← Chapters

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၁၃)

Vol. 103 Ch. 1430

ပြန်လည်ဆုံစည်းခြင်း အပိုင်း(၁၃)

Vol. 103 Ch. 1430

ဝမ်ဝေ့က သူ့နောက်ဧည့်သည်ကို ဖိတ်ခေါ်လိုက်၏။ ဦးဆောင်လာသည့်သူကမူ မိတ်ဆွေဟောင်း ဖြစ်ပေသည်။ ပြောရမည်ဆိုလျှင် ပြိုင်ဘက်ဟောင်းဟုပင် ဆိုနိုင်လေ၏။ ဤသူက ဒိုင်မေးရှင်းအနိမ့်တွင် သူတွေ့ဖူးသမျှ အထိုက်တန်ဆုံးပြိုင်ဘက်ထဲမှ တစ်ယောက် ဖြစ်သည်။ ဝမ်ဝေ့က သူတို့ကို ဖြည်းဖြည်းချင်း ကြည့်နေရင်းဖြင့် နှစ်ဦးသားက သူ့မျှော်နန်းဆောင်ငယ်လေးထဲ ရောက်ရှိလာလေသည်။ သူက အရင် ရောက်ရှိလာသူကို ကြည့်လိုက်၏။

“မင်းက အားနည်းလာတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဟုတ်တယ်” ချူးလော့က သက်ပြင်းချလိုက်သည်။ ဒိုင်မေးရှင်းအနိမ့်တွင် သူတို့က တစ်ခါက ခေတ်ကာလ၏ အားအကောင်းဆုံးပါရမီရှင်ဟု မှတ်ယူခဲ့ခံရသော်လည်း ဖြည်းဖြည်းချင်းဖြင့်  ဝမ်ဝေ့က သူ့ကို ကျော်လွန်သွားပြီး သူ မမှန်းဆနိုင်သည့် အနေအထားသို့ ရောက်ရှိသွားသည်ကိုသာ သိခဲ့ရသည်။

ဝမ်ဝေ့က သူ့ကို ကြည့်လိုက်၏။ ထိုသူက ၆၃ ရာခိုင်နှုန်းမျှသာရှိသေးပြီး ကောင်းကင်ဘုံအဆင့်သို့ပင် မရောက်ရှိသေးပေ။ သို့သော်လည်း တစ်ချက်ကြည့်ရုံမျှဖြင့် ဝမ်ဝေ့က ထိုသို့သော ပါရမီရှင်မျိုးသည် ဧကရာဇ်အဆင့်၏ ထိပ်သီးကို မရောက်ရှိသေးသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။

“မင်း စောစောတက်လှမ်းခဲ့ရတဲ့ ဆုံးဖြတ်ချက်ကို နောင်တရနေလား” ဝမ်ဝေ့က မေးလိုက်သည်။

“မရပါဘူး” ချူးလော့က ခိုင်ခိုင်မာမာ ပြောလိုက်သည်။ သူ တက်လှမ်းလာပြီးသည့်နောက်တွင် သူ့မိဘများက တော်လှန်ရေးအတွင်း အသင်္ချေဂိုဏ်းမဟာမိတ်အတွက် သူလျှိုများအဖြစ် ထမ်းဆောင်နေကြောင်း တွေ့ရှိသွားလေသည်။ တာဝန်တစ်ခု၌ ကိစ္စများက ဆိုးဆိုးရွားရွား မှားယွင်းသွားခဲ့ပြီး သူတို့က ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။ ချူးလော့၏ ကျင့်ကြံဆင့်က နိမ့်ကျနေသေးသည့် အကြောင်းအရင်းကမူ သူ့တွင် ဒိုင်မေးရှင်းအနိမ့်မှ ကုသိုလ် သို့မဟုတ် ကမ္ဘာ့အရင်းအမြစ်များ မရှိဘဲ သူက စောစီးစွာ တက်လှမ်းလာခဲ့ရသည်။ ထို့အပြင် သူက သူ့မိဘများ၏ ကုစားဖို့ ကျင့်ကြံရေးကို ထောက်ပံ့ပေးရဦးမည် ဖြစ်၏။

အသင်္ချေမဟာမိတ်က အကြီးမားဆုံး အင်အားစုတစ်ခုဖြစ်သည့်အတွက် သူတို့က လက်ရွေးစင် အဖွဲ့ဝင်များစွာ ရှိနေလေသည်။ အာဏာရှင်အားလုံးအနက် သူတို့က အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမပြီးလျှင် ဒုတိယလူအများဆုံးဟု ဆိုနိုင်လေ၏။ ချူးလော့၏ ဖန်ဆင်းမှုတာအိုက သူ့အား မဟာမိတ်ထဲတွင် အကျိုးကျေးဇူးများစွာကို ရရှိစေခဲ့သော်လည်း သူသည် တာအိုနယ်ရှင်တစ်ယောက် မဟုတ်သည့်အချက်က အထောက်အပံ့ မဖြစ်ပေ။ ထို့ကြောင့် သူသည် ကောင်းမွန်စွာ ဆက်ဆံခံရသော်လည်း သူ့အလားအလာအပြည့်ကို သုံးနိုင်ဖို့ရာ မလုံလောက်ခဲ့ပေ။

“ကြားရတာ တော်သေးတာပေါ့” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထိုအရာက ချူးလော့၏ သားသမီးဝတ္တရားကျေပွန်မှုသည် သူ့အကျင့်စရိုက် ဖြစ်နေဆဲဖြစ်ကြောင်း ညွှန်ပြနေလေ၏။ ဝမ်ဝေ့က ငါးမျှားတံကို ပေးကာ ပြောလိုက်သည်။

“အဲဒီငါးကန်မှာ ငါးသွားမျှားချည်။ မင်း ရတဲ့အရာကို ပြိုင်ဘက်ဟောင်းရဲ့ လက်ဆောင်အဖြစ် သဘောထားလိုက်ပေါ့”

ချူးလော့က စိတ်ရှုပ်ထွေးသွားသော်လည်း လက်ဆောင်ကို နာနာခံခံ လက်ခံလိုက်သည်။

ထိုစဉ် ဝမ်ဝေ့က ဒုတိယဧည့်သည်ကို အာရုံစိုက်လိုက်၏။

“ခင်ဗျားက သလင်းကျောက်မျက်လုံးမျိုးနွယ်ကပဲ”

သူက ထိုအမျိုးသားတွင် မျက်ဆံမရှိဘဲ သူ့မျက်လုံးထဲတွင် တောက်ပနေသည့် အပြာရောင်ရတနာကို မြင်သည့်အခါ မေးလိုက်သည်။

“ဟုတ်ပါတယ်”

“မင်းတို့မျိုးနွယ်က ပျက်သုဉ်းသွားပြီလို့ ထင်နေတာ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ထိုမျိုးနွယ်ဝင်၏ မျက်ဝန်းမှ သလင်းကျောက်သည် လုပ်ဆောင်ချက်များစွာ ရှိလေ၏။ လက်နက်သန့်စင်ရေး၊ ဝိညာဉ်လေ့ကျင့်ရေးနှင့် စုပ်ယူခြင်းအပါအဝင် အံ့ဖွယ်စွမ်းအင်မျိုးကိုပင် ရရှိနိုင်လေသည်။ ထို့ကြောင့် ကျင့်ကြံသူများသည် ကျင့်ကြံသူများ လုပ်လေ့လုပ်ထရှိသည့် အလေ့အကျင့်အရ ထိုမျိုးနွယ်အား ပျက်သုဉ်းသည်အထိ အမဲလိုက်ခဲ့ကြသည်။

“ကျုပ်တို့က မဟာမိတ်ဆီမှာ အညံ့ခံလိုက်ပြီးတော့ ကျုပ်တို့မျိုးနွယ်ကို ထိန်းချုပ်ကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်လေ” ထိုအမျိုးသားက ပြန်ဖြေလိုက်သည်။ သူ့အသံက ပြောင်းလဲခြင်း မရှိသော်လည်း ဝမ်ဝေ့က သူ့အပြာရောင်ရတနာမျက်ဝန်း၌ အမုန်းတရားနှင့် ဒေါသတို့ကို ခံစားမိလိုက်သည်။

သူက ထိုသူအား သူ့ဘေးတွင် ထိုင်စေကာ အဖန်ရည်ကို တည်ခင်းလိုက်၏။

“ခင်ဗျားက ဘယ်သူလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ဒုခေါင်းဆောင် လိန်ရှစ်ပါ”

“ခင်ဗျားက နောက်ကွယ်ကသူပဲ” ဝမ်ဝေ့က သဘောပေါက်သွားလေ၏။ မဟာမိတ်ကို အပေါ်ယံ၌ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင် ၇ယောက်တို့ပါဝင်သည့် အဖွဲ့အစည်းဖြင့် အုပ်ချုပ်ထားလေသည်။ ဤမျိုးဆက်၌မူ ဒုခေါင်းဆောင်တစ်ယောက်က မျက်နှာပေါ်ထွက်လာခဲပြီး လူများစွာက သိချင်နေကြသည်။ ယခု ထိုသူသည် နောက်ကွယ်မှ နေရသည့်အကြောင်းအရင်းကို နားလည်သွားလေ၏။

“အဲဒါက ကျုပ်ပါပဲ” လိန်ရှစ်က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားက ဘာလို့ ဒီရောက်လာတာလဲ။ ခင်ဗျားတို့မဟာမိတ်နဲ့ ကျုပ်နဲ့ ဆက်ဆံရမဲ့ အကြောင်းအရင်းရှိတယ်လို့တော့ မထင်ဘူး”

ထိုတွေ့ဆုံမှုများက သူ့ထံ လေးစားမှုကို ပြသခြင်းမဟုတ်ဘဲ သူတို့လိုချင်သည့်အရာကို ပြောခြင်းသာ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့သည် ထိုအင်အားစုနှစ်ဦးကြားတွင် မာကြောသည့် ဆက်ဆံရေးမျိုးရှိသော်လည်း မဟာမိတ်အပေါ် မည်သည့်အတားအဆီးမျိုးမှ မထားခဲ့ပေ။

“ကျုပ်တို့က ခင်ဗျားနဲ့ ညှိနှိုင်းချင်လို့ပါ” လိန်ရှစ်က ဂရုတစိုက်ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်တို့ အလိုရှိနေတဲ့ ဝရမ်းပြေးတစ်ယောက်ကို ဖမ်းမိထားတယ်။ ကျုပ်တို့က အဲဒီလူကို ရဖို့အတွက် ဆွေးနွေးချင်တာပါ”

“ခင်ဗျားတို့ရဲ့ ဝရမ်းပြေးလား” ဝမ်ဝေ့က အနည်းငယ် နားလည်ရခက်သွားလေ၏။

“ကောင်းကင်ဘုံအရှင် နှလုံးသားနက်ပါ”

“သူလား။ သူက ဘယ်တုန်းက ခင်ဗျားတို့ရဲ့ ဝရမ်းပြေးဖြစ်သွားတာလဲ” ဝမ်ဝေ့က ထူးထူးဆန်းဆန်း မေးလိုက်သည်။

“သူက ကျုပ်တို့ဆီကနေ အရေးကြီးတဲ့ အရာတစ်ခုကို ခိုးယူသွားခဲ့တယ်။ ကျုပ်တို့လို အင်အားစုတွေအတွက် မျက်နှာနဲ့ ဂုဏ်သိက္ခာက ဘယ်လောက်ထိ အရေးကြီးလဲဆိုတာ ခင်ဗျားလဲ သိပါတယ်။ အဲဒါကြောင့် ကျုပ်တို့က သတင်းကို အမှောင်ချပြီးတော့ သူ့ကို တတ်နိုင်သမျှ ဖမ်းမိဖို့ လုပ်ခဲ့တာ။ ကံဆိုးတာက သူက အမြဲလိုလို ချော်ထွက်သွားတယ်လေ”

“အဲ့လိုလား” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

လိန်ရှစ်က သူ့ကို ကြည့်ပြီး သူ့မျက်နှာအမူအရာမှ သတင်းအချက်အလက်ကို ရယူဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း အသုံးမဝင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူက သူ့ရည်ရွယ်ချက်ကို ဆက်လက်လုပ်ဆောင်လိုက်၏။

“ခင်ဗျားက ဖမ်းဆီးခဲ့တဲ့သူဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့တွေက သူ့ကို ပေးမယ်ဆိုရင် ပြန်ပေးဖို့ ဆုလာဘ်တွေကိုပါ ပြင်ဆင်ထားပါတယ်”

ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်သုံးလိုက်၏။ သူက ထိုအမျိုးသား၏ ပါးစပ်မှ ထွက်လာသည့် စကားတစ်ခွန်းမှ မယုံပေ။ ယခင် အသင်္ချေဂိုဏ်းမဟာမိတ်က ဤကဲ့သို့ ကြီးမားသည့်ဖြစ်ရပ်မျိုးကို ဖုံးကွယ်ထားနိုင်သည်ဆိုလျှင်ပင် လမင်း၇စင်းခေတ်ကာလ၌ ထိုသို့မဖြစ်နိုင်ပေ။ ထို့အပြင် ထိုအမျိုးသားက ကောင်းကင်ဘုံအရှင် နှလုံးသားနက်၏ နာမည်ကို ရွတ်ဆိုလိုက်သည်နှင့် ဝမ်ဝေ့က သူတို့သည် နှလုံးသားဆန္ဒနန်းဆောင်နောက်လိုက်နေခြင်းဖြစ်ကြောင်း အရိပ်အမြွက် ရရှိလိုက်သည်။

မေးခွန်းက အသင်္ချေဂိုဏ်းမဟာမိတ်က နှလုံးသားဆန္ဒနန်းဆောင်နဲ့ ဆက်နွယ်မှုရှိတာလား ဒါမှမဟုတ်ဘူးဆိုရင် နှလုံးသားနက်ကို လိုချင်တာက သူတို့တွေက အဲဒီနန်းဆောင်ရဲ့ လျှို့ဝှက်ချက်ကို စောင့်ကြည့်ပြီးတော့ ထူးကဲသာလွန်မှုလမ်းစဉ်ကို ရှာတွေ့နိုင်မယ်လို့များ ထင်နေလို့လား…

ဝမ်ဝေ့က နောက်တစ်ခုကို ပိုမိုအလေးသာနေမိသည်။ အကြောင်းအရင်းကမူ သူက သူတို့၏ ခေါင်းဆောင် တုကုပိုင်ထျန်းအကြောင်း အကုန်သိထား၍ ဖြစ်၏။ ထိုသူက တစ်စုံတစ်ယောက်ထံ အညံ့ခံမည့်သူမျိုး မဟုတ်ပေ။ သူက မည်သူ့ထံမှ ခံစားမည် မဟုတ်ပေ။ ထိုသူက အထီးကျန်အဖြူရောင်ကောင်းကင်ဘုံဟု နာမည်အတိုင်း နေထိုင်သူ ဖြစ်၏။

“ခင်ဗျားနဲ့ အလဲအလှယ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့တည်ရှိမှုပုံကြမ်းနည်းစနစ်ကို ရယူပြီးသည့်နောက်တွင် သူက နှလုံးသားနက်၏ အခြေအနေကို စစ်ဆေးကြည့်ခဲ့ပြီး ရလဒ်ကမူ သူ့အား အနည်းငယ် ထိတ်လန့်သွားစေသည်။ သူ့အသိစိတ်က တစ်စုံတစ်ခုရှိနေသည်ဟု ပြောပြနေသော်လည်း သူ့အနေဖြင့် ဘာမှကို မမြင်ရပေ။ နောက်ဆုံးတွင် သူက နှလုံးသားဆန္ဒနန်းဆောင် အသုံးပြုထားသည့်စွမ်းအားသည် သူ့လက်ရှိအနေအထားဖြင့် ဖျောက်ဖျက်နိုင်သည့်အရာမျိုး မဟုတ်ကြောင်း ကောက်ချက်ချလိုက်၏။ ဆိုလိုသည်မှာ နှလုံးသားနက်က ယခုအခါ အာလူးပူပူတစ်လုံးဖြစ်နေသည့်အတွက် ဝမ်ဝေ့က တခြားတစ်ယောက်ထံ ပေးပစ်လိုသည်။

“ဒီလိုကြားရတာ ဝမ်းသာပါတယ်။ ကျုပ်တို့ရဲ့ မဟာမိတ်က ခင်ဗျားရဲ့ ပူးပေါင်းမှုအတွက် ရက်ရက်ရောရော ပြင်ဆင်ထားပါမယ်” လိန်ရှစ်က စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ပြောလိုက်သည်။

“အရမ်းကြီး စိတ်မလှုပ်ရှားသေးပါနဲ့ဦး။ သူနဲ့ အလဲအလှယ် လုပ်ဖို့သဘောတူတယ်ဆိုပေမဲ့ အခုတော့ မဟုတ်သေးဘူး။” ဝမ်ဝေ့က လက်မြှောက်ကာ ပြောလိုက်သည်။

“အဲဒါက ဘာကိုပြောတာလဲ” လိန်ရှစ်က မေးလိုက်စဉ် သူ့အမူအရာက ချက်ချင်းပြောင်းလဲသွားလေသည်။

“ကျုပ် ပြောသလိုမျိုးပဲ။ ကျုပ်က သူ့ကို တစ်ခုခုအတွက် လိုအပ်နေသေးတယ်။ အဲဒါကြောင့် အခု ပေးလို့မရသေးဘူး” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သူက စံပြတစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် နှလုံးသားနက်ကို ထပ်မံစစ်ဆေးကြည့်လိုမိ၏။ ပို၍အရေးကြီးသည်က ယခုအခါ လဲလှယ်လိုက်သည်ဆိုပါက အသင်္ချေဂိုဏ်းမဟာမိတ်သည် သူ့အား ကောင်းကင်ဘုံအဆင့်တစ်ယောက်အဖြစ် သတ်မှတ်မည်ဖြစ်ကာ သူတို့၏ ဆုလာဘ်က များမည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့က ထိုသူအား နှလုံးသားဆန္ဒနန်းဆောင်အဖွဲ့သားတစ်ယောက်အနေဖြင့် အဆင့်အတန်းကို ထုတ်ဖော်ပြသခဲ့ပြီး သူတို့၏ ထူးကဲသာလွန်မှုလမ်းစဉ်အတွက် ထိုသူ့အား လိုအပ်နေသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် တန်ကြေးကြီးကြီးမားမား ရလာနိုင်သည်။

“သခင်လေး ဝမ်ဝေ့ ကိစ္စတွေက ဘာလို့များ ခက်ခက်ခဲခဲလုပ်ချင်ရတာလဲ။ နှလုံးသားနက်က ခင်ဗျားရဲ့ လက်ထဲမှာ တန်ဖိုးမရှိပါဘူး။ ဘာလို့များ တခြားရှားပါးတဲ့ အရင်းအမြစ်တွေနဲ့ မလဲလှယ်ရတာလဲ” လိန်ရှစ်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ့အသံထဲ၌ အေးစက်မှုတို့ ကိန်းအောင်းနေလေသည်။

“ခင်ဗျားက ဆုံးရှုံးသွားရတဲ့ ရတနာအကြောင်း စိုးရိမ်နေတာလား။ ဘာဆိုတာ ပြောပြရင် ကျုပ်ယူပေးမယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“အဲဒါက ကျုပ်တို့မဟာမိတ်ရဲ့ လျှို့ဝှက်ချက်တွေပါနေတာဆိုတော့ ပြောလို့မရဘူး”

“ခင်ဗျားတို့တွေက ခင်ဗျားတို့ရဲ့ ရတနာကို ကျုပ် လိုချင်မှာကို စိုးရိမ်နေတာလား။ ကောင်းပြီလေ။ ကျုပ်က ခင်ဗျားတို့ကို လိုလိုလားလားပေးမှာဆိုတော့ ဘာမှစိုးရိမ်နေစရာ မလိုဘူး”

လိန်ရှစ်က ရှုံ့မဲ့သွားလေ၏။

“ကျုပ်တို့က နှလုံးသားနက်ကို ရလိုက်တာက ပိုပြီးကောင်းပါလိမ့်မယ်။ ကျုပ်တို့ဘာသာ ကျုပ်တို့ပဲ ရတနာကို ပြန်ယူပါမယ်”

“အဲဒီရတနာက ကျုပ် ထင်ထားတာထက်ပိုပြီး အဖိုးတန်တဲ့ပုံပဲ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျုပ်က နည်းနည်းကျူးကျော်သလိုမျိုး ဖြစ်နေတယ်ဆိုပေမဲ့ ဒီရတနာနဲ့ ပတ်သက်ပြီး ကျုပ်ရဲ့ မှတ်ဉာဏ်တွေနဲ့ ဗဟုသုတတွေအားလုံးကို ဖျက်ဆီးပစ်ဖို့ စာချုပ် ချုပ်ဆိုတယ်ဆိုရင်ရော။ အဲဒါက ခင်ဗျားကို ကျေနပ်စေမှာလား”

“ဒါက…” လိန်ရှစ်က ခေတ္တမျှ ဆွံ့အသွားလေသည်။ သို့သော် ဝမ်ဝေ့က ပြုံးလိုက်၏။

“ခင်ဗျားရဲ့ စိတ်အားထက်သန်မှုက သတင်းအချက်အလက်တွေအများကြီး ထုတ်ဖော်ပြသမိစေတာကို သဘောပေါက်တယ်မလား” သူက ပြောလိုက်သည်။

လိန်ရှစ်က အသက်ပြင်းပြင်းရှူပြီး သူ့စိတ်သူ ငြိမ်အောင် ထိန်းလိုက်ရသည်။ သူက တစ်စုံတစ်ခုကို ချင့်ချိန်နေဟန်ပေါ်၏။

“ခင်ဗျားရဲ့ မျက်လုံးစွမ်းရည်နဲ့ တခြားသူရဲ့ စိတ်ကို လှည့်ဖျားဖို့ မကြိုးစားနဲ့။ မဟုတ်ရင် ခင်ဗျားရဲ့ ကံကြမ္မာက ခင်ဗျားရဲ့ မျိုးနွယ်လိုမျိုးဖြစ်သွားလိမ့်မယ်” ဝမ်ဝေ့က သတိပေးလိုက်သည်။

လိန်ရှစ်က ကြက်သီးတဖြန်းဖြန်းထသွားမိပြီး သူ့မျက်ဝန်းထဲ၌ နာကျင်မှုကိုပါ ခံစားလိုက်ရသည်။

“ခင်ဗျားက ဘာလိုချင်တာလဲ” သူမက တဲ့တိုးသာမေးလိုက်၏။

“ကျုပ် ပြောတဲ့အတိုင်း ကျုပ်က သူ့ကို ရောင်းဖို့ ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ စစ်ဆေးမှုပြီးပြီးတော့ သူ့တန်ကြေးအမှန် သက်ရောက်မှုမရှိတဲ့ အရာမျိုးနဲ့ လဲလှယ်ရမယ်” ဝမ်ဝေ့က မဟာမိတ်အပေါ် နှလုံးသားနက်၏ တန်ဖိုးအား ရှားပါးစံပြအသုံးအဆောင်ပစ္စည်းတချို့ဖြင့် ချင့်ချိန်တွက်ချက်ထားခြင်း ဖြစ်၏။ အကယ်၍ သူသာ ဖိအားပေးနိုင်ခဲ့လျှင် ထူးကဲသာလွန်မှုလမ်းစဉ်အကြောင်း အဖိုးတန်သတင်းအချက်အလက်များကိုပင် ရရှိလာနိုင်သည်။ သို့သော်လည်း သူက ကပ်ဘေးမတိုင်ခင် ရောင်းချရမည် ဖြစ်၏။ အကြောင်းမှာမူ  ထူးကဲသာလွန်မှုနှင့် သက်ဆိုင်သည့်အရာ ပေါများလာသည့်အခါ သူ့တန်ဖိုး လျော့ကျသွားမည် ဖြစ်၏။

“အဲ့လိုလုပ်ချင်တာ သေချာရဲ့လား”

“ဒါက လာပြီး ခြိမ်းခြောက်နေတာလား” ဝမ်ဝေ့က ရယ်မောလိုက်သည်။

“ကောင်းပြီလေ။ ခင်ဗျားရဲ့ ပြောစကားကို ပြန်ပြီးတင်ပြပေးပါမယ်။ ကျုပ်တို့တွေ အနာဂတ်မှာ ပြန်ပြီး ဆက်သွယ်ကြတာပေါ့” လိန်ရှစ်က ထရပ်ပြီး ချူးလော့နှင့်အတူ ထွက်ခွာသွားလေသည်။ ချူးလော့ကမူ ဝမ်ဝေ့ကို လက်ဆောင်အတွက် ကျေးဇူးတင်ဖို့ မမေ့ခဲ့ပေ။ သူ ရရှိလာသည်ကား ကောင်းကင်ဘုံအဆင့် အတားအဆီးကို ချိုးဖောက်နိုင်သည့် ဆေးတစ်လုံး ဖြစ်၏။

ထိုဆေးလုံးနှင့် မဟာမိတ်အား ဝမ်ဝေ့ထံ မိတ်ဆက်ပေးခဲ့သည့် ဆုလာဘ်တို့ကြောင့် ကောင်းကင်ဘုံထိပ်သီးအဆင့်သို့ ရောက်ရှိဖို့ အရင်းအမြစ်လုံလောက်နေပြီ ဖြစ်သည်။ ကံဆိုးစွာဖြင့် သူသည် စစ်ဆေးမှုကို လွဲချောသွားရမည်ဖြစ်သည့်အတွက် ရွယ်တူများထက် နောက်ကျနေဦးမည်သာ ဖြစ်၏။

မင်း လက်ရှိနောက်ကျနေတာ ကိစ္စဆိုးတစ်ခုတော့ မဟုတ်ဘူး …

ဝမ်ဝေ့က သူတို့ ပြန်သွားသည်ကို ကြည့်နေရင်းဖြင့် တွေးလိုက်မိသည်။

All Chapters