← Chapters

အဆင့်တက်ပြီလား

Vol. 016 Ch. 1513

အဆင့်တက်ပြီလား

Vol. 016 Ch. 1513

ထိုအချိန်၌ ထိုက်ရွှမ်တောင်ပေါ်တွင် အရှင်ထိုက်ရွှမ်တစ်ဦးသာ ရှိတော့သည်ဟု ထင်မှတ်ရသည်။

သူ၏ လက်ချောင်းက ကျဆင်းလာသည့်အခါ အဆုံးမဲ့ ကျယ်ပြောသည့် လေဟာနယ်က အေးခဲ ရပ်တန့်သွားသလို ထင်မှတ်ရသည်။

လူတိုင်းသည် ဖွင့်ဆိုရှင်းပြ၍ မရနိုင်သော အသက်ဓာတ်ကို ခံစားလိုက်ကြရကာ သူတို့၏ အတွေးများ ရပ်တန့်သွားသလို ခံစားလိုက်ကြရသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ဓားတစ်လက်သာ တည်ရှိတော့သကဲ့သို့ ဖြစ်သည်။

ဤဓားက လွှတ်ထွက်လာသည့်အခါ ကောင်းကင်က မှောင်မိုက်လာကာ အရှင်ထိုက်ရွှမ်၏ ပုံရိပ်က ပုံရိပ်ယောင်သဖွယ် ဖြစ်လာသည်။ သူက ယခင်နေရာ၌ပင် ရှိနေသေးသည်ဟု ထင်မှတ်ရသော်လည်း သူ၏ အစစ်အမှန် ခန္ဓာကိုယ်က မိစ္ဆာအိုကြီးလော့ရှေ့တွင် ပေါ်ပေါက်လာ၏။ ထိုထက်ရှသည့် လက်ချောင်းဓားသွားသည် ကောင်းကင်ကို ဖြတ်ကာ ကျဆင်းလာ၏။

အရှင်ထိုက်ရွှမ်က လှုပ်ရှားမှုလုပ်လိုက်သည့်အခါ မိစ္ဆာအိုကြီးလော့ကလည်း ၎င်းကို ခံစားမိ၏။ သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအားများက ချက်ချင်း ပေါက်ကွဲထွက်လာကာ ၎င်း၏ ဖိအားသည် မိုင်ထောင်ချီဝေးသည့် တောင်များ မြစ်များဆီသို့ပင် ဖြတ်သန်းသွား၏။ ကောင်းကင်သည် အမှောင်လွှမ်းသွားကာ နက်စွေးသွားခဲ့သည်။ သူ၏ လက်ဝါးက တွေဝေခြင်းမရှိဘဲ အောက်သို့ ကျဆင်းလာကာ ထိုဓားနှင့် ရင်ဆိုင်၏။

ချက်ချင်းပင် လောကကြီးက မှုန်ဝါးမှောင်မိုက်သွားလေသည်။ အမှောင်ထုက လူအများ၏ ရှေ့တွင် ကျဆင်းလာပြီး သူတို့သည် သေခြင်းတရား၏ ရှေ့မှောက်သို့ ရောက်နေသကဲ့သို့ ခံစားလိုက်ကြရပေသည်။ သို့သော် မှောင်မိုက်နေသည့် ကောင်းကင်တွင် အလွန် လင်းလက်နေသည့် ဓားအလင်းက ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်ကာ နတ်အလင်းတို့က မိစ္ဆာအိုကြီးလော့ကို ဖြတ်သန်း၍ ကောင်းကင်ထက်သို့ ချက်ချင်း ထိုးတက်သွားခဲ့သည်။

တခဏအတွင်း ဓား၏ အဆုံးမဲ့ နတ်အလင်းတို့က အမှောင်ထုကို ခွင်းကာ အလင်းတို့ဖြင့် တောက်ပလာစေသည်။ မိစ္ဆာအိုကြီးလော့၏ ခန္ဓာကိုယ်သည် ဓားအလင်းများအတွင်း ဆွဲယူခံရကာ ရေကဲ့သို့ လှုပ်ရှားသွားပြီး သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွား၏။ အားလုံးသော လမ်းစဉ်စွမ်းအားများက ဖျက်ဆီးခံလိုက်ရသည်။

ထိုပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အချိန်က ရပ်တန့်သွားခဲ့သည်ဟု ထင်မှတ်ရ၏။ လူအုပ်ကြီးသည် မိစ္ဆာအိုကြီးလော့၏ ရုန်းကန်မှုကို မျက်မြင်တွေ့ခဲ့ရသည်။ ထိုက်ရွှမ်တောင် အနီးရှိ ထိုက်ရွှမ်မြို့တစ်မြို့လုံးမှ လူများသည်ပင် ထိုတိုက်ခိုက်မှု စွမ်းအားကို ခံစားမိကြသည်။

အတွေးပေါင်းများစွာက သူတို့၏ ခေါင်းထဲတွင် ထင်ဟပ်လာသော်လည်း တခဏမျှသာ ဖြစ်နိုင်ပေသည်။

ဟူး… ဟူး…

နတ်အလင်းက လှည့်ပတ်ကာ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လူအုပ်ကြီးက ကောင်းကင်ကို ထိုးဖောက်သည့် ဓားတစ်လက်ကို မြင်တွေ့လိုက်ကြရသည်။ မရေတွက်နိုင်သည့် နတ်ဓားများက အမှောင်ထုကို ခွင်းကာ အဆက်မပြတ်လှုပ်ရှားလာကြ၏။ မိစ္ဆာအိုကြီးလော့၏ ခန္ဓာက အထက်ကောင်းကင်သို့ တည့်မတ်စွာ လွင့်စင်သွားပြီး တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတော့၏။

သို့သော် မကြာခင်၌ မိစ္ဆာအိုကြီးလော့၏ မျက်နှာက ပေါ်ပေါက်လာသည်။ ယခုကား သူ၏ မျက်နှာက ပျက်ယွင်းနေပုံရကာ မျက်လုံးများက အေးစက်နေ၏။

မည်သူမှ ထိုမျက်လုံးများကို မကြည့်ရဲကြပေ။ ကြည့်မိသူများက ထိုမျက်လုံးများအတွင်း ပြုတ်ကျသွားသလို ခံစားလိုက်ကြရပေသည်။

“ခင်ဗျား အဆင့်တက်သွားပြီလား” မိစ္ဆာအိုကြီးလော့၏ အသံ ထွက်ပေါ်လာသည်။

အရှင်ထိုက်ရွှမ်က သူ၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။ သူ့ မျက်လုံးများက ကောင်းကင်ထက်သို့ ဝေ့ဝဲကြည့်လိုက်ကာ ပြောလိုက်၏။ “ကျုပ် အဆင့်တက်သွားမှာ မမြင်ချင်လို့ ရှီလင်နတ်မြို့တော်က ဒီအထိ ရောက်လာတာလား”

ရှီလင်နတ်မြို့တော်မှ ထိုက်ရွှမ်တောင်အား တချိန်လုံး အနှောင့်အယှက်ပေးရန် ကြိုးစားခဲ့သည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာအိုကြီးလော့က ထိုက်ရွှမ်နန်းတော်ကို ဖျက်ဆီးရန် ကြိုးစားခဲ့သေး၏။ ထိုသို့လုပ်ခြင်းက သူ၏ ကျင့်ကြံခြင်းကို နှောင့်ယှက်ရုံမျှမက သူ့ကို ဒဏ်ရာများစွာ ရရှိစေရန်ပင် ရည်ရွယ်ခဲ့ကာ သူ၏ အဆင့်တက်ခြင်း ပျက်စီးသွားစေရန် လုပ်ဆောင်ခဲ့၏။

ရှီလင်နတ်ဆိုးများ၏ ဦးဆောင်သူအနေဖြင့် မိစ္ဆာအိုကြီးလော့သည် ကြမ်းကြုတ်ကာ ရက်စက်၏။ သူ့တွင် မည်သည့် သနားညှာတာမှုမှ မရှိပါ။

“ခင်ဗျားရဲ့ လက်ရှိ အခြေအနေကို တစ်ချက်လောက် ကြည့်ချင်ရုံပါ။ အခု မြင်ပြီးပြီဆိုတော့ ကျုပ်တို့ ရှီလင်နတ်မြို့တော်က နှုတ်ဆက်ရတော့မှာပေါ့” မိစ္ဆာအိုကြီးလော့က ပြောလိုက်သည်။ ရုတ်တရက် လော့ချုံးယန်နှင့် အခြားလူများက အလျင်အမြန် ပြန်ဆုတ်ခွာလိုက်ကြသည်။ ဓားတစ်ချက်က သူ၏ ဖခင်ကို ဒဏ်ရာရရှိသွားစေသည်ကို သူက သိမြင်ပြီးဖြစ်ပေသည်။

အရှင်ထိုက်ရွှမ်က တိုက်ကွက်တစ်ကွက်တည်းဖြင့် သူ့ဖခင်ကို ဒဏ်ရာရစေခဲ့ပြီး သူ အဆင့်တက်သွားပြီ ဖြစ်ကြောင်း ပြသခဲ့သည်။ ထိုက်ရွှမ်တောင်သည် သူတို့ နှောက်ယှက်၍ရသော နေရာမဟုတ်တော့ကြောင်း သိသာစေခဲ့၏။

“မင်းက လာချင်တိုင်းလာပြီး သွားချင်တိုင်း သွားလို့ရမယ်များ ထင်နေလား” အရှင်ထိုက်ရွှမ်က လေဟာနယ်တွင် လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောသည်။ ကြီးမားသည့် လမ်းစဉ်စာလုံးကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာကာ ကောင်းကင်ထက်တွင် ရစ်ဝဲနေခဲ့သည်။

“လော့ချုံးယန် ကျုပ်ရဲ့ လမ်းစဉ် စာလုံးကို ဖျက်ဆီးခဲ့တုန်းက မင်းရဲ့ ဂျူနီယာဆိုတဲ့ အဆင့်လေးကို ထောက်ထားပြီး ဒုက္ခမပေးချင်ခဲ့ဘူး။ အခု မင်း ဒီစာလုံးကနေ ကိုယ်အားကိုယ်ကိုးပြီး လျှောက်ထွက်သွားရမယ်။ ဘာစွမ်းအားကိုမှ မသုံးရဘူး” အရှင်ထိုက်ရွှမ်က လော့ချုံးယန်ကို ပြောလိုက်သည်။ လော့ချုံးယန်က ထိုစာလုံးကို ကြည့်လိုက်ပြီး သူက မွန်းကြပ်သည့် အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။

ထိုစာလုံး၏ စွမ်းအားသည် ယခင်ကထက် ပို၍ အင်အားကြီးကာ အဖျက်စွမ်းအားများ ရှိနေသည်ကို သူခံစားမိ၏။

သူ၏ မျက်နှာက ဖြူဖျော့လာကာ အရှင်ထိုက်ရွှမ်ကို ကြည့်လိုက်သည်။ သူက လေထဲမှ လျှောက်လာကာ ထိုစာလုံးဆီသို့ လျှောက်သွား၍ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထိုလမ်းစဉ်စာလုံးမှ အဆုံးမဲ့ ဓားစွမ်းအားများ ပေါင်းစည်း ဖြစ်တည်လာကာ လော့ချုံးယန်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးဆုတ်ဖြဲရန် ကြိုးစားကြ၏။ သူ့ကို ကြည့်ရသည်မှာ ကြောက်မက်ဖွယ် လမ်းစဉ် စွမ်းအား အောက်တွင် ဝေဒနာကြီးစွာ ခံစားနေရသကဲ့သို့ပင် ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်က ပျက်စီးသွားကာ သူ့ ခန္ဓာကိုယ်က မဟာလမ်းစဉ်၏ အဆုံးမဲ့နတ်ဓားများနှင့် ထိုးဖောက်ခံနေရသကဲ့သို့ ထင်မှတ်ရပေသည်။ သူ၏တစ်ကိုယ်လုံးမှ သွေးမှား ယိုစီးကျလာ၏။

သွေးစက်တိုင်းတွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ် စွမ်းအားများ ပါဝင်နေသည်။

ဘန်း..

လော့ချုံးယန်၏ ဆံပင်က ရှုပ်ပွနေကာ လေထဲတွင် တလူလူလွင့်နေသည်။ သူ့ ခန္ဓာကိုယ်က အရှင်ထိုက်ရွှမ်၏ ဓားစွမ်းအားများအတွင်းသို့ ဝင်ရောက်သွားပုံပေါ်သည်။ အရှင်ထိုက်ရွှမ်က ရပ်ရုံသာ ရပ်နေသော်လည်း ထိုစာလုံးသင်္ကေတများသည် သူ၏ စိတ်နှင့် တသားတည်း ဖြစ်နေသည်ဟု ထင်မှတ်ရကာ စူးရှသည့် ပွတ်တိုက်သံများကို ထွက်ပေါ်နေစေသည်။

လော့ချုံးယန်သည် စာလုံးကို ဖြတ်ကျော်လာနိုင်သည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်က သွေးတို့ဖြင့် ချင်းချင်းနီနေခဲ့၏။ သူ၏ ခန္ဓာကိုယ်အထက်တွင် ပြင်းထန်သည့် အသက်ဓာတ်တို့ ပျံ့နှံ့နေသည်။

“စီနီယာ ဘယ်လိုထင်ပါလဲ” လော့ချုံးယန်က အရှင်ထိုက်ရွှမ်ကို မေးလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူတိုင်းက တုန်ယင်နေကြ၏။ လော့ချုံးယန်သည် ထိုသို့ စော်ကားမှုကို ခံစားနေရသော်လည်း မိစ္ဆာအိုကြီးလော့က ရှေ့ထွက်မလာခဲ့ပေ။ သိသာစွာပင် မိစ္ဆာအိုကြီးသည် ဒဏ်ရာရထားသည့်အတွက် ဝင်မစွက်ဖက်ဘဲ လော့ချုံးယန်အား ဤမျှထိ စော်ကားခံရမှုကို ခွင့်ပြုထားခြင်း ဖြစ်ပေသည်။

အရှင်ထိုက်ရွှမ်က မည်မျှ အားကောင်းနေသနည်း။

အရှင်ထိုက်ရွှမ်က အမှန်တကယ် အဆင့်တက်သွားခဲ့ပြီလား…။

ဂီတနတ်နန်းတော်သခင်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ အကြီးအကဲ ကဲ့သို့ အချို့သော ထင်ရှားသည့် ပုဂ္ဂိုလ်များသည် အရှင်ထိုက်ရွှမ်အပေါ်၌ အာရုံစိုက်နေကြပေသည်။ မိစ္ဆာအိုကြီးလော့၏ ခွန်အားကို သူတို့ ကောင်းကောင်းသိသော်လည်း ယခုတွင် မိစ္ဆာအိုကြီးလော့က တိုက်ခိုက်မှု၌ ကျရှုံးခဲ့ပြီး အရှင်ထိုက်ရွှမ်ကြောင့် ဒဏ်ရာပင် ရခဲ့သည်။ ထို့ကြောင့် အရှင်ထိုက်ရွှမ်က ယခင်ကထက် ပို၍ အားကောင်းလာသည်မှာ သိသာလေသည်။

အထက်ကောင်းကင်ဘုံ၌ ထိုက်ရွှမ်တောင်၏ အဆင့်အတန်းက တဖန်ပြောင်းလဲလာပြန်ပြီ ဖြစ်သည်။

“မင်း လမ်းစဉ်စာလုံးကို ဖျက်ဆီးတဲ့ ကိစ္စကတော့ ပြီးသွားပြီ။ နောက်ထပ် ရှီလင်နတ်မြို့တော်က တပည့်တွေ ထိုက်ရွှမ်တောင်တပည့်တွေကို ရိုင်းစိုင်းခဲ့တယ်။ မင်းတို့က ဒီကိစ္စရပ်တစ်ခုလုံးမှာ အတင်းဖိအားပေးခဲ့တာပဲ။ အခု အဲဒီကိစ္စကို ဆက်ကြမလား” အရှင်ထိုက်ရွှမ်က ထပ်ပြောလိုက်သည်။ သူက လူတိုင်းနှင့် တစ်ခုချင်းစီ ဖြေရှင်းရန် ရည်ရွယ်နေသည်။

ပထမဆုံး မိစ္ဆာအိုကြီးလော့ ဖြစ်ကာ ထို့နောက်တွင် လော့ချုံးယန်ကို ဖြေရှင်းခဲ့ပြီး နောက်ဆုံး၌ တိုက်ခိုက်ရန် ခေါ်ဆောင်လာခဲ့သည့် ရှီလင်နတ်တောင် တပည့်များ ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူက စာလုံးသင်္ကေတများကို ထပ်၍ ပေါင်းထည့်ကာ လေထဲတွင် ပေါ်ပေါက်လာစေသည်။ ယခင်က တိုက်ခိုက်ခဲ့သူများကို ၎င်းစာလုံးများ၏ စွမ်းအားကို ခံစားစေမည်လား။

ရှီလင်နတ်မြို့တော်မှ တပည့်များက တိုက်ခိုက်ရန် စိတ်ကူးမရှိကြတော့ပေ။ သူတို့ နတ်မြို့တော်၏ ဘုရင် မိစ္ဆာအိုကြီးလော့က ရှုံးနိမ့်ခဲ့ပြီး အိမ်ရှေ့စံ လော့ချုံးယန်သည်လည်း လမ်းစဉ်စာလုံးကို ဖြတ်လျှောက်ရန် ဖိအားပေးခံခဲ့ရသည်။ ထို့ကြောင့် သူတို့က အရှင်ထိုက်ရွှမ် အဆင့်တက်ခြင်းကို နှောက်ယှက်ရာ၌ မည်သည့် သက်ရောက်မှုမှ မဖြစ်စေဘဲ ရှုံးနိမ့်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူတို့ ဆက်လက်တိုက်ခိုက်ရန် မည်သည့် အကြောင်း ရှိသေးသနည်း။

အခြားတစ်ဖက်တွင် ထိုက်ရွှမ်တောင်မှ တပည့်များသည် စူးရှအေးစက်စွာ ကြည့်နေကြ၏။ ထိုအချိန်၌ ရီဖူရှင်းသည် တေးသံသာစံအိမ်၌ ထိုင်နေဆဲပင် ဖြစ်သည်။ သူက လမ်းစဉ်စာလုံးကို ကြည့်နေပြီး ၎င်းနှင့် သဟဇာတဖြစ်စေရန် ကြိုးစားနေသည်။ သူ၏ နှလုံးသားအတွင်း လှိုင်းအချို့ထနေခဲ့၏။

ယခင် အရှင်ထိုက်ရွှမ် ထုတ်ဖော်ခဲ့ဖူးသည့် တဒင်္ဂနတ်ဓားဟူသော ဓားချက်က အလွန် ပြင်းထန်လှသည်။ တစ်ချက်တည်းနှင့် ယင်ယန်က ရှုပ်ထွေးသွားကာ အချိန်ကို ရပ်တန့်၍ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။ လက်ချောင်းတစ်ချောင်းဖြင့် ညွှန်ပြမှုက တိုက်ကွက်တစ်ကွက်ဖြစ်စေကာ အလွန် လျင်မြန်လှပေသည်။

ထိုသို့သော တိုက်ကွက်မှာ သူ အစွမ်းကုန် ကြိုးစားလျှင်ပင် အပြည့်အဝနားလည်ရန် မဖြစ်နိုင်ပေ။ သူက ထိုတဒင်္ဂနတ်ဓား၏ နက်နဲမှုကို စူးစမ်း၍ မည်သည့် နည်းစနစ်မျိုး ဖြစ်သည်ကို လေ့လာဆန်းစစ်ရုံသာ ဖြစ်ပေသည်။

ယခု အရှင်ထိုက်ရွှမ်က သူ့ကို ဆက်လက်တိုက်ခိုက်ရန် သတိပေးနေသည်လား။

သူတို့က အပြည့်အဝ အရေးသာနေသော်လည်း ထိုက်ရွှမ်တောင်မှ တပည့်များက ရှီလင်နတ်မြို့တော်မှ တပည့်များကို ရှုံးနိမ့်စေရန်မှာ အမှန်တကယ် ခက်ခဲနေဆဲ ဖြစ်သည်။ ထို့ကြောင့် အရှင်ထိုက်ရွှမ်က သူ့ကို နောက်ကွယ်မှ ဆက်လက် တိုက်ခိုက်စေရန် ခွင့်ပြုနေသည်မှာ ဖြစ်နိုင်ပေသည်။

သူက ထိုသို့ တွေးလိုက်မိသည့်အခါ ချက်ချင်းပင် လော့ယွဲ့၏ အထက်မှ ဓားစွမ်းအားများက သူမအား ခေါ်နေသယောင် အော်မြည်လာသည်။

လော့ယွဲ့ထံ၌ ထူးဆန်းသည့် ဟန်အမူအရာတို့ ဖြစ်ပေါ်လာသည်။ ထိုဓားက သူမကို ရှာနေသည်လား။

ဤဓားသည် ရှင်းလင်းစွာပင် တိုက်ခိုက်ရန် သူမကို အသုံးချလိုနေသည်။ ဓားကား သူမ၏လမ်းပြသဖွယ်ဖြစ်၏။

လော့ယွဲ့က မည်သည့် စကားမှမဆိုသော်လည်း အလိုက်သင့် ပူးပေါင်းပေးခဲ့သည်။ သူမ၏ လက်ဝါးများကို ဆန့်ထုတ်လိုက်ပြီး လက်ထဲတွင် ဓားတစ်လက် ပေါ်ပေါက်လာပြီးနောက် မာန်သွင်းဟစ်အော် လိုက်သည်။ ကျယ်ပြောသည့် ကောင်းကင်တွင် မရေတွက်နိုင်သည့် နတ်ဓားများက လင်းလက်ကာ အော်မြည်နေပြီး သူမကို ဝိုင်းပတ်ထားသည်။ ဓားချီများက ဖျက်ဆီးခြင်းချီများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးအကြား ဓားစွတ်ကြောင်းကြီး ချန်ရစ်ခဲ့ပေသည်။

“သွား” လော့ယွဲ့က သူမ၏ လက်ချောင်းကို လေထဲသို့ ဖြတ်ကာ ညွှန်ပြလိုက်သည်။ အခြားသူများက လှုပ်ရှားလိုက်သော်လည်း သူမ ဓားအား ထိန်းချုပ်နေခြင်းကို မတားဆီးနိုင်ပေ။ သို့သော် အခြားဓားများကလည်း သူမနောက်သို့ လိုက်ပါလာပြီး လေထဲ၌ ရှိနေသော ရှီလင်နတ်မြို့တော်မှ တပည့်များကို ခြတ်ပိုင်းလိုက်သည်။

အရာခပ်သိမ်းဖြတ်တောက်ခြင်း နည်းစနစ်၏ ဒုတိယအဆင့်သည် များစွာ အစွမ်းမထက်သော်လည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ သွေးများစွာ ပန်းထွက်လာကာ ရှီလင်နတ်မြို့တော်မှ တပည့်များသည် သွေးထွက်များ၍ ဖြူဖျော့ကုန်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ဓားများကြောင့် ဒဏ်ရာများစွာ ရရှိခဲ့ပေသည်။

“လမ်းစဉ်စာလုံးနဲ့ တသားတည်းဖြစ်ခြင်းလား” ထိုက်ရွှမ်တောင်မှ လူအများက လေထဲမှ စာလုံးကို မော့ကြည့်လိုက်ပြီး သူတို့အားလုံးသည် ၎င်း၏ စွမ်းအားများက လိုက်လျောညီထွေ ရှိနေသည်ကို ခံစားမိလိုကကြသည်။ ထိုစာလုံးစွမ်းအားများကို ဓားများအတွင်း မြှုပ်နှံထားသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်ပင် ဓားများက တိုက်ပွဲတွင် အဆုံးစွန်သော ဓားစွမ်းအားများကို ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မျက်စိတမှိတ်အတွင်း ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များအားလုံးနီးပါး ဓားစွမ်းအားများကြောင့် ဒဏ်ရာအမျိုးမျိုး ရခဲ့ကြပေသည်။

တခဏကြာပြီးနောက် ဓားများ၏ အော်မြည်သံက ရပ်တန့်သွားသည်။ သူတို့ရောက်ရှိလာစဉ်က မောက်မာပြီး လွှမ်းမိုးမှုအပြည့် ဖြစ်နေခဲ့သည့် ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များသည်  ယခုတွင် အင်အားမဲ့ကာ ခြေကုန်လက်ပမ်းကျနေပုံပေါ်သည်။

“မင်း လူတွေကို ခေါ်ပြီး ဒီက ထွက်သွားတော့။ နောက်တစ်ခါ ထိုက်ရွှမ်တောင်ကို ဒီလိုထပ်လာရဲရင် ရက်စက်တဲ့အတွက် ကျုပ်ကို အပြစ်မတင်နဲ့” အရှင်ထိုက်ရွှမ်က လော့ချုံးယန်ကို ကြည့်ကာ သတိပေးလိုက်သည်။ ချက်ချင်းပင် လော့ချုံးယန်က ခေါင်းညိတ်ကာ သူ၏ လူများကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။

မည်သည့် ဒေါသမျှမပါဘဲနှင့် လော့ချုံးယန်သည် သူ၏ လက်ကို ယမ်းလိုက်ကာ ရှီလင်နတ်မြို့တော်မှ လူများကို ထိုက်ရွှမ်တောင်မှ ခေါ်ထုတ်သွားခဲ့သည်။

ကောင်းကင်တွင် ပျောက်ကွယ်သွားသည့် ပုံရိပ်များကို ကြည့်ေျရင်း ထိုက်ရွှမ်တောင်မှ လူများသည် အကြီးအကျယ် ထိတ်လန့်နေမှုအား ခံစားကြရပေသည်။

“အရှင်” အရှင်ထိုက်ရွှမ်ကို ကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ခေါ်လိုက်ကြသည်။ အရှင်ထိုက်ရွှမ်က အမှန်တကယ် အဆင့်တက်သွားခဲ့ပြီလား။

“ဆရာ” အရှင်ထိုက်ရွှမ်၏ တပည့် လေးယောက်သည်လည်း သူတို့၏ ဆရာက အဆင့်တက်မတက် သေချာမသိသည့်အတွက် စူးစမ်းကာ ကြည့်လိုက်ကြသည်။

“အရှင်ထိုက်ရွှမ် အဆင့်တက်တာ အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်” နတ်ဂီတနန်းတော်မှ နန်းတော်သခင်က အရှင်ထိုက်ရွှမ်ကို အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

“ဂုဏ်ပြုပါတယ် အရှင်” အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ သူတို့က အရှင်ထိုက်ရွှမ်ကို ဦးညွှတ်ခဲ့ကြပေသည်။

အတွေးတစ်ခုက ထိုက်ရွှမ်တောင်မှ လူများ၏ စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာသည်။ ဆရာက ဂိုဏ်းတည်ထောင်ပြီး သူ၏ သင်ကြားမှုများကို ဖြန့်ဝေပေးလျှင် မည်သို့ ရှိလိမ့်မည်နည်း။

ယခု သူတို့၏ ဆရာက နောက်တစ်ဆင့်ဝင်ရောက်သွားကာ အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သည့် မိစ္ဆာအိုကြီးလော့သည်ပင် သူ့ တိုက်ခိုက်မှုကို မခံနိုင်ခဲ့ပေ။ အရှင်ထိုက်ရွှမ်က ဤအခွင့်အရေး၌ သူ၏ ကိုယ်ပိုင်ဂိုဏ်းတည်ထောင်ခဲ့လျှင် ထူးချွန်ထက်မြက်သော တန်ခိုးရှင်များက ဤနေရာ၌ စုဝေးလာလိမ့်မည် ဖြစ်သည်။

သူတို့က ထိုသို့တွေးလိုက်မိသည့်အခါ လူအများသည် ထိုက်ရွှမ်ဘုံ၏ အနာဂတ်ကိုပါ မျှော်တွေးလိုက်ကြပေတော့သည်။

“အေးအေးသက်သာနေကြ” အရှင်ထိုက်ရွှမ်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

***

All Chapters