ငါ့အိမ်ကကွန်ပျူတာက ဂိမ်းကစားတာအရမ်းမြန်တယ်
Vol. 8 Ch. 100
ခေါင်းဆောင်နှင့်ချိန်းဆိုထားသောအချိန်သည် နေ့လည်နှစ်နာရီဖြစ်သည်။ ဖန့်ကြွယ်ယွီက မည်သည့်အကြောင်းနှင့်မှ နောက်ကျမည့်သူမဟုတ်ပေ။ သူက ချီတုံ၏ အိမ်ကိုခပ်စောစောရောက်ချိန်တွင် ချီတုံတို့ ဇနီးမောင်နှံကသူ့ကိုထွက်ကြိုနေသည်။
“လူလေးဖန့်..လာပါဦး ထိုင်..ဒီနေ့တော့ ငါ့အမျိုးသမီးက မင်းအတွက် သစ်သီးပြင်ထားပေးတာမို့ သုံးဆောင်ပါဦး”ချီတုံက ဖန့်ကြွယ်ယွီကို သူ၏မြေးတစ်ဦးကဲ့သို့ဆက်ဆံသည်။
ဖန့်ကြွယ်ယွီက အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အဆင့်မြင့်သောသုတေသနတစ်ခုကိုဖော်ထုတ်နိုင်ရုံသာမက ချီတုံ၏ သုတေသနအတွက်ရန်ပုံငွေပါထည့်ဝင်ပေးသည်။
ချီတုံက သူ့မှာမြေးမလေးရှိပါက ဖန့်ကြွယ်ယွီနှင့် မိတ်ဆက်ပေးချင်စိတ်များဖြစ်မိသည်။
“ဆရာချီက ကူညီပေးခဲ့တဲ့အတွက်ကျွန်တော်ကတောင်ပြန်ပြီးကျေးဇူးတင်ရမှာပါ” ချီတုံ၏ နွေးထွေးကြင်နာမှုကြောင့် သူ့စိတ်ထဲ နွေးထွေးသလို ခံစားရသည်။
“ဒါနဲ့စကားမစပ်..ခေါင်းဆောင်က ဒီနေ့လာမှာ။ သူ့ရှေ့မှာ ယုံကြည်မှုရှိရှိနဲ့ ယဉ်ယဉ်ကျေးကျေးပြောဆိုပြုမူပါ။ နားလည်တယ်မဟုတ်လား” ဟု ချီတုံက သူ့ကိုသတိပေးသည်။
“အဲ့အတွက်တော့ စိတ်ချပါ။ ကျွန်တော်နားလည်ပါတယ်ခင်ဗျာ” ဖန့်ကြွယ်ယွီက တကယ်တော့စိတ်ရှုပ်ထွေးနေမိသည်။ ဤကဲ့သို့ အရေးကြီးပုဂ္ဂိုလ်မျိုးနှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရမှာ ဒါပထမဆုံးအကြိမ်ဖြစ်တာမို့ သူစိတ်လှုပ်ရှားနေတာ မထူးဆန်းပေ။
“ဒေါက် ဒေါက် ဒေါက်” တံခါးခေါက်သံထွက်လာသည်။
“သူငယ်ချင်း ချီ..တံခါးဖွင့်ဦး”
“ဟာ..လာကွာ” ချီတုံက ချက်ချင်းဆိုသလို မတ်တပ်ထရပ်သည်။
ဖန့်ကြွယ်ယွီစိတ်ထဲဒွိဟဖြစ်သွားရသည်။
ဘယ်လိုခေါင်းဆောင်မျိုးက ဒီလိုလာလည်တာလဲ။
ရေမီတာလာစစ်သောလူနှင့်တောင် တူနေသည်။
“ကျွီ” တံခါးပွင့်လာသည်။
သူက ခေါင်းဆောင်ဆိုသောလူနှင့် လူချင်းမတွေ့ဘူးသော်ငြား တီဗီမှာမြင်ဖူးသည်။ ယခုဝင်လာသော အသက်ကြီးကြီးပုဂ္ဂိုလ်က ခေါင်းဆောင်မဟုတ်ပေ။
“ဟား..ဟျောင့်ချီ..မင်းကကြည့်ကောင်းနေပါ့လား။ ကျန်းနန်တက္ကသိုလ်မှာအဆင်တွေပြေနေတယ်ပေါ့” ဟု ထိုလူကြီးကပြောသည်။
“မင်းလောက်တော့ အဆင်မပြေပါဘူးကွာ။ ယန်ကျင်းသုတေသနဌာနမှာလုပ်ရတဲ့ မင်းကတော့ ထွေရာလေးပါးကို ဂရုစိုက်စရာမလိုဘဲ သုတေသနအပေါ်ကိုပဲ အာရုံစိုက်နိုင်တာပေါ့။ မင်းလို ဘဝမျိုးကို အားကျပါတယ်ကွာ” ချီတုံက ထိုလူကို ဝမ်းပန်းတသာ ပွေ့ဖက်ရင်းဆိုသည်။
“လူလေးဖန့်..မင်းကိုမိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့ရဲ့ကျောင်းနေဖက်သူငယ်ချင်း ဝူရီဖန်း..ငါတို့လုပ်တဲ့ သုတေသနနယ်ပယ်က အတူတူပဲ။ဒါပေမဲ့ တစ်ယောက်က မြောက်ဆို တစ်ယောက်က တောင်ဖြစ်နေတာ။ သူ့ပုံစံက ပေါ့ပေါ့ပါးပါးဆိုပေမဲ့ သူက အမျိုးသားသိပ္ပံနှင့်နည်းပညာထူးချွန်ဆုကို ရရှိထားတာ။ ငါ့လောက်နီးနီးတော်တယ်ပဲဆိုပါတော့”
“မင်းလောက်နီးနီးတော်တာမဟုတ်ပါဘူးကွာ။ မင်းထက်ပိုတော်ပါတယ်”.ပညာရှင်ဝူက မကျေနပ်ဟန်ဖြင့် ပြန်လည်ချေပသည်။
“ဒီကောင်လေးက မင်းပြောတဲ့တစ်ယောက်လား”
“ဟုတ်တယ် သူပဲ”
“ထူးဆန်းလိုက်တာ။ ပညာရေးမှာ ပါရမီပါလာတယ်ဆိုသည့်တိုင်အောင် ဒီလိုအနေအထားရောက်ဖို့ဆိုတာခဲယဉ်းတယ်။ ကောင်လေး ဒီသုတေသနကို မင်းကိုယ်တိုင်လုပ်ခဲ့တာရော ဟုတ်ရဲ့လား” ဝူရီဖန်းက သံသယဖြစ်နေသည့်ပုံပေါ်သည်။
“သုတေသနနဲ့သက်ဆိုင်တဲ့ဒေတာအကုန်ယူလာခဲ့ပါတယ်ဗျ။ ဆရာဝူမှာ မေးစရာတစ်ခုခုရှိခဲ့လျှင် အားမနာစတမ်းမေးပါဗျာ”ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
ရှောင်းရီပေးထားသော ဥာဏ်ပညာနှင့်ဆို မည်သူမှ သူ့ကိူ အခက်တွေ့အောင်မလုပ်နိုင်ပေ။
“ဟား..ခုခေတ်လူငယ်တွေကတကယ့်ကို ယုံကြည်ချက်အပြည့်ရှိကြတာပဲ” အပြင်ဘက်မှ အသံတစ်သံထွက်လာသည်။
ကျုံးရှန်ဝတ်စုံဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်လူတစ်ဦးက အထဲကိုဝင်လာသည်။ သူက တီဗီထဲကလို တည်တည်ကြည်ကြည်ခံ့ခံ့ညားညားဖြစ်သည်။
“ခေါင်းဆောင်” ချီတုံက ခေါင်းဆောင် နှင့် လက်ဆွဲနှုတ်ဆက်သည်။
“မင်္ဂလာပါ ခေါင်းဆောင်” ဖန့်ကြွယ်ယွီက စိတ်လှုပ်ရှားနေသည့်ပုံမပေါ်အောင် မနည်းဖုံးဖိထားရသည်။
“ကောင်းတယ် ကောင်းတယ် မင်းလိုလူမျိုးက မျိုးဆက်သစ်အနေနဲ့ ရှိနေတာ ဟွာရှားက ကံကောင်းတာပဲ”
“မြှောက်ပင့်ပြောလွန်းနေပါပြီ ခင်ဗျာ။ကျွန်တော်လုပ်လုပ်တဲ့ သုတေသနယ်ပယ်ထဲကို စဝင်ခါစပဲရှိသေးတယ်။ ကြိုးစားနေတုန်းပါခင်ဗျာ”
“ခေါင်းဆောင် သူပြောတာမယုံပါနဲ့။ သူက ကြိုးစားနေတုန်းဆို ကျွန်တော်တို့က ဘယ်လိုလုပ်ရမလဲ”
ဟု ချီတုံက ဆိုသည်။
“ပြီးတော့ အပြင်ဘက်ကလူတွေ အဲ့မှာရပ်မနေကြပါနဲ့။ ဝင်လာကြပါ”
“လူတွေထပ်ရှိသေးတာလား” ဖန့်ကြွယ်ယွီလှမ်းကြည့်သောအခါ ပညာရှင်ပုံစံလူသုံးဦးကို တွေ့ရပြီး သူတို့၏ ဘေးတွင် သက်တော်စောင့်တစ်ဦးရပ်နေသည်။
ထိုသက်တော်စောင့်က အနည်းဆုံးအသက်လေးဆယ်အရွယ်ရှိလောက်မည်ဖြစ်သည်။ သူ့မှာ မည်သည့်လက်နက်မှ မပါပေ။
ခေါင်းဆောင်အတွက် လုံခြုံရေးက မနည်းလွန်းပေဘူးလား။
စစ်သားတပ်ဖွဲ့တစ်ခုမပါလာလျှင်တောင်မှ အနည်းဆုံးလက်နက်ကိုင်ဆောင်ထားသော စစ်သည်နှစ်ဦးပါသင့်သည် မဟုတ်ပေဘူးလား။ အန္တရာယ်ကျလာပါက ထိုလူတစ်ဦးထဲကမည်ကဲ့သို့ရင်ဆိုင်မည်နည်း။
“ပိုင်ရှင် သူ့ကိုလျှော့မတွက်နဲ့။ အဲ့လူက ပိုင်ရှင်ရဲ့အဘိုးအရွယ်လောက်ရှိမယ်။ သူ့ရဲ့ အစွမ်းကအဆင့်မြင့်စွမ်းအားရှင်နီးပါးရှိတယ်။ ခေါင်းလေးဘာလေးသုံးပါဦး။ ဒီလောက်အရေးကြီးပုဂ္ဂိုလ်ရဲ့ဘေးမှာ ရှိတဲ့လူတွေက နယ်နယ်ရရ ဟုတ်ပါ့မလား” ဟု ရှောင်းရီကပြောသည်။
“ကူးရီနဲ့ယှဉ်ရင်ရော”
“ပိုင်ရှင်က အာလူးနဲ့ ကျောက်နဲ့ ဘယ်တစ်ခုကပိုမာသလဲလို့နှိုင်းယှဉ်သလိုဖြစ်နေပြီ”
“သူငယ်ချင်းတို့ မတွေ့ရတာကြာပေါ့” ထိုပညာရှင်အဖွဲ့သည် ဇီဝဗေဒပညာရှင်များဖြစ်ကြသည်။ သူတို့အချင်းချင်း အတူပူးပေါင်းပြီးအလုပ်လုပ်ကိုင်ခဲ့ဖူးသဖြင့် အတော်အသင့်ရင်းနှီးကြသည်။
“ကဲ စကားပြောတာတွေရပ်ပြီး သုတေသနကို အသေးစိတ် တစ်ချက်ကြည့်ကြတာပေါ့”
ပညာရှင်များက ယန်ကျင်းကနေ ဒီနေရာထိရောက်လာရခြင်းမှာ ဆန်းသစ်တီထွင်သော သုတေသနကို ဆန်းစစ်လိုခြင်းကြောင့်ဖြစ်သည်။
“လူလေးဖန့် မင်းယူလာတာတွေထုတ်ပြလိုက်ပါဦး”
ချီတုံ၏ အိမ်မှာ ပရော်ဂျက်တာရှိသည်။ ပရော်ဖက်ဆာအဖွဲ့က ဆိုဖာပေါ်အတန်းလိုက်ထိုင်ပြီး ဖန့်ကြွယ်ယွီ၏ ရှင်းလင်းတင်ပြမှုများကိုနားထောင်ရန်အသင့်အနေအထားဖြစ်နေသည့်အပြင် လိုက်မှတ်ရန် မှတ်စုစာအုပ်များ ထုတ်ထားသည်။
“ဒါဆို ကျွန်တော်စပြီးရှင်းပြပါတော့မယ်။ပထမဆုံး ကျွန်တော့်ဒီသုတေသနကိုလုပ်ဖြစ်တဲ့အတွေးကိုရှင်းပြပါ့မယ်။ အပင်ရဲ့မျိုးရိုးဗီဇကိုပြောင်းလဲပစ်လျှင် ပုံပန်းသွင်ပြင်တွေကိုထိခိုက်နိုင်ပါတယ်။ ဒါဆို မူလမျိုးရိုးဗီဇလက္ခဏာကို မပျောက်ပျက်စေဘဲ DNAရဲ့ အရှည်ကို ဘာကြောင့်ထပ်မတိုးတာလဲ ။ DNAမှာ အတန်းအသစ်ဘာကြောင့်မလုပ်ဆောင်တာလဲ။”
ဖန့်ကြွယ်ယွီက မိနစ်လေးဆယ်တိတိ အားပါးတရရှင်းပြသည်။ အချိန်ကန့်သတ်ချက်ကြောင့် အရေးကြီးအစိတ်အပိုင်းများ၊ စမ်းသပ်မည့်နည်းလမ်းများနှင့် နည်းလမ်းသစ်များကိုပြောပြနိုင်သည်။ သို့သော် သူရှင်းပြတာကိုနားထောင်ပြီး ပညာရှင်များက ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
“မင်းအကြံက မဆိုးပါဘူး။ဒါပေမဲ့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ပြီးပြီလား” ဟု ပရော်ဖက်ဆာတစ်ဦးကမေးသည်။
“မလုပ်ရသေးပါဘူး။ အဲ့တာနဲ့ဆင်တူ စမ်းသပ်မှုအငယ်စားလေးတွေတော့လုပ်ပြီးပါပြီ” သူ့အိမ်မှာရှိသော စူပါကွန်ပျူတာကိုသုံးပြီး စမ်းသပ်ထားသည်များကိုဖွင့်ပြသည်။
ဗီဒီယိုထဲတွင် အစေ့များက လျင်လျင်မြန်မြန်အမြစ်တွယ်ပြီး အညှောင့်ပေါက်သည်။ ထိုအပင်၏ အမြစ်ထိုးဖောက်မှုသည် သာမန်အပင်များထက် သာလွန်သည်။ သုံးလကြာပြီးနောက် သဲကန္တရမြေသည် မြေဆီလွှာဖြစ်ထွန်းလာသည့်ပုံစံပြသည်။
“ဒါကိုအခြေခံပြီး အပင်မှာတခြားပြောင်းလဲမှုတွေဖြစ်တဲ့ လေဒဏ်ခံနိုင်မှု၊ ရေထိန်းထားနိုင်စွမ်းတို့ကိုပါ တိုးမြှင့်ဦးမှာပါ။ အားလုံးပြီးတာနဲ့ ဒီအပင်တွေက မြေဆီလွှာကိုပြောင်းလဲပစ်ပြီးတော့ လူတွေအခြေချဖို့အတွက်မြို့တည်ဆောက်နိုင်သည်အထိ သင့်တော်လာတော့မှာပါ”
မြို့တည်ဖို့အတွက် ကနဦးအဆင့်ပတ်ဝန်းကျင်ပြောင်းလဲမှုသည် တစ်နှစ်မှ တစ်နှစ်ခွဲအထိသာကြာနိုင်ကြောင်း နောက်ထပ်ဗီဒီယိုတစ်ပုဒ်ဖွင့်ပြသည်။
“မိုက်တယ် ..တကယ့်အံ့မခန်းပါပဲလား” ဟု ပညာရှင်များက ချီးမွမ်းကြသည်။
“ဒီအတိုင်းသာဆို သဲကန္တာရတွေမှာတောင် လူနေနိုင်တော့မှာ”
“ဒါနဲ့ နောက်ထပ်သိချင်တာက မင်းဒီတွက်ချက်မှုကိုဘယ်လိုလုပ်ခဲ့တာလဲ။ ဒီလောက်ဒေတာအများကြီးကို သာမန်ကွန်ပျူတာက မတွက်နိုင်ဘူးမဟုတ်လား” ဟု တစ်ယောက်ကမေးသည်။
“အိုး ဟုတ်ပါတယ်။ ကျွန်တော့်အိမ်မှာ စူပါကွန်ပျူတာအသေးလေးတစ်လုံးရှိတယ်။ ဒီတွက်ချက်မှုကိုတော့ အသာလေးတွက်နိုင်ပါတယ်”
“စူပါကွန်ပျူတာ” ပညာရှင်များအားလုံးမျက်လုံးပြူးကုန်ကြသည်။
သူတို့တစ်နိုင်ငံလုံးမှာတောင် စူပါကွန်ပျူတာအနည်းငယ်သာရှိသည်။
“သူ့ဆီမှာ စူပါကွန်ပျူတာတစ်လုံးရှိနေတာ မသုံးရင် အလဟသဖြစ်နေမှာပဲ”
“မဖြစ်ပါဘူးခင်ဗျာ။ အဲ့ကွန်ပျူတာနဲ့ ရုပ်ရှင်ဒေါင်းလုတ်လုပ်ရင် ဂိမ်းဆော့ရင် အရမ်းမြန်တာ”
“အဲ့ကွန်ပျူတာမျိုးက ရုပ်ရှင်ကြည့်ဖို့ ဂိမ်းဆော့ဖို့မှမဟုတ်တာ”
ခေါင်းဆောင်သာမရှိနေပါက သူ့ကို ပညာရှင်များက အမှုန့်ဖြစ်အောင်ကြိတ်နေလောက်မည်။ ထိုကွန်ပျူတာနှင့်ဆို တစ်နှစ်အတွင်း သုတေသနများစွာ ထွက်ပေါ်လာနိုင်သည်။