မမကြီးနဲ့ ဇာတ်လမ်းတစ်ပုဒ်
Vol. 8 Ch. 110
“အကိုချီ..မင်းကူညီခိုင်းတဲ့ကိစ္စကို ငါတို့အကုန်ကူညီကြတယ်။ ဒီတစ်ခါတော့ ငါတို့ရသင့်ရထိုက်တဲ့ ရန်ပုံငွေကို ပါချုပ်ကို ပြောပေးဖို့လိုတယ်”
“ဟုတ်ပါတယ်။ မင်းတို့သိတဲ့အတိုင်း လူငယ်တွေကိစ္စဆိုတော့ ငါတို့အသက်အရွယ်က ဝင်ထိန်းဖို့ခက်တယ်လေ”
ကျန်းနန်တက္ကသိုလ်ရှိရုံးခန်းထဲမှာ ပရော်ဖက်ဆာများက စုဝေးနေကြသည်။ ဖန့်ကြွယ်ယွီကိစ္စနှင့် ပတ်သက်ပြီး ပရော်ဖက်ဆာများ၏ အခွင့်အာဏာကိုအသုံးပြုပြီး ကူညီပေးရန် ချီတုံတောင်းဆိုခဲ့ရသည်။
“စိတ်ချပါ။ မင်းတို့တောင်းထားတဲ့ ပိုက်ဆံကိုရစေရမယ်။ မရခဲ့ဘူးဆိုရင် အဲ့ကလေးကို ငါကိုယ်တိုင်အကူအညီတောင်းပေးမယ်။ သူ့မှာ ပိုက်ဆံတွေအများကြီးရှိတယ်” ဟု ချီတုံက သူ၏ ရင်ဘတ်ကို ပုတ်ပြပြီး ပြောဆိုသည်။
ဖန့်ကြွယ်ယွီက ဒီလိုအရှုပ်အရှင်းထဲ မည်သို့ မည်ပုံပါဝင်သွားလဲဆိုတာ စိတ်ဝင်စားနေကြသည်။
ထိုပရဟိတအဖွဲ့များနှင့် ပရော်ဖက်ဆာများ၏ ထုတ်ပြန်ချက်များက လူထု၏ အတွေးအမြင်ကို တစ်မျိုးတစ်ဖုံပြောင်းလဲပစ်သည်။ တဖက်လူကမူးပြီးမောင်းနေသည့်အပေါ် ဖန့်ကြွယ်ယွီက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူက ထိုက်သင့်လျောက်ပတ်သော လျော်ကြေးငွေကိုလည်း ပေးခဲ့သည်။ ထိုလိုလူမျိုးကို သနားညှာတာစိတ်ထားရန် မလိုပေ။
ဒါတင်မကသေးဘဲ ဒီဖြစ်ရပ်များအားလုံးက ဖန့်ကြွယ်ယွီ၏ ဂုဏ်သိက္ခာကိုကျဆင်းစေရန် နှင့် ကောရှင်းယွီ၏ အောင်မြင်မှုကို အလဲထိုးရန် အချိန်ကိုက်ပေါ်ထွက်လာခြင်းဆိုတာ ဦးနှောက်ရှိသည့်လူတိုင်းသိကြသည်။
ထို့နောက် လူထုအားလုံး၏ အာရုံစိုက်မှုသည် “ဘမ်ဘူးနောက်ဆုံးတေးသွား” ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်အပေါ်ကျရောက်လာသည်။ မည်သူကများ ကောရှင်းယွီကို တိုက်ခိုက်နေရသနည်း။
သိပ်မကြာခင်မှာပင် ဖန့်ကြွယ်ယွီက နောက်ဆုံး ပွဲသိမ်းတိုက်ကွက်ကိုထုတ်ခဲ့သည်။ သူက အားလုံး၏
မျှော်လင့်ချက်ကို တစ်စစီချိုးဖဲ့ပစ်သည့် ဗီဒီယိုတစ်ပုဒ်ကိုတင်ခဲ့သည်။
ထိုဗီဒီယိုထဲတွင် အမျိုးသားနှင့်အမျိုးသမီးတစ်ဦးက မြင်ရန်မသင့်တော်သည့်အပြုအမူများကို လုပ်ဆောင်နေကြသည်။ ထိုအမျိုးသားက ပြိုင်ပွဲတွင် အနိုင်ရရန် တစ်ပြေးနေသော ကျောက်ဖန်ဖြစ်ပြီး သူနှင့်အတူ ခပ်ဝဝအမျိုးသမီးတစ်ဦးလည်းရှိနေသည်။
ထိုနေ့က အဖြစ်အပျက်များအားလုံးက ဗီဒီယိုထဲတွင် ပါနေသည်။ သူတို့နှစ်ဦးက ဖန့်ကြွယ်ယွီနှင့် ကောရှင်းယွီကို ဘယ်လိုအကွက်ဆင်ပြီး နာမည်ပျက်အောင်လုပ်မလဲဟူသော အကြောင်းများလည်း ပါသည်။
ပုံမှန်အခြေအနေတိုင်းဆို ထိုအခန်းထဲမှာ cctvမှတ်တမ်းမရှိသဖြင့် ထိုဗီဒီယိုကိုရရန်
မလွယ်ကူပေ။ရှောင်ရင်၏ အရည်အချင်းနှင့်တောင်မှ ဗီဒီယိုကိုရရန် မလုပ်ဆောင်နိုင်ပေ။
သို့သော် သူနှင့် ပတ်သက်နေသည့် ကျိုးရင်မှာ ဗီဒီယိုကိုလျှို့ဝှက်ရိုက်ကူးတတ်သော အကျင့်ရှိသည့်အကြောင်းကို ကျောက်ဖန်က သံသယမဖြစ်ဖူးပေ။ သူမက ထိုနေ့က လေ့ကျင့်ခန်းထဲမှာဖြစ်ပျက်သမျှကို ဗီဒီယိုရိုက်ထားသဖြင့် နောက်ဆုံးမှာ ဖန့်ကြွယ်ယွီ၏ လက်ထဲရောက်လာခဲ့ခြင်းဖြစ်သည်။
“ဟာ..ဒီစပွန်ဆာဘွားတော်ကြီးကဘယ်သူလဲ။ သတင်းထူးဟေ့”
“အမလေး ကြည့်နေတာတောင် မျက်စိရှက်လာပြီ”
“ဘာလဲကွာ။ မမကြီးနဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အံ့ဩလိုက်တာ”
“ဖိုင်နယ်ရောက်ခါနီးမှဘာလို့ ဒီကိစ္စတွေဖြစ်လာလဲဆိုတာ သိပြီ။ အရှက်မရှိလိုက်တာ”
“ကျောက်ဖန်က ဒီလိုစပွန်ဆာယူမယ်လို့ ဘယ်သူထင်မှာလဲ။ ငါ့အတွေးတွေတစ်စစီကျိုးပဲ့ကုန်ပြီ”
“ဥက္ကဌဖန့် မနေ့ကဆဲမိခဲ့လို့ တောင်းပန်ပါတယ်။ ငါ မှားသွားပါတယ်”
“ကဲ လာကြလာကြ။ အားလုံးစုပြီး ဥက္ကဌဖန့်ကို တောင်းပန်ကြစို့”
“ကျောက်ဖန် မင်းတော့ ဒုက္ခရောက်ပြီ” ကျောက်ဖန်၏ မန်နေဂျာက သူ၏လေ့ကျင့်ခန်းထဲဝင်လာသည်။
“ဘာတွေရေးကြီးသုတ်ပျာဖြစ်နေရတာလဲ” ကျောက်ဖန်က အသံလေ့ကျင့်နေသဖြင့် အွန်လိုင်းပေါ်တွင်
နာမည်ကြီးနေသည့်အရာများကို သတိမမူမိပေ။
“ဝီဘိုကိုစစ်ကြည့်ဦး။ မင်းနဲ့ ကျိုးရင်ဗီဒီယိုကြီးတက်လာတယ်”
“ဟာ ဘယ်လိုဘယ်လိုဖြစ်တာလဲ” ကျောက်ဖန်က မြင်လိုက်ရသော ဗီဒီယိုကြောင့် မှင်သေသွားသည်။ သူ၏ လက်ထဲမှာအောင်မြင်မှုရောက်နေပြီထင်ခဲ့သည်။ သို့သော် ဖန့်ကြွယ်ယွီက ထိုဗီဒီယိုကို ဘယ်နေရာမှရခဲ့တာလဲ။
ကျောက်ဖန်က ပြိုင်ပွဲမှာအနိုင်ရဖို့မဆိုထားနှင့် ရှိနှင့်ပြီးသားအောင်မြင်မှုကိုထပ်ထိန်းရန် မလွယ်ကူတော့သဖြင့် ထိတ်လန့်နေမိသည်။
သူ၏ ရုပ်ရည်နှင့် သီချင်းဆိုဟန်ကိုကြိုက်သော ပရိတ်သက်များက ဒီကိစ္စကြီးပေါ်လာပြီးသည့်နောက် သူ့ကိုအားပေးမည် မဟုတ်တော့ပေ။
“ဟုတ်ပြီ။ အမကျိုးကိုခေါ်ရမယ်”
သူ့ကိုခုချိန်ကယ်တင်နိုင်သည်မှာ ကျိုးရင်ပဲရှိတော့သည်ကို တွေးမိပြီး ဖုန်းခေါ်လိုက်သည်။
“အမကျိုး. လိုင်းပေါ်မှာတက်နေတဲ့ ဗီဒီယိုကိုဘယ်လိုလုပ်ကြမလဲ။ ဘာတွေဖြစ်ကုန်တာလဲဗျာ” ကျောက်ဖန်က စိတ်မထိန်းနိုင်ဘဲ အော်မိတော့သည်။
“ကျောက်ဖန် နင့်လေသံကိုပြင်” သူမက ဗီဒီယိုကိုရိုက်ခဲ့သော်လည်း ဘယ်လိုဖြစ်ပြီး အွန်လိုင်းပေါ်ပျံ့နှံ့သွားလဲဆိုတာ သူမမသိပေ။
ထို့ပြင် စက်မှုလက်မှုနှင့် လုပ်ငန်းရှင်များအသင်းက အရာရှိကြီးများက သူမဆီကို ယနေ့လာသည်။ သူမ၏ ကုမ္ပဏီက အခွန်ရှောင်သည်ဟု သံသယရှိသဖြင့် စစ်ဆေးမှုခံယူရမည်ဟု ဆိုသည်။ သူမက အခွန်ရှောင်နေကျဖြစ်တာမို့ ထိုအဖွဲ့စစ်လိုက်သည်နှင့် တန်းပေါ်လာတော့မည်။
“ငါ့ကုမ္ပဏီလည်း ဒုက္ခရောက်နေပြီ။ မင်းကိုအခု မကူညီနိုင်တော့ဘူး။ ကိုယ့်ကိစ္စကိုယ်ရှင်း” ဟုဆိုကာ ဖုန်းချသွားသည်။
“ဟာကွာ….” ကျောက်ဖန်က ဖုန်းကို ပစ်ခွဲလိုက်သည်။
သူ၏ အနုပညာလမ်းကြောင်းက ယနေ့ဒီမှာအဆုံးသတ်ပြီဖြစ်သည်။
“ကျောက်ဖန်က ပြသနာများစွာတက်ခဲ့ပြီးနောက် မိမိကိုယ်ကိုသေကြောင်းကြံစည်ရန် ကြိုးပမ်းမှုကို မန်နေဂျာက တွေ့ခဲ့ပြီး ဆေးရုံကို အချိန်မီတင်နိုင်ခဲ့ခြင်း”
“ ကျောက်ဖန်က ပြိုင်ပွဲမှ နှုတ်ထွက်ခြင်း”
နောက်ရက်မှာတော့ ထိုခေါင်းစည်းကြီးများက ပြည်သူတွေကြားထဲပေါ်လာခဲ့ပြန်သည်။
ထိုကိစ္စဖြစ်ပြီးနောက် သူအနေနှင့် ဆက်လက်ယှဉ်ပြိုင်ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။ သူသာ သွားပြိုင်ပါက ပရိတ်သက်က သူ့ကိုကြက်ဥဖြင့်ပစ်ပေါက်လိမ့်မည်။အခုချိန်မှစပြီး
မည်သည့်နေရာကမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခြင်းမလုပ်နိုင်တော့ပေ။
သူက အမှန်တကယ် စိတ်ဖောက်ပြန်ခြင်းဟုတ်မဟုတ်ဆိုတာ သူနှင့် သူ့မန်နေဂျာပဲသိလိမ့်မည်။
“ ကဲ။ ဒီတစ်ယောက်ကတော့ ကြွသွားပြီ။ ဥက္ကဌဖန့်ရဲ့ ဆေးရုံလုပ်ငန်း တိုးတက်လာတော့မယ်” ဟု ပရိတ်သက်တစ်ဦးက စနောက်ပြောဆိုသည်။
“မင်းကြိုက်တဲ့လူကို အာခံလို့ရတယ်။ ဒါပေမဲ့ ဥက္ကဌဖန့်ကို သွားထိရင်တော့ မင်းတို့ စိတ်ကျန်းမာရေးဆေးရုံကိုရောက်လိမ့်မယ်။ ဒီလူကို သွားပြီးရန်မစတာပဲကောင်းတယ်”
“ဥက္ကဌဖန့်ရဲ့ စိတ်ကျန်းမာရေးဆေးရုံက ကောင်းလားဆိုတာ ငါ့သူငယ်ချင်းကတစ်ချက်ကြည့်လို့ရမလား”
“အပေါ်က ပြောထားတဲ့ သူ့သူငယ်ချင်းဆိုတာ ငါပဲ။ မြင်ချင်လှပြီ”
ကျောက်ဖန်က ပြိုင်ပွဲမှ နှုတ်ထွက်သွားသဖြင့် ပြိုင်ပွဲဝင်လေးဦးသာကျန်ရှိတော့သည်။ ထိုလေးဦး၏ အရည်အချင်းက မတိမ်းမယိမ်းဖြစ်ပြီး ချန်ပီယံဆုကို ရနိုင်သည့်အလားအလာရှိသည်။
“ဘမ်ဘူးနောက်ဆုံးတေးသွား” ပြိုင်ပွဲ၏ ဖိုင်နယ်နေ့ကိုရောက်လာချိန်တွင် အွန်လိုင်းမှ ကြည့်ရှုသူ ပရိတ်သက်က သန်း၃၀ရှိလာသည်။
တချို့ကပြိုင်ပွဲကိုကြည့်ချင်သောကြောင့််မဟုတ်ဘဲ ပြိုင်ပွဲအပြီးတွင် ပေးမည့်ကံစမ်းမဲများကြောင့် ကြည့်နေရခြင်းဖြစ်သည်။
ကောရှင်းယွီက နောက်ဆုံးမှ ဖျော်ဖြေတင်ဆက်ရသည်။ ရှေ့က သုံးယောက်ကလည်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ပြီးသည့်နောက် ကောရှင်းယွီ၏အလှည့်ကျလာသည်။ ဒိုင်လူကြီးမင်းများက ထိုသုံးယောက်၏ အရည်အချင်းကို သာမန်ပဲဟု မှတ်ချက်ပြုသည်။
ကောရှင်းယွီဝတ်မည့်ဝတ်စုံကို ဖန့်ကြွယ်ယွီက စီစဉ်ပေးသည်။ သူမက ခရမ်းဖျော့ရောင်ဝတ်စုံဝတ်ဆင်ထားက နတ်သမီးနှလုံးသားလည်ဆွဲကို ဝတ်ဆင်ထားသည်။ ပွဲမစခင်ကတည်းက သူမက လူအများ၏အာရုံကို ဖမ်းစားနိုင်သည်။
“ခုချိန်ထိ ကူညီပေးခဲ့တာတွေ အတွက် ကျေးဇူးပါရှင်” ကောရှင်းယွီက တရိုတသေဂါဝရပြုသည်။
“ဒီကနေ့မှာ အားလုံးအတွက အရမ်းထူးခြားတဲ့သီချင်းလေးဆိုပြချင်ပါတယ်။ စာသားနဲ့ သံစဉ်ကို ကျွန်မမြတ်မြတ်နိုးနိုး ချစ်ခင်ရသူလေးက ရေးစပ်ပေးထားတာပါ။ ဒါက ကျွန်မအတွက် သူပထမဆုံး ရေးပေးခြင်းပါ”
“ဘာလဲ။ ရှင်းယွီက ဥက္ကဌဖန့်အကြောင်းပြောနေတာလား။ သူက သီချင်းရေးနိုင်တယ်ပေါ့။ မိုက်ပါတယ်ကွာ”
ဖန့်ကြွယ်ယွီက သီချင်ရေးပေးသည်ဟုဆိုသော သတင်းကြောင့် အားလုံးက သူ့ကို ဝိုင်းကြည့်ကြသည်။
“ဒီသီချင်းလေးကို လမင်းသံသရာ လို့ခေါ်ပါတယ်”
စာစဉ်ပြီး၏