← Chapters

စစ်ဆေးမှုထဲ ဝင်ရောက်မှု

Vol. 103 Ch. 1432

စစ်ဆေးမှုထဲ ဝင်ရောက်မှု

Vol. 103 Ch. 1432

အခု အချိန်ကျလာပြီလား

ဝမ်ဝေ့က တရားထိုင်နေရာမှ မျက်လုံးကို ဖွင့်ကာ တွေးလိုက်မိသည်။ သူက ထရပ်ရင်းဖြင့် စက္ကန့်ပိုင်းခန့် ခြေလက်အညောင်းဆန့်ကာ အခန်းအပြင်သို့ ထွက်လာလိုက်သည်။ အနီရောင်မျက်နှာဖုံးက သူ့ကို အပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။

“အဆင်သင့်ဖြစ်ပြီလား” သူက မေးလိုက်သည်။

“အရာအားလုံး ပြင်ဆင်ပြီးပါပြီ”

“ကောင်းတယ်” ဝမ်ဝေ့က လျှောက်လှမ်းလာလေ၏။ အနီရောင်မျက်နှာဖုံးက အရိပ်အသွင်ပြောင်းလဲကာ ဝမ်ဝေ့၏ အရိပ်ဖြင့် ပေါင်းစပ်သွားလေသည်။ ဝမ်ချီကလည်း အ‌ဆောက်အဦးအပြင်ဘက်တွင် စောင့်ဆိုင်းနေလေသည်။

“အရာအားလုံးကို မင်းဆီ အပ်ခဲ့မယ်”

“ခေါင်းဆောင် ကျွန်တော်က ယုံကြည်လို့ရတယ်ဆိုတာကို သိတယ်မလား” ဤကျန်ရှိနေသည့်အချိန်တစ်လျှောက် ဝမ်ဝေ့က ဝမ်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ဖြစ်လာဖို့ တရားဝင်အခွင့်အရေးကို ယူခဲ့သည်။ သူက အရာအားလုံးကို တိတ်တဆိတ် လုပ်ဆောင်ခဲ့သည့်အတွက် လူတချို့ကသာ အာဏာရုတ်ချည်းအပြောင်းအလဲကို သိထားကြလေ၏။ ဝမ်ဝေ့က သိုသိုသိပ်သိပ်နေမည့် သူ့ဆောင်ပုဒ်အတိုင်း လိုက်နာကာ မျိုးနွယ်ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင် ဝမ်မျိုးနွယ်အထက်ပိုင်းနှင့်သာ တွေ့ဆုံခဲ့လေသည်။ ယခုတွင် ထိုရာထူးက သူ့အား အတိုင်းအတာမဲ့စမ်းသပ်ချက်ကို ကျော်ဖြတ်ရာ၌ အခွင့်အရေးကို တိုးမြှင့်ပေးမည် ဖြစ်၏။

“ငါ သိပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် သူ့တောင်နယ်နိမိတ်မှ ထွက်ခွာလာလိုက်ပြီး သူ့ကို စောင့်နေသည့် လူဆယ်ယောက်ရှိရာဆီ ရောက်ရှိလာလိုက်သည်။ သူက ထိုမျိုးနွယ်များ၏ လူရွေးချယ်သည့်ဖြစ်စဉ်ကို ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့သည့်အတွက် ထိုလူများနှင့် တွေ့ဆုံခြင်းက ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။

သူတို့ထဲက နှစ်ယောက်က ငါ့ရဲ့ စံနှုန်းနဲ့ ထူးချွန်တယ်လို့တောင် သတ်မှတ်လို့ရတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုသူများက ထိပ်တန်းကောင်းကင်ဘုံအဆင့်ဖြစ်ကြပြီး တချို့ကမူ ခန္ဓာကိုယ်လေ့ကျင့်ရေး၌ အောင်မြင်မှုများ ရရှိထားကြသည်။ သို့သော်လည်း သူတို့ထဲမှ နှစ်ဦးကမူ ထူးကဲနေလေ၏။

ပထမတစ်ယောက်က စုမျိုးနွယ်မှ အမွေဆက်ခံသူ စုတန်တန် ဖြစ်၏။ ပင်မမျိုးနွယ် လေးခုနှင့် ဂိုဏ်းအမှုထမ်း အင်အားစုအပြင် တခြားသောမျိုးနွယ်များကလည်း သူတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုများ ရှိကြလေသည်။ စုမျိုးနွယ်က ခန္ဓာကိုယ်လေ့ကျင့်သည့် မိသားစုတစ်ခု ဖြစ်ပြီး စုတန်တန်က သူမ မျိုးနွယ်၏ အမွေအနှစ်ကို ဆက်ခံထားလေသည်။

သူမက အနည်းငယ် ကြွက်သားရှိပြီး ဤကျင့်ကြံရေးလောကတွင်ရှိသည့် သာမန်အမျိုးသမီးများအတွက် ယေဘုယျအနေအထားနှင့် အနည်းငယ် ကွဲပြားနေလေ၏။ သို့သော်လည်း သူမ၏ ကြွက်သားများက ကွဲပြားသည့် အလှတရားတို့ကို ဆောင်ကြဉ်းလာလေသည်။ ဤသည်က ဂုဏ်ကျက်သရေအားလုံးကို ခြုံငုံထားသည့် အမျိုးသမီးတစ်ယောက်ပုံစံ ဖြစ်၏။ အထူးသဖြင့် သူမက ကိုယ်ကြပ်အပြာရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့်အခါတွင် ဖြစ်သည်။ သူမ၏ ဆံပင်က ပုခုံးအထက်ရှိပြီး သူမ၏ ခန္ဓာကိုယ်က ပြင်းပြင်သည့် ယန်စွမ်းအားတို့ အလိုအလျောက် ထုတ်လွှတ်နေလေသည်။

ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ သွေးစွမ်းအားပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

ဝမ်ဝေ့က သူမ၏ ကျင့်ကြံရေးနည်းလမ်းသည် အတော်လေး စိတ်ဝင်စားဖို့ကောင်းကြောင်း ထင်မိ၏။ ထိုအရာကို ရှင်းပြဖို့ အရိုးရှင်းဆုံးနည်းလမ်းက သူမသည် သွေးချီများကို စုစည်းထားခြင်းဖြစ်သည်။ ထိုအရာကို ပိုမိုဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းကမူ သူမသည် ဆယ်ဆင့်မျှဖြင့် သွေးချီကို လေ့ကျင့်ထားခဲ့သည့် နည်းစနစ်တစ်ခုကို ဆယ်ဘီလီယံလောက်အဆင့်ထိ ကျင့်ကြံထားခြင်းဖြစ်၏။ ဤသည်က အရိုးရှင်းဆုံးနှင့် သက်ရောက်မှုအရှိဆုံး ဖြစ်ပေသည်။

တခြားနည်းနဲ့ပြောရမယ်ဆိုရင် သူမရဲ့ ကျင့်ကြံရေးချဉ်းကပ်မှုက ခန္ဓာကိုယ်လေ့ကျင့်မှုရဲ့ အသန့်စင်ဆုံးပုံစံပဲ…

ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ခန္ဓာကိုယ်လေ့ကျင့်သူများက သူတို့၏ ကျင့်ကြံရေးအစောပိုင်း သို့မဟုတ် အလယ်အလတ်အဆင့်များတွင် သွေးချီကို လေ့ကျင့်ရေးမှ မလွတ်မြောက်နိုင်ပေ။ သို့သော်လည်း သွေးချီကမူ ဖြည်းဖြည်းချင်း တစ်စုံတစ်ခု သို့မဟုတ် ပိုမိုမြင့်မားသည့်စွမ်းအားအဖြစ်  ပြောင်းလဲသွားမည် ဖြစ်၏။ သို့သော်လည်း အနှစ်သာရကမူ အတူတူသာဖြစ်နေဆဲ ဖြစ်သည်။

ဝမ်ဝေ့က အလားအလာရှိသည့် ဒုတိယမြောက်သူကို ကြည့်လိုက်၏။ ထိုသူကမူ ရှဲ့ရှောင်လိ ဖြစ်ပေသည်။ ရှဲ့မျိုးနွယ်၏ ထူးချွန်ပြောင်မြောက်မှုက လုပ်ကြံသတ်ဖြတ်ရေးနှင့် အရိပ်တာအိုကျွမ်းကျင်မှုတို့ ဖြစ်၏။ ရှဲ့ရှောင်လိက ထိုအရာကို မမေ့လျော့ဘဲ သူ့ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်ခဲ့သည်။ သူ့အကြောင်း ထူးကဲနေသည့်အချက်ကမူ သူသည် မဟာမြူကို အသုံးပြုကာ အရိပ်စွမ်းအားနှင့် သက်ရှိများရှိသည့် ကမ္ဘာကြီးတစ်ခု ဖန်တီးထားခြင်း ဖြစ်၏။ ထို့နောက် သူသည် ထိုကမ္ဘာအား အရင်းအမြစ်ချီနေရာလွတ်နှင့် ဆက်နွယ်ကာ အရိပ်စွမ်းအားပမာဏ အမြောက်အများကို ရယူပြီး သူ့ကျင့်စဉ် သို့မဟုတ် အံ့ဖွယ်စွမ်းရည်တို့ကို စွမ်းအားတိုးမြှင့်နိုင်စွမ်း ရှိသည်။

သူက မဟာမြူကမ္ဘာကို အသုံးပြုပြီးတော့ လက်အောက်ငယ်သားတွေ ပြုစုပျိုးထောင်ဖို့ကို စွန့်ပယ်ခဲ့တာပဲ။ အရိပ်သက်ရှိတွေက သူ တိုက်ခိုက်နေတုန်းမှာ လိုအပ်လာရင် စတေးဖို့အတွက် တည်ရှိနေရတာ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူ့အနေဖြင့် ရှဲ့ရှောင်လိသည် လုပ်ကြံသတ်ဖြတ်ရေးနည်းလမ်းအပေါ် အတော်လေး စိတ်နှစ်ထားကြောင်း ဝန်ခံရပေမည်။

သူက တခြားသူများကို ကြည့်လိုက်သော်လည်း ထင်မှတ်မထားသည့်အရာမျိုး မဖမ်းဆုပ်မိပေ။

“မင်းတို့ရဲ့ အကြီးအကဲတွေက မင်းတို့ကို သတိပေးပြီးပြီလို့ထင်တယ်။ ဒါပေမဲ့ ဒီသတိပေးမှုက ဘယ်လောက်အရေးကြီးလဲဆိုတာ ထပ်ပြီးပြောရမယ်။ စံပြစမ်းသပ်ချက်နဲ့ ပတ်သက်ပြီး သတိထားကြ။ မင်းတို့တွေ သေသွားတယ်ဆိုရင် ဘယ်ထိပ်တန်းစံပြကမှ သူတို့ရဲ့ အချိန်ကို မင်းတို့ရဲ့ တည်ရှိမှု ပြန်လည်တည်ဆောက်ဖို့ အသုံးပြုနေမှာ မဟုတ်ဘူး”

စမ်းသပ်ချက်အတွင်း သေဆုံးသွားခြင်းက အစစ်အမှန်သေဆုံးမှုကို ရရှိဖို့ အင်မတန် နီးကပ်နေသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။ စံပြစမ်းသပ်ချက်ကို ကျရှုံးသွားသူအား အသက်ပြန်သွင်းဖို့ တစ်ခုတည်းသောနည်းလမ်းကမူ ထိပ်တန်းစံပြတစ်ယောက်က ယွမ်ခေတ်ကာလတစ်သန်းကျော်ကြာ အချိန်ကုန်ဆုံးပြီး သူတို့၏ တည်ရှိမှုကို ပြန်လည်တည်ဆောက်ပေးရမည် ဖြစ်၏။ မည်သည့်စံပြကမှ သူတို့၏ အချိန်ကို မဖြုန်းတီးလိုကြပေ။

အထူးသဖြင့် အသက်ပြန်ရှင်လာသည့်သူများကမူ ဒုတိယအကြိမ် စမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ ပိုမိုခက်ခဲသွားသည့်အခါတွင် ဖြစ်သည်။ ထို့ကြောင့် သူတို့က မိသားစု သို့မဟုတ် ချစ်မြတ်နိုးရသူ မဟုတ်သရွေ့ လူတချို့ကသာ စမ်းသပ်ချက်၌ ကျရှုံးသွားသည့်သူများကို အသက်ပြန်သွင်းဖို့ အားစိုက်ထုတ်လိုကြသည်။

“ကြည့်ရတာ မင်းတို့နားလည်တဲ့ပုံပဲ။ ကောင်းပြီ သွားကြစို့” ဝမ်ဝေ့က စမ်းသပ်ချက်၏ ဦးတည်ရာ တောင်တန်းဆီ ပျံသန်းသွားလိုက်သည်။ သူက တောင်၏ အတွင်းပိုင်းနေရာကို ကာရန်ထားသည့် အတားအဆီးတစ်ခုကို ဖြတ်ကျော်လာခဲ့သည်။ ဦးခေါင်းအထက် မှော်စက်ဝန်းများစွာ မြောလွင့်နေပြီး အစိမ်းရောင်လွင်ပြင်တစ်ခု၌ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ ကျန်သူအားလုံးက ရောက်ရှိနေပြီဖြစ်ကာ သူတို့၏ ရောက်ရှိလာမှုက လူအများ၏ အာရုံစူးစိုက်မှုကို ဖမ်းဆုပ်လိုက်သလို ဖြစ်သွားသည်။

ဝမ်ဝေ့က လှည့်ကြည့်လိုက်သည့်အခါ ရောက်ရှိလာဖို့ မျှော်လင့်ထားသည့်သူများက ရောက်ရှိလာကြပြီ ဖြစ်၏။ သို့သော်လည်း ချူးလော့က ဤနေရာတွင် ရှိမနေပေ။ သို့သော် ရှစ်ချီအန်းက ရောက်ရှိနေပြီ ဖြစ်၏။ ထို့အပြင် ဝမ်ဝေ့က ဓားလမ်းစဉ်အဖွဲ့အစည်းရှိ လူများကြားတွင် ရွှေရောင်ဓားဧကရာဇ်ကိုပါ မြင်လိုက်ရသည်။ သူက တောင်ပိုင်းချို့တိုင်းပြည်၏ လက်ရှိအုပ်ချုပ်သူ တတိယမင်းသားကိုပါ တွေ့လိုက်ရသည်။ ထိုသူက ဝမ်ဝေ့အား တွေ့ဆုံလိုသော်လည်း သူက ငြင်းဆန်ခဲ့၏။

“အားလုံးရောက်နေပြီဆိုတော့ စလိုက်ကြရအောင်” ခပ်ဩဩ အသံတစ်သံက ပြောလာလေသည်။

“ဖြစ်ပျက်လာမဲ့အရာတွေကို မခုခံဖို့ မှတ်ထားကြ”

လေထဲတွင် ရှိနေသည့် မှော်စက်ဝန်းများက အသက်ဝင်လာကာ နဂါးအော်သံ လိုက်ပါလာသည်။ ပြိုင်ပွဲဝင်များ၏ ချီကံကောင်းမှုက ထွက်ပေါ်လာလေ၏။ ဝမ်ဝေ့ကမူ သူ့ထူးကဲသည့် အရည်အသွေးများကို ဖုံးကွယ်ထားလေသည်။

ချီကံကောင်းမှုနဂါးက ကောင်းကင်အထက် ဆန်တက်သွားကာ မိုးမြေကြားတွင် လှပသည့် ရောင်စုံနဂါးထောင်ချီ ထွက်ပေါ်လာလေသည်။

ထို့နောက် နဂါးများက သူတို့ကိုယ်သူတို့ မြှုပ်နှံထားသည့် သံကြိုးများကို ထုတ်လွှတ်လာကြ၏။ နဂါးများက အော်ဟစ်ရင်းဖြင့် အမည်မသိနေရာမှ တစ်စုံတစ်ခုကို ဆွဲနေကြဟန်ပေါ်သည်။

အားလုံးက အနည်းငယ် ထိတ်လန့်မှုကို ခံစားမိကြသော်လည်း ကောင်းကင်ယံ၌ ဘာမှအပြောင်းအလဲကို မမြင်ရသေးပေ။ ထို့နောက် အားလုံး၏ ဦးခေါင်းအထက် တောက်ပနေသည့် ငွေရောင်ဂိတ်ပေါက် တစ်ခု ပေါ်ထွက်လာလေ၏။

“လုပ်ဆောင်မှုက အောင်မြင်သွားပြီ” ခပ်ဩဩ အသံတစ်သံက ပြောလိုက်သည်။

“အချိန်မြစ်ကြောင်းရဲ့ ပတ်ဝန်းကျင်အနေအထားက ကြမ်းတမ်းတယ်ဆိုတော့ သတိထားကြ။ ပြီးတော့ တစ်စုံတစ်ခု လွဲမှားသွားနိင်တဲ့ အခြေအနေအတွက် မင်းတို့တွေရဲ့ မဟာဧကရာဇ်လေးတွေကို ကာကွယ်ထားတာ အကောင်းဆုံးပဲ”

မဟာဧကရာဇ်များက ချက်ချင်းဆိုသလို မျက်နှာပူမိသွားကြ၏။ သို့သော်လည်း သူတို့က ဤအဖွဲ့၌ အောက်ဆုံးအနေအထားတစ်ခုတွင် ရှိနေကြလေသည်။ ထိုအသံက ပြောထားသော်လည်း မည်သူကမှ ပျံသန်းမသွားကြပေ။ ထိုအစား အားလုံးက တာအိုအခွင့်အလမ်းဂိုဏ်း၏ အဖွဲ့ကို လှမ်းကြည့်လိုက်ကြ၏။

ဝမ်ဝေ့က ထိုသူများ၏ စိတ်နေသဘောထားကို ကောင်းကောင်းနားလည်ထားလေသည်။ ထို့ကြောင့် သူက မပြောဘဲ သူ့အဖွဲ့နှင့်အတူ ဂိတ်ပေါက်ဆီ ပျံသန်းသွားလိုက်သည်။

သူက အဖွဲ့ရှေ့၌ လေဟာနယ်အတက်အကျတစ်ခုကို ခံစားမိလိုက်ပြီး သူတို့က မြင်ကွင်း၌ ဘာမှမရှိသည့် အဖြူရောင်ဗလာနယ်ထဲ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရသည်။ ဝမ်ဝေ့နှင့် တခြားသူများက စိတ်ရှုပ်ထွေးနေကြစဉ် လက်မောင်းအရွယ်အစားရှိသည့် စိတ်ဝိညာဉ်လေးက အားလုံးရှေ့မှောက် ပေါ်ထွက်လာလေ၏။

“အဟမ်း အဟမ်း အားလုံး  ကြားကြရဲ့လား” စိတ်ဝိညာဉ်က ပြောလိုက်စဉ် သူ့အသံက ပြိုင်ပွဲဝင်အားလုံးထံ ကျရောက်လာလေသည်။

“ငါက လူကြီးမင်းလုပဲ။ ဒီစစ်ဆေးမှုကို ထိန်းချုပ်နေတဲ့ စိတ်ဝိညာဉ်ပေါ့။ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တွေကြောင့် မင်းတို့ကမ္ဘာက အတင်းအကြပ် ဆင့်ခေါ်ခဲ့တယ်။ အဲဒါကြောင့် အရာအားလုံး ဖရိုဖရဲဖြစ်သွားရတယ်”

သူက သူ့စကားများကို ခေတ္တမျှ နားလိုက်သည်။

“ငါတို့တွေက ရွေးချယ်ခံကမ္ဘာဆီ ဆင်းသက်တော့မဲ့ အနေအထားမှာ ရောက်နေတာ။ ငါတို့တွေက အဲ့လိုဆက်လုပ်နေတုန်းပဲ။ မင်းတို့တွေက တခြားပြိုင်ပွဲဝင်တွေ ရောက်ရှိလာပြီးတော့ သေမျိုးဘဝစစ်ဆေးမှုကို စတင်တဲ့အထိ စောင့်ဆိုင်းရလိမ့်မယ်” ထိုစကားများကို ပြောပြီးသည့်နောက်တွင် လူကြီးလုက ဘယ်သူ့ကိုမှ မစောင့်ဘဲ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ငါ သိနေတယ်။ ဒါပေမဲ့ ကိစ္စတွေက ပိုပြီးရှုပ်ထွေးလာတော့မယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ အဆုံးစွန်သော ကမ္ဘာများ၏ တည်ရှိမှုက ရှုပ်ထွေးမှုအမြောက်အများ ရှိလာစေမည် ဖြစ်သည်။ ဤသည်က သူ မလိုချင်ဆုံးအရာတစ်ခု ဖြစ်၏။

သတိကြီးကြီးထားရအောင်

“အားလုံး အာရုံစိုက်ကြ” ဝမ်ဝေ့က လက်ကိုမြှောက်ကာ သူတို့အား စောင့်ကြည့်နေသည့် မျက်ဝန်းများမှ ပိုင်းခြားထားကာ ဒိုင်မေးရှင်းတစ်ခုအတွင်း ဆွဲသွင်းလိုက်သည်။

“တခြားဟွင်သွမ်းကမ္ဘာတွေရဲ့ တည်ရှိမှုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအတွက် သိပ်မကောင်းဘူး။ အဲဒါကြောင့် ငါတို့တွေ ကြိုတင်ပြင်ဆင်ထားမှုတွေ လုပ်သင့်တယ်”

ဝမ်ဝေ့က သူ့စကားများကို တွေးတောဖို့ အချိန်မပေးဘဲ စတင်လှုပ်ရှားလိုက်သည်။ သူက အချိန်တာအိုကိုအသုံးပြုကာ အချိန်မြစ်ကြောင်း၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်၏။ ထို့နောက် အချိန်မြစ်ကြောင်းမှ သူသည် အချိန်စွမ်းအားဖြင့် ပြုလုပ်ထားသည့် အဝါရောင်ကြိုးတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် ထိုအရာကို သော့ခတ်လိုက်၏။ လက်တစ်ချက်အဝှေ့တွင် ကြိုးက ပျောက်ကွယ်သွားကာ အားလုံးရှေ့ပျံသန်းသွားပြီး သော့ခလောက်ပါ လိုက်ပါလာလေသည်။ လူများစွာက ထိုထူးထူးဆန်းဆန်း မန္တန် သို့မဟုတ် နည်းစနစ်ကြောင့် ခုခံလိုသော်လည်း သူတို့က တစ်စုံတစ်ခု ကြိုးစားလိုက်သည်နှင့် ကြက်သီးဖြန်းဖြန်းထသွားကာ သတ်ဖြတ်ငွေ့က သူတို့အပေါ် ကျရောက်လာလေသည်။

“မလုံလောက်သေးဘူး” ဝမ်ဝေ့က ရေရွတ်ရင်းဖြင့် အချိန်မြစ်ကြောင်းကို ဆင့်ခေါ်ပြီး ကြိုးမျှင်ကို ဆက်လက် ရစ်ပတ်စေလိုက်သည်။ နောက်တစ်ဆင့်ကမူ စံပြအသုံးအဆောင်ပစ္စည်းကို အသုံးပြုကာ ကြိုးပေါ် ကောင်းချီးပေးဖို့ ဖြစ်သည်။

“ကြိုးက ငါတို့ကမ္ဘာရဲ့ သတင်းအချက်အလက်နဲ့ သမိုင်းကြောင်းကို ကိုယ်စားပြုတယ်။ မင်းတို့ရဲ့ သတင်းအချက်အလက်နဲ့ သမိုင်းကြောင်းကိုရောပေါ့။ ဘာဖြစ်တော့မယ်ဆိုတာကို ကောင်းကောင်းသိထားတဲ့သူတွေကတော့ အဲဒီနယ်ခြားဟွင်သွမ်းကမ္ဘာတွေက ငါတို့ရဲ့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ လက်ရှိအနေအထားရဲ့ သတင်းအချက်အလက်ကို ရသွားရင် ဘာလုပ်ကြမလဲဆိုတာကို နားလည်လိမ့်မယ်”

အဖြေကို မသိထားသည့်သူများကမူ ဝမ်ဝေ့၏ စကားကို ကြားပြီး အမူအရာပြောင်းလဲသွားလေသည်။ သူတို့က ဤစစ်ဆေးမှုအတွင်း ရင်ဆိုင်ရမည့် အန္တရာယ်ကို နားလည်လိုက်ကြ၏။ ဘာမှမသိဘဲ ကျန်ရှိနေသည့်သူများကမူ သူတို့၏ မွေးရပ်မြေကလွဲ၍ ပြင်ပကမ္ဘာအကြောင်း မသိထားသည့် လေလွင့်ကျင့်ကြံသူများသာ ဖြစ်ပေသည်။

“မင်းတို့ဆီမှာ စံပြအသုံးအဆောင်ရှိတယ်ဆိုရင် ငါတို့ရဲ့ သတင်းအချက်အလက်ကို လုံခြုံစေဖို့ သော့ခလောက်အပေါ်မှာ ကောင်းချီးပေးလိုက်ကြ” ဝမ်ဝေ့က အမိန့်ပေးလိုက်၏။ လူတချို့က တုံ့ဆိုင်းနေသော်လည်း နားလည်ထားသည့်သူများကမူ တုံ့ဆိုင်းမနေကြပေ။

All Chapters