← Chapters

အဝေးမှမိတ်ဆွေများ

Vol. 016 Ch. 1509

အဝေးမှမိတ်ဆွေများ

Vol. 016 Ch. 1509

ထိုက်ရွှမ်ဒေသတစ်ခုလုံး လှုပ်ခတ်မှုများ ဖြစ်နေခဲ့သည်။ မည်သို့ ဖြစ်ပျက်ခဲ့ခြင်းအား တစ်ဦးတစ်ယောက်မျှ မသိကြသော်လည်း “လမ်းစဉ်”ဟူသော တောက်ပသော စကားလုံးအား မြင်တွေ့ခဲ့ကြရာ ထိုက်ရွှမ်တောင်ပေါ်တွင် အလွန်တရာ ကြီးကျယ်သော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပုံပေါ်လေသည်။ မရေမတွက်နိုင်သော ကျင့်ကြံ သူများသည် ထိုနေရာသို့ ဦးတည်သွားကြတော့သည်။

ထိုက်ရွှမ်မြို့မှ ကျင့်ကြံသူများသည် မြန်သည်ထက်မြန်အောင် ထိုက်ရွှမ်တောင်သို့ ဦးတည်သွားကြလေသည်။ သူတို့သည် ပြင်းပြင်းထန်ထန်ပင် စိတ်လှုပ်ရှားနေကြပြီး ဓါးပျံများကိုစီးကာ လေထဲပျံသန်းလာနေကြသည်။ ထိုလူများထဲတွင် လူနည်းစုဖြစ်သော ရန်ဟောင်အဆင့်မှလူများသည် ပို၍စိတ်အနှောင့်အယှက်ဖြစ်နေကြသည်။ အရှင်ထိုက်ရွှမ် အဆင့်သစ်သို့ တက်လှမ်းသွားခြင်းဖြစ်မည်ဟု တွေးမိကြသောကြောင့် စိတ်မောသွား ကြသည်။

ထိုသို့ဆိုလျှင် မြင့်မားသော ကောင်းကင်ဘုံ တစ်ခုလုံး လှုပ်ခတ်မှုများ ဖြစ်သွားပေလိမ့်မည်။

မှန်ပေသည်။ ထိုက်ရွှမ်တောင်ပေါ်မှ ကျင့်ကြံသူများသည် အတုန်လှုပ်ဆုံးလူများပင်ဖြစ်သည်။ အရှင်ထိုက်ရွှမ်သည် တံခါးပိတ်ကျင့်ကြံမည်ဟုပြောခဲ့ပြီး သူ၏တပည့်လေးယောက်ကလည်း ထိုက်ရွှမ်တောင်ကို သူ့အတွက် စောင့်ရှောက်ပေးမည်ဟုပြောခဲ့ကြသည်။ ထိုအရာသည် မည်သည့်သဘောကို ဆိုလိုပါသနည်း။

ထိုက်ရွှမ်တောင်၏တပည့်များအားလုံး၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ ရီဖူရှင်းပင်လျှင် ပြင်းထန်စွာ စိတ်လှုပ်ရှားသွားမိသည်။ အရှင်ထိုက်ရွှမ်သည် ရန်ဟောင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သော်လည်း လေ့လာသင်ယူစရာများ ရှိနေသေးသည်။ အကယ်၍ သူသည် အဆင့်အသစ်သို့ တက်လှမ်း နိုင်ခဲ့လျှင် ထိုအဆင့်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဂူထျန်းရှင်းရောက်ရှိခဲ့သော အဆင့်သို့ ရောက်နိုင်လေ မည်လော။

မြင့်မားသောကောင်းကင်ဘုံမှ လူများတွင် ထိုအဆင့်အား သိနိုင်သောသူ မရှိကြပေ။ ဂူထျန်းရှင်းပြီးနောက်ပိုင်းတွင် ကောင်းကင်အာဏာစက်ဘုံမှမည်သူမျှ ထိုအဆင့်သို့ မရောက်ရှိခဲ့ကြပေ။ အရင်ဘုရင်မင်းမြတ်သည် ထိုအဆင့်သို့ ရောက်ရှိရန် အလွန်နီးစပ်သည်ဟု ဆိုနိုင်သော်လည်း တိုက်ပွဲတွင် ဂူထျန်းရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး တစ်ချိန်တည်းမှာပင် ဂူထျန်းရှင်းအား ဒဏ်ရာပြင်းထန်စွာ ရရှိစေနိုင်ခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။

ထိုကြီးမြတ်သောသူနှစ်ဦး သေဆုံးသွားပြီးနောက်တွင်မူ ကောင်းကင်အာဏာစက်ဘုံမှ သူတို့နှင့် အဆင့်တူသောသူ တစ်ဦးတစ်ယောက်မျှ ပေါ်ထွက်လာခြင်း မရှိတော့ပေ။ လက်ရှိ ကောင်းကင်အာဏာစက်ဘုံ နှင့် ဗြဟ္မာ့သန့်စင် ကောင်းကင်၏အကြီးအကဲတို့သည်လည်း ထိုအဆင့်သို့ မရောက်ရှိသေးပေ။

ရီဖူရှင်းသည် အရှင်ထိုက်ရွှမ်သည် မည်သည့်အဆင့်သို့ ရောက်မည်နည်းဟု စိတ်ကူးနှင့် ပုံဖေါ်ကြည့်ရုံသာ တတ်နိုင် ပေသည်။

သူသည် မျောလွှင့်နေသော စာလုံးပေါ်အား လေးနက်စွာ ကြည့်လိုက်သည်။ ဤရိုးရှင်းသော စာလုံးတစ်လုံးသည် သူတို့အားလုံးကို “လမ်းစဉ်”အား သင်ပြပေးရန် အမှန်တကယ်ပင် လုံလောက်ပေသည်။

ထိုက်ရွှမ်မြို့စားသည် သူ့နောက်မှ လူများကို လှည့်ကြည့်လိုက်ပြီး ပြောသည် “ မင်းတို့အားလုံး ကိုယ့်ဟာကိုယ် ကျင့်ကြံပြီး နားလည်အောင်လုပ်ကြ”

ထို့နောက် ပင်မတပည့်လေးဦးတို့သည် အရှင်ထိုက်ရွှမ် တံခါးပိတ်ကျင့်ကြံရာ နေရာသို့ ထွက်သွားကြသည်။

ထိုနေရာတွင် ကျန်ရှိနေသောလူတိုင်းသည် စာလုံးအား ကြည့်နေကြသော်လည်း သူတို့၏ ရင်တွင်းတွင် ပြင်းထန်သော မုန်တိုင်းများ တိုက်ခတ်နေဆဲဖြစ်သည်။

“အရှင်ထိုက်ရွှမ် နောက်အဆင့်ကို တက်သွားနိုင်လား” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“အင်း သူအဆင့်သစ်ကို တက်သွားနိုင်တယ်” နောက်တစ်ယောက်က ပြန်ဖြေလိုက်သည်။

“သူက လက်ရှိအဆင့်ရဲ့ အထွဋ်အထိပ်မှာ ရောက်နေပြီးသားလေ” လူတိုင်းခေါင်းညိတ်လိုက်ကြသည်။  အရှင် ထိုက်ရွှမ်၏ လက်ရှိအဆင့်ဖြင့်ဆိုလျှင် အဆင့်သစ်ကို တက်ရောက်နိုင်ပေမည်။

“ရှန်ကျင်း မင်းစောစောက ဓါးလမ်းစဉ်ကို မြင်ခဲ့တယ်ဆိုတာ အမှန်ပဲလား” တစ်စုံတစ်ယောက်က ရီဖူရှင်းကို မေးလိုက်။ ဝမ်ရှိုးရီသည် ဓါးချောက်နက်၏တပည့်ဖြစ်ပြီး ထိုစာလုံး၏ ထူးခြားချက်အား မမြင်နိုင်ခဲ့ပေ။ စာလုံးထဲတွင် ကမ္ဘာပေါ်ရှိများပြားလှသည့် အရာဝတ္ထုများနှင့် ကမ္ဘာ၏ဖြစ်စဉ်နိယာမများပါ၀င်နေပေသည်။ ထို့ကြောင့် မည်သည့်အဖြေအား ပေးသည်ဖြစ်စေ အဆင်ပြေသည်သာဖြစ်သည်။

ရီဖူရှင်း ဖြေခဲ့သည့် ဓါးလမ်းစဉ်သည် မှန်ကန်သောအဖြေ ဖြစ်ပုံပေါ်သည်။ သူ၏နှလုံးသားထဲတွင် ဓါးကို မြှုတ်နှံ ထားသည့်အတွက် ဓားလမ်းစဉ်ကို တွေ့မြင်ခဲ့ခြင်းဖြစ်သည်။ ယခင်က လူအများစုသည် သူ့အဖြေကို လျစ်လျူရှုခဲ့ ကြသော်လည်း ယခုမူ အခြားဖြစ်နိုင်သည်အား တွေးတောမိလာကြသည်။

စတုတ္ထသခင်မလေး ထိုက်ရွှမ်တောင်သို့ ခေါ်ဆောင်လာခဲ့သော ဤဂီတဆရာသည် အလွန်အစွမ်းထက်သော ဓားသမားတစ်ယောက်လည်းဖြစ်နေပြီးလျှင် စာလုံးအတွင်းမှ ဓါးစွမ်းအားများကို မြင်နိုင်ခဲ့သည်လား။

“ဒီရက်တွေမှာ ကျွန်တော်က ဓါးချောက်နက်ရဲ့ ဓားသိုင်းကွက်တွေကို လေ့လာရှုမှတ်ခဲ့တယ်။ အဲဒီကျင့်ကြံသူတွေရဲ့ စွမ်းအားတွေက ကျွန်တော့်ရဲ့စိတ်ထဲမှာ စွဲထင်နေခဲ့တယ်။ ဒါကြောင့် ဒီစာလုံးကို ကျွန်တော်ကြည့်လိုက်တဲ့အခါ ဓါးစွမ်းအားတွေကို ခံစားမိခဲ့တာလို့ ထင်တယ်” ဝမ်ရှိုးရီ ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း၏ အဖြေက ကျိုးကြောင်း ဆီလျော်ပေသည်။

ရီဖူရှင်းသည် ဓါးချောက်နက်တွင် အချိန်များစွာ ကုန်လွန်ခဲ့သည်ကို သူသိသည်။ သူသည်ထိုနေရာသို့ နေ့တိုင်း သွားရောက် လေ့လာရှုမှတ်ခဲ့သည်ဖြစ်ရာ သူ၏ဦးနှောက်ထဲတွင် များစွာသော ဓါးကွက်များ စွဲထင်နေမည် ဖြစ်သည်။

အခြားသူများအားလုံး စိတ်ထဲရှင်းသွားကြသည်။ ထိုကိစ္စများ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို နားလည်သွားကြသည်။

“အဲ့လိုဖြစ်ခဲ့တာဆိုရင်တောင် ဓါးချောက်နက်က ကျင့်ကြံသူတွေကျတော့ ဘာလို့ဓါးကိုမမြင်နိုင်ခဲ့ကြတာလဲ” ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ မေးသံကို ကြားလိုက်ရသည်။ သူတို့အားလုံး၏ မျက်နှာများ ဖြူလျော်သွား ကြပြီး မေးမြန်းသူအား ကြည့်လိုက်ကြသည်။

“ကျွင်းမူ”

ထိုသူကို မြင်သောအခါ လူတိုင်းအံ့အားသင့်သွားကြ၏။ သူသည် ထိုက်ရွှမ်တောင်မှ ဆရာသခင်ကြီး ၏တပည့် ကျွင်းမူဖြစ်သည်။ ရီဖူရှင်းသည် ထိုက်ရွှမ်တောင်သို့ ရောက်ရောက်ခြင်း ပထမဆုံးတွေ့ဆုံချိန်ကတည်းက ကျွင်းမူ သည် သူ့အပေါ်တွင် ခံစားချက်များရှိခဲ့သည်။

“မင်းငါ့ကိုမှတ်မိရဲ့လား ညီလေးရှန်း”  ကျွင်းမူသည် ပြုံးပြီး ရီဖူရှင်းအနီးလျှောက်လာသည်။

“ဒီလိုအမှတ်ရစရာလူကို ကျွန်တော်က ဘယ်လိုမေ့သွားနိုင်မှာလဲ” ရီဖူရှင်းက ခေါင်းညိတ်ကာပြောလိုက်သည်။

“ဒီလိုဆိုမှတော့ မင်းကို  ထိုက်ရွှမ်တောင်မှာ‌တွေ့ရတာက ရေစက်ပါလို့ပဲပေါ့” ကျွင်းမူက ပြုံးကာ ပြောလိုက် သည်။  “စတုတ္ထဦးလေးက မင်းကို ထိုက်ရွှမ်တောင်ကိုခေါ်လာပြီးတော့ အကြီးအကဲလန်ကမင်းကို တေးသံသာစံအိမ်ထဲ ဝင်ခွင့်ပြုခဲ့တယ်။ အခုတတိယအစ်ကိုပြန်လာတာတောင် မင်းက တေးသံသာစံအိမ်မှာ ဆက်ပြီးကျင့်ကြံနေတုန်းပဲ။ ကြည့်ရတာ မင်းက တတိယအစ်ကိုရဲ့ မျက်နှာသာပေးခြင်းခံရပုံပဲ။ အခုမင်းက စာလုံးထဲကနေ ဓါးလမ်းစဉ်ကို မြင်နိုင်စွမ်းရှိခဲ့တယ်။ ငါ့အထင်တော့ မင်းက လမ်းစဉ်အချို့မှာ ထူးချွန်ပုံပဲ ဘာလို့ ဒီလောက်ထိ ထိန်းသိမ်းပြီး နိမ့်ချနေရတာလဲ”

ကျွင်းမူ၏စကားများကြောင့် လူတိုင်း ရီဖူရှင်းကို ပြန်ကြည့်လိုက်ကြသည်။ သူသည် သူ၏အစွမ်းများကို သိုဝှက်ထားခဲ့သည်လား။

သို့ဆိုလျှင် သူသည် မယုံနိုင်လောက်အောင် လိမ္မာပါးနပ်လွန်းပေသည်။

“အစ်ကိုကျွင်းက ချီးမြှောက်လွန်းနေပါပြီ။ ထိုက်ရွှမ်တောင်မှာ တပည့်တွေအားလုံးက မယုံနိုင်လောက်အောင် ထူးချွန်ကြတယ်။ ဒါကြောင့်ဒီမှာရှိနေတုန်း နှိမ့်ချပြီးထိန်းထိန်းသိမ်းသိမ်းနေမှဖြစ်မယ်။ ကျွန်တော့်မှာ ကြွားဝါစရာ အကြောင်းလဲမရှိပါဘူး စတုတ္ထအစ်မက ကျွန်တော့်ကို အရမ်းကောင်းပေးပြီးတော့ ဒီကို ခေါ်လာပေးခဲ့တယ်။ ဒါကြောင့် ကျင့်ကြံတာကိုပဲ အာရုံစိုက်ရမယ်လေ” ရီဖူရှင်းက ကျွင်းမူအား မောက်မာခြင်းမရှိသလို နှိမ့်ချခြင်းလဲ မပြုဘဲပြောလိုက်သည်။

“ကောင်းပြီ မင်းအခု ထိုက်ရွှမ်တောင်ပေါ်မှာ ကျင့်ကြံနေတာ ဘယ်အဆင့်ထိ အောင်မြင်ပြီလဲ”  ကျွင်းမူက မေးလိုက်သည်။

“ကျွန်တော် ဒီမှာကျင့်ကြံနေရင်းနဲ့ ကြီးမားတဲ့အကျိုးကျေးဇူးတွေရခဲ့တယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“တကယ်လို့ အခွင့်အရေးရရင် မင်းရဲ့ဂီတကိုငါ နားဆင်ခွင့်ရချင်တယ်လို့ တစ်ခါကငါပြောခဲ့ဖူးတယ်။ အခု မင်းရဲ့ဂီတကို ငါနားထောင်ဖို့ အခွင့်အရေးရှိပြီလား” ကျွင်းမူသည် တစ်လျှောက်လုံး ပြုံးနေခဲ့သော်လည်း လူတိုင်းသည် ကွဲပြားခြားနားသော အငွေ့အသက်များကို ခံစားမိကြသည်။

လူဟောင်းတွေထဲကတချို့သည် မည်သို့ဖြစ်ပျက်နေကြောင်းကို နားလည်သဘောပေါက်ကြသော်လည်း တချို့ လူငယ်လေးများသည် ကျွင်းမူဘာကြောင့်ထိုသို့ ဖြစ်နေရသည်ကို မသိခဲ့ကြပေ။

သူသည် ရှန်ကျင်းအား တစ်ခုခုလုပ်စေချင်နေပုံပေါ်သည်။

သို့သော် သူသည် မည်သည့်အရာအား မြင်တွေ့လိုပါသနည်း။

ရှန်ကျင်းက သန်မာသလား အားနည်းလားဆိုသည်ကို သူသိချင်နေသည်လား။

“ဒီနေ့ ထိုက်ရွှမ်တောင်ရဲ့တပည့်အားလုံးက အရှင်ထိုက်ရွှမ်ရဲ့ သင်ပေးတဲ့လမ်းစဉ်ကို နားထောင်ခဲ့ကြရတယ်။ ဒီနေရာမှာ ရှိနေနိုင်တာက ကျွန်တော်ကံကောင်းလွန်းလို့ဆိုတာ ကျွန်တော့်ရဲ့စိတ်ထဲမှာ ခံစားမိပါတယ်။ အခုလို အချိန်မျိုးမှာ ကျွန်တော်က ထိုက်ရွှမ်ပေါ်မှာ ဘယ်လိုလုပ် သီချင်းသံစဉ်ကို တီးခတ်ရဲမှာလဲ။ လူတိုင်းက ကျွန်တော့်ကို ရယ်ကြလိမ့်မယ်” ရီဖူရှင်းက အနည်းငယ်ဦးညွှတ်ကာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်”

“မင်းကငါ့ကို တကယ်ပဲ မလေးမစားလုပ်နေတာလား” ကျွင်းမူ အေးစက်စွာပြောလိုက်သည်။ သူ၏ မမြင်ရသော ဖိအားများသည် ရီဖူရှင်းအပေါ်သို့ ကျရောက်သွားသည်။

“မင်းကိုထပ်ပြီးပြောလိုက်မယ်။ ငါ့ဆန္ဒကိုဖြည့်ဆည်းပေးစမ်း”

ရီဖူရှင်းသည် သူ့အား ဖိနှိပ်ထားသော စွမ်းအားကို ခံယူရင်းပြောလိုက်သည်။

“အရှင် ထိုက်ရွှမ်က တံခါးပိတ်ကျင့်ကြံနေပြီး အကြီးအကဲလေးယောက်က သူ့ကိုစောင့်ရှောက်နေကြတယ် ကျွန်တော့်ကို ဒီနေရာမှာ ကျင့်ကြံဖို့ ခေါ်လာတဲ့အတွက် စတုတ္ထအစ်မကို ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ တေးသံသာစံအိမ်ရဲ့ ဂီတပညာရှင် တစ်ယောက်ပါ ထိုက်ရွှမ်တောင်အကြီးအကဲရဲ့ တပည့်ကို ကျွန်တော် မတိုက်ခိုက်ရဲပါဘူး။ အစ်ကိုက ကျွန်တော့်ကို တိုက်ခိုက်ဖို့ အပြင်းအထန်တိုက်တွန်းမယ်ဆိုရင် ကျွန်တော့်ရဲ့ အရည်အချင်းမပြည့်ဝမှုကြောင့် ကျွန်တော် အရှက်ရမှာ စိုးရိမ်မိပါတယ်”

အားလုံး အံ့အားသင့်သွားကြသည်။ ဤရှန်ကျင်းသည် အလွန်ပွင့်လင်းလွန်းလှသည်။ ကျွင်းမူသည် မည်မျှပင် အစွမ်းထက်စေကာမူ ပြန်လည်တိုက်ခိုက်ခြင်းမရှိသူကို တိုက်ခိုက်ခြင်းသည် အဓိပ္ပါယ်မဲ့သည့် လုပ်ရပ်ဖြစ်သွား စေလေသည်။

“ကျွင်းမူ… မင်းက ရှန်ကျင်းကို ဘာကြောင့်ရန်လိုနေရတာလဲ” ဝမ်ရှိုးရီက မေးလိုက်သည်။

“မင်းကိုယ့်ကိုယ်ကိုစမ်းသပ်ချင်တယ်ဆိုရင် ထိုက်ရွှမ်တောင်မှာ တပည့်တွေ အများကြီးရှိတာပဲ ရှန်ကျင်းကို ဘာလို့ ပြဿနာရှာရတာလဲ” မင်းသမီး လော့ယွဲ့က အနည်းငယ် ဒေါသထွက်ကာ ပြောလိုက်သည်။ ရီဖူရှင်းကို ကျွင်းမူ အဘယ့်ကြောင့် ဖိအားပေးနေသည်ဆိုသည်အား သူမသိလေသည်။ ယခုအချိန်တွင် အကြီးအကဲများ အလုပ်များ ကြသောကြောင့် တပည့်များသည် သူတို့စိတ်ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်နိုင်ကြပေသည်။

သူတို့အားလုံးပြောသည်ကို ကြားသောအခါ ကျွင်းမူ ပြုံးလိုက်သည်။ သူက ရီဖူရှင်းကို ဦးညွှတ်ပြီးပြောလိုက်သည်။

“ငါ့ရဲ့ရိုင်းစိုင်းမှုကိုခွင့်လွှတ်ပါ”

ထိုသို့ပြောလိုက်ပြီးနောက် သူ၏ အရှိန်အဝါများ ပျောက်ကွယ်သွားသည်။ သူသည် “လမ်းစဉ်”စာလုံးဘက်သို့ လှည့်ကာ ထိုင်ချလိုက်ပြီး စာလုံးကို လေ့လာရှုမှတ်လိုက်သည်။

“ရှန်ကျင်း ဘာလို့မသွားသေးတာလဲ” ဝမ်ရှိုးရီက ရီဖူရှင်းကိုပြောလိုက်သည်။ မင်းသမီးလော့ယွဲ့ကလည်း သူ့ကိုကြည့်လိုက်သည်။

ရီဖူရှင်းခေါင်းညိတ်လိုက်သည်။ “နှုတ်ဆက်ပါတယ်” ဟုဦးညွှတ်ကာပြောလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

ကျွင်းမူက သူ့ကိုတိုက်ခိုက်ရန် ကြိုးစားခဲ့ပေမယ့် သူ၏စိတ်နှလုံးသည် ရေကဲသို့ တည်ငြိမ်နေဆဲ ဖြစ်သည်။ ထိုအတွက် စိတ်အနှောက်အယှက် လုံးဝမဖြစ်ခဲ့ပေ။

သူသည် သူ၏ အဆင့်အတန်းကို မမေ့ပေ။ ထိုက်ရွှမ်တောင်တွင် သူသည် ကုချင်းဆရာတစ်ယောက်သာ ဖြစ်သည်။ ထိုက်ရွှမ်တောင်မှ အကြီးအကဲ၏တပည့်တစ်ဦးကို သူမည်သို့ တိုက်ခိုက်နိုင်မည်နည်း။

သူနိုင်လျှင်ပင် ဘာလုပ်ရမည်နည်း။

ရီဖူရှင်းသည် တေးသံသာစံအိမ်သို့ ပြန်ရောက်သောအခါ ထိုက်ရွှမ်တောင်ထက်တွင် လွှင့်မျောနေသော စာလုံးကို ပြန်ကြည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ့နံဘေးတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူမသည် ဖီးနစ်လေး ဖြစ်သည်။ သူမသည် ရီဖူရှင်းကိုကြည့်ပြီး “ ရှင်ဘာလို့ အလျော့ပေးခဲ့တာလဲ”

ရီဖူရှင်းနှင့် သူမ မကြာခဏစကားများခဲ့ကြသော်လည်း အချိန်များစွာ အတူဖြတ်သန်းခဲ့ကြပြီးနောက် တစ်ဦးနှင့် တစ်ဦး ရင်းနှီးကျွမ်းဝင်လာကြသည်။ သူမသည် သူမည်မျှ ပါရမီရှိကြောင်းသိသည်။ သူသည် နာမည်ကျော် သံစဉ်ခြောက်ပုဒ်နှင့် တစ်ဒင်္ဂဓါးသိုင်းတို့ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။ ထိုက်ရွှမ်တောင်ပေါ်ရှိ မည်သူကများ သူနှင့်အဆင့်တူသည်ဟု ပြောနိုင်မည်နည်း။

ရီဖူရှင်းကပြုံးပြီး “မင်းငါ့ကိုစိတ်ပူနေတာလား”ဟုမေးလိုက်သည်။

ဖီးနစ်လေးက သူ့ကိုအထင်အမြင်သေးစွာကြည့်ပြီး ပြောလိုက်သည်။

“ရှင် အရမ်းသတ္တိရှိနေတာမျိုး တစ်ခါမှကို မမြင်ဖူးဘူး”

ရီဖူရှင်းရယ်ပြီး ခေါင်းခါလိုက်သည်။ “ ဖီးနစ်လေး… မင်းရဲ့စရိုက်ကအရမ်းဆိုးပေမယ့် မင်းမှာ စိတ်ကောင်းရှိတယ်။ မင်းရဲ့ မိဘတွေက နည်းနည်း ကြောက်စရာကောင်းပေမယ့် ငါ့ကို ဘာမှမလုပ်ခဲ့ဖူးဘူး။ တေးသံသာ အင်ပါယာနဲ့ စတုတ္ထအစ်မတို့လည်း ငါ့အပေါ် အရမ်းကောင်းတယ်။ ဘာလို့ ဒီလိုကိစ္စသေးသေးလေးကို ရန်ဖြစ်ရမှာလဲ။ အဲဒီလိုလုပ်လိုက်ရင် ငါပဲထိခိုက်ခံစားရလိမ့်မယ်”

သူသည် ယနေ့မှ အရှင်ထိုက်ရွှမ်ကို ပထမဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တေးသံသာအင်ပါယာနှင့် အကြိမ်အနည်း ငယ်သာတွေ့ဆုံခဲ့ကာ စကားအနည်းငယ်သာ ပြောဖြစ်ခဲ့သလို စတုတ္ထအစ်မနှင့်လည်း အတူတူပင် ဖြစ်သည်။ သို့သော် သူ့အပေါ်တွင် သူတို့ဆက်ဆံခဲ့ပုံတို့ကို ကျေးဇူးတင်မိဆဲဖြစ်သည်။ ၎င်းတို့နှင့်နှိုင်းယှဉ်လျှင် ကျွင်းမူနှင့် ပတ်သက်သော ကိစ္စကိုဖော်ပြရန်ပင်မထိုက်တန်ပေ။

“တော်ပြီ ငါ အခု ကျင့်ကြံတော့မယ်”

ရီဖူရှင်းသည် တမင်ခွေထိုင်လိုက်ပြီး ကြီးမားသောစာလုံးကို လေ့လာရှုမှတ်လိုက်သည်။ လွတ်လပ်ခြင်းလမ်းစဉ်ကို စတင်အသက်သွင်းလိုက်ပြီး လေထဲမှစာလုံးဆီသို့ ဦးတည်ကာကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် နက်ရှိုင်း သည်ထက် ပိုမိုနက်ရှိုင်းလာခဲ့သည်။

ထိုအချိန်တွင် ရီဖူရှင်း၏ စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်မှ ထွက်သွားပြီး လေထဲတွင်မျောနေသော လမ်းစဉ်၏ နယ်ပယ်ထဲသို့ ရောက်သွားသည်။

ရီဖူရှင်း၏ ခေါင်းထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

“အရာတိုင်းဟာ မွေးဖွါးဖြစ်တည်လာပြီး ပျက်စီးသွားရတယ်။ မင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ နေရာတိုင်းမှာ လမ်းစဉ်ရှိပြီးတော့ သူ့အလိုလို ဖြစ်ပျက်နေမှာပဲ”

ရီဖူရှင်းသည် ထိုစာလုံးမှတဆင့် ကမ္ဘာပေါ်ရှိအရာအားလုံး၏ အစဉ်လိုက်ဖြစ်ပျက်နေပုံကို ခံစားနိုင်ပုံရသည်။ သူ၏စိတ်စွမ်းအားများကို အနီးတစ်ဝိုက်သို့ ဆက်လက် ဖြန်ကျက်လိုက်ရာ ထိုက်ရွှမ်တောင်တစ်ခုလုံးကို မြင်တွေ့ လိုက်ရပြီး တောင်အောက်အထိ ဆက်လက်ဖြန့်ကျက်လိုက်ရာ တောင်ဘက်သို့ ဦးတည်လာနေသည့် မရေမတွက် နိုင်သည့် လူများနှင့် တောင်တစ်လျှောက်လုံးတွင် ရှုတ်ထွေးနေသော အဖြစ်အပျက်များကို တွေ့လိုက်ရသည်။

…

ကောင်းကင်ပြက္ခဒိန် ၁၀၀၃၁ ခုနှစ်၏နှစ်သစ်ကူးနေ့တွင် မရေမတွက်နိုင်သော လူများသည် ထိုက်ရွှမ်တောင် အောက်တွင် စုဝေးလျက်ရှိသည်။ ထို့ကြောင့် ထိုက်ရွှမ်မြို့ထဲတွင် ကြီးမားသောရှုတ်ထွေးမှုများ ဖြစ်စေလေသည်။ ထိုနေရာရှိ လူအများစုသည် မြင့်မားသောကောင်းကင်ဘုံရှိ ထိပ်တန်းပုဂ္ဂိုလ်များနှင့် အစွမ်းထက်သောပုဂ္ဂိုလ်များ ဖြစ်ကြသည်။

နှစ်သစ်ကူးနေ့တွင် ထိုက်ရွှမ်တောင်မှ ဖိတ်ကြားချက်တစ်ခုရခဲ့သည်။ ထိုလူများအားလုံးထဲမှ အစွမ်းအထက်ဆုံး သူများကို အရှင်ထိုက်ရွှမ်နှင့်တွေ့ဆုံနိုင်ရန် တောင်ပေါ်သို့ဖိတ်ခေါ်ခဲ့သည်။

အရှင်ထိုက်ရွှမ်၏ တပည့်လေးယောက်တို့သည် ထိုက်ရွှမ်နန်းတော် အပြင်ဘက်တွင် ရပ်နေကြပြီး ဖိတ်ကြားလွှာများကို ကြည့်ရှုနေကြသည်။ ထိုဖိတ်ကြားလွှာတစ်ခုစီတိုင်းရှိ အမှတ်အသားသည် မြင့်မားသော ကောင်းကင်ဘုံတွင် လှုပ်ခတ်မှုများ ဖြစ်ပေါ်စေရန်လုံလောက်ပေသည်။

“အစ်ကို ဘာလို့ဒီလိုလုပ်ရတာလဲ “ ထိုက်ရွှမ်တောင်အကြီးအကဲကို ထိုက်ရွှမ်မြို့စားက မေးလိုက်သည်။ ထိုအချိန်တွင် ဘုံတစ်ခုလုံး၏ အထွဋ်အထိပ်မှသူများသည် ဖိတ်ကြားလွှာအား လက်ခံရရှိပြီးကြပြီဖြစ်သည်။ ထိုသူများအား လျစ်လျူရှုထားခဲ့မည်ဆိုလျှင် မယဉ်ကျေးရာ ကျပေလိမ့်မည်။

“ငါတို့ရဲ့မိတ်ဆွေတွေက အဝေးကနေလာကြတာ သူတို့ကို ဘယ်လိုလုပ်ပြီး မရိုမသေလုပ်လို့ဖြစ်မှာလဲ” အကြီးအကဲက ပြောလိုက်သည်။ “သူတို့ကို တောင်ပေါ်ကိုဖိတ်ပြီး သူတို့အတွက် အစီအစဉ်တစ်ခု လုပ်ပေးရမယ်”

“ဒါက ဆရာ့ရဲ့ကျင့်ကြံမှုကို အနှောင့်အယှက်မဖြစ်စေဘူးလား” ထိုက်ရွှမ်မြို့စားက မေးလိုက်သည်။

“ကျွန်တော်ကတော့ အစ်ကိုပြောတာကို သဘောတူတယ်။ ဒီလူတွေ ဒီမှာရှိနေမှတော့ တောင်ပေါ် တက်လာဖို့ ဘာလို့ မဖိတ်ခေါ်ရမှာလဲ” တေးသံသာအင်ပါယာက ပြောလိုက်သည်။ ထိုက်ရွှမ်မြို့စားသည် ချက်ချင်း ပြန်မပြောဘဲ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါပဲစီစဉ်လိုက်မယ်” အတန်ငယ်ကြာသောအခါမှ ထိုက်ရွှမ်မြို့စားသည် ထိုသို့ ပြောလိုက်ပြီး လှည့်ထွက်သွားသည်။

***

All Chapters