ရှင်းလင်းစွာ မြင်ရစေမယ်
Vol. 016 Ch. 1512
ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်တစ်ဦးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ တိုက်ခိုက်နေသူများကလည်း လော့ယွဲ့ထံသို့ လှမ်းကြည့်လိုက်ကြသည်။ သေဆုံးခြင်းစွမ်းအားများက ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်၏ အနီးတွင် ရစ်ပတ်နေသည်။ သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် အေးစက်သည့် အကြည့်တို့ ရှိနေခဲ့သည်။
“မင်းက ထိုက်ရွှမ်မြို့တော်အရှင်ရဲ့ သမီး တကယ် ပီသပါပေတယ်။ မင်းတို့ ဘာကြည့်နေကြတာလဲ။ သွားပြန်တိုက်စမ်း” လော့ချုံးယန်က ထိုသို့ အော်ဟစ်လိုက်သည့်အခါ အခြားတန်ခိုးရှင်များက ရုတ်တရက် ရှေ့သို့ တက်လာပြီး လော့ရွဲ့ထံ တိုးဝင်လာသည်။ သူမ ရပ်နေသည့် နေရာတွင် လော့ယွဲ့သည် ပြင်းထန်သည့် ဖိအားကို ခံစားမိပေသည်။
ဘုန်း…
တန်ခိုးရှင် အများအပြားက ရှေ့သို့ တက်လာပြီး လော့ယွဲ့သည် လေထဲမှ သေဆုံးခြင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားကို ခံစားမိပေသည်။ မမြင်နိုင်သည့် သေဆုံးခြင်းစွမ်းအားများက သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်စိမ့်ဝင်လာသည်။
သို့သော် သူမသည် လေထဲရှိ အစွမ်းထက် ဓားက သူမကို ဝိုင်းပတ်နေဆဲ ရှိနေသေးသည်ကို မြင်လိုက်ရသည်။ သူမက ဓားချိပ်တံဆိပ်ကို ပုံဖော်လိုက်ပြီး တခဏအတွင်းမှာပင် ထိုက်ရွှမ်တောင်ထိပ်ပေါ်ရှိ 'လမ်းစဉ်' ဟူသော စာလုံးမှ သဏ္ဌာန်မဲ့ တောက်ပမှုတို့ကို ထုတ်လွှတ်နေသည်။ သူမ၏ အနီးမှ ဓားစွမ်းအားများက ကြောက်မက်ဖွယ် ဓားချီမုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် ကောင်းကင်ကို ဖြတ်သန်းသွားခဲ့၏။
ထိုအချိန်တွင် လော့ယွဲ့သည် သူမကို မည်သူက တိတ်တဆိတ် ကူညီနေသည်ကို သတိပြုမိလိုက်သည်။
သူမက တွေဝေခြင်းမရှိဘဲ ဓားကို ကိုင်စွဲကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ တခဏအတွင်း မရေတွက်နိုင်သည့် နတ်ဓားများက ကောင်းကင်ကို ဖြတ်သန်းကာ အော်မြည်လာပြီး လေထဲသို့ တိုက်ခိုက်လိုက်သည်။ ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များက အံ့အားသင့်သွားကြသည်။ သူတို့က တရကြမ်း တိုးဝင်လာနေသည့် ဓားစွမ်းအားများကို တားဆီးရန်အတွက် သူတို့၏ အစွမ်းထက်နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
မရေတွက်နိုင်သည့် ဓားများက လေထုကို ဖြတ်သန်းလာသည်။ ကြည့်ရသည်မှာ လောကကြီးတစ်ခုလုံးက ဓားချီမုန်တိုင်းကြောင့် ပျက်စီးသွားတော့မလိုပင် ဖြစ်သည်။
ဝုန်း… ဝုန်း… ဝုန်း…
သွေးစီးကြောင်းများက လေထဲတွင် စီးသွားခဲ့ကာ တန်ခိုးရှင်များက ခါးသီးစွာ အော်ဟစ်လိုက်သည်။ လော့ယွဲ့ကို တိုက်ခိုက်လာသည့် တန်ခိုးရှင်အားလုံးသည် ရက်စက်ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့၏။ သူတို့က သွေးများဖြင့် ဖုံးလွှမ်းနေပြီး မြေပေါ်သို့ ပျော့ခွေကာ ကျသွားခဲ့သည်။
လော့ယွဲ့၏ တိုက်ပွဲက ဓားကမ်းပါးမှ တပည့်များကို ဖိအားအများကြီး ဖြစ်ပေါ်လာစေသည်။ ဝမ်ရှိုးရီသည် သူမကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူသည် အရာခပ်သိမ်းဖြတ်တောက်ခြင်း မှ ဒုတိယတိုက်ကွက်ဖြစ်သော တဒင်္ဂနတ်ဓားကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း အပြည့်အဝ နားလည်နိုင်ခြင်း မရှိသေးပေ။ ယခု လော့ယွဲ့က ဤနည်းလမ်းကို အသုံးပြုနေသည်မှာ အဆင့်သစ်သို့ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်သည်။
ထို့ပြင် သူမက တလောကလုံးရှိ မဟာလမ်းစဉ်စွမ်းအားများကို 'လမ်းစဉ်' ဟူသည် စာလုံးနှင့် တသားတည်း ပျော်ဝင်စေကာ အသုံးချနေသည်။ ဤတိုက်ခိုက်မှုက သူမ၏ အရည်အချင်းက မည်မျှ အံ့သြဖွယ်ကောင်းသည်ကို ပြသနေသည်။
ညီမလေး လော့ယွဲ့က မည်သည့်အချိန်မှ စ၍ ထိုမျှ အားကောင်းလာရသနည်း။
“သူမကို ဘယ်သူက လ့ဝှက်ပြီး ကူညီနေတာလဲ။ ကျုပ် ဘာလို့ ခင်ဗျားကို မမြင်နိုင်ရတာလဲ” လော့ချုံးယန်က သူ၏ အကြည့်များကို 'လမ်းစဉ်' ဟူသော စာလုံးထံသို့ ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ အမူအရာက အေးစက်နေ၏။ သူ၏ အဆင့်နှင့် သူသည် ထိုဓားများက လော့ယွဲ့၏ စွမ်းအားမဟုတ်သည်ကို ခံစားနိုင်စွမ်းရှိသည်။ ထိုက်ရွှမ်မြို့တော်အရှင်၏ သမီးက ထိုမျှထိ အားမကောင်းပေ။ သူက လူအချို့အား စေလွှတ်၍ သူမကို ဝန်းရံစေလိုက်သည်။ သူက သူမကို တစ်ဖန်ထပ်ကာ လှုပ်ရှားစေပြီး သူမအား တိတ်တဆိတ် ကူညီနေသည့် လူ၏ တည်နေရာကို ရှာဖွေလိုခြင်း ဖြစ်သည်။
သို့သော် သူသည် ထို ပုန်းကွယ်နေသော သူက သူ၏ စွမ်းအားများကို ထိုက်ရွှမ်တောင်ထိပ်တွင် မျောလွင့်နေသော 'လမ်းစဉ်' ဟူသော စာလုံးနှင့် ပေါင်းစပ်ကာ အသုံးပြုနေကြောင်း တွေ့ရှိလိုက်ရသည်။ သူက ထိုသူ မည်သည့်နေရာမှနေ၍ ဝိညာဉ်စွမ်းအားကို အသုံးပြုနေသည်လဲ ရှာဖွေနိုင်စွမ်းမရှိပေ။
လူများစွာက ထိုက်ရွှမ်တောင်ပေါ်တွင် ကျင့်ကြံနေကြဆဲ ဖြစ်ပြီး ဤနေရာသို့ ရောက်မလာကြပေ။ သို့သော် သူတို့ထဲက မည်သူမှ ပြန်လည်မွေးဖွားခြင်းအဆင့် မဟုတ်ကြပေ။ သူတို့က အရာအားလုံးကို ချင့်ချိန်တွေးဆခဲ့ပြီး ပြန်လည်မွေးဖွားခြင်းအဆင့်အောက်မှ လူများသည် ထိုသို့ လုပ်ဆောင်နိုင်သော စွမ်းရည်မရှိကြပေ။ ပြန်လည်မွေးဖွားခြင်းအဆင့် ပုဂ္ဂိုလ်များပင်လျှင် ထိုသို့ လုပ်ဆောင်ရန် အခက်အခဲ ရှိနေဦးမည် ဖြစ်သည်။
ထို့ကြောင့် သူ၏ အဆင့်သည် ထိုသူကို ရှာရန် လုံလောက်အောင် မြင့်မားခြင်းမရှိပေ။
လော့ချုံးယန်၏ စကားကို ကြားသည့်အခါ လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူတို့က ကြက်သေသေသွားကြ၏။ ဤဓားများက လော့ယွဲ့၏ ဓားများ အမှန်တကယ် မဟုတ်သည်လား။
တစ်စုံတစ်ယောက်က သူမကို တိတ်တဆိတ် ကူညီနေသည်။.
သို့သော် မည်သူက ထိုမျှ တောက်ပသည့် ဓားစွမ်းရည်ကို လျှို့ဝှက်စွာ ထုတ်လွှတ်နိုင်သနည်း။ ဤသည်က အရာခပ်သိမ်းဖြတ်တောက်ခြင်း ၏ ဒုတိယတိုက်ကွက်ဖြစ်သော တဒင်္ဂနတ်ဓားကို အသုံးပြုနေခြင်း ဖြစ်သည်။
ဝမ်ရှိုးရီပင်လျှင် ထိုသို့ ပြုလုပ်နိုင်ခြင်း မရှိပေ။
“မင်းက ထိုက်ရွှမ်တောင်က တပည့်တွေရဲ့ စွမ်းအားကို စစ်ဆေးချင်နေတာမလား။ သူတို့ရဲ့ စွမ်းအားကို စမ်းသပ်နိုင်ဖို့ မင်းရှေ့မှာ လာရပ်ပေးရမှာလား” ထိုက်ရွှမ်အကြီးအကဲက လော့ချုံးယန်ကို ပြောလိုက်သည်။ သူက မည်သူဖြစ်သည်ကို မသိရှိသော်လည်း ထိုသည်က အရေးမကြီးပေ။ အရေးကြီးသည်မှာ သူတို့အတွက် အချိန်ပိုရလာစေရန် ဖြစ်သည်။ သူတို့က သူတို့ ဆရာအတွက် အချိန်ပိုရစေရန် တိုက်ခိုက်ရန်လိုပေသည်။
နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ရတော့မည့် အရှင်ထိုက်ရွှမ်အတွက် အချိန်က အလွန် အရေးကြီးနေသည်။ သူက အရှင်ထိုက်ရွှမ် အနှောက်အယှက် ဖြစ်သွားမည်ကို မလိုချင်ပေ။
“သူမကို ရန်ဟောင်အဆင့် ပုဂ္ဂိုလ်က ကူညီပေးနေလား ဘယ်လိုသိမှာလဲ” လော့ချုံးယန်က အေးစက်စွာ ပြောလိုက်ပြီး သူက 'လမ်းစဉ်' စာလုံးကို မော့ကြည့်လိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်လျှင် ရုတ်တရက် ကောင်းကင်က မှောင်မည်းလာသည်။ ကြီးမာသည့် လက်ဝါးရိပ်တစ်ခုက ကောင်းကင်တွင် ပေါ်ပေါက်လာကာ ထိုစာလုံးပေါ်သို့ ကျဆင်းလာခဲ့၏။
ဘုန်း…
ကျယ်လောင်သည့် အသံနှင့်အတူ ထိုက်ရွှမ်တောင်မှာ အရာအားလုံးက ပြင်းထန်စွာ တုန်ခါလာသည်။ 'လမ်းစဉ်' ဟူသည့် စာလုံးက ကွဲကြေသွားခဲ့သည်။ ထိုခဏတွင် ထိုက်ရွှမ်တောင်မှ လူများ အားလုံးသည် ထူးခြားဆန်းကြယ်သည့် စွမ်းအားကို ထပ်၍ မခံစားမိကြတော့ပေ။
ထိုက်ရွှမ်တောင်မှ တန်ခိုးရှင်အားလုံးက လော့ချုံးယန်ကို အေးစက်စွာ ကြည့်လိုက်သည်။ မိစ္ဆာအိုကြီးလော့သည် အမြဲပင် မောက်မာပြီး အကျိုးအကြောင်း ဆီလျော်မှု မရှိဘဲ ယခုတွင် မင်းသားလော့ချုံးယန်သည်လည်း သူ၏ အရှိန်အဝါကို ဆက်ခံထားသည်။ သူက မိမိကိုယ်ကိုယ်သာ မှန်သည်ဟု မှတ်ယူထားပေသည်။ သူသည် ထိုက်ရွှမ်တောင်ကို ကာကွယ်ထားသည့် အရှင်ထိုက်ရွှမ်၏ စာလုံးသင်္ကေတကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
ထိုက်ရွှမ်အကြီးအကဲက တောင်ထိပ်သို့ မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ ပြိုင်ဘက်က ပြဿနာ ဖြစ်ချင်နေသည့်အတွက် ထိုသူက နှောင့်နှေးနေလိမ့်တော့မည် မဟုတ်သည်ကို သတိပြုမိလိုက်သည်။ မည်သည့် ကိစ္စရှိပါစေ သူက တိုက်ခိုက်ရန် ဆင်ခြေရှာလိမ့်မည် ဖြစ်သည်။
ရှီလင်နတ်မြို့တော်မှ လူတို့သည် ဤနေရာကို လာ၍ အရှင်ထိုက်ရွှမ် နောက်တစ်ဆင့် မရောက်ရှိနိုင်စေရန် လာရောက် နှောက်ယှက်ခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က. ရန်ဟောင်အဆင့်သို့ တက်သည့်အခါ အကျိုးရှိရန် ကျင့်ကြသည့်အချိန်တိုင်း ကောင်းကင်နှင့် မြေကြီးတို့ဖြင့် ဆက်သွယ်ရပေသည်။ အထူးသဖြင့် ထိုသည်က ရန်ဟောင်အဆင့် အထွတ်အထိပ်ရောက်နေသည့် တစ်စုံတစ်ယောက်အတွက် မှန်ကန်ပေသည်။ သူတို့သည် ထိုးထွင်းသိမြင်မှု ရှိလာပြီးနောက် တားဆီးနေသည့် အဆင့်ကို ချိုးဖျက်ရန် အခွင့်အရေး ရှာဖွေကြရသည်။ သူတို့၏ သမာဓိ တစ်ကြိမ် ပျက်စီးသွားပါက လမ်းစဉ်သည် ကျိုးပျက်သွားကာ သူတို့၏ ကျရှုံးနိုင်ချေက မြင့်မားသွားပြီး နောက်တစ်ဆင့်သို့ ထပ်တက်ရန် မဖြစ်နိုင်တော့ပေ။
'လမ်းစဉ်' ဟူသည့် စာလုံးက ဤနေရာသို့ ကျင့်ကြံရန် လာသူများအတွက်သာ အကျိုးအမြတ်ရှိစေသည်သာမက အရှင်ထိုက်ရွှမ်သည် သူကိုယ်တိုင်အတွက်လည်း ကာကွယ်ထားခြင်း ဖြစ်သည်။ သူက ထိုစာလုံးကို အသုံးပြု၍ သူ့ကိုယ်သူ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအားတို့ဖြင့် ဆက်သွယ်ကာ သူ့ကို ထိုးထွင်းသိမြင်မှု အားကောင်းလာစေရန် ကူညီပေးသည်။
ယခု လော့ချုံးယန်က သူ၏ လက်ကို မြှောက်ကာ ၎င်းအား ဖျက်ဆီးပစ်လိုက်သည်။
“လော့ချုံးယန်” ထိုက်ရွှမ်အကြီးအကဲက အေးစက်စွာ ပြောလိုက်သည်။ “အဲဒီစာလုံးက ကျုပ်တို့ ဆရာ ဖန်ဆီးထားတာပဲ။ အခု မင်းတို့က ဒီနေရာကို ဧည့်သည်အဖြစ်ရောက်လာလို့ ကျုပ်တို့က ကြိုဆိုပေးခဲ့တယ်။ ဒါပေမယ့် မင်းတို့က ဒီကို လာပြီး ပြဿနာဖြစ်စေတာကြောင့် ရှီလင်ကို ပြန်သွားကြပါတော့”
သူက ရှေ့သို့ ခြေလှမ်းကာ ထိုသို့ ပြောလိုက်သည်။ ခဏချင်းအတွင်းတွင် အစွမ်းထက် စွမ်းအားက တောင်တစ်ခွင်ကို ဖိနှိပ်လာပြီး ထိုက်ရွှမ်တောင်မှ တပည့်များနှင့် ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များ အပါအဝင် လူတိုင်းကို လွှမ်းခြုံသွားသည်။ လော့ချုံးယန်သာ တစ်ခုခု မလုပ်ခဲ့လျှင် သူက သူအပါအဝင်လူတိုင်းကို မြေမြှပ်ပစ်ရန် ကြိုးစားနေဟန်တူသည်။
လော့ချုံးယန်၏ အရှိန်အဝါတို့ကလည်း ပေါက်ကွဲထွက်လာသည်။ သူက သေဆုံးခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေခဲ့၏။ သူက နက်မှောင်နေသည့် မျက်လုံးများဖြင့် ထိုက်ရွှမ်အကြီးအကဲကို ကြည့်လိုက်သည်။ ထိုက်ရွှမ်တောင်သည် မှောင်မိုက်လာပြီး သေဆုံးခြင်းစွမ်းအားများက လူတိုင်းကို ရစ်ပတ်လွှမ်းခြုံလာသည်။ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များ လှုပ်ရှားလာခဲ့လျှင် ရှန့်ထိုအဆင့် တန်ခိုးရှင်များက ပုရွက်ဆိတ်များကဲ့သို့ အဆုံးသတ်သွားရလိမ့်မည် ဖြစ်သည်။
“မင်းတို့ တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်လို့ရတယ်။ အပြစ်မဲ့တဲ့လူတွေကိုတော့ ထိခိုက်စရာမလိုပါဘူး” ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်သည် သူ၏ တောက်ပသော ရွှေရောင်အလင်းတို့ကို ထုတ်လွှတ်ကာ သူ့ကိုယ်သူ ဖုံးလွှမ်းလိုက်ပြီး ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များကိုပါ ဖုံးလွှမ်းလိုက်သည်။ သူက ရွှေရောင်အလင်း အကာအကွယ်ကို ဖန်တီးလိုက်၏။
ဂီတနတ်နန်းတော်မှ နန်းတော်သခင်သည်လည်း ရှေ့သို့ တက်လာခဲ့သည်။ မဟာလမ်းစဉ် ကောင်းကင်တေးသွားက ထွက်ပေါ်လာပြီး ရှန့်ရှောင်းနန်းတော်မှ တပည့်များကို ကာကွယ်ပေးထားလိုက်၏။
မမြင်နိုင်သော မဟာလမ်းစဉ် မုန်တိုင်းက လေထဲတွင် ဖြစ်ပေါ်လာကာ အလွန် ကြောက်မက်ဖွယ် ကောင်းလာသည်။ ရှန့်ထိုအဆင့် တန်ခိုးရှင်များသည် ထိုစွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ကိုယ်သူတို့ သိမ်ငယ်သွားသလို ခံစားရပေသည်။
ထိုက်ရွှမ်တောင်မှ လူအများသည် နောင်တရလာကြပေသည်။ ထိုသူတို့က ဤနေရာသို့ မည်သည့်အခါမှ မလာခဲ့သင့်ကြပေ။
တိုက်ပွဲက အမှန်တကယ် ဖြစ်ပွားလာသည့်အခါ ပျက်စီးဆုံးရှုံးမှုက သေးသေးမွှားမွှား ဖြစ်လိမ့်မည် မဟုတ်ပေ။
ထိုက်ရွှမ်မြို့တော်အရှင်နှင့် တေးသံသာအင်ပါယာတို့လည်း ရှေ့သို့ ထွက်လာပြီး သူတို့၏ စွမ်းအားများနှင့် ထိုက်ရွှမ်တောင်မှ လူများကို လွှမ်းခြုံပေးထားလိုက်သည်။ သူတို့က စတင်တိုက်ခိုက်သည့်အခါ ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များကို ရှုံးနိမ့်စေရန် သူတို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြရလိမ့်မည် ဖြစ်သည်။
သို့သော် ထိုအခိုက်တွင် လော့ချုံးယန်၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတို့ ဖြတ်ပြေးသွားကာ သူက ပြုံးလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ သူတို့အား ရန်စနေသည်နှင့် တူပေသည်။
“အရှင်ထိုက်ရွှမ်က ခင်ဗျားရဲ့ အကြီးအကဲပဲ။ သူရဲ့ သင်ပြပေးမှုအောက်မှာ ခင်ဗျားက ကောင်းကင်ကိုတောင် ရောက်ရှိနိုင်တော့မယ်။ ကျုပ်က ဒီကို လာလည်မှာတော့ ဘာလို့ ကျုပ် တစ်ယောက်တည်း လာနိုင်မှာလဲ” လော့ချုံးယန်က အေးစက်စွာ ပြောလိုက်သည်။ သူက ထိုသို့ ပြောလိုက်လျှင် ထိုက်ရွှမ်အကြီးအကဲ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသလို အခြားသူများလည်း အတူတူပင် ဖြစ်သည်။
အမှန်တွင် ထိုက်ရွှမ်အကြီးအကဲသည်လည်း ထိုသို့ တွေးမိပေသည်။ သူက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ ထိုက်ရွှမ်တောင်တစ်ခုလုံးကို ဖုံးလွှမ်းလိုက်သော်လည်း သူသည် မိစ္ဆာအိုကြီးလော့ကို ခံစားမိခြင်း မရှိပေ။ သို့သော် ထိုသူ၏ အဆင့်က အလွန် မြင့်မားနေ၍ သူက ထိုသူ၏ တည်ရှိမှုကို မခံစားနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
“မကောင်းတော့ဘူး” ရုတ်တရက် ထိုက်ရွှမ်အကြီးအကဲက အစွမ်းထက် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူက အရှိန်အဝါကို ခံစားမိခြင်းမရှိသော်လည်း အလွန် မြင့်မားသည့် အဆင့်ရှိတစ်စုံတစ်ယောက်၏ မဖော်ပြနိုင်သော ခြိမ်းခြောက်မှုကို ခံစားရစေသည်။
အမှန်တကယ်ပင် သူ ထိုသို့ခံစားနေရသည့် အခိုက်တွင် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားက ကျဆင်းကာ ပေါက်ကွဲထွက်လာသည်။ ကောင်းကင်မှ လက်တစ်ဖက် ဆန့်ထွက်လာသည်။ ကောင်းကင်မှ နတ်ဆိုးလက်ဝါးတစ်ဖက် ကျဆင်းလာပြီး ထိုက်ရွှမ်တောင် အထွတ်အထိပ် ထိုက်ရွှမ်နန်းတော်သို့ ရိုက်ခတ်လာလေသည်။
ဘုန်း…
ကျယ်လောင်သည့် အသံထွက်ပေါ်လာပြီး ထိုက်ရွှမ်တောင်ထိပ်မှ နန်းတော်သည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပေသည်။
နောက်တခဏတွင် လူတိုင်းသည် ကောင်းကင်မှ နတ်ဆိုးပုံရိပ်တစ်ခုကို မြင်လာရသည်။ ရောက်လာသူကား ရှီလင်နတ်မြို့တော်မှ မိစ္ဆာအိုကြီးလော့ပင် ဖြစ်သည်။
“အရှင်ထိုက်ရွှမ်က နောက်တစ်ဆင့်ကို ချိုးဖျက်တော့မယ်လို့ ကြားတယ်။ အဲဒါကြောင့် ကျုပ်ကလည်း ဂါရဝလာပြုရတာပေါ့” မိစ္ဆာအိုကြီးလော့က ပြောလိုက်ပြီး သူ့အသံက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေသည်။ ထိုက်ရွှမ်မြို့မှ လူများသည် တုန်ယင်လာကြပေသည်။ မိစ္ဆာအိုကြီးလော့က အရှင်ထိုက်ရွှမ် နောက်တစ်ဆင့် ချိုးဖျက်ခြင်းမှ တားဆီးရန်အတွက် ကိုယ်တိုင် ရောက်လာခဲ့သည်။ သူက တိုက်ပွဲစတင်ရန် တွေဝေခြင်းမရှိဘဲ ထိုက်ရွှမ်တောင်ကို ဖျက်ဆီးပစ်လိုက်သည်။ သူ၏ ဆုံးဖြတ်ချက်က သိသာထင်ရှားပေသည်။
ရှီလင်နတ်မြို့တော်သည် အရှင်ထိုက်ရွှမ် နောက်တစ်ဆင့်သို့ တက်ရောက်သွားမည်ကို မြင်တွေ့လိုခြင်း မရှိကြပေ။
“အရှင်…”
ထိုက်ရွှမ်အကြီးအကဲနှင့် အခြားသူများက မော့ကြည့်လိုက်ကြသည်။ လူတိုင်းက ပျက်စီးသွားသည့် နန်းတော်၏ အပေါ်သို့ ကျရောက်လာခဲ့သည်။
ထိုက်ရွှမ်နန်းတော်သည် ထိုက်ရွှမ်တောင်ပေါ်တွင် မားမားမတ်မတ် တည်ရှိခဲ့ပြီး သူတို့အတွက် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။ ယခု ၎င်းက မိစ္ဆာအိုကြီးလော့ လက်ထဲ၌ ဖျက်ဆီးခံလိုက်ရသည်။
အပျက်အစီးများကြားတွင် ပုံရိပ်တစ်ခုက သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ အရှင်ထိုက်ရွှမ်သည် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်ကို ဖုန်များဖြင့် ဖုံးလွှမ်းထားသော်လည်း သူ၏ ခန့်ညားမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ထိုက်ရွှမ်အကြီးအကဲနှင့် အခြားသူများက ဦးညွှတ်လိုက်သည်။ “ကျွန်တော်တို့ အရှင့်ကို ကာကွယ်ဖို့ စွမ်းအား မလုံလောက်ခဲ့လို့ ကျင့်ကြံနေတာကို အနှောက်အယှက် ဖြစ်စေမိပါတယ်”
“ရှီလင်နတ်မြို့တော်က မိစ္ဆာအိုကြီးလော့ ကိုယ်တိုင် ဒီကို ရောက်လာတာ မင်းတို့က ဘယ်လိုများ ခုခံနိုင်မှာလဲ” အရှင်ထိုက်ရွှမ်က သူတို့ကို သာမန်အတိုင်းပင် ပြောလိုက်သည်။ သိသာစွာပင် သူက သူတို့အား အပြစ်တင်ခြင်း မရှိပေ။ မိစ္ဆာအိုကြီးလော့က သူနှင့် အဆင့်တူတွင် ရှိကာ သူက သားဖြစ်သူ လော့ချုံးယန်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။ သူ၏ ပြိုင်ဘက်က သူ့ ကျင့်ကြံခြင်းကို အနှောက်အယှက် ပြုချင်နေလျျှင် သူ၏ လူများက သူတို့အား တားဆီးနိုင်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။
“မတွေ့တာ ကြာပြီ အရှင်ထိုက်ရွှမ်” မိစ္ဆာအိုကြီးလော့က မိတ်ဆွေဟောင်းများ တွေ့ဆုံ သကဲ့သို့ နှုတ်ဆက်လိုက်သည်။ အရင်က ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့သူမှာ သူမဟုတ်သကဲ့သို့ပင် ဖြစ်သည်။
အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ကျုပ်လည်း ခင်ဗျားကို တစ်ချိန်လုံး သတိရနေခဲ့တာ” ထိုအချိန်တွင် ထိုက်ရွှမ်မြို့ရှိ လူတိုင်းက မွန်းကြပ်ဖွယ် ဖိအားကို ခံစားလိုက်ကြရသည်။ သူတို့ နှစ်ယောက်က သာမန်အတိုင်း စကားပြောဆိုနေသော်လည်း သူတို့သည် အလွန် ခြိမ်းခြောက်နိုင်သော လေထုကို ခံစားမိကြပေသည်။
မဟာလမ်းစဉ်စွမ်းအားများက ပြင်းထန်စွာ လှုပ်ရှား စီးဆင်းနေပြီး ရာသီဥတုက ပြောင်းလဲလာသည်။ တောက်ပသည့် အလင်းရောင်တစ်ခုက အရှင်ထိုက်ရွှမ်၏ လက်မောင်းမှ တောက်ပလာသည်။ ၎င်းမှာ ဓားအလင်း ဖြစ်သည်။ ထိုအချိန်တွင် ကျယ်ပြောသည့် လောကတစ်ခွင်လုံးက ဓားအလင်းတို့ဖြင့် တောက်ပလာသည်ဟု ထင်မှတ်ရသည်။
ဓားများက နေရာအနှံ့တွင် ရှိနေပြီး အရှင်ထိုက်ရွှမ်ကိုယ်တိုင်က ဓားတစ်လက် ဖြစ်သွားသကဲ့သို့ တောက်ပသည့် အလင်းများဖြင့် လင်းလက်နေခဲ့သည်။
“တဒင်္ဂနတ်ဓားရဲ့ တတိယတိုက်ကွက်က တဒင်္ဂဓားစွမ်းအားပဲ… ကျုပ် ရှင်းရှင်းလင်းလင်း ပြပေးမယ်” အရှင်လော့ရွှမ်က ပြောလိုက်သည်။ သူ၏ အသံက ထိုက်ရွှမ်တောင်တစ်ခွင်သို့ ပဲ့တင်ထပ်လာ၏။ သူ့ကို ကြည့်နေသည့် လူတိုင်း၏ မျက်နှာက လေးနက်လာသည်။
သူက တစ်ယောက်ယောက်ကို ပြောနေသည်လား။
မဟုတ်လျှင် သူက ထိုက်ရွှမ်တောင်မှ ဓားသမားများ အားလုံးကို ပြောနေသည်လား။
တဒင်္ဂနတ်ဓား၏ တတိယဓားချက်က အလွန်အစွမ်းထက်ပြီး နောက်ဆုံး တိုက်ကွက်လည်း ဖြစ်သည်။
လူတိုင်းက သူ့ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့က သူ့ကို စောင့်ကြည့်နေကြသည့်အချိန်၌ သူ၏ လက်က မြောက်တက်လာကာ ကောင်းကင်သို့ ညွှန်ပြလိုက်လေသည်။
***