဲမလား?

ထို့ကြောင့် လုပ်ငန်းထဲတွင် ချင်းလင်စံအိမ်လို 'ပြိုင်ဘက်' လိုအပ်နေသည်။

သူတို့တရုတ်တိုင်းရင်းဆေးကိုပိုပြီးထောက်ပံ့ဖို့တောင် လိုကောင်းလိုမည်။

…

အင်တာနက်ပေါ်ဂယက်ထနေသည်က တစ်ပတ်လောက်ကြာမှသာ ဖြည်းဖြည်းချင်းငြိမ်လာသည်။

ဘာပဲဖြစ်ဖြစ် လူတွေရဲ့အာရုံစိုက်နိုင်စွမ်းက အကန့်အသတ်ရှိသည်။ အထူးသဖြင့် သူတို့စိတ်မဝင်စားရင် ပိုလျော့သည်။ ရောဂါမရှိသူများ၊ မိသားစုဝင်ထဲတွင် ရောဂါခံစားရသူမရှိသူများက ဒီကိစ္စကိုအာရုံမစိုက်ကြတော့။

သို့ရာတွင် သက်ဆိုင်ရာရောဂါရှိသူများကမူ သေချာပေါက်ကြည့်ချင်လိမ့်မည်။

ဥပမာ သွေးတိုးနှင့်အဆီဓာတ်များခြင်းကဲ့သို့ နှစ်ရှည်လများခံစားနေရသောဝေဒနာသည်များပင်။ သူတို့ကျန်းမာရေးကိုထိန်းနိုင်ရန် ဆေးကိုသာအားကိုးနေရသော​ကြောင့် အကုန်အကျများသည်။

သို့သော် အခု အမြစ်ပြတ်ကုနိုင်တော့မည်။

တောင်တန်းစံအိမ်မှာ တစ်ခေတ်ထလာပြန်သည်။ အတော်များများက ဟင်းသီးဟင်းရွက်ကြောင့်လာကြ၏။

ချင်းလင်စံအိမ်၏ဟင်းသီးဟင်းရွက်အသစ်က သူတို့ဝေဒနာကိုကုနိုင်ကြောင်း တစ်ယောက်ပြီးတစ်ယောက်သက်သေပြကြသည်။

အစကချင်လင်တွေးထားသည့်အတိုင်း ချင်းလင်စံအိမ်နာမည်က ဟင်းသီးဟင်းရွက်ကြောင့်သိသိသာသာတက်လာ၏။ သို့ရာတွင် နည်းနည်းသာဖြည့်ဆည်းပေးနိုင်ပြီး ခရီးသည်လိုအပ်ချက်ကများနေသောကြောင့် ခရီးသည်များကလည်း အထင်အမြင်တွေပေးလာသည်။

ဘာပဲဖြစ်ဖြစ် ဒီဟင်းသီးဟင်းရွက်အတွက်မိုင်ထောင်ချီလာခဲ့ရပြီး သုံးလေးရက်ဆက်တိုက်ဝယ်မရခဲ့။ သူတို့ညည်းလည်း ညည်းချင်စရာ။

ထို့ကြောင့် ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ချင်လင်လည်း ယွီရွှေ့ကိုလူအင်အားနှင့် စံအိမ်စာချုပ်ချုပ်ထားသော​မြေအလွတ်ကိုချဲ့ထွင်ပြီး ဟင်းသီးဟင်းရွက်များစိုက်ပျိုးစေသည်။

အပြင်ကိုမရောင်းပေးနိုင်ရင်တောင် မိုင်ထောင်ချီအဝေးကလာရသောခရီးသည်များ စိတ်ကျေနပ်အောင်လုပ်ပေးရမည်။

နေ့ရက်များက မြန်မြန်ဆန်ဆန်ကုန်လွန်သွားသည်။

နောက်ဆုံးတွင် ချင်းလင်စံအိမ်မှဟင်းသီးဟင်းရွက်အသစ်က ချင်းလင်စံအိမ်၏ စံနှုန်းတစ်ခု၊ဝိသေသတစ်ခုဖြစ်လာသည်။ စံအိမ်လာလည်သောခရီးသည်များ တစ်လေသံတည်းကြုံးဝါးကြသည်မှာ:

'ချင်းလင်စံအိမ်ရဲ့ဟင်းသီးဟင်းရွက်အသစ်ကို သေချာပေါက်မြည်းကြည့်ရမယ်'

အင်တာနက်ပေါ်တွင်ရေပန်းစားမှုကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။



All Chapters