အရေးကြီးပုဂ္ဂိုလ်နှင့် တွေ့ဆုံခြင်း
Vol. 8 Ch. 98
နေရောင်ခြည်က ခန်းစီးလိုက်ကာကိုဖြတ်ပြီး ဖန့်ကြွယ်ယွီ၏ မျက်နှာပေါ်သို့ကျလာသည်။သူ၏မျက်လုံးအစုံကို ဖွင့်လိုက်ချိန်တွင် ကောရှင်းယွီ၏ မျက်နှာကို အရင်ဆုံးမြင်လိုက်ရသည်။
ဖန့်ကြွယ်ယွီက စိုက်ကြည့်နေတာကို သတိထားမိသော ကောရှင်းယွီကလည်း သူမ၏မျက်လုံးအစုံကို ဖွင့်လိုက်သည်။
ဖန့်ကြွယ်ယွီက သူမ၏ ဆံနွယ်ကို ခပ်ဖွဖွသပ်ပေးရင်း “ပြတင်းပေါက်ကနေဝင်လာတဲ့အလင်းတန်းရယ် မနက်မျက်လုံးဖွင့်လိုက်တာနဲ့ ဘေးနားမှာမင်းရှိနေတာရယ်က အရမ်းကိုပြီးပြည့်စုံနေပြီ” ဟု ပြောသည်။
“မနက်စာပြင်လိုက်ဦးမယ်။ ဒီနေ့တော့ မင်းအိပ်ရာထဲမှာပဲ သက်တောင့်သက်သာလှဲနေ။ ဘယ်ကိုမှမသွားရဘူး”
ဖန့်ကြွယ်ယွီက ထိုသို့ပြောရင်း သူမ၏ပါးကို အနမ်းခြွေသည်။
“ရှင်က ချက်တတ်လို့လား”
သူမလာနေသည့် အခေါက်တိုင်း မနက်စာကို စားဖိုမှူးက ပြင်ပေးနေကျဖြစ်သည်။
“ဘာလဲ။ မင်းက ငါ့ကိုအထင်သေးတာလား”
“ငါက စားဖိုမှူးတွေပြင်ပေးတာပဲစားတယ်ဆိုတာက ငါ့ဘာသာချက်ရမှာပျင်းလို့ပါကွာ။ ငယ်ငယ်တုန်းကဆို ငါ့အမေဟင်းချက်တဲ့အချိန်တိုင်း ငါကူပေးနေကျ”
ဖန့်ကြွယ်ယွီကျောင်းတက်တုန်းက ပျော်ပွဲစားထွက်သည့်အချိန်တွင် အတန်းတစ်တန်းလုံးစာ သူပဲတာဝန်ယူပြီး နေ့လည်စာပြင်ပေးခဲ့ရသည်။သူ၏ ဟင်းချက်လက်ရာကို တစ်တန်းလုံးက ချီးကျူးခဲ့သည်။
“ခဏစောင့်နေ။ချက်ပြီးတာနဲ့ မင်းစားဖို့ ယူလာခဲ့မယ်” ဖန့်ကြွယ်ယွီက အောက်ထပ်မီးဖိုချောင်ဆီ ဆင်းသွားသည်။ စားဖိုမှူးများက သူ့အိမ်ဘေးရှိ မီးဖိုချောင်အသေးလေးမှာ ချက်နေကြဖြစ်တာမို့ သူ့အိမ်ထဲမှာရှိသော မီးဖိုချောင်က အသုံးမပြုဖြစ်ပေ။
“အန်ကယ်တင်း..ဟင်းချက်ဖို့ ပစ္စည်းအမယ်လေးတွေ ပို့ပေးပါဦး။ ဟုတ်တယ်။ ဒီနေ့တော့ ကျွန်တော့်ဘာသာ ချက်မလို့လေ။ ဒီနေ့ချက်ပေးဖို့မလိုဘူး”
“ကြည့်..ဒါ မင်းစားဖို့ ငါကိုယ်တိုင်ချက်ထားတာ”
နာရီဝက်ကြာပြီးနောက် ဖန့်ကြွယ်ယွီက ပန်းကန်ပြားကိုကိုင်ပြီး ပြန်ရောက်လာသည်။
ရှင်းယွီက နေလို့ထိုင်လို့သိပ်မကောင်းသဖြင့် ဒီနေ့မှာ အိပ်ရာထဲမှာ နေဖြစ်ဖို့များသည်။
“တကယ်ရှင်ချက်ခဲ့တာလား”
ဖန့်ကြွယ်ယွီပြင်ပေးသော မနက်စာက အရသာရှိလှသဖြင့် ရှင်းယွီတောင်မျက်လုံးပြူးသွားသည်။
“ဒါပေါ့” ရှင်းယွီ၏ အမူအရာကိုကြည့်ပြီး သူ့လက်ရာကိုစိတ်တိုင်းကျသည်ဆိုတာ တပ်အပ်ပြောနိုင်သည်။
သူက ရှင်းယွီ၏ဘေးမှာ ထိုင်နေပြီး သူမ၏ဆံပင်ကိုခပ်ဖွဖွပွတ်သပ်နေသည်။ သူတို့နှစ်ဦးက ကြင်စဦးဇနီးမောင်နှံနှင့်တူသည်။
“ရှောင်းရီ ..မင်းငါ့ကိုဆုချသင့်တယ်လေ” သူတောင်းဖို့မေ့နေသော အရာကို ဖန့်ကြွယ်ယွီသတိရသွားသည်။
“ဟုတ်ပြီ..ပေးပါမယ်။ဒါပေမဲ့ ဆုက ခုချက်ချင်းသုံးလို့ရမှာမဟုတ်ဘူးနော်”
ဤကမ္ဘာမှာအသုံးပြုနေသော ဘာသာစကားဖြင့် ရေးသားထားခြင်းမဟုတ်သော ရှေးဟောင်းစာအုပ်တစ်အုပ်ပေါ်လာသည်။
“ဒါကဘာကြီးလဲ။ အသုံးရောဝင်လို့လား” ဖန့်ကြွယ်ယွီက မနှစ်မြို့သော ပုံစံဖြင့်ကြည့်သည်။
“ဘာလို့အသုံးမဝင်ရမှာလဲ။ ဒါက ငါတို့ကမ္ဘာက ရတနာတစ်ပါးလေ။ သိပြီလား”
“ပေါက်ကရလျှောက်မပြောနဲ့။ ဘာအတွက်သုံးတာလဲ” “တကယ် ကောင်းတဲ့အရာပါဆို”
“ရှင်ဘာတွေတွေးမိပြီး ပြုံးနေတာလဲ” ဖန့်ကြွယ်ယွီက ပြုံးနေတာကိုမြင်ရသောအခါ သူမလည်း မနေနိုင်ဘဲ မေးမိသည်။
“ခုမပြောပြပါဘူး။နောက်မှ surpriseတိုက်မယ်”
“ဟာ..အမေ့က ဒီနေ့မှာ မောင်လေးကို ကြည့်ပေးဖို့ပြောထားတာ” သူမ၏လတ်တလော အနေအထားအရ သူမကိုယ်သူမတောင် စောင့်ရှောက်ဖို့ အနိုင်နိုင်ဖြစ်သည်။
အကယ်၍ သူမအမေဖုန်းဆက်ခေါ်လာပါက ဘယ်လိုပြန်ပြောရမည်နည်း။
“ဘာတွေတွေးပူနေတာလဲ။ မင်းအမေက မင်းကို ဒီမှာညအိပ်ဖို့ လွှတ်လိုက်ကတည်းက ဒီနေ့မှာ မင်းကိုခေါ်လို့မရနိုင်တော့ဘူးဆိုတာ သိပြီး ပြင်ဆင်ပြီးသားဖြစ်မှာပါ”ဟု ဖန့်ကြွယ်ယွီက စနောက်သည်။
“ဟမ်..မင်းရှက်ပြီးရယ်နေတာပေါ့လေ”
သူတို့နှစ်ဦးသား ချစ်ကြည်နူးနေစဉ်တွင် ဖန့်ကြွယ်ယွီ၏ ဖုန်းမြည်လာသည်။ သူ၏ သာယာသောမနက်ခင်းတိုင်းလိုလို ဘာကြောင့်များ အနှောင့်ယှက်ခံရသလဲဟု တွေးမိသည်။
“ဟမ်..ပါမောက္ခချီတုံဆက်တာပဲ”
“ရှင်းယွီ..ငါ ဒီဖုန်းတော့ ကိုင်မှရမယ်။ ရုပ်ရှင်မြို့တော်တည်ဆောက်ရေးနဲ့ ပတ်သက်နေလို့ပါ”
“အင်းအင်း”
“ရှောင်ဖန့်..လူငယ်ထူးချွန်တံဆိပ်ရရှိတာ ဂုဏ်ယူပါတယ်ကွာ။ ဒါက ပေါ့သေးသေးဆုတစ်ခုမဟုတ်ဘူး”
“ဟုတ်..တိုက်ဆိုင်လို့ ကံကောင်းပြီးရတာပါ။ ကျွန်တော်ကဘာမှတောင်မလုပ်လိုက်ရပါဘူး။ ကျန်းနန်ကရဲတွေရဲ့ ကြိုးပမ်းမှုကြောင့်လည်း ပါပါတယ်”
“တော်ပါကွာ။ မနှိမ့်ချပါနဲ့တော့။ ရဲတွေမလာခင်ကတည်းက ဒီလူတွေကို အလဲထိုးနိုင်ခဲ့တာဆို။ ပြီးတော့ ငါ့လိုအဘိုးကြီးကို ဘာလို့များ ယဉ်ယဉ်ကျေးကျေးပြောနေတာလဲ”
“ဟား..အဲ့တာက ငယ်ငယ်တုန်းက သိုင်းတွေဘာတွေသင်ဖူးလို့ပါ။အဲ့ကောင်တွေကလည်း သာမန်ပြန်ပေးဆွဲဂိုဏ်းပါပဲ။မထူးခြားပါဘူး”
“ဒါနဲ့ ပရော်ဖက်ဆာချီဖုန်းဆက်တာက ဒီအကြောင်းပဲပြောဖို့ မဟုတ်ဘူးထင်ပါရဲ့” အပင်မျိုးရိုးဗီဇနှင့်သက်ဆိုင်သော သူ၏ သုတေသနကို လူကြီးများက မျက်စိကျလောက်မည်ဟု တွက်ဆမိသည်။
“ဒါပေါ့ ..တခြားကိစ္စပြောချင်လို့ဆက်လိုက်တာပါ။ နေ့လည်ဘက်အားတယ်ဆို ငါ့အိမ်ကိုလာခဲ့ပါဦး။ လူတစ်ယောက်က မင်းနဲ့တွေ့ပြီး လူချင်းဆွေးနွေးချင်တဲ့ ကိစ္စရှိနေလို့ပါ”
“ဒါပေမဲ့…”
ဖန့်ကြွယ်ယွီက ရှင်းယွီကိုလှမ်းကြည့်သည်။ ခုချိန်မှာ သူမ၏ဘေးတွင် တစ်ယောက်ယောက်ရှိဖို့လိုအပ်သည်။
“ရတယ်..အမကျွမ်းရီရှိနေတာပဲဟာ။ စိတ်မပူပါနဲ့။ ရှင့်ကိစ္စတွေအဆင်ပြေအောင်လုပ်နော်” ဟု ရှင်းယွီက ပြောသည်။
“ဟုတ်ကဲ့..နေ့လည်ကျရင် သေချာပေါက်လာခဲ့ပါ့မယ်”
“ကောင်းပြီ။ ဪ ဒါနဲ့ သုတေသနနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းအကုန်ယူလာခဲ့ပါ။ ဇီဝဗေဒနဲ့ ပတ်ဝန်းကျင် ဘာသာရပ်ဆိုင်ရာပညာရှင်တွေပါ လာလိမ့်မယ်။ နည်းပညာပိုင်းအဆင်ပြေပြီဆို မင်းလိုချင်တာ ညှိနှိုင်းလို့ရပြီ”
“ပါမောက္ခချီ ကူညီပေးလို့ ကျေးဇူးပါခင်ဗျာ” ဒိကိစ္စမှာ ချီတုံ၏ ကဏ္ဍကလွန်စွာမှ အရေးပါသည်။
“ဒါနဲ့ သုတေသနရန်ပုံငွေက လုံလောက်ရဲ့လား”
“လောက်ရုံပဲဆိုပါတော့”
သုတေသနအတွက် နှစ်စဉ်ရန်ပုံငွေရသော်လည်း ထိန်းသိမ်းစရိတ်၊ ပစ္စည်းဖိုး၊ ဝန်ထမ်းလစာများအတွက် လောက်ငှရုံသာဖြစ်သည်။ ထို့ပြင် ကျောင်းမှာ ရန်ပုံငွေခွဲယူသည့် ဓာတ်ခွဲခန်းများစွာရှိသည်။
“ဒီလိုဆိုရင်ရော.. ကျွန်တော် ကျောင်းရဲ့ သုတေသနရန်ပုံငွေအတွက် ငါးဘီလီယံလှူမယ်ဗျာ။ ဘယ်လိုသဘောရလဲ”
“ငါးဘီလီယံ ဟုတ်လား။ တကယ်ပြောတာလား”
ကျောင်းက သုတေသနအတွက် ငါးဘီလီယံရန်ပုံငွေရပါက သူ၏ ဓာတ်ခွဲခန်းကလည်း ဘီလီယံနှင့်ချီပြီးရနိုင်သည်။ ထိုပမာဏနှင့်ဆိုသုတေသနအတွက် လိုအပ်နေသောပစ္စည်းကိရိယာများကို ဝယ်ယူဖြည့်တင်းနိုင်ပြီး သုတေသနလုပ်ဆောင်မှုအပိုင်းလည်း များစွာတိုးတက်လာပေတော့မည်။
“တကယ်ပြောတာပါ။ပါမောက္ခက ဒီကိစ္စအတွက် ကူညီပေးလို့ ပါမောက္ခတို့ ဓာတ်ခွဲခန်းအတွက် တစ်ဘီလီယံထပ်ပြီးလှူဒါန်းပါ့မယ်”
“ဟုတ်ပြီ ဟုတ်ပြီ” ချီတုံက ပျော်လွန်းပြီး ထခုန်မတတ်ဖြစ်နေသည်။
“ငါခုပဲ ပါမောက္ခချုပ်နဲ့ စကားပြောလိုက်ဦးမယ်။ နေ့လည်ကျရင် ဒီအကြောင်းထပ်ပြီးဆွေးနွေးကြတာပေါ့”