← Chapters

စစ်ဆေးမှု စတင်ခြင်း

Vol. 103 Ch. 1433

စစ်ဆေးမှု စတင်ခြင်း

Vol. 103 Ch. 1433

ထိုပါရမီရှင်များ မဟုတ်သေးဘူး … ထိုအင်အားစုများက တုံ့ဆိုင်းမနေကြဘဲ သူတို့၏ စံပြအသုံးအဆောင်များကို ဆင့်ခေါ်ကာ သမိုင်းကြောင်း အချိန်စက်ဝန်းသော့ခလောက်ကို ကောင်းချီးပေးလိုက်ကာ သူတို့၏ ကိုယ်ရေးကိုယ်တာများအား အမြင့်မားဆုံးကာကွယ်မှု ပေးအပ်လိုက်ကြသည်။

“မင်း၊ မင်း၊ မင်း…”

ဝမ်ဝေ့က လူဆယ့်နှစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“မင်းတို့ဆီမှာ အသုံးအဆောင်ပစ္စည်းရှိတယ်ဆိုတာ သိတယ်။ တခြားလူရဲ့ အချိန်ကို လာဖြုန်းမနေနဲ့”

ထိုလက်ညှိုးထိုးခံရသည့်သူများက အမူအရာပျက်ယွင်းသွားကြပြီး ထိုသူက ဤသတင်းအချက်အလက်ကို မည်သို့သိတာလဲဟု စဉ်းစားနေကြသည်။ သူတို့ထဲက တစ်ယောက်က သာမန်ဝတ်စုံဝတ်ဆင်ထားသည့် ပညာရှင်တစ်ယောက်ဖြစ်ကာ ဝမ်ဝေ့၏ ပြောဆိုမှုခံရပြီးသည့်နောက်တွင်ပင် တည်ငြိမ်နေဆဲ ဖြစ်၏။ ထို့နောက် ထိုသူက ပြုံးကာ ပြောလိုက်သည်။

“အရှင်ဝမ်ဝေ့ ကျုပ်တို့အားလုံးက အားကောင်းတဲ့ အင်အားစုက မဟုတ်ဘူး။ စံပြအသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတာက ရှားပါးအရာတစ်ခုပဲ…”

ဝမ်ဝေ့က ထိုသူကို ကြည့်ကာ မျက်နှာနှစ်ဖက်နှင့်လူဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။ သူက အပေါ်ယံတွင် ကြင်နာကာ ချဉ်းကပ်ရလွယ်ကူသည်ဟု ထင်ရသော်လည်း သူ့ခန္ဓာကိုယ်က သွေးနံ့တို့က သူ့အာရုံမှ ဖုံးကွယ်မထားနိုင်ပေ။

ဝမ်ဝေ့က တခြားဘာမှမပြောတော့ပေ။ စံပြအသုံးအဆောင်ပစ္စည်းနှင့် ခတ္တ ထိတွေ့မိသည်ဆိုလျှင်ပင် ကြာမြင့်နေသည့် သဲလွန်စမျိုး ရှိနေလိမ့်မည်။

ထိုမျက်နှာနှစ်ဖက်နှင့် ပညာသင်သားက သူ့အပေါ် ကြောက်မက်ဖွယ်ဖိအားတစ်ခု ကျဆင်းလာသည်ကို ခံစားမိလိုက်ကာ သူ့အူနှင့် ဝိညာဉ်တို့က အတူတကွ ခြေမွခံရသလို ခံစားလိုက်မိသည်။

“ဒါက ဘာအဓိပ္ပာယ်လဲ” သူက လူအများ၏ အာရုံဆွဲဆောင်ဖို့ ကြိုးစားရင်း အော်ဟစ်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က နောက်ဆုတ်ရမည့်အစား သတ်ဖြတ်ငွေ့တို့ကို ထုတ်လွှတ်ကာ ထိုသူကို ဖိနှိပ်လိုက်၏။

ပညာသင်သားက ပါးစပ်ဟကာ တစ်စုံတစ်ခု ပြောလိုသော်လည်း ဖိအားက များပြားလွန်းနေသည်။ သူသာ ကံကောင်းမလား စမ်းသပ်ကြည့်ပါက အမှန်တကယ်သေဆုံးသွားနိုင်ကြောင်း ခံစားချက်မျိုး ရရှိလာလေ၏။

“သက်ညှာပေးပါ” သူက ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရသည်။ ဝမ်ဝေ့က ဖိအားကို လျှော့ချလိုက်၏။ ပညာသင်သားက သူ့အကြီးမားဆုံးဝှက်ဖဲဖြစ်သည့် အက်ရာတချို့ရှိနေသော ဆံထိုးတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ပညာသင်သားက အံကြိတ်ကာ အချိန်စက်ဝန်းအပေါ် ကောင်းချီးပေးလိုက်၏။ တခြားသော ၁၁ ယောက်ကလည်း သူ၏ အမှားမှ သင်ယူကာ ကံမစမ်းရဲကြပေ။ ထို့ကြောင့် ဖြစ်စဉ်က မကြာခင် အဆုံးသတ်သွားလေသည်။

“အဲဒါက မလုံလောက်သေးဘူး” ဝမ်ဝေ့က ရေရွတ်ရင်းဖြင့် ကြမ်းပြင်ကို လက်ညှိုးထိုးကာ မှော်စက်ဝန်းတစ်ခု ဖွဲ့စည်းပြီး စင်မြင့်တစ်ခု တည်ဆောက်လိုက်သည်။

သူ့ချီကံကောင်းမှုနဂါးက ပေါ်ထွက်လာပြီးသည့်နောက်တွင် သေးငယ်သည့် အရွယ်အစားအဖြစ်ပြောင်းလဲသွားကာ စင်မြင့်ပေါ် ကျရောက်သွားလေ၏။ ဝမ်ဝေ့က လက်နှစ်ဖက်ကို ယှက်ကာ ၉၀ဒီဂရီ ဦးညွှတ်ပြီး ရေရွတ်လိုက်သည်။

“အထက်မှမိုးမြေ ကျုပ်တို့ကမ္ဘာရဲ့ ကံကြမ္မာက အဆုံးသတ်ကို ရောက်ရှိနေတာ မဟုတ်ရင် မဆက်သွယ်ပါဘူး။ ဒီနိမ့်ကျတဲ့ ဒိုင်မေးရှင်းကို ကောင်းချီးပေးဖို့ တောင်းခံပါတယ်”

ပါဝင်ဆင်နွှဲသူအားလုံးက ကြောက်မက်ဖွယ် စိတ်ဆန္ဒတစ်ခု ဤနေရာသို့ ကျဆင်းလာကြောင်း ခံစားမိလိုက်ကြသည်။ သူတို့က ထိုအရာသည် ကောင်းကင်တာအို ဖြစ်ကြောင်း သိလိုက်ကြ၏။ ထိုအရာသည် မျက်လုံးတစ်လုံးပုံစံအနေဖြင့် အပြည့်အဝ ပေါ်ထွက်လာခြင်း မရှိပေ။ မဟုတ်ပါက လူများစွာသည် ဖိအားကို ခံနိုင်မည်မဟုတ်ပေ။ ဝမ်ဝေ့က မူမမှန်မှုတစ်ခုဖြစ်သည့်အတွက် သူက ကောင်းကင်တာအိုနှင့် မဟာတာအိုတို့ဖြင့် အကြောင်းအရင်းများစွာကြောင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုကျင့်ကြံသူအများစုအတွက်မူ ကောင်းကင်တာအိုနှင့် အထိတွေ့မိဆုံး အချိန်က စမ်းသပ်ချက် ခံယူရသည့်အချိန်သာ ဖြစ်၏။ တချို့ကမူ ကောင်းကင်တာအို၏ မျက်လုံးတစ်လုံး အစစ်အမှန်ပုံစံကိုပင် မသိကြပေ။

“ကျုပ်တို့ရဲ့ သတင်းအချက်အလက် ပေါက်ကြားသွားတာကနေ ကျေးဇူးပြုပြီး ကာကွယ်ပေးပါ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ အားကောင်းသည့် စိတ်ဆန္ဒက ဝမ်ဝေ့၏ မန္တန်ကို စစ်ဆေးကြည့်လိုက်၏။ စက္ကန့်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် ရွှေရောင်သံကြိုးတစ်ခုက ထိုနေရာ၌ ပေါ်ထွက်လာကာ သော့ခလောက်နှင့် ကြိုးကို ထပ်မံ ရစ်ပတ်သွားလေသည်။

“အခုတော့ လုံလောက်သွားပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ယခုအခါ ကောင်းကင်တာအို၏ ကောင်းချီးဖြင့် နောက်ထပ်အားကောင်းသည့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်က ပေါ်ထွက်လာဖို့ ဆုံးဖြတ်လိုက်မှသာ သူတို့၏ သတင်းအချက်အလက်ကို စုဆောင်းနိုင်ဖို့ အခွင့်အရေးတစ်ခု ရလိမ့်မည်။ ထိုမတိုင်ခင် မည်သည့်နည်းလမ်းကမှ အလုပ်ဖြစ်မည်မဟုတ်ပေ။ ထိုအရာများထဲတွင် ဝိညာဉ်ရှာဖွေခြင်း၊ ဂမ္ဘီရ၊ အချိန်နောက်ပြန်ရစ်ခြင်း၊ ယင်ယန်တွက်ချက်မှုနှင့် တခြားသောအရာများပင် အပါအဝင်ဖြစ်၏။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ဦးညွှတ်ပြောလိုက်စဉ် ကောင်းကင်တာအို၏ တည်ရှိမှုက ပျောက်ကွယ်သွားလေသည်။ ပြိုင်ပွဲဝင်တချို့ကလည်း ဦးညွှတ်လိုက်ကြ၏။ ဝမ်ဝေ့က ဤပိုင်းခြားထားသည့် ဒိုင်မေးရှင်းကို သိမ်းလိုက်တော့မည့်ဆဲဆဲတွင် လေလွင့်ကျင့်ကြံသူတချို့ဆီမှ  မူမမှန်မှုကို ခံစားမိလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်မှ စိတ်ခံစားချက်အတက်အကျက  ဤသော့ခလောက်နှင့် ပတ်သက်၍ မပျော်ရွှင်ကြောင်း ညွှန်ပြနေလေ၏။

ဒီလူတွေက သတင်းအချက်အလက်ကို တန်ကြေးကောင်းကောင်းနဲ့ ရောင်းစားဖို့ ပြင်ဆင်နေကြတာလား။ မဟုတ်သေးဘူး။ လေလွင့်ကျင့်ကြံသူတွေက အရင်းအမြစ်စုဆောင်းကြတာ မကသေးဘူး။ နယ်ခြား ဟွင်သွမ်းကမ္ဘာတွေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ သူလျှိုတွေ ချန်ထားခဲ့လောက်တယ်။ ငါ့အပြုအမူက သူတို့ရဲ့ အထက်လူကြီးကို သတင်းပို့ဖို့ တားဆီးသလို ဖြစ်သွားလိမ့်မယ်။ ငါ သူတို့ကို စောင့်ကြည့်သင့်တယ်…

ထိုစဉ် အားလုံးက တည်ငြိမ်စွာဖြင့် စစ်ဆေးမှုကို စတင်စောင့်ဆိုင်းလိုက်ကြသည်။ ငါးနှစ်တာမျှသာ ကြာမြင့်ခဲ့လေ၏။ ထို့နောက် သူတို့အဖွဲ့နှင့် မျက်နှာချင်းဆိုင်ဘက်တွင် မုခ်ပေါက်ဝတစ်ခု ပေါ်ထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများစွာရှိသည့် လူများစွာ ထွက်ပေါ်လာသည်။ ထိုလူများသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ လူအရေအတွက်ထက် ဆယ်ဆမက များပြားနေကြောင်း ချက်ချင်း သတိထားမိလိုက်ကြ၏။

ဒီအုပ်စုတွေက သူတို့ကိုယ်သူတို့ ခွဲခြားထားတာရယ်၊ သူတို့ရဲ့ အရှိန်အဝါ ကွဲပြားလာတယ်ဆိုတော့ သူတို့တွေက ကွဲပြားတဲ့ ဟွင်သွမ်းကမ္ဘာတွေက ဖြစ်လောက်တယ်…

ဝမ်ဝေ့က လေ့လာလိုက်သည်။ သူက ထိုလေ့လာမှုကို တွေ့ရှိသည်နှင့် ထိုအရာသည် အဓိပ္ပာယ်ရှိကြောင်း သုံးသပ်မိသွား၏။ တခြားသောဟွင်သွမ်းကမ္ဘာများက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကဲ့သို့ သူတို့ကိုယ်သူတို့ပိုင်းခြားထားခြင်း မရှိသည့်အတွက် သေမျိုးဘဝစစ်ဆေးမှုအကြောင်း သတင်းက ပျံ့နှံ့နေပြီးသား ဖြစ်၏။

ထိုနယ်ခြားဟွင်သွမ်းကမ္ဘာများက စံပြများကို ပြုစုပျိုးထောင်ဖို့အတွက် အခွင့်အရေးများကို လက်လွှတ်ခံမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ညှိနှိုင်းခဲ့ကြလိမ့်မည်။ ညှိနှိုင်းမှုမရှိလျှင်ပင် တချို့သောကမ္ဘာများက ခိုးဝင်ကာ ပါဝင်ဆင်နွှဲကြမည် ဖြစ်၏။ တချို့သော ကမ္ဘာများက အာဏာပိုင်းဆိုင်ရာ၊ စစ်တပ်ဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ မဟာမိတ်များ ဖြစ်နိုင်ပြီး ထိုစစ်ဆေးမှုကို မျှဝေထားခြင်း ဖြစ်နိုင်သည်။

ဝမ်ဝေ့က အားလုံးရောက်ရှိလာသည်ကို လေ့လာပြီး အခြေခံသုံးသပ်လိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိထားမိသွားလေ၏။ အဖြူရောင်ဆံပင်ရှိထားပြီး သွေးနီရောင်အရေပြားရှိထားသည့် အမျိုးသားက သူ့ကို တိုက်ရိုက် စိုက်ကြည့်နေလေသည်။ ထိုစိုက်ကြည့်မှုက သတ်ဖြတ်ငွေ့တို့ ပြင်းထန်လွန်းသည့်အတွက် ဝမ်ဝေ့က ထိုသူ၏ မိဘများကို သတ်ခဲ့သည်လားဟုပင် ထင်ရနိုင်ခြေရှိသည်။

သို့သော်လည်း ထိုအမျိုးသား၏ ထူးဆန်းသည့် ပေါ်ထွက်လာမှုနှင့် ရန်လိုမှုတို့က အထူးဆန်းဆုံး အပိုင်းမဟုတ်သေးပေ။

တစ်စုံတစ်ခုက ငါ့ရဲ့နည်းစနစ်ကို တားဆီးနေတယ်။ ဒီစွမ်းအားက အတော်လေး ရင်းနှီးနေတယ်။ ဘာပါလိမ့်။ အော် ဟုတ်သားပဲ။ စွဲလမ်းစိတ်ပဲ…

သူသည် ထိုသတင်းအချက်အလက်ဖြင့် တွေးကာ ထိုသူ၏ ဇစ်မြစ်နှင့် ထိုသူသည် သူ့အပေါ် အဘယ်ကြောင့်မုန်းတီးနေလဲ ကောက်ချက်ချနိုင်သည်။ သို့သော်လည်း ဝမ်ဝေ့က ချဉ်းကပ်ခြင်းမရှိသလို အာရုံစိုက်ခြင်းမရှိဘဲ တခြားသူများကို ဆက်လက်စောင့်ကြည့်လိုက်သည်။

ထို့နောက် ဒုတိယမူမမှန်မှုတစ်ခုကို ရှာဖွေတွေ့ရှိသွားလေ၏။ ထိုသူကမူ သခင်လေးတစ်ယောက်လို ပြုမူနေပြီး ဇောင်းကြွကြွနိုင်သည့် လူငယ်လေးတစ်ဦး ဖြစ်ပေသည်။ ဝမ်ဝေ့က ထိုသူ၏တည်ရှိမှုကို မဖတ်နိုင်ရုံသာမကဘဲ ထိုအမျိုးသားဆီမှ အန္တရာယ်ကို ခံစားမိလေ၏။

ဒါက အပေါ်ယံဆိုပေမဲ့ အန္တရာယ်ကတော့ ရှိနေတုန်းပဲ။ ပြောရမယ်ဆိုရင် ကောင်းကင်ဘုံအဆင့် တစ်ယောက်ဆီကနေ ရလာဖို့ဆိုတာ အရမ်းကို အားပြင်းလွန်းတယ်။ စံပြတစ်ယောက်ဆီကတောင် အဲ့လောက် အားပြင်းနိုင်ပါ့မလား မသိဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ ထိုသူ၏ ဇစ်မြစ်ကို စဉ်းစားကြည့်လိုက်၏။

ဝမ်ဝေ့က အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် မျက်မမြင် အမျိုးသမီးအိုကြီးဆီ ကျရောက်လာသည်။ သူက ထိုအမျိုးသမီး၏ ဝန်းကျင်တွင် ကံကြမ္မာစွမ်းအားကို ခံစားမိလိုက်ပြီး ထိုအရာမှ ဇစ်မြစ်ကို ကောက်ချက်ချနိုင်လိုက်၏။

အလုံးစုံပကတိသိမြင်ဘုံကျောင်း … ငါက ငါ့သတင်းအချက်အလက် ဖုံးကွယ်ထားတာ မှန်သွားတယ်…

မူမမှန်မှုတချို့က ထိုစစ်ဆေးမှုသည် အနှောင့်အယှက်တချို့ရှိလာနိုင်ကြောင်း သက်သေပြထားပြီးသား ဖြစ်၏။ သူတို့၏ တည်ရှိမှုက ဝမ်ဝေ့၏ သိုသိုသိပ်သိပ်နေမည့် ဆုံးဖြတ်ချက်အား ပိုမိုမှန်ကန်သွားစေသည်။

ဝမ်ဝေ့က ဆက်လက် လေ့လာအကဲခတ်လိုက်၏။ ခဏအကြာတွင် သူက အံ့အားသင့်စရာ ရှိတော့လိမ့်မည်မဟုတ်ကြောင်း ထင်နေစဉ် နောက်ဆုံးလူတစ်ယောက် ပေါ်ထွက်လာလေ၏။ ထိုအမျိုးသားက စကားဖြင့်ဖော်မပြနိုင်လောက်အောင် ချောမောခန့်ညားပြီး သူ့သန့်စင်လှသည့် အဖြူရောင်ဝတ်စုံ၊  ဆံပင်များက လေနှင့်အတူ မြောလွင့်နေလေသည်။ တာအိုစည်းချက်များက သူ့နောက်မှ လိုက်ပါလာပြီး သေချာလေ့လာကြည့်ပါက ထိုအရာသည် ကြွားလုံးတစ်ခု မဟုတ်ဘဲ မိုးမြေ၏ စည်းမျဉ်းများသည် ထိုအမျိုးသားကို ဤမျှအထိ ချစ်မြတ်နိုးကြောင်း ပြသနေခြင်းဖြစ်၏။

ဝမ်ဝေ့အပါအဝင် အားလုံးက ထိုလူဆီ အကြည့်ရောက်လာကြသည်။ သို့သော်လည်း သူက တခြားအကြောင်းအရင်းတစ်ခုကြောင့် စိုက်ကြည့်လိုက်လေသည်။ ထိုသူကို မြင်လိုက်သည်နှင့် အလိုအလျောက် တွန်းကန်မှုကို ခံစားမိလိုက်သည်။ ဤသည်က သူ ဘယ်တော့မှ ရှာဖွေမတွေ့ရှိခဲ့သည့် ကံကြမ္မာကြိုးမျှင်တစ်ခု ဖြစ်၏။ ဝမ်ဝေ့က သူတို့၏ ဘဝသည် သူ အလိုရှိသည်ဖြစ်စေ၊ အလိုမရှိသည်ဖြစ်စေ ရစ်ပတ်ဖို့ ကံကြမ္မာဖန်လာခဲ့ကြောင်း ချက်ချင်းသိလိုက်သည်။

ကံကြမ္မာဖန်တဲ့ရန်သူ … မဟာတာအိုရဲ့သားတော်…

ဝမ်ဝေ့က ချက်ချင်း သဘောပေါက်သွားလေသည်။

ဘာတွေဖြစ်နေတာလဲ…

သို့သော်လည်း သူက ချက်ချင်းဆိုသလို အဖြေရရှိလိုက်၏။ မဟာတာအိုက သူ့အား အစစ်အမှန် ပြဿနာဖြစ်မလာခင် ရှင်းထုတ်ဖို့ ကြံစည်နေကြောင်း ဖြစ်၏။

တခြားအရပြောရမယ်ဆိုရင် ငါက အနာဂတ်ကိုယ်ကြောင့် ထပ်ပြီး တစ်ကွက်ခံလိုက်ရတာပဲ…

ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူက စိတ်ထဲမှ ကျိန်ဆဲလိုသော်လည်း ဤသည်က ပထမဦးဆုံးအကြိမ် မဟုတ်သည့်အတွက် အတော်လေး တည်ငြိမ်နေလေသည်။

ထို့နောက် လူကြီးမင်းလုက ပေါ်ထွက်လာပြီး စစ်ဆေးမှုကို တရားဝင်စတင်ဖို့ အချိန်ကျလာပြီ ဖြစ်၏။

“အားလုံးကြားကြရဲ့လား။” လူကြီးမင်းလုက မေးလိုက်၏။

“ငါတို့က ကံကြမ္မာအမြောက်အများရရှိထားတယ်ဆိုတော့ ဒီစစ်ဆေးမှုရဲ့ အနေအထားကို မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်တယ်”

လာပြီ လာပြီ

ဝမ်ဝေ့က ညည်းတွားလိုက်သည်။

“ဒါပေမဲ့ ငါတို့ မစတင်ခင် အားလုံးကို ဒီပြိုင်ပွဲကနေ နှုတ်ထွက်ချင်လား မေးရမယ်” လူကြီးမင်းလုက ဆက်ပြောလိုက်သည်။

“မင်းတို့တွေ အထဲဝင်လိုက်တာနဲ့ တစ်ခုတည်းသော ထွက်ရမဲ့ နည်းလမ်းက စံပြဖြစ်လာဖို့ပဲ။ မဟုတ်ဘူးဆိုရင် မင်းတို့တွေ ပြီးမြောက်ဖို့မဖြစ်နိုင်ခင် သေဆုံးသွားနိုင်တဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရမယ်”

သူက စကားကို ခေတ္တမျှ ရပ်လိုက်ပြီး ပြိုင်ပွဲဝင်များအား သူတို့၏ အသက်ကို ကယ်တင်ဖို့ နောက်ဆုံးအခွင့်အရေးကို ပေးအပ်လိုက်သည်။ သို့သော်လည်း လက်ရှိတွင်ရှိနေသည့်သူအားလုံးက လက်ရွေးစင်ထဲမှ လက်ရွေးစင်များဖြစ်သည့်အတွက် ဤနေရာကို ရောက်လာရသည့် စွန့်စားမှုအကြောင်း ကောင်းကောင်းနားလည်ထားကြလေသည်။ သူတို့က မည်သည့်အန္တရာယ်ကိုမှ မကြောက်ကြပေ။ တစ်စုံတစ်ယောက်က အလိုရှိလျှင်ပင် သူတို့၏ ရွယ်တူများကြားတွင် မည်သူကမှ နောက်မဆုတ်လိုကြပေ။

“မာနနဲ့ အမှောင်ဖုံးနေရမဲ့ အချိန်မဟုတ်ဘူး” လူကြီးမင်းလုက သတိပေးလိုက်၏။ သူ့စကားများက အသုံးမဝင်ခဲ့ပေ။

“ကောင်းပြီလေ။ ဒါက မင်းတို့ရဲ့ ရွေးချယ်မှုပဲ”

သူက လက်ဖျောက်တီးလိုက်သည့်အချိန် အားလုံးက နောက်ထပ် တည်နေရာတစ်ခုဆီ ရောက်ရှိသွားကြလေသည်။

All Chapters