လုပ်ကြံဇာတ်ဖန်တီးခြင်း
Vol. 8 Ch. 108
အားကျစရာကောင်းလောက်အောင် များပြားလှသော ဆုများကြောင့် ဘမ်ဘူးပလက်ဖောင်းကို ဝင်ရောက်သူအလွန်များလာဖြင့် ဝမ်ချုံးတစ်ယောက် ပလက်ဖောင်းလိုင်းမကျဖို့အရေး ဆာဗာပေါင်းများစွာထပ်မံပြင်ဆင်ရသည်။
ရှုံးထွက်ပွဲစဉ်အဆင့်တိုင်းမှာ ကြည့်ရှုသူက သန်းနှစ်ဆယ်ကျော်နှင့် အထက်ရှိသည်။ ထိုသို့ လူသိများထင်ရှားလာသည်နှင့်အတူ ပြိုင်ပွဲဝင်များလည်း နာမည်ပိုရလာသည်။
ထိုပြိုင်ပွဲဝင်များထဲမှ ကျောက်ဖန်းနှင့် ကောရှင်းယွီက သေချာပေါက် ထိပ်သီးငါးဦးထဲ ဝင်မည်ဟု ထင်ကြေးပေးကြသည်။
နောက်ဆုံးပြိုင်ပွဲနီးကပ်လာသည်နှင့်အမျှ ချန်ပီယံမည်သူဖြစ်မည်။ ဒုတိယ တတိယနေရာ မည်သူရမည်ဆိုတာကို ပရိတ်သတ်များက အမျိုးမျိုးခန့်မှန်းကြသည်။
အသံချိုချို နှင့် ဆွဲဆောင်မှုရှိသောရုပ်ရည်လေးရှိသည့် ကောရှင်းယွီကို အားပေးသည့်ပရိတ်သက် တဖြည်းဖြည်းများပြားလာသည်။
ချန်ပီယံဆုမည့်သူက ကောရှင်းယွီ နှင့် ကျောက်ဖန်း နှစ်ဦးထဲမှ တစ်ဦးဦးဖြစ်မည်ဟု အားလုံးကယုံကြည်ကြသည်။
“ဖိုင်နယ်ရောက်ဖို့ကလည်းရက်က ကပ်လာပြီ။ ဒါကြောင့်မို့ကိုယ့်ကိုကိုယ် အရမ်းဖိအားမပေးပါနဲ့”
“ပြီးတော့ မင်း ချန်ပီယံမဖြစ်ရင်တောင် ဘာမှမဖြစ်ဘူး။ ခုကြည့်လေ မင်းမှာ ပရိတ်သက်တွေရလာပြီ။ နောက်ပိုင်း မင်းသီချင်းတွေထုတ်မယ်ဆို အားပေးမဲ့လူတွေရှိနေမှာ အသေအချာပဲ”
“ဟာ အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်မက ရှင်ပေးခဲ့တဲ့ သီချင်းကို နောက်ဆုံးဖိုင်နယ်ပွဲမှာ ဆိုချင်သေးတာ။ ကျန်တဲ့သူတွေကို ကျွန်မအနိုင်ရမယ်လို့ ယုံကြည်ချက်အပြည့်ရှိတယ်”
ကောရှင်းယွီက ထိုသီချင်းကို လက်ခံရပြီးကတည်းက ဘယ်နှခေါက်မှန်းမသိအောင် အကြိမ်ကြိမ်ဆိုနေမိသည်။ သူမက ဖန့်ကြွယ်ယွီကိုရော သူမကိုယ်သူမရော ယုံကြည်ချက်အပြည့်ရှိသည်။
“တွီ တွီ တွီ” ဖန့်ကြွယ်ယွီ၏ ဖုန်းက ရုတ်တရက်ဆိုသလို တုန်ခါလာသည်။ ထိုအရာသည် ဝမ်ချုံးထံမှ စာဝင်လာသောကြောင့် ဖြစ်သည်။
“ဒီလူက ဒီအချိန်ကြီး ဘာလို့ ဆက်သွယ်တာပါလိမ့်” ဖန့်ကြွယ်ယွီက ဖုန်းကိုဖွင့်သည်။ ဝမ်ချုံး၏ စာကတိုတိုလေးဖြစ်သည်။
“ဝီဘိုမှာ နာမည်ကြီးရှာဖွေမှုကို မြန်မြန်ကြည့်လိုက်ဦး”
“နာမည်ကြီးရှာဖွေမှု”
ဖန့်ကြွယ်ယွီက ဝီဘိုမသုံးဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ပြသနာတစ်ခုခုဖြစ်ပြန်ပြီလား!
သူက ဝီဘိုကိုဖွင့်လိုက်သောအခါ ချက်ချင်းဆိုသလို မျက်နှာပျက်သွားသည်။
“ဘာဖြစ်လို့လဲဟင်” ဖန့်ကြွယ်ယွီ၏ မျက်နှာထားကိုကြည့်ပြီး တစ်စုံတစ်ရာလွဲမှားနေပြီဆိုတာ ကောရှင်းယွီသိလိုက်ရသည်။
“တစ်ယောက်ယောက်က ပြသနာရှာလိုက်ပုံရတယ်” ဟု ဖန့်ကြွယ်ယွီက အေးတိအေးစက်ဖြေသည်။
သူက ဒေါသထွက်သောအခါ စိတ်လိုက်မာန်ပါမပြုမူပေ။ သူပိုပြီးဒေါသထွက်လေလေ အေးတိအေးစက်ပိုဖြစ်လာလေလေဖြစ်သည်။
“ကြည့်လိုက်ပါဦး”
ကောရှင်းယွီကသူ၏ဖုန်းကိုယူကြည့်ပြီးနောက် ချက်ချင်းဆိုသလို မျက်နှာမကောင်းတော့ပေ။
အလွန်စိတ်ထိခိုက်စရာခေါင်းစဉ်တစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
“နောက်ကွယ်က ကြိုးကိုင်မှု.. ဘမ်ဘူးဂရမ်းဖိုင်နယ်ပွဲစဉ်ကိုတက်လှမ်းတဲ့ပြိုင်ပွဲဝင်များ၏ အတွင်းသတင်းအစုံ”
ထိုပို့စ်သည် ကောရှင်းယွီကိုဦးတည်ပြီးတိုက်ခိုက်ခြင်းဖြစ်သည်။ သူမနှင့်ဖန့်ကြွယ်ယွီ၏ ဆက်ဆံရေးကိုဖော်ပစ်ပြီး သူမက ဖိုင်နယ်ပွဲကိုတက်လှမ်းနိုင်ခြင်းမှာ ကိုယ်ပိုင်အရည်အချင်းကြောင့် မဟုတ်ဘဲ ဖန့်ကြွယ်ယွီ၏ နောက်ကွယ်က ပံ့ပိုးမှုများကြောင့်ဟု တစ်ဖက်သက် စွပ်စွဲထားသည်။
အနုပညာလောကမှာ မနာလိုဝန်တိုဖြစ်ခြင်းဟူသော အရာက အမြဲရှိနေသည်။ ထိုပို့စ်အောက်တွင် လူအချို့က ကောရှင်းယွီကို ပိုးစိုးပက်စက် ဝေဖန်ပြောဆိုကြသည်။ ထိုပြောဆိုသူအများစုမှာ ကျောက်ဖန်း၏ ပရိတ်သတ်များ ဖြစ်ကြသည်။
ထိုပို့စ်က အချိန်ကိုက်ထွက်လာရခြင်းမှာ အခြားပြိုင်ပွဲဝင်များထဲမှ တစ်ဦးဦး၏ တိုက်ခိုက်မှုဆိုတာ အသိသာကြီးဖြစ်သည်။
ဒါ့အပြင် တစ်ဖက်လူ၏ အဆက်အသွယ်မှာ အတော်လေးကောင်းမွန်လောက်သည်။ ကျန်းနန်ဂီတကောလိပ်မှ ပရော်ဖက်ဆာတစ်ဦးမှလည်း “ကျောင်း၏ဂုဏ်သိက္ခာထိခိုက်သဖြင့် ထိုကျောင်းသူမျိုးက စင်မြင့်ထက်မှာမရှိသင့်ဘူး” ဟူသော သူ၏အတွေးအမြင်ကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုသည်။
“ကောရှင်းယွီကို ရိုးသားပါတယ်လို့ ငါထင်ခဲ့တာ။ ခုလိုအဆင့်ထိရောက်လာတာ သူ့စပွန်ဆာကြီးရဲ့ လက်ချက်ပဲကိုး”
“ဒါပေမဲ့ သူက သီချင်းဆိုတော့ တကယ်ကောင်းတာပါ။ ပြိုင်ပွဲမှာက liveဆိုရတာမဟုတ်လား။ အလိမ်အညာလုပ်ဇာတ်တော့ မဟုတ်လောက်ပါဘူး”
“အပေါ်က တစ်ယောက်ကဘာလဲဟ။ အဲ့လိုကိစ္စတွေကို ငါတို့ကို ဘယ်လိုလုပ်ပြနိုင်မှာလဲ။ ဒီအသိုင်းအဝိုင်းက ဘယ်လောက်ထိ ရှုပ်လဲဆိုတာ အားလုံးအသိပဲလေ”
ဖန့်ကြွယ်ယွီ၏ ပရိတ်သတ်များက ကောရှင်းယွီဘက်က ရပ်တည်ပေးကြသည်။ တစ်ဖက်လူက ကောရှင်းယွီတို့ကို ရစရာမရှိအောင် ပြောထားသည့် ကောမန့်များကိုသာ မြင်သာအောင်ပြထားသည်။
“ကျွန်တော် ဖန့်ကြွယ်ယွီ ဒီပြိုင်ပွဲမှာ ဘယ်နေရာမှာမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ပွဲစဉ်အားလုံးက မျှမျှတတ သန့်သန့်ရှင်းရှင်းဆိုတာကျိန်ဆိုပြီးပြောရဲပါတယ်” ဟူသော ဖြေရှင်းချက်ကို ဖန့်ကြွယ်ယွီက ထုတ်ပြန်သည်။
ထိုသတင်းကိုဖြန့်သော အကောင့်ပိုင်ရှင်က နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကို “ဒီလိုစရိုက်ရှိသောလူကို ငါမကြိုက်ဘူး” ဟူသော ခေါင်းစီးဖြင့် ထပ်မံတင်လာခဲ့သည်။ ထိုဗီဒီယိုသည် ဖန့်ကြွယ်ယွီက ကားတစ်စီးကို ရိုက်ခွဲနေသည့် cctv မှတ်တမ်းတစ်ခုဖြစ်သည်။
ထိုcctv မှတ်တမ်းကိုရှာတွေ့နိုင်သဖြင့် တစ်ဖက်လူ၏ အနေအထားကို ချက်ချင်းမှန်းဆနိုင်သည်။ သို့သော် သူတို့က ပြသနာအစအဆုံးကို မဖော်ပြထားဘဲ ဖန့်ကြွယ်ယွီက ကားကိုဖျက်စီးနေသည့် အပိုင်းလေးကိုသာ ဖြတ်တင်ထားသည်။
တစ်ဆက်ထဲဆိုသလို သူက ဟယ်လီကော်ပတာကိုသုံးပြီး ကားကိုသယ်ယူခြင်းနှင့် ကိုယ်ပိုင်ဂျက်လေယာဉ်ပိုင်ဆိုင်ခြင်းစသည့် အရာများကို တစ်ခုပြီးတစ်ခု ဖော်ထုတ်လာသည်။
သူက ပိုက်ဆံကိုရေလိုသုံးစွဲပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းကင်းမဲ့သော လူချမ်းသာတစ်ဦးသဖွယ် ဖန့်ကြွယ်ယွီအား ပုံဖော်ပြီး သူ၏ဂုဏ်သိက္ခာကိုကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသည်ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့သည်။
“ငါတို့ ကျန်းနန်တက္ကသိုလ်မှာ ဒီလိုလူမျိုးရှိတာ စိတ်မကောင်းစရာပဲ။ ကျောင်းသားတစ်ဦးက ကျောင်းစာကိုပဲအာရုံစိုက်ပြီးနေသင့်တာ။ မိဘချမ်းသာလို့ စိတ်ထင်ရာဆိုင်းနေတယ်ဆိုတာ မဟုတ်သေးဘူး” ဟု ကျန်းနန်ဂီတကောလိပ်မှ ပရော်ဖက်ဆာက ပို့စ်အသစ်တစ်ခုထပ်တင်သည်။
“ကြည့်ရတာ တစ်ယောက်ယောက်က ဒါကိုအခွင့်ကောင်းယူပြီး ငါတို့ကိုအလဲထိုးမဲ့ပုံပဲ” ကောရှင်းယွီကိုသာမကဘဲ သူ့ကိုပါ ပစ်မှတ်ထားပြီးတိုက်ခိုက်လာသည်။
“ဟွာရှားရဲ့ အဆင့်တစ်ပါပါရာဇီ” ထိုဝီဘိုအကောင့်က လူသိများသည်။ သူ၏နာမည်က လျှိုဝေ့ဖြစ်သည်။ သူက အမြဲလိုလို အနုပညာလောက၏အတင်းအဖျင်းပေါ်လာတိုင်း အရင်ဆုံး ဖွင့်ဟနေကြဖြစ်သည်။ ထို့ကြောင့်ပင် ထိုနာမည်ကို ရထားခြင်းဖြစ်သည်။
သူက လူအများအပြားနှင့် ကတောက်ကဆဖြစ်နေကြဖြစ်ပြီး သူ၏ဂုဏ်သတင်းကမကောင်းလှပေ။
“ ဒီလူတွေက ဘာလို့ ဒီလိုလုပ်ရတာလဲ” ကောရှင်းယွီက ပြိုင်ပွဲကြောင့် စိတ်ရောလူပါ ပင်ပန်းနေချိန်တွင် ထိုသတင်းထွက်လာသဖြင့် ဝမ်းနည်းနေရသည်။
“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး” ဟု ဖန့်ကြွယ်ယွီက သူ့ကိုအားပေးစကားဆိုသည်။
“လောကမှာ ဒီလိုပဲ ပြသနာကောင်တွေအများကြီးပဲ။ ငါ ဖြေရှင်းပေးမယ် စိတ်ချ”
ဖန့်ကြွယ်ယွီက အရှုံးကို လွယ်လွယ်လက်ခံမည့်သူမျိုးမဟုတ်ပေ။ သူက ဒေါသထွက်လာလျှင် ပြန်လည်တုံ့ပြန်သည့်နည်းလမ်းများက မညှာမတာရက်စက်ပေသည်။
“မင်းတို့က ငါတို့ကို ဒုက္ခပေးချင်နေတယ်ပေါ့ဟုတ်လား။ မင်းတို့လူမှားပြီး ပြသနာရှာမိပြီ” ဖန့်ကြွယ်ယွီက ကျွမ်းရီကိုခေါ်သည်။
“အမရီ အွန်လိုင်းပေါ်က သတင်းတွေတွေ့ပြီးပြီလား”
“ဟုတ် တွေ့ပြီးပြီ။သခင်လေး ဘာပြန်လုပ်မယ် စဉ်းစားထားလဲ”
“ပထမဆုံး ဒီကိစ္စနောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ စုံစမ်းပေးပါ။ အထူးသဖြင့် ဖိုင်နယ်တက်တဲ့ ငါးယောက်ထဲက ဘယ်သူလဲဆိုတာရှာပေး”ထိုသတင်းများက အချိန်ကိုက်ပေါ်လာသည်ဆိုထဲက ပြိုင်ပွဲဝင်တစ်ဦးဦးက လုပ်ကြံဖန်တီးလိုက်သည်ဆိုတာ မသိရအောင် ဖန့်ကြွယ်ယွီက အရူးမဟုတ်ပေ။
“ပြီးတော့ ဟိုကားရိုက်ခွဲတဲ့ cctvဖိုင်လည်းရှာပေးပါ။ ကျန်တာ ငါ့ဘာသာဆက်လုပ်မယ်”
ခဏအကြာမှာ ဖန့်ကြွယ်ယွီက ချီတုံကိုဖုန်းခေါ်သည်။ သူ၏ လည်ချောင်းကိုတစ်ချက်ရှင်းရင်း အသံကို သနားစဖွယ်ပုံစံဖြင့်ပြောသည်။
“ဆရာချီ ကျွန်တော့်ကို အနိုင်ကျင့်နေကြတယ်”