ဝက်ကောင်း! ဘားဘုရင်! ၂
Vol. 58 Ch. 869
ပြည်သူ့ဆက်ဆံရေးတာဝန်ခံဆိုသော်လည်း စားပွဲဝိုင်းတွင် ဝိုင်သောက်ရသေးသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုံးကိုယ်ပေါက်လှပြီးရုပ်ချောတဲ့သူကို ညစာစားပွဲပြီးရင် သူဌေးကဘာလုပ်မယ်ထင်လဲ?
တခြားဘာကြောင့်ခေါ်လာတာဖြစ်မလဲ? သောက်ရုံသက်သက်လား?
ကျန်းပင်း ဘာမှမတတ်နိုင်။ သူများလစာက သူ့ထက်မြင့်သည်။
လူ့အဖွဲ့အစည်း မညီမျှလိုက်ပုံများ။ သူ့လစာတိုးတိုးလာသော်လည်း သူများကိုမမီ။ သူများကတစ်လ ယွမ် ၄၀၀၀၀ ကျော်ရသည်။ သို့သော် သူလည်းပြားပြားဝပ်နေရ၏။
ပိုဆိုးတာက သူများမျက်နှာကြည့်ပြီး ပြားပြားဝပ်ရသည်။ ကုမ္ပဏီမှာ တခြားအမျိုးသမီးဝန်ထမ်းတွေအများကြီးရှိပေမဲ့ သူတို့ကဘာလို့မကြည့်ရတာလဲ? ပြားပြားဝပ်ချင်တိုင်း ဝပ်လို့ရလား?
ထို့ကြောင့် တစ်ခါတလေ လောကမှာမျှတမှုမရှိတတ်။ လူချင်းအတူတူ တချို့ကအားသာချက်နှင့်မွေးဖွားလာကြသည်။
ယုံချင်မှယုံ။ ပြားပြားမဝပ်ချင်လို့ အိမ်ပြန်ပြီး မိသားစုကိုရှာခါမှ သူတို့ကမိန်းကလေးတွေထက်ပိုပြီး လိုအပ်ချက်များနေသေးသည်။
ကျန်းပင်းက တွေးသာတွေးရဲသည်။ အတွန့်မတက်ရဲ။ မဟုတ်ရင် သူအလုပ်ပြုတ်လိမ့်မည်။ ယွမ် ၂၀၀၀၀ ကျော်တန်အလုပ်ကို ကောက်လုပ်ချင်သူတွေအများကြီး။
သူ့မှာအရက်သောက်နိုင်သောကြောင့်သာ ဒီအလုပ်ကိုခက်ခက်ခဲခဲထိန်းထားနိုင်သည်။
"သွားမယ်!''
သူဌေးကဝတ်စုံပြည့်နှင့်လျှောက်လာပြီး ကျန်းပင်းနှင့်မိန်းကလေးကိုပြောသည်။
သူဌေးကထိပ်ပြောင်နေသော်လည်း အခုတလော ဆံပင်ကောင်းလာပုံရသည်။ ချင်းလင်ဆေးဝါးကုမ္ပဏီမှရေပူစမ်းဆေးမှုန့်ကိုသုံးထားသောကြောင့် ဆံပင်အမည်းများပြန်ပေါက်လာသည်။
ကျန်းပင်း၊ သူ့သူဌေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှမိန်းကလေးက ဖောက်သည်များနှင့်တွေ့ရန်ချိန်းထားသော စားသောက်ဆိုင်သီးသန့်ခန်းထဲသွားကြသည်။ အခန်းထဲဝင်ဝင်ချင်း ကျန်းပင်းကဖောက်သည်များကိုတွေ့သည်။
ဖောက်သည်တစ်ဦးမက။ အားလုံးက ကုမ္ပဏီနှင့်ရေရှည်လက်တွဲလာသောစီးပွားဖက်များပင်။
"အားလုံးရောက်နေကြပြီပဲ... စောင့်နေရတာ အားနာပါတယ်''
သူဌေးကထိုင်ပြီး ဝိုင်စငှဲ့ကာ ဧည့်သည်များကိုတည့်တည့်ကြည့်၍တောင်းပန်လိုက်သည်။
သို့ရာတွင် သုံးလေးခွက်သောက်ပြီးနောက် ကျန်းပင်းကိုလှည့်ကြည့်ပြီး အရိပ်အယောင်ပြသည်။
ကျန်းပင်းကချက်ချင်းပင် ဖျောင်းဖျသံနှင့်_
"သူဌေး... ဒီနေ့ ဗိုက်အောင့်နေတာလေ... အများကြီးသောက်လို့မရဘူး... ကျွန်တော်သောက်ပေးမယ်''
ထို့နောက် ဧည့်သည်များဘက်လှည့်ပြီး_
"သူဌေးတို့... ကျွန်တော့်သူဌေးက သိပ်သောက်လို့မရလို့ ကျွန်တော်သူ့ကိုယ်စားသောက်ပေးပါမယ်... ကျွန်တော်ကလက်အောက်ငယ်သားမလို့ သုံးခွက်သောက်ပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးပါမယ်''
ဒါမျိုးလုပ်ရတာ ပထမဆုံးမဟုတ်။ ရိုးနေပြီ။
မြန်မြန်ဆန်ဆန်ပင် တစ်လှည့်ပြီးသွားသည်။ သူ့တကိုယ်လုံးမအီမသာဖြစ်လာ၏။ သူ့အစာအိမ်ကို ဒလက်နှင့်မွှေနေသလိုပင်။ အရက်သောက်ပြီး နောက်ဆက်တွဲများပြနေလေပြီ။
ဒါပုံမှန်ပမာဏ။ ဒီလောက်သောက်ပြီးရင် နားရတော့မည်။ ဘာပဲဖြစ်ဖြစ် သူ့ကိုယ်သူပစ်စလတ်ခတ်မလုပ်။ သို့သော် ဒီလိုတစ်ပိုင်းတစ်ပိုင်းသောက်ခြင်းမျိုးကမကောင်း။

မကြာမီ ဒုတိယအကျော့စသည်။
သုံးလေးကျော့ ကျော့ပြီးနောက်_
သူဌေးကရက်ရက်ရောရောနှင့် မင်ရှီသုံးပုလင်းဖွင့်လိုက်သည်။ သူဌေးကရက်ရောသလောက် သူဒုက္ခရောက်တော့မည်။ သုံးကျော့အပြီးတွင် သူ့ခေါင်းပွင့်ထွက်တော့မတတ်ပင်။
ဝန်ထမ်းလုပ်ရတဲ့နောက်ဆက်တွဲက တကယ်ကောင်း။
ကျန်းပင်းကအန်ချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ သန့်စင်ခန်းထဲပြေးသွားသည်။ ဘယ်သူမှ ဘာမှမပြောကြ။ ဘာပဲဖြစ်ဖြစ် သူဘယ်လိုလူမှန်း အားလုံးသိသည်။
သန့်စင်ခန်းရောက်သောအခါ ကျန်းပင်းမှာဗြောင်းဆန်အောင်အန်ပစ်သည်ထင်သည်။ သူ့လက်များကိုဘေစင်ပေါ်ထောက်ထားပြီး အတော်ကြာကြာမအီမသာဖြစ်နေ၏။
ထို့နောက် ရုတ်တရက် သူတစ်ခုခုတွေးမိသည်။ သူ့အိတ်ကပ်ထဲလက်လျှိုကာ အမူးပြေမြက်တစ်ထုပ်နှိုက်လိုက်၏။
စူပါမားကတ်ဆိုင်ရှင်၏စကားများကြားယောင်ပြီး အိတ်ကိုဖြဲကာ ပါးစပ်ထဲတန်းထိုးသိပ်ပစ်လိုက်သည်။
အမူးပြေမြက်ကို ကြက်သွန်မြိတ်မှထုတ်ထားသော်လည်း အရသာတကယ်ကောင်းသည်။ အရက်မူးပြီး အရက်နံ့တထောင်းထောင်းထွက်နေသော်လည်း အရသာကပေါ်နေသည်။
အမူးပြေမြက်စားပြီး ကျန်းပင်းကချက်ချင်း ထူးခြားမှုကိုခံစားမိသည်။ သူ့ကိုယ်ထဲတွင် ထူးဆန်းသောအနွေးစီးကြောင်းက သွေးကြောများထဲစီးဆင်းနေသလိုပင်။
မကြာမီ သူ့သွေးထဲမှအယ်လ်ကိုဟောဓာတ်ကိုလျင်မြန်စွာခြေဖျက်ပြီး စိတ်အခြေအနေမြန်မြန်ဆန်ဆန်ပြန်ကောင်းလာသည်။
အရက်ကြောင့်မူးဝေခြင်း၊ခေါင်းကိုက်ခြင်းက ချက်ချင်းပျောက်သွား၏။
ဒီခံစားချက်က မယုံနိုင်စရာ။
ကျန်းပင်း သန့်စင်ခန်းထဲမှထွက်လာသောအခါ သူဌေးနှင့်မိန်းကလေးရော၊ဧည့်သည်များပါ မယုံနိုင်ကြ။
စောစောကလို အရက်မူးနေပုံမပေါက်သောကြောင့်ပင်။ စိတ်ဓာတ်တက်ကြွနေပုံရသည်။
ကျန်းပင်းကထွက်လာပြီး ဧည့်သည်များကိုခပ်မိုက်မိုက်ကြည့်လိုက်သည်။ အမူးပြေမြက်ကအာနိသင်ထက်လွန်း၍မယုံနိုင်စရာ။ အရက်လောကတွင် နတ်လက်နက်လိုအစွမ်းထက်သည်။
"ဥက္ကဌလင်း''
သူကဧည့်သည်တစ်ဦးအား_
"ကျွန်တော့်သူဌေးကိုယ်စား ဂုဏ်ပြုပါမယ်... ကျွန်တော်ကသုံးခွက်သောက်မယ်... ဥက္ကဌက တစ်ခွက်သောက်ပါ!''
ဥက္ကဌလင်းက ဟိတ်ဟန်ထုတ်မနေဘဲ ပြုံးပြုံးနှင့်သူ့ဖန်ခွက်ကိုတန်းမြှောက်လိုက်သည်။ သူများကသုံးခွက်၊ သူကတစ်ခွက်။ သူ့သူဌေးကိုယ်စားသောက်ပေးတာမဟုတ်ရင်တောင် သောက်ပြဦးမည်။ ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ ပြုံးရွှင်နေတဲ့သူကိုမျက်နှာပျက်အောင်မလုပ်သင့်။
ကျန်းပင်းက ဥက္ကဌလင်းကိုဂုဏ်ပြုပြီးနောက် တခြားဧည့်သည်များကိုဂုဏ်ပြုသည်။ နောက်ဆုံး ဥက္ကဌလင်းအလှည့်ပြန်ရောက်လာပြီး_
"ဥက္ကဌလင်း... ဥက္ကဌက ကျွန်တော်တို့ကုမ္ပဏီကိုအမြဲထောက်ပံ့ပေးတယ်လို့ခံစားရတယ်... ကျွန်တော့်သူဌေးကိုယ်စားထပ်ပြီး ဂုဏ်ပြုပါရစေ... ကျွန်တော်နောက်ထပ်သုံးခွက်သောက်မယ်''
ဥက္ကဌလင်းက မငြင်း။

တတိယအကျော့!
"ဥက္ကဌလင်း... ကျွန်တော်တို့ကုမ္ပဏီကိုအားပေးတဲ့အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်''
စတုတ္ထအကျော့!
"ဥက္ကဌလင်း... ဥက္ကဌရဲ့အထောက်အပံ့က ကျွန်တော်တို့ကုမ္ပဏီအတွက်အရမ်းအရေးပါပါတယ်... ထောက်ပံ့ပေးတဲ့အတွက်ကျေးဇူးပါ''
ဥက္ကဌလင်းက နောက်တစ်ခွက်ထပ်သောက်သည်။ ဒီတစ်ကြိမ်တွင် သူ့မျက်နှာရဲတွတ်နေလေပြီ။ သူသောက်တာ နည်းနည်းများသွားပြီ။
နောက်နှစ်ကျော့သောက်ပြီးနောက် ကျန်းပင်းမနေနိုင်တော့ဘဲ သန့်စင်ခန်းထပ်ပြေးကာ အမူးပြေမြက်တစ်ထုပ်စားလိုက်ပြန်သည်။
သူပြန်ထွက်လာသောအခါ အားအင်အပြည့်နှင့်။
"ဥက္ကဌလင်း...''
…
"ဥက္ကဌလင်း...''
ကျန်းပင်းက ထိုဧည့်သည်များကို တစ်ကျော့ပြီးတစ်ကျော့ဆက်ဂုဏ်ပြုနေသည်။ ဂုဏ်ပြုရတာဒီလောက်ကောင်းသည်ဟု ဘယ်တုန်းကမှမတွေးမိခဲ့။
မကြာမီ ကျန်းပင်းက သန့်စင်ခန်းပြေးပြန်သည်။ ဧည့်သည်များကမူ သူ့ကိုအထူးအဆန်းသတ္တဝါလိုကြည့်နေကြပြီ။ တစ်ယောက်က ပါးစပ်ထဲအစာထည့်မြုံ့ကာ ဗိုက်အောင့်သလိုခံစားနေရ၏။
သူတို့နှင့်ဒီလိုအလှည့်ကျသောက်နိုင်သူမျိုး အရင်ကမတွေ့ဖူး။ သူတို့ကိုမူးအောင် စည်းချက်ဝါးချက်နှင့်လုပ်သွားသည်။
သူမသောက်နိုင်လောက်တော့ဘူးမလား?
သို့သော် ခဏအကြာ ကျန်းပင်းကသန့်စင်ခန်းထဲမှ တက်တက်ကြွကြွထွက်လာပြန်၏။
သူကပြုံးပြီး ဧည့်သည်များဆီလျှောက်လာသည်။ အရင်ဆုံး ဥက္ကဌလင်းအား_
"ဥက္ကဌလင်း... ခင်ဗျားရဲ့ထောက်ပံ့မှုကြောင့် ကျွန်တော့်လိုအလုပ်သမားတွေရှင်သန်နိုင်တာ... ကျွန်တော်လေးစားလွန်းလို့ ကျွန်တော့်သူဌေးကိုယ်စားဂုဏ်ပြုပါရစေဦး!''
နောက်တစ်ကျော့ပြန်စတော့မည်။
သော*က်!
ကျန်းပင်းကိုမြင်သည်နှင့် ဥက္ကဌလင်းမှာ မျက်စိကျွတ်ထွက်တော့မတတ်ဖြစ်ပြီး သူ့ပါးစပ်ကိုအုပ်ကာ သန့်စင်ခန်းထဲပြေးတော့သည်။
သူ့အကန့်အသတ်ကိုကျော်နေပြီ။ သူ့ရှေ့ကအရက်ခွက်ကို ကြည့်ကိုမကြည့်ချင်တော့။

"ဒီလူက ဂြိုဟ်သားပဲ''
ကျန်းပင်းက တခြားဧည့်သည်များကိုကြည့်လိုက်သည်။
"အိုက်ယား... ရှောင်ကျန်း... ငါမသောက်နိုင်တော့ဘူး''
"ဟေး... ငါကအန်ထွက်တော့မယ်!''
“……”
အမူးပြေမြက်ကြောင့် ကျန်းပင်းကဧည့်သည်အားလုံးကိုအနိုင်ရသွားလေသတည်းပေါ့။
သူဌေးက မယုံနိုင်ပုံနှင့်ကျန်းပင်းကိုကြည့်လိုက်သည်။ သူ့လက်အောက်မှာ ဒီလိုစွမ်းတဲ့သူမျိုးရှိမည်ဟုမထင်မိပေ။
ပြည်သူ့ဆက်ဆံရေးအလှလေးကတောင် သူ့ကိုလက်မထောင်ပြသည်။
……
မင်စီရင်စုပြည်နယ်မြို့တော် Esmi ဘားတွင် ဝမ်ရန်က ကျန်းလင်းလင်းနှင့်ကျန်းကျားနန်ကိုဘားထဲခေါ်လာပြီး အခန်းထောင့်တစ်နေရာသွားကြသည်။
ဝမ်ရန်ကိုအဖော်ပြုပေးသောအမျိုးသားတစ်ဦးရှိပြီး ထိုအမျိုးသားက ဘားပိုင်ရှင်ဖြစ်သည်။ ဒီနေ့ ဝမ်ရန်ကဖုန်းဆက်လာသောကြောင့် သူအံ့ဩမိသည်။
အရင်က ဝမ်ရန်မှာ နိုက်ကလပ်များတွင် အဆင့်မြင့်မြင့်ဂိမ်းများစီစဉ်ပေးခဲ့သူဖြစ်၍ သူ့ဘားကိုလည်းလာပြီး ဂိမ်းစီစဉ်ပေးရန်မျှော်လင့်မိသည်။
သို့သော် အခု ဒီ CEO ဝမ်က နိုက်ကလပ်လောကတွင်ဒဏ္ဍာရီဖြစ်သွားပြီ။ ချင်းလင်စံအိမ်သူဌေးနှင့်ဆက်စပ်မိပြီး ကိုယ်စားလှယ်ဖြစ်သွား၏။ ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်တင် ဝင်ငွေအတော်ဖြောင့်နေသည်။ ကိုယ်ပိုင်လုပ်ငန်းနှင့်အသက်မွေးသောသူဌေးကြီးများက ဒီ CEO ဝမ်လောက်ဝင်ငွေမကောင်း။
နောက်ပြီး CEO ဝမ်လက်ထဲတွင် ရှန်းရွှေလက်ဆောင်ဆန်ရှိသေးသည်။ မင်စီရင်စုတစ်ခုလုံးမှမိန်းကလေးတွေအားလုံး သူ့ဆီကပစ္စည်းကောင်းရပြီး စီးပွားဖြစ်နေသည်။
ချင်းလင်စံအိမ်ပိုင်ရှင်နှင့်ဆက်ဆံရေးကြောင့် ဒီ CEO ဝမ်က ရှေ့လျှောက် မင်စီရင်စုပြည်နယ်မြို့တော်တွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်တော့မည်။
ဒီလိုလူက ဒီနေ့သူ့ဘားရောက်လာမှတော့ သူမဖားဘဲနေမလား? သူ့အစီအစဉ်တွေမှာ ဝင်မပါရမှာစိုး!
"ဒါရိုက်တာဝမ်... ခင်ဗျားရဲ့ထုတ်ကုန်မှာ ခင်ဗျားပြောသလိုအာနိသင်မျိုးတကယ်ရှိလား?''
ဆိုင်ရှင် မမေးဘဲမနေနိုင်တော့။
CEO ဝမ်ဆီမှထုတ်ကုန်အကြောင်းကြားပြီး သူ့ဘားမှာရောင်းရင် အမြတ်ကောင်းကောင်းရမည်မှန်းသဘောပေါက်သည်။
အရက်ကို သူဘယ်လောက်ဝယ်ရမလဲ?
ကျန်းလင်းလင်းက ဘားထဲမှအမျိုးသမီးတချို့ကိုကြည့်လိုက်သည်။ သူတို့က တစ်ခုခုလိုက်ဝေနေကြ၏။
ချင်းလင်အမူးပြေမြက်ပင်။
ဝမ်ရန်စမ်းကြည့်ဖို့ ဒီဘားထက်ပိုကောင်းတဲ့နေရာမရှိ။
အခု ပစ္စည်းများဝေပြီး မိန်းကလေးများစမ်းကြည့်သည်ကိုစောင့်ရုံပင်။
ညပိုင်းဖောက်သည်တွေက အကုန်ဝက်တွေ!
ဝမ်ရန်တွေးတောနေစဉ် DJ သံကျယ်ကျယ်လောင်လောင်ထွက်လာသည်_
"ဒီည ဗင်းနစ်ကစိန် အစ်ကိုယုံက တစ်နေရာလုံးအတွက်ရှင်းပါမယ်တဲ့!''
ထိုအသံကြားပြီး ဘားတစ်ခုလုံးပွက်ညံသွားသည်။
ဘားလိုနေရာမှာ မူးနေတဲ့သူတွေရှိစမြဲ!
ဝမ်ရန်လည်း ချက်ချင်းမျက်စိကျယ်သွားသည်။
ဝက်ကောင်းဟ!