ဆရာ..တစ်ယောက်ယောက်က ကျွန်တော့်ကို အနိုင်ကျင့်နေတယ်
Vol. 8 Ch. 109
နောက်ထပ်နှစ်ရက်အတွင်း ဖန့်ကြွယ်ယွီက ဝီဘိုမှာ ဘာကိုမှ ပြန်လည်ဖြေရှင်ချက်မပေးပေ။ ထို့သို့ပြုလုပ်သည့်အပေါ် သူက အပြစ်ရှိတယ်လို့ ခံစားရပြီး ဘာမှ မဖြေရှင်းနိုင်တာဟု လူအများစုကယူဆကြပြီး
သူ့ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ကြသည်။
ဖန့်ကြွယ်ယွီ၏ ပရိတ်သက်များက သူ့ဘက်မှ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးကြသည်။
“အချစ်ရေ..ရှင်းပြလိုက်ဦးလေ။ နင်က လူတွေကို ပိုက်ဆံရှိတဲ့အပေါ်အခွင့်ကောင်းယူပြီး အနိုင်ကျင့်တဲ့လူမဟုတ်ဘူးဆိုတာ ငါတို့ယုံတယ်”
“ချစ်လှစွာသော ဖန့်..လူဆိုးဂိုဏ်းကိုရှင်းပေးလိုက်ကတည်းက ငါမင်းကို အဆုံးထိ အပြည့်အဝအားပေးနေမယ်”
“လိုက်တိုက်ခိုက်နေတဲ့လူတွေ မင်းတို့ ထွက်သွားကြစမ်း။ လူတစ်ယောက်က ပိုက်ဆံချမ်းသာပြီး သူကြိုက်တာသူလုပ်နေတာ နင်တို့အပူတစ်ပြားမှ မပါဘူး”
တကယ်တော့ ဖန့်ကြွယ်ယွီက ထိုပြသနာများကို လျစ်လျူရှုထားခြင်းမဟုတ်ပေ။ သူက အွန်လိုင်းပေါ်က ရေးသားပြောဆိုသည်များကို အမြဲမပြတ်စောင့်ကြည့်နေသည်။
အွန်လိုင်းပေါ်မှာ ပြသနာစတက်သည့်နေ့ကတည်းက လိုအပ်သည့်သက်သေအထောက်အထားများကို သူစုဆောင်းခဲ့သည်။
သူပြန်ပြီးတုံ့ပြန်မည့်အချိန်တွင် ရရှိထားသည့် သက်သေများကို ဖွင့်ချလိုက်ရုံသာဖြစ်သည်။
သို့သော် သူက ကမူးရှူးထိုးမလုပ်ပေ။ သူတို့က အမြင့်ကိုဆန်တက်လေလေ အကျနာလေလေ ဖြစ်ရမည်။ နစ်နာသူများဖြစ်ရသော သူနှင့် ကောရှင်းယွီအတွက် တရားမျှတမှုရရန် အချိန်ကိုက်ပြန်လည်တုံ့ပြန်ရမည်။
သုံးရက်မြောက်နေ့တွင် ဖန့်ကြွယ်ယွီက ပထမဗီဒီယိုတစ်ပုဒ်ကို ထုတ်ပြန်လိုက်သည်။ ကားရိုက်ခွဲသည့်နေ့က cctvဖိုင်ကို ပြန်ရှာရန်အလွယ်လေးဖြစ်သည်။ သူတို့အချင်းချင်း အပြန်အလှန်ပြောဆိုနေသည်များက အကွာအဝေးကြောင့် ကောင်းကောင်းမွန်မွန်မကြားရသော်လည်း ရှောင်းရီက စကားစုများကို အတတ်နိုင်ဆုံးဖန်တီးပြီး ဗီဒီယိုထဲမှာ အသံကိုရှင်းရှင်းလင်းလင်းကြားစေဖို့ ပြန်လည်ဖန်တီးထားသည်။
ဗီဒီယိုထဲမှာ ပေါ်ရှေး ၉၁၈ကားက မြေအောက်ကားပါကင်ထဲကို ဝင်လာသည့်ပုံကိုပြသည်။စွန်ယွီဟွေ့သည် ကားပေါ်မှဆင်းလာသည်။၊ ထို့နောက်ကားကို မှီထားပြီး နေရာအနှံ့လိုက်အန်တော့သည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသူတိုင်း သူက အရက်မူးနေသည်ဆိုတာကို ခံစားသိမြင်ကြသည်။
အရက်မူးပြီးကားမောင်းခြင်းက လူတစ်ယောက်၏ ဘဝကို ဖျက်စီးနိုင်သလို လူပေါင်းများစွာ၏ အသက်ကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။
“ဒီလိုကောင်မျိုးရဲ့ ကားက ရိုက်ခွဲခံရရုံတင်တမကဘူး။ သူ့ခေါင်းပါရိုက်ပစ်ရမှာ။ အဲ့တာမှ နားအေးမယ်”
“ကောင်းတယ်။ ဘာတွေပဲဖြစ်ဖြစ် သူက အရက်မူးပြီး မောင်းလာတာလေ။ ငါသာဆိုလည်း အဲ့ကားကိုရိုက်ခွဲပစ်မှာ”
တစ်ဖက်မှာလည်း မတူညီသောရှုထောင့်မှမှတ်ချက်ပြုသူများရှိသည်။
“ဒါက သူများပစ္စည်းကိုဖျက်စီးတာပဲ။ ဒါတွေကိုအရေးယူဖို့က ရဲတွေရဲ့ အလုပ်။ ဖန့်ကြွယ်ယွီက ဘာမှဝင်ပါစရာမလိုဘူး။ ဒီလုပ်ရပ်က တရားမဝင်ဘူး”
စွန်ယွီဟွေ့သည် ဟန်ချက်မပျက်ထိန်းလျှောက်ရင်း ကားပေါ်ပြန်တက်ကာ အိပ်ပျော်သွားသည်။
နောက်တစ်နေ့မနက်တွင် ဖန့်ကြွယ်ယွီကကားပါကင်နေရာကို ရောက်လာသည်။
“ထဦး။ မင်းကားလေး နည်းနည်းရွှေ့ပေးဦး။ ငါ့ကားကိုပိတ်နေပြီ” ဆိုသော ဖန့်ကြွယ်ယွီ၏ အသံကို အတိုင်းသားကြားနေရသည်။ ဖန့်ကြွယ်ယွီက စိတ်တိုနေသော်ငြား လေသံကိုထိန်းပြောနေသည်။
“ဘာကြီး။ ပိတ်နေတယ်ဟုတ်လား။ မင်းမှာခြေထောက်မပါဘူးလား။ ကိုယ့်ကားကိုယ်တောင် မထုတ်နိုင်ဘူးလား မထုတ်နိုင်ရင် ထွက်မနေနဲ့”
“နောက်ထပ်တစ်ကြိမ်အခွင့်အရေးပေးမယ်။ ကားကိုမြန်မြန်ဖယ်ပေး။ မဟုတ်ရင် ရဲခေါ်မှာ။ မူးပြီးကားမောင်းလို့ သံတိုင်ကြားမှာ နှစ်အတော်ကြာရောက်ချင်လို့လား ဟမ်”
သူတို့နှစ်ဦး အချေအတင်ပြောဆိုကြသည်များကို အတိုင်းသားကြားရသည်။ ထိုကောင်လေးက အရက်မူးပြီးရမ်းကားသည့်အပေါ် ဖန့်ကြွယ်ယွီက အတော်လေးသည်းခံခဲ့ရသည်။
“ထောင်နန်းစံရမယ်ပေါ့ဟုတ်လား။ မင်းကိုယ်မင်ဘာကောင်ထင်နေလဲ။ ငါမရွှေ့ဘူးဆို မင်းဘာလုပ်မလဲ ကြည့်ရသေးတာပေါ့။ သတ္တိရှိတယ်ဆို ငါ့ကားကိုရိုက်ခွဲလေ”
ထို့နောက် ဖန့်ကြွယ်ယွီက ကားကိုရိုက်ခွဲပြီး လျော်ကြေးပေးသည့် ဗီဒီယိုတက်လာသည်။
ထိုဗီဒီယိုတင်ပြီးသည့်နောက် ဖန့်ကြွယ်ယွီက ထောက်ခံသူများက ပြန်လည်ချေပပြောဆိုနိုင်သွားသည်။
“ကြည့်ဦး။ ဒီလူက ဥက္ကဌဖန့်ကိုမှ မလုပ်ရဲဘူးထင်ပြီး သွားစိန်ခေါ်တာကိုး”
“မြင်အောင်ကြည့်ကြဟေ့။ ဘယ်သူက မူးရူးရမ်းကားတဲ့သူဌေးသားလဲဆိုတာ။ မင်းတို့မတွေ့ကြဘူးလား။ သူက ကားရိုက်ခွဲပြီးလျော်ကြေးပြန်ပေးတယ်လေ။ ကီးဘုတ်ဖိုင်တာတွေ နင်တို့ပါးစပ်ပေါက်တွေပိတ်နေကြတော့”
“ဥက္ကဌဖန့်က ပိုက်ဆံရှိလို့ ထင်ရာဆိုင်းတယ်ဆိုပြီး ပြောရဲတဲ့သူတွေ ဗီဒီယိုကိုကြည့်လိုက်ကြဦး”
ဟွာရှားကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအဖွဲ့ “မကြာခင်က မစ္စတာဖန့်ကြွယ်ယွီနဲ့ပတ်သက်တဲ့ သတင်းအမှားတွေတက်လာလို့ပါ။ ကျွန်တော်တို့ အဖွဲ့ကို လွန်ခဲ့တဲ့လကပဲ တစ်ဘီလီယံလှူဒါန်းထားတဲ့ မစ္စတာဖန့်ကဒီလိုအပြုအမူမျိုးမလုပ်လောက်ဘူးဆိုတာ အာမခံပါတယ်”
စာ၏အောက်တွင် ဖန့်ကြွယ်ယွီလှူဒါန်းမှုမှတ်တမ်းကို တင်ပြထားသည်။
ဟွာရှားပရဟိတအဖွဲ့: “ ဒီနှစ် ဩဂုတ်လ ၁၉ရက်နေ့မှာမစ္စတာဖန့်ကကျွန်တော်တို့အဖွဲ့ကို တစ်ဘီလီယံလှူဒါန်းထားပါတယ်။ အဲ့လိုလူမျိုးက ကျင့်ဝတ်ဖောက်ဖျက်မယ်ဆိုတာ မဖြစ်နိုင်ဘူး”
ဟွာရှားမသန်စွမ်းအဖွဲ့အစည်း : “ ဩဂုတ်လကုန်တုန်းက မစ္စတာဖန့်က တစ်ဘီလီယံလှူဒါန်းခဲ့ပါတယ်”
အဖွဲ့အစည်းအားလုံးကို သူ၏လှူဒါန်းမှုသည် ဘီလီယံဆယ်နှင့်ချီပြီးရှိသည်။ ထိုအချိန်မှာ ပရဟိတအဖွဲ့အစည်းများက သူ့ဘက်ကရပ်တည်ပေးကြသည်။
“ဒါတွေက ဘယ်လိုဖြစ်တာလဲ”
“မြင်ပြီမဟုတ်လား။ ပရဟိတအဖွဲ့တွေကို ဘီလီယံနှင့် ချီပြီးလှူတာနော်။ လှူနိုင်ရင် လှူကြည့်ကြ”
“ဥက္ကဌဖန့် ငါလည်းဆင်းရဲတယ်။ ငါ့ကို နည်းနည်းလောက်လှူပေးရင် ကျေနပ်ပါပြီ”
“ဘီလီယံနဲ့ချီပြီး လှူနိုင်တာ အားကျပါတယ်”
တစ်နာရီအကြာမှာကျန်းနန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ချီတုံကလည်း စာတစ်စောင်ထုတ်ပြန်သည်။
“@ကျန်းနန်ဂီတအကယ်ဒမီ..ကျွန်တော်တို့ကျောင်းသားဖန့်ကြွယ်ယွီက စာပိုင်းမှာရော စာရိတ္တပိုင်းမှာပါ ထူးချွန်ပါတယ်။ သူ့ရဲ့ သုတေသနဆိုင်ရာလုပ်ဆောင်မှုတွေကလည်း နိုင်ငံအတွက်အများကြီးအကျိုးပြုခဲ့တာပါ။ ခင်ဗျားတို့ကျောင်းက ဆရာက လက်လွတ်စပယ်မှတ်ချက်ပေးတာတွေရပ်ပါ”
“@ကျန်းနန်ဂီတအကယ်ဒမီ ခင်ဗျားတို့ကျောင်းက ဆရာရဲ့ အပြောအဆိုအပြုအမူတွေ ဆင်ခြင်ပေးပါ။ ကျွန်တော်တို့ကျောင်းသားဖန့်ကြွယ်ယွီက ကျောင်းရဲ့ သုတေသနအတွက်ရန်ပုံငွေများစွာထည့်ဝင်သလို နိုင်ငံရဲ့ သုတေသနဖွံ့ဖြိုးရေးအတွက် များစွာအရေးပါသူပါ”
ကျန်းနန်တက္ကသိုလ်က ပရော်ဖက်ဆာများက သူ၏ဘက်မှ ရပ်တည်ပေးကြသည်။ ကျန်းနန်ဂီတအကယ်ဒမီထက် ကျန်းနန်တက္ကသိုလ်က ဩဇာတိက္ကမ ကြီးမားသည်။ ထိုကျောင်းမှ ပရော်ဖက်ဆာများကို မည်သူကမှ ဆန့်ကျင်ပြီး မပြောရဲပေ။
ထိုအချိန်မှာ ကျန်းနန်ဂီတအကယ်ဒမီဘက်မှ သူတို့ကျောင်းက ဆရာ၏မဆင်မခြင်လုပ်ရပ်အပေါ် ပြန်လည်တောင်းပန်ရတော့မည်။
တခဏအကြာမှာ သူစိမ်းအမျိုးသားနှင့် အမျိုးသမီးတစ်ဦး အပြန်အလှန်ဖုန်းပြောနေသည့် အသံဖိုင်ကို လူတစ်ဦးမှ တင်လိုက်သည်။ ထိုအမျိုးသားက ဖန့်ကြွယ်ယွီကို ဝေဖန်ပြောဆိုသည့် ကျန်းနန်ဂီတအကယ်ဒမီမှ ဆရာဖြစ်နေသည်။ ဖန့်ကြွယ်ယွီ၏ ဂုဏ်သိက္ခာကို ထိပါးပြောဆိုပေးသည့်အပေါ် ထိုက်တန်သော ငွေကြေးလွှဲပေးဖို့ ပြောနေခြင်းဖြစ်သည်။
ထိုအသံဖိုင်တက်လာသောအခါ အားလုံးလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ကျန်းနန်ဂီတအကယ်ဒမီကလည်း ထိုကိစ္စကိုအမြန်ဆုံး စုံစမ်းပြီး ထိုဆရာကို ပြစ်ဒဏ်ချရန် စီစဉ်တော့သည်။