ဆောင်းဦးရာသီအလုပ်အကိုင်ဖြည့်တင်းခြင်း
Vol. 8 Ch. 103
နွေရာသီကျောင်းပိတ်ရက်ကာလကကုန်ဆုံးတော့မည်ဖြစ်သည်။ဖန့်ကြွယ်ယွီလည်း သူ၏
နောက်ဆုံးပညာသင်နှစ်ဝက်ကို ရင်ဆိုင်ရတော့မည်။
တခြားကျောင်းသားများက အလုပ်သင်ဆင်းရန် ကုမ္ပဏီတစ်ခုပြီးတစ်ခုရှာဖွေနေကြသည်။ သို့သော် ဖန့်ကြွယ်ယွီကတော့ ထိုကဲ့သို့ အလုပ်လိုက်ရှာရသည့် ဖိအားမျိုးမရှိပေ။
သူက ရှင်းယွီနှင့်အတူ နေ့တိုင်းနီးပါး အချိန်ကုန်ဆုံးနေသည်။
ဝမ်ချုံး၏ ဘမ်ဘူးတိုက်ရိုက်ထုတ်လွှင့်မှုအဖွဲ့သားများကလည်း သီချင်းဆိုပြိုင်ပွဲအတွက်ပြင်ဆင်နေကြသည်။ ပြိုင်ပွဲအတွက် သေချာပြင်ဆင်ရန်နှင့် ပြိုင်ပွဲမစခင် သီချင်းကြိုသွင်းနိုင်သည် ကောရှင်းယွီသည် ရှင်းယုမီဒီယာ၏
အသံသွင်းစတူဒီယိုမှာ အချိန်ကုန်ဆုံးသည်။
တစ်နေ့မှာ ချန်ခိုင်က ဖန့်ကြွယ်ယွီကို ဖုန်းခေါ်လာသည်။
“ဟေ့ မစ္စတာဖန့်..ဒီနေ့အချိန်ရလား”
ဖန့်ကြွယ်ယွီက သူ့လက်မောင်းကို ပွတ်သပ်ရင်း “ မစ္စတာဖန့်လို့ မခေါ်စမ်းပါနဲ့ကွာ။ ကြက်သီးထလို့ပါ။ ဘာလဲ မင်းတို့တစ်ခုခုလိုအပ်လို့လား”
“ဒါပေါ့ သူဌေးကြီးက ကုမ္ပဏီကိစ္စတွေကို ငါတို့ကိုပဲလွှဲထားလိုက်တာလေ။ ငါတို့သုံးယောက်က ဒီအတောအတွင်း တစ်ယောက် ၁၀ပေါင်လောက်ကျသွားတာ” ဟု ချန်ခိုင်က စနောက်ပြောဆိုသည်။ အမှန်တော့ သူတို့၏ အလုပ်အကုန်လုံးပြီးမြောက်ခဲ့ပြီဖြစ်သည်။
“ငါတို့ကုမ္ပဏီက ဒီနေ့လေ ကျန်းနန်တက္ကသိုလ်ပြပွဲတစ်ခုမှာ လူရွေးပွဲလုပ်မလို့။ မင်းအားတယ်ဆို လာခဲ့ပါ့လား။ မင်းက သူဌေးဆိုတော့ မျက်နှာလေးတော့လာပြသင့်တယ်ကွာ”
“အဲ့တာက မင်းတို့ဘာသာမင်းတို့လုပ်လိုက်လို့ရတယ်မဟုတ်ဘူးလား”
“မဟုတ်ဘူးလေ။ဒီနေ့ အလုပ်အကိုင်ပြပွဲက ငါတို့ကုမ္ပဏီတစ်ခုထဲမှမဟုတ်တာ။ အခုခေတ်မှာ အပြိုင်အဆိုင်ကနှစ်တိုင်းပြင်းထန်နေပြီ။ တကယ်တော်တဲ့လူတွေကလည်းရှားနေပြီဆိုတော့ သူတို့ကို အမိအရဖမ်းဖို့လိုတယ်”
မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ရသူများက အလွန်များပြားလာသော်လည်း အရည်အချင်းရှိသောလူများက ရှားပါးလာတာမို့ ကုမ္ပဏီအများစုက အလုအယက်လိုချင်ကြသည်။
“ကောင်းပြီလေ အဲ့တာဆိုလည်း ငါလာခဲ့မယ်”
ဖန့်ကြွယ်ယွီက ယနေ့မှာဘာမှလုပ်စရာမရှိနေပေ။ ထို့ကြောင့်အလုပ်အကိုင်ပြပွဲပတ်ဝန်းကျင်နှင့် ထိတွေ့ဖို့သင့်တော်ပေသည်။
“သခင်လေး ဒီနေ့ကျန်းနန်တက္ကသိုလ်မှာလုပ်တဲ့ အလုပ်အကိုင်ပြပွဲသွားမှာလား” ကျွမ်းရီက သူခိုင်းထားသော မြေကိစ္စကိုလုပ်နေသည့်ကြားမှ သူတို့အချင်းချင်းပြောဆိုသည်များကိုနားစွင့်နေမိသည်။
“အင်း သွားမလို့ ဘာဖြစ်လို့လဲ”
“ဒီနေ့ ကျန်းနန်တက္ကသိုလ်ရဲ့ အလုပ်အကိုင်ပြပွဲမှာ ကုမ္ပဏီပေါင်း ၄၀၇ ခုရှိတာ။ အဲ့ထဲက ဘယ်နှခုကများ သခင်လေးနာမည်နဲ့တည်ထောင်ထားတယ်ဆိုတာသိလား”
“တစ်ရာလောက်ရှိမှာပေါ့”
“စုစုပေါင်း ၂၇၄ခုရှိတယ်။ အဲ့ကုမ္ပဏီအများစုမှာ သခင်လေးက အရင်းအနှီးစိုက်ပေးတာ သို့ ရှယ်ယာထည့်ဝင်ထားတာ။ ကဲ တစ်ချက်သွားကြည့်လိုက်ပါ”
“အဲ့လောက်တောင်များလား”
“ဒါက ဒီနေ့အတွက်ပဲရှိသေးတာ။ မကြာသေးခင်မှာပဲ ကျန်းနန်တက္ကသိုလ်ဝင်းထဲမှာပဲ ထောင်နဲ့ချီတဲ့ ကုမ္ပဏီတွေက အပြိုင်အဆိုင်အလုပ်ခေါ်ပြီး ခန့်အပ်ကြတာ။ အဲ့ကုမ္ပဏီတွေထဲက တစ်ဝက်ကျော်က သခင်လေးပိုင်တာလေ”
“ဒါကြီးက ဖန့်မိသားစုတပ်အတွက် လူအင်အားဖြည့်တင်းသလိုပါပဲလား။ ဗရုတ်သုတ်ခလူတွေ ကုမ္ပဏီထဲမဝင်နိုင်အောင် သေချာကြည့်ဦးမှပါလေ”
ကျောင်းမဖွင့်သေးသော်လည်း ကျန်းနန်တက္ကသိုလ်ဝင်းထဲမှာကျောပိုးအိတ်လွယ်ထားသော ကျောင်းသား/သူများက ဟိုဟိုဒီဒီပြေးလွှားနေကြသည်။
ကုမ္ပဏီလေးရာကျော်အတွက် ပြခန်းအသေးတစ်ခုစီရသည်။ အထူးသဖြင့် အင်တာနက်ကုမ္ပဏီကဲ့သို့ ကုမ္ပဏီကြီးရှေ့တွင် လူအများအပြားတန်းစီစောင့်ဆိုင်းနေကြသည်။
လူအုပ်ကြီးကြားထဲတွင်ဖန့်ကြွယ်ယွီပုံစံက ထူးဆန်းနေသည်။ လူအများစုက စီးပွါးရှင်များကဲ့သို့ ဝတ်စားထားသော်လည်း ဖန့်ကြွယ်ယွီက ဘောင်းဘီတို၊ တီရှပ်ကိုသာ ဝတ်ဆင်ထားသည်။
မိုးကြိုးနည်းပညာကုမ္ပဏီ၏ ပြခန်းက နံပါတ်ရှစ်မှာရှိသည်။ ကျန်းနန်မြို့ထဲတွင် မိုးကြိုးကုမ္ပဏီက အခုတလောအလွန်နာမည်ကြီးလာသည်။
သူတို့ကုမ္ပဏီအကြောင်းရှင်းပြနိုင်ရန် ကျောင်းမှ စာသင်ခန်းတစ်ခန်းစီစဉ်ထားပြီး ပထမအဆင့် ပဏာမ အင်တာဗျူးလုပ်ဆောင်နိုင်သည်။
ပြခန်းမှာ လူများအပြည့်ဖြစ်နေသည်။ ထိုပြခန်းတွင် ကုမ္ပဏီဝန်ထမ်းများစွာလည်းရှိနေသည်။ ထိုအထဲမှ HR ဌာနက အလုပ်အရှုပ်ဆုံးဖြစ်နေသည်။
“ဟိုကောင်တွေကဘယ်မှာလဲမသိ” ဖန့်ကြွယ်ယွီကလူအုပ်ကြီးကြားမှာ ဟိုဟိုဒီဒီရှာသည်။ ချန်ခိုင်တို့က ကုမ္ပဏီခေါင်းဆောင်များဖြစ်ကြသည်။ ပုံမှန်ဆို အလုပ်ခန့်အပ်ခြင်းအတွက် HRဌာနက တာဝန်ယူပေးရသည်။ သို့သော် ကျန်းနန်တက္ကသိုလ်က သူတို့ကျောင်းဖြစ်နေသဖြင့် တက်ကြွပြီး အင်တာဗျူးကိုကိုယ်တိုင်လုပ်ဆောင်လိုကြသည်။
“ဟေ့ မင်း စည်းတားထားတာမမြင်ဘူးလား။ စည်းကမ်းမရှိလိုက်တာ”
ကိုယ်ရေးအချက်အလက်ဖိုင်များကိုင်ထားသော ကျောင်းသားတစ်ဦးက သူ့ကိုမကျေနပ်သည့်ပုံပြသည်။
“တောင်းပန်ပါတယ် ငါလူရှာနေလို့ပါ”
“ငါတို့လည်း လူရှာနေတာပဲလေ။ကြည့် အားလုံးက အတန်းလိုက်လေး စီထားကြတာ”
“မင်းလက်ထဲမှာ ဘာမှမကိုင်လာဘဲ အလုပ်အကိုင်ပြပွဲကို ပေါ့ပေါ့ပါးပါးဝတ်ပြီးတက်တာကိုကြည့်ရတာ မင်းက ကိုယ့်ကိုကိုယ် သူဌေးသားလို့ထင်နေတာလား”
“ငါတကယ်လူရှာနေတာပါကွာ”
“မင်းဘယ်လိုလုပ်တာလဲ။ ဒီမှာ လူရာနဲ့ချီပြီးတန်းစီနေတာ။ မင်းလိုလူတိုင်းလုပ်မယ်ဆို ငါတို့အလုပ်ဘယ်လိုရှာရမလဲ”
“ဟုတ်တယ် ဟုတ်တယ်” အလုပ်ရဖို့ကြိုးပမ်းနေကြရသဖြင့် အားလုံးလည်း စိတ်ဆတ်နေကြသည်။
“မာရီဟန်း” လူအုပ်ကြားထဲမှ အမျိုးသမီး HR ၏နာမည်ကို အမှတ်ရသဖြင့် လှမ်းခေါ်လိုက်သည်။
မာရီဟန်းက လူအုပ်ထဲကိုလှမ်းကြည့်သည်။
“မစ္စတာဖန့်” သူမအနေဖြင့် သူ့ကို တစ်ခါလေးသာ တွေ့ဖူးသော်လည်း သေချာမှတ်မိနေသည်။
“ရှောင်းရှု..မင်းပဲသူတို့ကိုဆက်ရှင်းပြလိုက်တော့။ ငါလုပ်စရာပေါ်လာလို့”
မာရီဟန်းက မတ်တပ်ထရပ်သောအခါ ပြခန်းအနီးအနားရှိကျောင်းသားများက လမ်းဖယ်ပေးသည်။
“မစ္စတာဖန့် ဒီကိုဘယ်လိုရောက်လာတာလဲ”
မစ္စတာဖန့်ဟူသော နာမည်ကိုကြားရသောအခါ ကျောင်းသားများက အံ့အားသင့်နေကြသည်။
“အခြေအနေတွေဘယ်လိုရှိလဲဆိုတာ လာကြည့်တာ။ ဒါနဲ့ ချန်ခိုင်တို့ ဘယ်ရောက်ကုန်ကြတာလဲ”
“မစ္စတာချန်တို့က မြောက်ဘက်အဆောက်အဦ အခန်း၁၁၅မှာရှိပါတယ်။ လိုက်ပို့ပေးရဦးမလား”
“ရတယ်။ ငါ့ဘာသာသွားမယ်။ ငါက ဒီကကျောင်းသားဆိုတော့လမ်းသိတယ်။ မင်းတို့က ဒီလောက်နေပူပူကြီးမှာအလုပ်လုပ်နေတာဆိုတော့ ဒီလအတွက် ဘောနပ်စ်ကို ပုံမှန်ရနေကျထက် ဆယ်ဆပိုပေးမယ်”
“ကျေးဇူးတင်ပါတယ် သူဌေး”
ဖန့်ကြွယ်ယွီထွက်သွားသောအခါ ကျောင်းသားများက ပါးစပ်အဟောင်းသားဖြစ်ပြီးကျန်ခဲ့သည်။
“တဆိတ်လောက်ပါ။ ခုနကလူကဘယ်သူလဲ” ဟု ကျောင်းသားတစ်ဦးကမေးသည်။
“ဪ သူက ငါတို့ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်ပါ။ ပြောရမယ်ဆို မင်းတို့သူဌေးပေါ့”
ဖန့်ကြွယ်ယွီက သူတို့၏သူဌေးဆိုတာ သိလိုက်ရသောအခါ အံ့အားမသင့်ပဲမနေနိုင်ကြပေ။
“သွားပါပြီကွာ” ဖန့်ကြွယ်ယွီနှင့် ကတောက်ကစဖြစ်ခဲ့သော ကျောင်းသားက သူ့အတွက်အခွင့်အရေးမရှိတော့ဘူးဟု ထင်ကာ မျက်နှာမှာ သွေးပျက်လာတော့သည်။