← Chapters

ချင်းယန် ဝိဉာဉ်စိုက်ခင်းစီသို့ ကျင့်ကြံခြင်း

Vol. 1 Ch. 9

ချင်းယန် ဝိဉာဉ်စိုက်ခင်းစီသို့ ကျင့်ကြံခြင်း

Vol. 1 Ch. 9

စုရှင်းသည် သက်ပြင်းချလိုက်သည်။အရင်ကလည်း ယခုကဲ့သို့ ကြိုတင်သတိပေးချက်များ သူ ရခဲ့ဖူးပါသည်။

ယခုအခါတွင် သရုပ်သကန် ဖန်တီးခြင်းရှိ သူ၏ဗားရှင်းသည် လက်တွေ့ဘဝရှိ သူ၏စိတ်ကူးများနှင့်အညီ အမှန်တကယ် လုပ်ဆောင်နိုင်ကြောင်း ၉၀ရာခိုင်နှုန်း သေချာသွားသည်။

စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက်လုပ်ဆောင်သည်။

[ဤနှစ်တွင် သင်၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်ပါးသောကြောင့် သင်သည် ဘွဲ့ယူရန် နှောင့်နှေးခဲ့သည်။]

[မျှော်လင့်ထားပြီးသား ဖြစ်သည့်အတွက် ငွေရှာဖို့ကိုသာ သင်သည် အာရုံစိုက်ထားလိုက်တော့သည်။]

[သင်သည် သင်၏ ညီအစ်ကိုကောင်း ဖြစ်သည့် ယုယန်ထံမှ ငွေ အမြောက်အမြားကို ချေးခဲ့ပြီး ကျိုတိုတွင် ပစ္စည်းဆိုင် တစ်ဆိုင် ဖွင့်ခဲ့သည်။အထူးသဖြင့် အဆင့်နိမ့် ပညာရှင်များထံ ရောင်းချလေ့ရှိသည်။]

[သင်သည် ကျောင်းတွင် နာမည်ကောင်းရကာ ယုံကြည်မှုများလည်း ပိုမို ရရှိလာသောကြောင့် လူသစ်များသည် သင်၏ ပစ္စည်းများကို ဝယ်ယူကြသည်။]

[အကျဉ်းခန်းများသို့ ဦးဆောင်ကာ လူသစ်များကို အဆင့်မြှင့်တင်ပေးရင်းဖြင့် သင်သည် အဆင့်နိမ့်ပစ္စည်းများကိုလည်း ရောင်းချခဲ့သည်။ထိုသို့ဖြင့် သုံးနှစ်အတွင်း သင်သည် ကြွယ်ဝလာခဲ့သည်။]

[ငါးနှစ် ကြာသည့်အခါ သင်၏ အသားတင် ပိုင်ဆိုင်မှုသည် ၁၀ဘီလီယံ ကျော်သွားခဲ့ပြီး သင်၏ ပစ္စည်းရောင်းချသည့် လုပ်ငန်းသည်လည်း ကျိုတိုမြို့တွင် အကန့်အသတ်မရှိ ဖြစ်လာခဲ့သည်။သင်သည် ရှေ့ဖြစ်ဟော အဖွဲ့အစည်းကို တည်ထောင်ကာ ကျိုတိုမြို့အနှံ့တွင် စတိုးဆိုင်များ အများအပြား ဖွင့်လှစ်ခဲ့သည်။ထို့နောက် ကျန်းနင်ပြည်နယ်ရှိ ကျင်းလင်မြို့ကို အာရုံစိုက်ခဲ့သည်။]

[သင်သည် ဝိဉာဉ်ကျောက်တုံးနှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းရန် သင်၏ နောက်လိုက်များကို လွှတ်လိုက်သော်လည်း ဘာ သတင်းအစအနမှ မရရှိခဲ့ပါ။]

[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာခဲ့သည်။]

[သူမသည် သင့်အတွက် ချန်းချွန်နည်းလမ်းတစ်ဝက်ကို ယူလာခဲ့သည်။သို့ရာတွင် သင်သည် ဒီတစ်ဝက်ကို မလိုချင်ကြောင်းနှင့် နောက်တစ်ဝက်ကို ရှာဖွေရန် ကူညီပေးစေလိုကြောင်း သူမကို ပြန်ပြောခဲ့သည်။]

[ဝမ့်ချင်းရွှမ်သည် နားမလည်သော်ငြား သဘောတူပါသည်။]

[တစ်ညတာ ပြီးနောက် ဝမ့်ချင်းရွှမ်သည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။သင်သည် အရမ်းကြီး မေးမြန်းမနေဘဲ ငွေရှာဖို့ကိုသာ အာရုံစိုက်ပြီး သင်၏ စီးပွားရေးကို တိုးချဲ့ခဲ့သည်။]

[စီးပွားရေးလောကတွင် သင်၏ ကြင်နာတတ်သော သွင်ပြင်နှင့် ယုံကြည်အားထားရမှုတို့ကြောင့် သင်သည် အော်ဒါအကြီးစား များစွာရခဲ့ပြီး သင်၏ အသားတင်ဝင်ငွေသည်လည်း နှစ်ဆ ခုန်တက်လာသည်။]

[သင်သည် ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းမှ အထုတ်ခံလိုက်ရသော်လည်း ဝမ်းမနည်းခဲ့ပါ။သင်၏ ကိုယ်ပိုင်လုပ်ငန်းတွင်သာ အလုံးစုံ စိတ်နှစ်ခဲ့သည်။]

[ခုနစ်နှစ်ကြာပြီးနောက် သင်၏ညီမသည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းသို့ သွားတော့မည့် ကြိုတင်သတိပေးချက်ကို ခံစားမိလိုက်သည်။]

[သင်သည် ထိုဖြစ်ရပ်ကို မတားဆီးနိုင်မှန်း သိသည့်အတွက် သင်သည် မွေးရပ်မြေကို ပြန်ပြီး သင့်ညီမနှင့်အတူ သင်၏မိဘများနှင့် လအနည်းငယ် အချိန်ကုန်ရန်သာ ရွေးချယ်ခဲ့သည်။]

[တစ်လကြာပြီးနောက် သင်သည် စုနန်နင်၏ ဈာပနသို့ တက်ရောက်ခဲ့သည်။သင့်နှလုံးသားထဲထိ ဝမ်းနည်းမှုကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။]

[ဈာပန ပြီးနောက် သင်သည် ကျိုတိုမြို့သို့ ပြန်ကာ သင်၏လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်ခဲ့သည်။]

[တစ်နေ့တွင် သင်သည် ကျင်းလင်မြို့၌ ဝိဉာဉ်ကျောက်တုံးဟု ခေါ်သော အဆင့်မြင့်မာစတာ အဆင့်ရှိ ရတနာရှိကြောင်း သတင်းရခဲ့သည်။]

လာပြီ!

စုရှင်းသည် ထိုအပိုင်းတွင် စိတ်လှုပ်ရှားလာသည်__ဝိဉာဥ်ကျောက်တုံးသည် သူ ကျင့်ကြံနိုင်မလား၊ မကျင့်ကြံနိုင်ဘူးလားဆိုတာကို အဆုံးအဖြတ်ပေးမည့် သော့ချက် ဖြစ်သည်။

[သင်သည် ကျင်းလင်မြို့သို့ ညတွင်းချင်း အပြေးသွားပြီး အဆင့်မြင့်မာစတာ အဆင့် ကျွမ်းကျင်ပညာရှင်နှင့် တွေ့ဆုံခဲ့သည်။]

[ဗုဒ္ဓကို ယုံကြည်သက်ဝင်သူ အဆင့်မြင့်မာစတာ ကျွမ်းကျင်ပညာရှင်သည် သင့်ကို သဘောကျပြီး စကားကောင်းပြောမည်ဟု မျှော်လင့်ပါသည်။]

[သင်သည် သူမ၏မျက်နှာကို ကြည့်လိုက်သည်။သူမသည် အသက်လေးဆယ်နီးပါး ရှိပြီ‌ ဖြစ်သော်လည်း သူမကိုယ်သူမ အတော် ဂရုစိုက်ပုံရသည်။အသက် သုံးဆယ်လောက်သာ ရှိသေးသည်ဟု ထင်ရကာ အတော်လေးလည်း ကျက်သရေရှိပါသည်။]

[သင်သည် ကျင်းလင်မြို့တွင် ခုနစ်ရက်ကြာ နေပြီးနောက် သူမနှင့် ရင်းနှီးကာ မိတ်ဆွေ ဖြစ်လာခဲ့သည်။သူမ၏နာမည် ကျင်းချုံးရွှယ်ဆိုတာလည်း သင် သိခဲ့သည်။]

[သူမတွင် ဝိဉာဉ်ကျောက်တုံး ၃ခုရှိမှန်း သိခဲ့သည့်အတွက် ယင်းတို့ကို ၃၀၀မီလီယံပေးပြီး ဝယ်ရန် ဆုံးဖြတ်ခဲ့သည်။]

[သို့သော် သူမသည် ခေါင်းကိုယမ်းကာ ပြောသည်။မိတ်ဆွေတွေ ဖြစ်သည့်အတွက် လူရင်းဈေး ၃၀မီလီယံနှင့်သာ ရောင်းမည်ဖြစ်ကြောင်း ပြောသည်။]

[သင်သည် ကျင်းချုံးရွှယ်ထံမှ ဝိဉာဉ်ကျောက်တုံးများ ရရှိကာ ပျော်ရွှင်စွာဖြင့် သင်၏ နားနေဆောင်သို့ ပြန်လာခဲ့သည်။ထို့နောက် သင်၏ ကျင့်ကြံခြင်းနည်းလမ်းဖြင့် ဝိဉာဉ်ကျောက်တုံးကို စုပ်ယူရန် ပြင်ဆင်သည်။]

[သင်သည် ဝိဉာဉ်ကျောက်တုံးမှ ဝိဉာဉ်စွမ်းအင်ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်။သင်သည် ကျင့်ကြံခြင်းတွင် အောင်မြင်နိုင်ကြောင်း သက်သေပြလိုက်နိုင်သည့်အတွက် အပျော်လွန်နေခဲ့သည်။]

[နောက်သုံးရက် ကြာပြီးနောက် သင်သည် ဝိဉာဉ်ကျောက်တုံး တစ်ဝက်ကို စုပ်ယူရာ သင်၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်း ဒုတိယအဆင့်ကို ကျော်လွန်သွားခဲ့သည်။]

[သင်သည် စိတ်ကို ထိန်းချုပ်ပြီး ကျန်သည့် ဝိဉာဉ်ကျောက်တုံး နှစ်တုံးခွဲကို သိမ်းဆည်းထားပြီး ဆက်လက် မကျင့်ကြံတော့ရန် ‌ဆုံးဖြတ်လိုက်သည်။]

စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်း အချက်အလက်များကို ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် လက်သီးများကို ဆုပ်ထားမိသည်။

အောင်မြင်ပြီ!ယခုဆိုလျှင် သူ့တွင် ဝိဉာဉ်ရင်းမြစ်၊ ဝိဉာဉ်ကျောက်တုံးနှင့် ကျင့်ကြံခြင်းနည်းလမ်း ရှိနေပြီ။နောက်ဆုံးတော့ သူ အောင်မြင်စွာ ကျင့်ကြံနိုင်တော့မည်!

စုရှင်းသည် ဝိဉာဉ်ကျောက်တုံးကို သရုပ်သကန် ဖန်တီးခြင်းမှ ထုတ်ရန် မစောင့်နိုင် ဖြစ်နေသည်။သို့သော် စိတ်ရှည်စွာပင် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်ပါသည်။

[သင်၏ ကျင့်ကြံခြင်း ဖြစ်စဉ် တိုးတက်လာပြီးနောက် သင်သည် အလွန် အံ့အားသင့်သွားသည်။သင်သည် ကျင်းချုံးရွှယ်ကို ထပ်ရှာကာ ဝိဉာဉ်ကျောက်တုံးများကို ဘယ်က ဘယ်လို ရခဲ့ကြောင်း မေးလိုက်သည်။]

[ကျင်းချုံးရွှယ်သည် သင့်ကို ဘာမှ မဖုံးကွယ်ခဲ့ပါ။လွန်ခဲ့သည့် ခြောက်နှစ်က “ချင်းယန် ဝိဉာဉ်စိုက်ခင်း”ဟုခေါ်သော အကျဉ်းခန်းမှ ဝိဉာဉ်ကျောက်တုံးများ ရခဲ့ကြောင်း ပြောပြသည်။]

[သူမသည် အကျဉ်းခန်းသို့ ဝင်ပြီး လူအိုကြီးတစ်ယောက်ကို တစ်ပတ်ကြာ စုဆာင်းရာတွင် ကူညီပေးခဲ့သည်။ဆုလာဘ်အနေဖြင့် သူမသည် ဝိဉာဉ်ဆန် တစ်အိတ်နှင့် ဝိဉာဉ်ကျောက်တုံး ၃ခု ရခဲ့သည်။]

ဝိဉာဉ်စိုက်ခင်း၊ ဝိဉာဉ် ဆန်၊ ဝိဉာဉ် ကျောက်တုံး…

စုရှင်းသည် မျက်လုံးများ ပြူးကျယ်သွားသည်။ကျင်းချုံးရွှယ် သွားခဲ့သည့် အကျဉ်းခန်းသည် “ကျင့်ကြံခြင်း”နှင့် ဆက်စပ်မှုရှိမည်ဆိုသည်မှာ သံသယဖြစ်စရာ မရှိပါ။

“ကျင့်ကြံခြင်းနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းခန်း…ခုတော့ အကုန်လုံးက အဓိပ္ပာယ်ရှိလာပြီ!”

စုရှင်းသည် အဆုံးတွင်တော့ ကျင့်ကြံခြင်းနည်းလမ်းနှင့် ဝိဉာဉ်ကျောက်တုံး ဘယ်က လာသည်ဆိုတာကို နားလည်သွားခဲ့သည်။သူတို့၏ ရင်းမြစ်သည် ထိုကျင့်ကြံခြင်း အကျဉ်းခန်းများကပင်!

ကျင့်ကြံခြင်းနှင့် ဆက်နွယ်နေသော ထိုအကျဉ်းခန်းသည် သေချာပေါက် အဆင့် မြင့်ရမည်။လောလောဆယ်တွင်တော့ သူသည် ၎င်းကို လက်လှမ်းမမီနိုင်သေးပါ။

စုရှင်းသည် စိတ်ရှည်စွာဖြင့် ဆက်ဖတ်သည်။

[သင်သည် ထိုအကျဉ်းခန်းက သင့်အတွက် အရေးပါကြောင်း သိသည့်အတွက် ကျင်းချုံးရွှယ်ကို ထိုအကျဉ်းခန်း၏ တည်နေရာ မေးလိုက်သည်။]

[ကျင်းချုံးရွှယ်သည် ချင်းယန် ဝိဉာဉ်စိုက်ခင်း အကျဉ်းခန်းသည် ပိတ်သွားသည်မှာ ကြာပြီဖြစ်ကြောင်း ပြောရင်း ခေါင်းကို ဖြည်းညင်းစွာ ယမ်းလေသည်။သူမသည် ထိုအကျဉ်းခန်းထဲသို့ ဝင်ဖူးသည့် တစ်ဦးတည်းသော ကျွမ်းကျင်ပညာရှင် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။]

[ထိုအချိန်တုန်းက ယင်း အမည်မသိ အဘိုးအိုက သူမသည် စိုက်ပျိုးရန် အရည်အချင်းမရှိဟု ပြောခဲ့သည်။သူမတွင် အခွင့်အရေး ရလာနိုင်ပါသည် ဆိုကြောင်းလည်း ပြောခဲ့သည်။]

[ထိုစကား ကြားပြီးနောက် သင်သည် ပို၍ စိတ်လှုပ်ရှားလာပြီး ထိုအကျဉ်းခန်းထဲသို့ ဘယ်နေရာ၊ ဘယ်အချိန်က ဝင်ခဲ့ကြောင်း ကျင်းချုံးရွှယ်ကို အလောတကြီး မေးလေသည်။]

[ခဏတာ တွေးပြီးနောက် ၂၀၂၃ခုနှစ် နိုဝင်ဘာနှောင်းပိုင်းတွင် ကျင်းလင်မြို့ပြင် အနောက်ဘက်တစ်နေရာတွင် အကျဉ်းခန်း ရှိကြောင်း ပြောသည်။အကျဥ်းခန်းသည် ခုနစ်ရက်သာ ကြာသည်။]

စုရှင်းသည် ထိုစာကို ဖတ်ပြီးနောက် သူ့ဖုန်းပေါ်ရှိ ရက်စွဲကို ကြည့်လိုက်သည်။

၂၀၂၃ခုနှစ် အောက်တိုဘာ ၇ရက်၊ ၁၄:၃၁။

“သူ့~”

စုရှင်းသည် သက်ပြင်းချလိုက်သည်။ “ချင်းယန်ဝိဉာဉ်စိုက်ခင်း”ဟု ခေါ်သည့် အကျဉ်းခန်းသည် လက်တွေ့ကမ္ဘာတွင် မရှိသေးကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။သူ့တွင် ထို ကျင့်ကြံခြင်းအကျဉ်းခန်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရှိသေးသည်။

“လောလို့မရဘူး…အကျဉ်းခန်း ဖွင့်ဖို့ တစ်လကျော်ဘဲ လိုတော့တယ်။ခုချိန်မှာ အရေးကြီးဆုံးက ငါ့ရဲ့ခွန်အားကို တိုးမြင့်ဖို့ဘဲ!”

ကျင်းချုံးရွှယ်မှတစ်ဆင့် ဝိဉာဉ်ရင်းမြစ်ဟု ခေါ်သော စွမ်းရည် ပိုင်ဆိုင်ထားသောသူသည် ထိုအကျဉ်းခန်းတွင် အခွင့်အရေးများ ပိုမို ရရှိနိုင်ကြောင်း စုရှင်း သိခဲ့သည်။

ဒါက အချီကြီး မိတာဘဲ မဟုတ်လား?

စုရှင်းသည် “ဝိဉာဉ်ရင်းမြစ်”ဟု ခေါ်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်!

ထို့‌ကြောင့် စုရှင်းသည် နိုဝင်ဘာလ အလယ်လောက်တွင် ကျင်းလင်မြို့သို့ သွားရန်သာ လိုတော့သည်။

[သင်သည် ယခင်လိုပင် ပစ္စည်းများကို ဆက်လက် ရောင်းချခဲ့သည်။ရှေ့ဖြစ်ဟော အဖွဲ့အစည်း၏ ဒုတိယမြောက် အခြေစိုက်ရုံးကိုလည်း ကျင်းလင်မြို့တွင် တည်ဆောက်ခဲ့သည်။]

[ဆိုင်ကို ဦးစီးနေစဉ် အတွင်း သင်သည် ဝိဉာဉ်ကျောက်တုံးအား စုံစမ်းခြင်းကိုလည်း လစ်လျူမရှုခဲ့ပါ။]

[ကံဆိုးသည်မှာ ဝိဉာဉ်ကျောက်တုံးနှင့် ပတ်သက်သည့် သတင်းများ ထပ်မရခဲ့ပါ။သို့သော် ကျင်းချုံးရွှယ်၏ အဆက်အသွယ်ဖြင့် သင်သည် ချိတ်ဆက်မှု အရင်းအမြစ်များ ပိုမိုရရှိခဲ့ပြီး သင်၏ ပစ္စည်း စတိုးဆိုင်သည်လည်း ပိုမိုအောင်မြင်လာခဲ့သည်။]

[သုံးနှစ် ကြာပြီးနောက် သင်သည် လူသိများသော သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့သည်။ကျင်းချုံးရွှယ်ကြောင့် အဆင့်မြင့် မာစတာ ကျွမ်းကျင်ပညာရှင်များကပင် သင့်အား ယဉ်ကျေးပျူငှာစွာ ဆက်ဆံလာခဲ့သည်။]

[ထိုနှစ်တွင် ဖက်တီးယု သေဆုံးသွားပြီး သင်သည် သူ့ဈာပနသို့ တက်ရောက်ခဲ့သည်။]

[နောက်ထပ် တစ်နှစ် ကုန်ဆုံးပြီးနောက် သင်သည် အမြော်အမြင် ကြီးစွာဖြင့် ဈေးကွက် အတက်အကျကို ကြိုတင်ခန့်မှန်းပြီး ဆေးရည် အများအပြား စုဆောင်းခဲ့ပြီး ကြီးပွားတိုးတက်လာသည်။သင့် အသားတင် ဝင်ငွေသည် ၅၀ ဘီလီယံသို့ ရောက်ရှိခဲ့သည်။]

[တစ်နေ့တွင် ကျင်းချုံးရွှယ်သည် စိတ်မသက်သာစွာဖြင့် သင့်ကို ချဉ်းကပ်လာခဲ့သည်။]

[သူမ ဆင့်ခေါ်ခံရသည့်အကြောင်း ကျင်းချုံးရွှယ်က ပြောလာသည်။ရှေ့တန်းမှ ဖိအားများ များလာသောကြောင့် သူမသည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းသို့ သွားမှရတော့မည်။]

စုရှင်းသည် ထိုစာကို မြင်ပြီးနောက် ကြောင်အမ်းသွားသည်;နေုက်ထပ် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်းဘဲလား!

နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်းက ကျိန်စာတစ်ခုလိုပါဘဲ။

သူ၏ ညီမငယ်၊ စုနင်နန်; သူ၏ညီအစ်ကိုကောင်း ယုယန်…ပြီးတော့ ကျင်းချုံးရွှယ်တောင်မှ နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်းကို အပို့ခံရတယ်တဲ့လား?

[သင်သည် သူမကို ထိုနေရာသို့ မသွားစေချင်ပါ။သို့သော် သူမသည် ယင်းမှာ အဆင့်မြင့် မာစတာနှင့် အထက်အဆင့် ကျွမ်းကျင်ပညာရှင်များ၏ တာဝန်ဖြစ်သည့်အတွက် သွားမှဖြစ်မည့်အကြောင်း ပြောသည်။]

[ထို့ကြောင့် သင်သည် ယင်းကို လက်လျှော့ကာ နတ်ဆိုး လက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးခြင်းကိုသာ စတင်တော့သည်။]

…

All Chapters