← Chapters

လုပ်ရဲခြင်း

Vol. 6 Ch. 72

လုပ်ရဲခြင်း

Vol. 6 Ch. 72

အခန်း (၇၂) : လုပ်ရဲခြင်း

ဂူအတွင်းပိုင်းတွင် ဝမ်ဝေ့ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့ခန္ဓာကိုယ်ကို ကျယ်ပြန့်သော ဝိညာဉ်ချီဖြင့် ဆေးကြောနေသည်ကို သူ ခံစားနိုင်သည်။ ဝိညာဉ်ချီကို ထိန်းချုပ်ဖို့အတွက် သူ အာရုံခံစရာ မလိုအပ်ပေ။ အသက်ရှူလိုက်ရုံဖြင့် ဝိညာဉ်ချီများက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ဖြည်းဖြည်းချင်း အာဟာရဖြည့်ပေးနေသည်။

ဝမ်ဝေ့ ငုံ့ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် ရေကန်တစ်ခု ရှိနေသည်။ ထိုရေကန်ထဲတွင် နို့နှစ်ရောင် အရည်များက တောက်ပနေသည်။ ဂိုဏ်းမှ ထိုအရာကို ဘာလို့ နို့ရည်ဟု ခေါ်လဲဆိုတာကို သူ နားလည်သွားပြီ ဖြစ်သည်။

သို့သော် ဝမ်ဝေ့ မထိဘဲ ကြည့်ရုံသာ ကြည့်နေနိုင်သည်။ ယခု သူ့ကျင့်ကြံဆင့်ဖြင့် တစ်စက်လောက်ပင် သောက်လိုက်ပါက ချက်ချင်း ပေါက်ကွဲသွားနိုင်သည်။ သဘာဝလွန် နယ်ပယ်အဆင့်သို့ ရောက်ရှိနေသူများပင် အများဆုံး တစ်စက်၊ နှစ်စက်အထိသာ သောက်သုံးနိုင်သည်။

ဝမ်ဝေ့က တပ်မက်မှုကို ရှင်းထုတ်နိုင်ဖို့အတွက် အကြည့်လွှဲလိုက်သည်။ သူ နိဗာနကိုးပါးသွေးချီ ကျင့်ကြံရန် စိတ်ဝိညာဉ်ချီ ပမာဏ အများကြီး လိုအပ်သည့်အတွက်ကြောင့်သာ ဂူအတွင်းပိုင်းသို့ လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူက ရေကန်ဘေးရှိနေရာတွင် တင်ပျဉ်ခွေထိုင်ကာ မစတင်ခင် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေအောင် စတင် တရားထိုင်တော့သည်။ ဝမ်ဝေ့က ဘယ်အရာကိုမှ အလျင်စလို မလုပ်တတ်ပေ။

နိဗာနကိုးပါးသွေးချီကို ကျင့်ကြံရန် ပထမဆုံးအဆင့်က အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်ကိုဖြတ်သန်းကာ မူလပင်လယ် ထိပ်သီးအဆင့်သို့ ရောက်ရှိဖို့ ဖြစ်သည်။

ဝမ်ဝေ့က သူ၏ စွမ်းအင်ဗဟိုချက်တည်ရှိရာသို့ သွေးချီအားလုံးကို စုစည်းလိုက်သည်။ သွေးချီအားလုံးအပေါ် အာရုံစိုက်ပြီးနောက် မူလလမ်းစဉ်ကျမ်းမှ မန္တန်ကို ရွတ်ဖတ်လိုက်သည်။

ဝုန်း…

ဝမ်ဝေ့ ပေါက်ကွဲသံကြားပြီးနောက် စွမ်းအင်ဗဟိုချက်ထဲတွင် အရည်တစ်စက်ကို မြင်လိုက်ရသည်။ သူ့အံ့ဖွယ်ပင်လယ် ပွင့်သွားပြီဆိုတာကို သိလိုက်သည်။ ထို့ကြောင့် သူက သွေးချီကို အရည်ဖျော်ကာ မူလချီအဖြစ် ပြောင်းလဲလိုက်သည်။

ယခု ဝမ်ဝေ့က မူလရေကန်ဖြစ်သည့် အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်၏ ပထမအဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သည်။ နာမည်အတိုင်း သူ၏ မူလရင်းမြစ်က ရေကန်တစ်ကန်ကဲ့သို့ ကျယ်ပြန့်လှသည်။ ထိုအရာက သူ့ အရေပြားအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဆီသို့ ချောမွေ့စွာ သွားလာနိုင်သည်။

သူ အဆင့်တက်အောင် လုပ်ပြီးနောက် အံ့ဖွယ်ပင်လယ်ကို စတင်စစ်ဆေးလိုက်သည်။ မူလလမ်းစဉ်ကျမ်းအရ သူ၏ အံ့ဖွယ်ပင်လယ်က ခရမ်းရောင် ဖြစ်သင့်သော်လည်း သူ့ဆံပင်ကဲ့သို့ ခဲဖြူရောင် ဖြစ်နေသည်။ ထိုအရာက သူ၏ ကံကြမ္မာ ရုပ်သေးဆရာ ရုပ်ခန္ဓာကြောင့် ဖြစ်မည်ဟု ဝမ်ဝေ့ ခန့်မှန်းလိုက်မိသည်။

အရာအားလုံး အဆင့်သင့် ဖြစ်၊ မဖြစ် စစ်ဆေးပြီးနောက် ဝမ်ဝေ့ စတင်ကျင့်ကြံတော့သည်။ လဝက်အတွင်းမှာပင် သူက အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်၏ ဒုတိယအဆင့်ဖြစ်သော မူလမြစ်ကို ကျင့်ကြံခဲ့သည်။ နောက်ထပ် တစ်လတွင် အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်၏ နောက်ဆုံးအဆင့် ဖြစ်သော မူလပင်လယ်အဆင့်သို့ ရောက်ရှိသွားသည်။

လျင်မြန်စွာ မြင့်တက်လာသော ကျင့်ကြံရေးနှင့် နှိုင်းယှဉ်လိုက်လျှင် ဝမ်ဝေ့၏ အုတ်မြစ်က အတော်လေး အားနည်းနေသည်။ သို့သော် ကျင့်ကြံခြင်း လမ်းစဉ်ကို ၉ ကြိမ်ထက်မက လုပ်ဆောင်ဖို့လိုအပ်ကြောင်း သူ သိသည်။ ထိုလုပ်ငန်းစဉ်အတွင်း သူ့ အုတ်မြစ်ကို ကြောက်စရာကောင်းသောအဆင့်အထိ လုပ်ဆောင်မည် ဖြစ်သည့်အတွက် သူ သိပ်ပြီး စိတ်မပူပေ။

အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့် ထိပ်ဆုံးသို့ ရောက်သွားပြီးနောက် ဝမ်ဝေ့က နိဗာနကိုးပါးသွေးချီကို ကျင့်ကြံပြီး မူလချီကို သွေးချီအဖြစ် ပြောင်းလဲဖို့အတွက် ကြိုးစားနေသည်။

သူ ဒါကို ဘယ်လိုလုပ်ပြီးတော့ လုပ်နိုင်ခဲ့တာလဲ

ရိုးရှင်းပါတယ်။ သူ့ရဲ့ အံ့ဖွယ်ပင်လယ်ကို ဖောက်ခွဲပြီးတော့ သူအဆင့်မတက်ခင်တုန်းက အခြေအနေမျိုး ပြန်ထားလိုက်တာ။ မဖွင့်ရသေးတဲ့ ကမ္ဘာငယ်ရဲ့ အစပျိုးတဲ့အချိန်နဲ့ တူတာမျိုးပေါ့။ ဝမ်ဝေ့အနေနဲ့တော့ ပေါက်ကွဲမှုပြီးသွားတဲ့အချိန် မူလချီတွေ မပျက်စီးရအောင် ခန္ဓာကိုယ်ကို အားဖြည့်ဖို့ လမ်းညွှန်ပေးရမယ်

လုပ်ငန်းစဉ်က ထင်ထားသည်ထက် ပိုကြားခဲ့ပြီး စုစုပေါင်း သုံးလကျော် အချိန်ယူခဲ့ရသော်လည်း သူ အောင်မြင်ခဲ့သည်။

ဝမ်ဝေ့က မတ်တပ်ရပ်ကာ ၄၈,၀၀၀ကျင်း ခွန်အား လောက်ရှိသည်ဟု ယူဆရသော သွေးချီဖြင့် လက်သီးထိုးလိုက်သည်။ သို့သော် သူက ယခု ပထမမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်မှာသာ ရှိနေဆဲ ဖြစ်သည်။

ဝမ်ဝေ့ အရယ်မရပ်နိုင်ဘဲ သွေးချီပမာဏ အနည်းငယ် ကုန်ဆုံးသွားသည်အထိ နာရီဝက်ခန့် လေထဲတွင် လက်သီးဖြင့် ထိုးပြီး အချိန်ကုန်ဆုံးခဲ့သည်။ သူက ခဏတာ တရားထိုင်ခဲ့ပြီးနောက် ခန္ဓာကိုယ်ကြံ့ခိုင်ရေး ဆေးလုံးများ သောက်သုံးခဲ့သည်။

သူ့ခန္ဓာကိုယ်အနေဖြင့် သန့်စင်ပြီး စွမ်းအားကြီးသော သွေးချီကို တောင့်ခံနိုင်ဖို့အတွက် ကြံ့ခိုင်နေဖို့ လိုအပ်သည်။ မဟုတ်လျှင် နိဗာနကိုးပါး သွေးချီကို ဆက်လက် ကျင့်ကြံနိုင်မည် မဟုတ်ပေ။ ဆေးလုံး၏ အကျိုးသက်ရောက်မှုကို ကြည့်ပြီးနောက် ဝမ်ဝေ့ ဆက်လက် ကျင့်ကြံလို့ရသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်သုံးနှစ် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဝမ်ဝေ့က ထုံးကျောက်ဂူထဲမှ ဘယ်တော့မှ ထွက်မသွားဘဲ အထဲမှာသာ ကျင့်ကြံနေခဲ့သည်။

လွန်ခဲ့သော သုံးနှစ်အတွင်း နိဗာနကိုးပါးသွေးချီ၏ နိဗာနကိုးဆင့်လုံးကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။ သူက အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့် ထိပ်သီးသို့ ရောက်အောင် ကိုးကြိမ်ပင် လုပ်ခဲ့ရသည်။

သူက ယခု ၁၂ ဆင့်မြောက် ခန္ဓာကိုယ် သန့်စင်ခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီး သွေးချီက ၄၀၀,၀၀၀ကျင်း (၂၀၀,၀၀၀ကီလိုဂရမ်)အား ရှိသည်။ ထိုခွန်အားဖြင့်ဆိုလျှင် အံ့ဖွယ်စင်မြင့် နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။

သွေးချီကို ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းစေပြီးနောက် ၁၃ လွှာမြောက်အတွက် ချိုးဖောက်ဖို့ အသင့်ဖြစ်နေပြီး အောင်မြင်မည့် ခံစားချက်မျိုး ရနေသည်။

သို့သော် သူ ထိုအဆင့်ကို တက်လှမ်းတော့မည့်အချိန်တွင် ကြိုတင်သိမြင်စိတ်တစ်ခု ဝင်လာသည်။ ခြိမ်းခြောက်သည့်စိတ်တစ်ခု ဝင်လာပြီး သူသာ အဆင့်တက်ဖို့ ကြိုးစားမည်ဆိုပါက ဖြစ်လာမည့် အကျိုးဆက်များက သူ့ကို သတိပေးနေသည်။

ဝမ်ဝေ့က အမြဲတမ်း သူ၏ ဆဌမအာရုံကို အမြဲတမ်း ယုံကြည်ခဲ့သည့်အတွက် အသိပေးမှုကို လေးနက်စွာ မှတ်ယူနေသည်။ သို့သော် သူက အလွယ်တကူ လက်လျော့မည် မဟုတ်ပေ။

၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိသွားခြင်းက သူ့အတွက် ကျင့်ကြံခြင်း မဟုတ်သလို တခြားသူများ မရရှိဖူးသည့် အရာကို ရရှိလိုက်ခြင်းမျိုးလည်း မဟုတ်ပေ။

ဝမ်ဝေ့အတွက်တော့ သူ အမှီလိုက်နေခြင်းသာ ဖြစ်၏။

လွတ်လပ်ချင်ပြီး ကိုယ့်ကံကြမ္မာကို ထိန်းချုပ်ချင်သူ တစ်ယောက်က တခြားသူတွေ သူ့ကို ထိန်းချုပ်မှာကို ဘယ်လိုလုပ်ပြီး ခံမှာလဲ။ အဲဒါက ကောင်းကင်ဘုံ ကိုယ်တိုင်ဆိုရင်တောင်မှပေါ့

ဝမ်ဝေ့အတွက် သူ့အပေါ်မှာ ကန့်သတ်ချက်များ ထားနိုင်သည့်သူက သူ ကိုယ်တိုင်ပင် ဖြစ်သည်။ ထိုအရာကလည်း သူ ဆန္ဒရှိသည့်အချိန်မှသာ လုပ်နိုင်လိမ့်မည်။ ထို့ကြောင့် ဘယ်လိုအကြောင်းမျိုးပဲ ရှိနေပါစေ သေချာပေါက် ၁၃လွှာမြောက်သို့ ရောက်ရှိနိုင်ရမည်။

သူ၏ ဆဌမအာရုံမှ ရောက်ရှိလာမည့် အန္တရာယ်ကို အသိပေးလိုက်သည့်အတွက် ဝမ်ဝေ့က အဆောင်တစ်ခုကို ထုတ်ယူကာ သူ့အဖေကို သတိပေးလိုက်သည်။ သူ ဂူထဲမှ ထွက်လာသည့်အချိန်တွင် သူ့အဖေနှင့် အဘိုးနှစ်ယောက်လုံးက သူ့ကို စောင့်မျှော်နေကြသည်။

“ ဝေ့အာ ဘာဖြစ်သွားတာလဲ။ ကျရှုံးသွားတာလား” ဂိုဏ်းချုပ်က အလျင်အမြန် မေးလိုက်သည်။

“ မဟုတ်ပါဘူး အဖေ။ ဒါပေမဲ့ ကျွန်တော် အောင်မြင်တော့မဲ့အချိန်မှာ အရမ်းကြီးမားတဲ့ အန္တရာယ်တစ်ခုကို ခံစားလိုက်ရတယ်။ အဲဒါကြောင့် အဖေတို့ကိုခေါ်လိုက်တာ”

ထိုအရာကို ကြားပြီးနောက် ဝမ်ထျန်း စတင်စဉ်းစားလိုက်သည်။ ကျင့်ကြံသူများက တစ်ခါတစ်ရံ ကျရောက်လာမည့် အန္တရာယ်များကို အာရုံခံစားတတ်သည့်အတွက် သူ့သားပြောသည့်အရာကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပေ။ ခဏအကြာတွင် ဝမ်ထျန်းက သူ၏ လက်ချောင်းများဖြင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို စတင်တွက်ချက်တော့သည်။

သူတော်စင် နယ်ပယ်အဆင့် အင်အားစုအနေဖြင့် ကောင်းကင်ဘုံ၏ နည်းလမ်းကို သူ့နည်းသူ့ဟန်နှင့် သိနိုင်သည်။ သူက ဂမ္ဘီရပညာရပ်ကို အထူးကျွမ်းကျင်သည့် လျှို့ဝှက်ကောင်းကင်မျှော်နန်းမှ လူများလောက် မတော်သော်လည်း လိုအပ်လာသည့်အခါ တိကျသော အရာကို သိနိုင်လောက်သည်အထိတော့ ကျွမ်းကျင်သည်။

သို့သော် သူ့သားကို ခြောက်လှန့်သည့် အကြောင်းအရင်းကို ဝမ်ထျန်း ရှာမတွေ့ပေ။ ထို့ကြောင့် သူက သူ့အဖေကို စိုက်ကြည့်လိုက်သည်။ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံဆင့်ဖြင့်ဆိုလျှင် အဖြေကို ရှာနိုင်ရမည်။

ဝမ်ချန်က သူ့သား မအောင်မြင်သည်ကို တွေ့လိုက်ရသည့်အခါ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ကိုယ်တိုင် စတင်တွက်ချက်တော့သည်။ မိနစ်အနည်းငယ်အကြာတွင် မျက်နှာပျက်သွားကာ အံကြိတ်ရင်း ပြောလိုက်သည်

“ နတ်ဘုရား အပြစ်ဒဏ်ပဲ”

ထိုစကားကို ကြားသည့်အခါ ဝမ်ထျန်း၏ မျက်နှာထား ပြောင်းလဲသွားကာ ပြောလိုက်သည်

“ အဖေပြောချင်တာက ဝမ်ဝေ့ ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့် မရောက်အောင် ကောင်းကင်တာအိုက နတ်ဘုရား အပြစ်ဒဏ်ကို ထုတ်လွှတ်ပြီး တားမြစ်မယ်လို့ ပြောချင်တာလား”

ဝမ်ချန် ခေါင်းညိတ်လိုက်မိသည်။

ဝမ်ထျန်း အသက်ပြင်းပြင်းရှူကာ သူ့မျက်နှာထားက ပိုမိုရက်စက်ကြမ်းကြုတ်လာသည်။ အထွတ်အထိပ် ဓားအရှိန်အဝါက သူ့မျက်လုံးထဲမှ ဖြာထွက်လာပြီးနောက် ကြောက်လန့်စရာကောင်းသော သတ်ဖြတ်သည့် အရှိန်အဝါလည်း လိုက်ပါလာသည်။

“ အဖေ အကြီးအကဲချုပ်တွေကို သွားခေါ်လိုက်။ ကျွန်တော် ဂိုဏ်းထဲမှာရှိတဲ့ သူတော်စင် နယ်ပယ်အဆင့် ကျင့်ကြံသူတွေအားလုံးကို သွားခေါ်လိုက်မယ်။ ဂိုဏ်းတစ်ခုလုံးကို ပိတ်ဆို့ပြီးတော့ ဧကရာဇ်အစီအရင်ကို ဖွင့်ရမယ်။ ဧကရာဇ် အသုံးအဆောင်ပစ္စည်းတွေနဲ့ ထာဝရအသျှင်တွေကိုလည်း နှိုးဖို့ ပြင်ဆင်ထားရမယ်။ ဘယ်သူက ငါ့သားကို လာတားရဲမလဲဆိုတာ သိချင်မိသား”

ဝမ်ဝေ့က သူ့အဖေကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်လိုက်သည်။ ယခုက သူ ရက်စက်ပြင်းထန်ပြီး အာဏာဆန်သည့်ပုံစံကို ပထမဆုံး မြင်ရခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူ့အဖေက သူ့ခေတ်အခါတွင် အင်မတန်ကျော်ကြားသော ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့သည်ကို သူ သတိရသွားမိသည်။

သူ့ရဲ့ နာမည်ကျော် အတွေ့အကြုံတွေအကြောင်း အများကြီး သတင်းတွေထွက်နေတာပဲ

နေ့တိုင်း ဝမ်ဝေ့ မြင်နေရသည်က အရမ်းချစ်တတ်ကာ အမြဲပြုံးနေသော အဖေတစ်ယောက် အဖြစ်သာ မြင်ခဲ့ရသည်။ ထို့အပြင် မိန်းမ၏ ထိန်းချုပ်ခြင်းကို အမြဲတမ်းလိုလို ခံနေရသူ ဖြစ်သည့်အတွက် မိသားစုထဲတွင် အာဏာအနည်းဆုံးသူကို ပြပါဟုဆိုလျှင် သူ့အဖေပင် ဖြစ်လိမ့်မည်။

ဝမ်ဝေ့က သူ့အဖေကို တိတ်တဆိတ်လေး ကိုးကွယ်နေသည်ကို ဝန်မခံဘဲ သက်ပြင်းချလိုက်သည်။ သူ အမှားတစ်ခုခုလုပ်မိပါက အိပ်ခန်းထဲတွင် အိပ်ဖို့အရေး မိန်းမကို တောင်းပန်နေရသည့် သူမျိုးကို သူ လေးစားသည့်အကြောင်း ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ။

ရုတ်တရက် ဝမ်ဝေ့ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အတွက် သူ့အဖေအနား ကပ်ပြောလိုက်သည်။ ဝမ်ထျန်း၏ အကြည့်များ ချက်ချင်းတောက်ပသွားကာ သူ ခေါင်းညိတ်လိုက်သည်။

ဝမ်ထျန်း၏အမိန့်ကြောင့် တာအိုအခွင့်အလမ်းဂိုဏ်း တစ်ခုလုံး စတင် လှုပ်ရှားနေပြီဖြစ်သည်။ တပည့်အားလုံးက သူတို့အိမ်သို့ ပြန်ကာ တံခါးများကို ပိတ်ထားလိုက်ကြသည်။

ဝမ်ချန်အပါအဝင် အကြီးအကဲချုပ် ကိုးယောက်က အိမ်တော်ထဲမှ ထွက်လာကာ သူတော်စင် နယ်ပယ်အဆင့် ကျင့်ကြံသူ ၃၆ ယောက်လည်း ရောက်ရှိလာခဲ့သည်။

ဝမ်ဝေ့က မဟာအကြီးအကဲ ယန်းမိန်၊ လီကျန်း၊ ဝမ်ဖူနှင့် ကောင်းကင်ခန္ဓာရရှိအောင် ကူညီပေးခဲ့သည့်သူအားလုံးကို စုစည်းလိုက်သည်။

သူ့အမေ ယုယန်ပင် ထိုနေရာမှာ ရှိနေခဲ့သည်။ ဝမ်ဝေ့က ထိုအရာနှင့် ပတ်သက်ပြီး အံ့ဩခြင်း မရှိပေ။ သူ့အဖေအပြင် ရှိနေသော သူတော်စင်အားလုံး တိုက်ခိုက်ပါကလည်း သူမကို အနိုင်မရနိုင်လောက်ပေ။ လှည့်ဖျားသည့်နေရာတွင် ဂိုဏ်းမှာရှိသည့် လူအားလုံးကို ပေါင်းလိုက်လျှင်ပင် သူမကို မယှဉ်နိုင်ပေ။

သူတော်စင် ၃၆ယောက်ထဲတွင် မဟာအကြီးအကဲ လုံပေါ်လည်း ထိုနေရာမှာပင် ရှိခဲ့သည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က ဂိုဏ်းချုပ်၏ ခေါ်ဆိုမှုကို သူ ကြားခဲ့ရသည်။ မူလက သူ သွားဖို့ စီစဉ်ထားခြင်း မရှိပေ။ သို့သော် အနီးကပ်ဆုံး အကြံပေးက အံ့ဩစရာကောင်းသော အကြံတစ်ခုကို ပေးခဲ့သည့်အတွက် ထိုအရာကို ရှင်းလင်းဖို့ အခွင့်အရေးတစ်ခု ရခဲ့သည်။

All Chapters