← Chapters

တိုက်လေယာဉ်ပုံစံလိုချင်လား။

Vol. 8 Ch. 101

တိုက်လေယာဉ်ပုံစံလိုချင်လား။

Vol. 8 Ch. 101

“ဟေး ရှောင်ဖန့် တစ်ခုလောက်မေးဦးမယ်။ မင်းမိသားစုက ဘာလုပ်ကြတာလဲ” ဟု ချီတုံက မေးသည်။ သူ့မိသားစုအကြောင်းကို ချီတုံဘာမှ မသိပေ။

“ဘာမှတော့မဟုတ်ပါဘူး။ ပြိုင်ကားရောင်းတယ်။စိန်တူးတယ်။ ရေနံရောင်းတယ်။ ရှေးဟောင်းပစ္စည်းတွေလည်းရောင်းတယ်။ အစုံပါပဲခင်ဗျာ”

“အမ်” ခေါင်းဆောင်၏မျက်နှာကွက်ခနဲပျက်သွားသည်။ဒီလိုစီးပွါးရေးလုပ်ငန်းကို သာမန်လူလုပ်နိုင်ပါ့မလား။ ဒီလိုအနေအထားကို ဘာမှမဟုတ်ဘူးလို့ ဆိုနိုင်ပါ့ဦးမလား။

“ကဲ အားလုံးပဲ အဆင်မပြေတာတစ်ခုခုတွေ့လား” ခေါင်းဆောင်က နည်းပညာဆိုင်ရာတော့ မကျွမ်းကျင်သောကြောင့် အကဲဖြတ်စစ်ဆေးမှုအတွက် ပညာရှင်များကိုသာ အားကိုးရသည်။

“တွက်ချက်တာတွေ စမ်းသပ်မှုအသေးတွေက အဆင်ပြေပြီဆိုတော့ နောက်ဆုံးလက်တွေ့စမ်းသပ်မဲ့အဆင့်ပဲလိုတာပါ”

“ပြီးတော့ ဒါနဲ့သက်ဆိုင်တဲ့သုတေသနရှာဖွေတွေ့ရှိချက်တွေအတွက် မူပိုင်ခွင့် ချက်ချင်းလျှောက်ရမယ်။ ဒါမှ တခြားနိုင်ငံတွေက လက်ဦးမှုမရမှာ” ဟုပါမောက္ခများက ထောက်ပြပြောဆိုကြသည်။

“ဟုတ်တယ်။ဒါက နိုင်ငံရဲ့ ဥာဏပိုင်းဆိုင်ရာပိုင်ဆိုင်မှုဆိုတော့ သေသေချာချာလေးကာကွယ်ထိန်းသိမ်းမှရမယ်”

“ရှောင်ဖန့်..ဒီနည်းပညာကို နိုင်ငံကို ပြန်ရောင်းဖို့ ဆန္ဒရှိပါသလား”

ဟု ခေါင်းဆောင်ကမေးသည်။

“ရောင်းရမယ်! ဟုတ်လား မလိုပါဘူး ခင်ဗျာ”

ဖန့်ကြွယ်ယွီက ဤနည်းပညာမှ ပိုက်ဆံရဖို့ တစ်ခါမှမတွေးဖူးပေ။

“ကျွန်တော့်အတွေးက ကျွန်တော်တို့တက္ကသိုလ်နာမည်နဲ့ပဲ ဒီသုတေသနကို ထုတ်ဝေဖို့ပါ။ နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်စေမဲ့ကိစ္စပဲဟာ အကျိုးအမြတ်မယူပါဘူး”

“ကောင်းတယ် အဲ့လိုတွေးတဲ့လူဆိုတာ ရှားသွားပြီ”

“ကျွန်တော်က ပိုက်ဆံပဲဖြုန်းချင်တာ။ ပိုက်ဆံထပ်ဝင်လာရင် ကုန်အောင်ပြန်သုံးနေရဦးမယ်” ဟု ဖန့်ကြွယ်ယွီက သူတစ်ကိုယ်တည်းကြိတ်ပြီးတွေးနေမိသည်။

“နိုင်ငံအတွက် စွမ်းစွမ်းတမံအကျိုးပြုတဲ့လူတွေကို ပစ်မထားပါဘူး။ မင်းက ပိုက်ဆံမလိုဘူးဆိုတော့ ဒီနှစ်အတွက်ဂုဏ်ထူးဆောင်ပညာရှင်ဆုအတွင် မင်းကိုထည့်သွင်းစဉ်းစားပေးဖို့ ငါပြောပေးမယ်ဆိုရင်ရော”

“ဂုဏ်ထူးဆောင်ပညာရှင်” ပါမောက္ခများအားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

ပညာရှင်များက ထိုဆုကိုရရန် သူတို့ ဘဝတစ်ခုလုံးရင်းနှီးမြှုပ်နှံခဲ့ကြသည်။

အသက်နှစ်ဆယ်အရွယ်ကောင်လေးက ထိုဆုကိုရသည်မှာ အံ့ဖွယ်မဟုတ်ပါလော။

ထို့ပြင် ဖန့်ကြွယ်ယွီက မည်သူမှမဖြေရှင်းနိုင်သော သုတေသနကိုဖော်ထုတ်နိုင်ခဲ့သဖြင့် သူတို့အားလုံးထက် သာလွန်သည်ဟု ဆိုနိုင်သည်။

“ခေါင်းဆောင် ကျွန်တော်အမှန်တိုင်းပြောရမယ်ဆို ပိုက်ဆံတို့ ပညာရှင်ဆုတို့ကို ကျွန်တော့်အနေနဲ့ စိတ်မဝင်စားပါဘူး။ တကယ်တော့ ဒီသုတေသနကို လက်တွေ့အသုံးပြုနိုင်လို့ ရတဲ့အရာတွေအပေါ်ပဲ အာရုံရှိတာပါ”

“မင်းပြောတာက မြေကိစ္စလား” ချီတုံက ထိုအကြောင်းအရာကို သုတေသနအကြောင်း သတင်းပို့စဉ်အခါက အရိပ်အမြွက်ပြောပြဖူးသည်။

“ဟုတ်ကဲ့ ကျွန်တော်က ရုပ်ရှင်မြို့တော်တစ်ခုတည်ချင်တာ။ ဒါပေမဲ့ လိုအပ်တဲ့မြေနေရာက အကျယ်ကြီးဆိုတော့ ခွင့်ပြုမိန့်မရနိုင်ဘူးဖြစ်နေတာ။ ဒီသဲကန္တာရဒေသတွေသာ အသုံးတည့်လာမယ်ဆို အဲ့ဒေသကို သုံးခွင့်ရချင်ပါတယ်”

“ဆောက်လုပ်တဲ့ကုန်ကျစရိတ်ကိုကျွန်တော်ပဲအားလုံးတာဝန်ယူမှာပါ။ ပြီးတော့ စမ်းသပ်ဖို့လိုအပ်တဲ့ ပိုက်ဆံတွေရော အတူတူပါပဲ”

“ရှောင်ဖန့် ဒီပရောဂျက်အတွက် ပိုက်ဆံဘယ်လောက်လိုလဲဆိုတာ မင်းသိလို့လား”

အပင်စိုက်ရန် လူအင်အား ငွေအင်အားများစွာလိုအပ်သလို ရုပ်ရှင်မြို့တော်တည်ထောင်ရန်မှာလည်း မလွယ်ကူပေ။

ရေ၊ ဆက်သွယ်ရေး၊ အစားအစာ စသဖြင့် အရင်းအနှီးများစွာကို လူမနေထိုင်သော နေရာအတွက် လိုအပ်ပေသည်။

“သိပါတယ်ခင်ဗျာ”

ယခင်က လျာထားသောကုန်ကျစရိတ် ၁၀၀ဘီလီယံထက်ပိုကုန်ကျမည်ကို သူတွေးပြီးသားဖြစ်သည်။ထိုသို့သုံးမှသာ ဒေါ်လာ ၅၀၀ဘီလီယံက မြန်မြန်ကုန်ပေတော့မည်။

“ဒါဆို မင်းပြောတာက မင်းက မြေကိုပဲ လိုချင်တဲ့သဘောပေါ့”

ဟု ခေါင်းဆောင်က ထပ်မံအတည်ပြုသည်။

“ဟုတ်ပါတယ်ခင်ဗျာ”

“ဒီနည်းပညာကို ကျောင်းနာမည်နဲ့ပဲ ထုတ်ဝေပါ။ ကျွန်တော့်ကိုယ်ပိုင် ကုမ္ပဏီတွေစမ်းသပ်ခန်းတွေရှိတာမို့ အပင်စိုက်ဖို့ကိစ္စကိုလည်း ခပ်မြန်မြန်အပြီးသတ်နိုင်သလို သဲကန္တာရတည်ဆောက်ရေးလည်း ချက်ချင်းစတင်နိုင်ပါတယ်”

ဝမ်ချုံးသာဘေးနားရှိမယ်ဆို သူ့ကိုလုံးဝရူးနေပြီဟု ထင်မြင်လိမ့်မည်။ ရုပ်ရှင်မြို့တော်ကိုတည်ဆောက်သော အရင်းငွေကို ဆယ်နှစ်အတွင်းပြန်ရှာနိုင်သော်ငြား သဲကန္တာရ ကိုပြုပြင်ပါက အရင်းသာရှိပြီး အမြတ်မရနိုင်တာမို့ အလှူလုပ်သလိုဖြစ်နေသည်။

“ဒါဆို တက်လာမခန်သဲကန္တာရမှာ စမ်းသပ်ကြည့်ပါ။ ပထမဆုံး ၁၀၀ ကီလိုမီတာပတ်လည်မှာ အရင်စမ်းသပ်ပါ။ အောင်မြင်ပြီဆိုမှ မင်းအတွက်သဲကန္တာရတစ်ဝက်ပေးပါ့မယ်။ ဘယ်လိုလဲ။ လွှတ်တော်ကလူတွေကလည်း ငြင်းမယ်မထင်ပါဘူး”

“လုံလောက်တာထက် ပိုပါတယ်ခင်ဗျာ” ဖန့်ကြွယ်ယွီ အပျော်ကြီးပျော်သွားသည်။ ဟန်ချန်းဧရိယာသည် ငါးကီလိုမီတာပတ်လည်သာရှိပြီး ဤနေရာက သူတွေးထားသည်ထက် ဆယ်ဆပိုကျယ်သည်။

“ဒါနဲ့ စကားမစပ် ခေါင်းဆောင် ကျွန်တော်ပုံကြမ်းဆွဲထားတာရှိပါတယ်။ ကြည့်မလားခင်ဗျာ” ရှောင်းရီမှာရှိသောနည်းပညာက ဤကမ္ဘာမြေရှိနည်းပညာကို ချက်ချင်းအဆင့်မြှင့်ပေးနိုင်သည်။

“ဘာများလဲ။ ကြည့်မယ်လေ”

“ကျွန်တော်ဒီအတိုင်းဆွဲထားတဲ့ ဒီဇိုင်းတွေပါခင်ဗျာ”

“ဒါတွေက တိုက်လေယာဉ်တွေနဲ့ သင်္ဘောဒီဇိုင်းတွေမလား”

ခေါင်းဆောင်က နိုင်ငံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာလေ့လာခဲ့သည်။ သို့သော် သူ၏ မဟာဘွဲ့နှင့် ပါရဂူဘွဲ့အတွက် လေယာဉ်ကိုယ်ထည်ပိုင်း၊ လေယာဉ်စနစ်ဒီဇိုင်း၊ နှင့် လေကြောင်းနည်းပညာများကို လေ့လာခဲ့သည်။ သူက သင်္ဘောအကြောင်းသိပ်မသိသော်လည်း တိုက်လေယာဉ်နှင့်ပတ်သက်ပြီး အကြမ်းဖျဉ်းသိသည်။

ဤတိုက်လေယာဉ်သည် ယခုလက်ရှိအဆင့်မြင့်ဆုံးတိုက်လေယာဉ်ထက် အများကြီးအစွမ်းထက်သည်။

“ဒါကိုရော မင်းကိုယ်တိုင်ဆွဲတာပဲလား”

ဖန့်ကြွယ်ယွီ အနေနှင့် တစ်နေရာတည်းမှာတစ်ဖက်ကမ်း ထူးချွန်ပါက ပါရမီရှင်ဟုခေါ်တွင်နိုင်သော်လည်း မဆိုင်သောနယ်ပယ်နှစ်ခုမှာ ထူးချွန်တာကတော့ ပါရမီရှင် မဖြစ်နိုင်တော့ပေ။

“မင်းကိုယ်ထဲမှာဂြိုဟ်သားတွေများရှိနေလား” ဟု ခေါင်းဆောင်က စနောက်သည်။ “ဟား မနောက်ပါနဲ့ခင်ဗျာ” ခေါင်းဆောင်ပြောတာ တစ်ဝက်လောက်မှန်သည်ဟု သူတွေးနေမိသည်။

“ရှောင်ဖန့် နိုင်ငံကိုယ်စား မင်းကိုကျေးဇူးတင်ပါတယ်။” ဟု ခေါင်းဆောင်ကပြောသည်။ ထိုသို့ပြောပြီးနောက် သူ၏အိပ်ကပ်ထဲမှ ဆုတံဆိပ်အသစ်တစ်ခုကို ထုတ်လိုက်သည်။

“မင်းက ဒီဆုနဲ့ ထိုက်တန်ပါတယ်”

“ခေါင်းဆောင်ဒါက…” နိုင်ငံအတွက် စွမ်းစွမ်းတမံလုပ်ဆောင်နိုင်သူများသာ ထိုဆုကိုရနိုင်သည်။ ယနေ့ထိ ထိုဆုကိုရသူများသည် နိုင်ငံ၏ စားနပ်ရိက္ခာနှင့် နယူးကလီးယားဗုံးပရောဂျက်ကိုလုပ်ဆောင်နိုင်သော သိပ္ပံပညာရှင်များသာဖြစ်ကြသည်။

“ဒီဆုနဲ့ဆို မင်း ဥပဒေကိုမဖောက်ဖျက်ဘူးဆို နိုင်ငံက မင်းကိုအကောင်းဆုံး အထောက်အပံ့ပေးမှာ”

“ဟူရီ ဒီသတင်းကိုလုံခြုံအောင်ထိန်းထား။မပေါက်ကြားစေနဲ့”

ထိုလူက အပြင်ကိုထွက်သွားပြီး ခဏအကြာမှာ အနက်ရောင်လက်ဆွဲအိတ်တစ်လုံးယူပြီးပြန်ရောက်လာသည်။ ထိုအရာသည် နိုင်ငံ၏ထိပ်သီးလျှို့ဝှက်ချက်များကို ကာကွယ်ရန်ဖြစ်သည်။ ဖန့်ကြွယ်ယွီပေးသော အချက်အလက်နှင့်ဆို ကမ္ဘာပေါ်မှာရှိသော သူတို့နိုင်ငံ၏ အနေအထားကို ပြောင်းလဲပစ်နိုင်သည်။

သူက ပစ္စည်းများကိုလက်ဆွဲအိတ်ထဲသေချာထည့်ပြီးနောက် သော့ခတ်လိုက်သည်။နယူးကလီးယားဗုံးပေါက်ကွဲလျှင်တောင် ထိုအိတ်ကဘာမှမထိခိုက်လောက်သည်အထိ အမြင့်ဆုံးအနေအထားကို ကာကွယ်ထားသည်။

“ဒီနေ့ ဒီနေရာမှာ ဆွေးနွေးခဲ့တာတွေကို မပေါက်ကြားစေဖို့ နှုတ်လုံကြပါ။ အထူးသဖြင့် ဖန့်ကြွယ်ယွီရဲ့ သရုပ်မှန်ပေါ့။ မဟုတ်ရင် သူဒုက္ခရောက်မှာ စိုးရိမ်လို့ပါ” ဟု ခေါင်းဆောင်က ညွှန်ကြားသည်။

“စိတ်ချပါ ခေါင်းဆောင် ဒီနေ့ကိစ္စတွေကိုလျှို့ဝှက်ချက်တစ်ခုလို ထိန်းသိမ်းပါ့မယ်”

All Chapters