ကံကောင်းခြင်းနှင့် ချမ်းသာခြင်း၏ လျို့ဝှက်ချက်!
Vol. 2 Ch. 26
ထိုအရာကို မြင်သည်အခါ စုရှင်း၏ မျက်လုံးများ အရောင်တောက်လာသည်။အစိမ်းရောင်အဆင့် ကံကောင်းခြင်း စွမ်းရည်က ခုလောက်ထိ သိသာထင်ရှားသော သက်ရောက်မှုမျိုး ပေးစွမ်းနိုင်လိမ့်မည် ဟူ၍တော့ သူ မထင်ထားမိခဲ့ပါ။
အရင်ကဆို ဖြစ်နိုင်ခြေရှိတဲ့ ကြက်တစ်ကောင်ကို ရှာဖို့ရန်ပင် လချီကြာမြင့်ခဲ့သည်။သို့သော် ယခုအခါတွင် တစ်ပါတ်ထဲနှင့် အောင်မြင်သွားသည်။
“ဒီ ကံကောင်းခြင်း စွမ်းရည်ရဲ့ သက်ရောက်မှုက တကယ့်ကို အလွင့်ကြီး…သူ့ကို သရုပ်ပြစက်ကနေ ရအောင် ယူရမယ်”စုရှင်းသည် သူ့ဘာသာတွေးရင်း ဆက်ဖတ်လေသည်။
[သင်သည် ထိုကြက် ခုနစ်ကောင်၊ ရှစ်ကောင်ကို သီးခြားစီထားပြီး နေ့စဉ် တိကျသည့် ဝိဉာဉ်ဆန် ပမာဏကို ကျွေးခဲ့သည်။ရက် အနည်းငယ် ကြာပြီနောက် သူတို့၏ အမွှေးများသည် တောက်ပြောင်ချောမွေ့လာသည်။]
[သင်သည် နေ့စဉ် ဝိဉာဉ်ကြက်များအား ဂရုစိုက်သည့်အပြင် ဝိဉာဉ်စိုက်ခင်းကိုလည်း ကြည့်ရှုခဲ့သည်။သင့်အချိန် အများစုကိုမူ လီ မီးအဂ္ဂိရတ်ပညာကို လေ့လာရာတွင် အသုံးချခဲ့သည်။]
[သင်သည် ချင်းယွင်ကျီ ထားခဲ့သည့် ဝိဉာဉ်မျိုးစေ့များကို ရွေးချယ်ပြီး အရည်အသွေးမြင့် ဂျင်ဆင်းအချို့ကိုလည်း ဈေးမှ ဝယ်ခဲ့ကာ ဝိဉာဉ်စိုက်ခင်းထဲတွင် စိုက်ပျိုးခဲ့သည်။]
[တစ်ပါတ်တာ ကုန်လွန်ပြီးနောက် ကျင်းချုံးရွှယ်သည် သင့်စီ လာခဲ့သည်။သင်သည် ကတိအတိုင်း သူမကို ဝိဉာဉ်ဆန်များပေးပြီး ထမင်းတစ်နပ် ဧည့်ခံလိုက်သည်။]
[ကျင်းချုံးရွှယ်ကို နှုတ်ဆက်စကား ပြောပြီးနောက် သင်သည် လီ မီးအဂ္ဂိရတ်ပညာကိုပင် တစိုက်မတ်မတ် ပြန်လေ့လာခဲ့သည်။သင့်တွင် လီမီး နည်းပညာ ရှိပြီးသား ဖြစ်သည့်အတွက် သင်သည် အဂ္ဂိရတ်ပညာကို ချက်ချင်း ကြိုးစားကြည့်သည်။]
[သင်သည် ဝိဉာဉ်ဆန် အချို့ကို ထုတ်ယူပြီး ဆေးဖက်ဝင် အပင် သုံး၊လေးမျိုးနှင့် ရောကာ ဆေးအညွှန်းပါ အချိုးအစားအတိုင်း အဂ္ဂိရတ်မီးဖိုထဲသို့ ထည့်လိုက်သည်။]
[သင်သည် လီမီးတောက်၏ အပူချိန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း အဂ္ဂိရတ်ပညာကို မတတ်မြောက်သေးသည့်အတွက် ဖော်စပ်မှု ရှုံးနိမ့်ခဲ့သည်။]
[သင်သည် အရှုံးမပေးဘဲ အဂ္ဂိရတ်ပညာတွင် ပိုစိတ်နှစ်ခဲ့သည်။]
[မကြာမီ နှစ်တစ်ဝက် ကုန်ဆုံးသွားသည်။ထိုအချိန်အတွင်း သင်သည် ဝမ့်ချင်းရွှမ်အား ဝိဉာဉ်ကြက် စွပ်ပြုတ်အား နေ့စဉ် တိုက်လေ့ရှိကာ အချိန်အများစုကိုလည်း အဆာခံဆေး ဖော်စပ်နည်းကို လေ့လာရင်းဖြင့် ကုန်ဆုံးစေခဲ့သည်။]
[နောက်ဆုံးတွင်တော့ သင်၏ အလျှော့မပေးသော ကြိုးစားမှုကြောင့် သင်သည် အဆာခံဆေး ပထမအသုတ်ကို ပထမဆုံးအနေဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။]
[နောပ်ထပ် နှစ်ဝက်ကြာပြီးနောက် သင်သည် အဆာခံဆေး ဖော်စပ်နည်း၏ အဆင့်တိုင်းကို ကျွမ်းကျင်လာခဲ့သည်။ပါဝင်ပစ္စည်းများ၏ အချိုးအစား၊ မီး ထိန်းချုပ်မှု၊ အဂ္ဂိရတ် နည်းပညာ အားလုံးတွင် ကျွမ်းကျင်အဆင့် နီးနီးသို့ ရောက်ရှိလာခဲ့သည်။]
[ယခုအခါ သင်သည် အဆာခံတေး ပထမအသုတ်ကို ဖော်စပ်နိုင်ခဲ့ပြီး ဆေးပြား ရှစ်ပြား၊ ကိုးပြားလောက် ရရှိခဲ့သည်။သင်၏ ကံကောင်းခြင်းကြောင့် ဖော်စပ်မှု နှစ်ကြိမ်၊ သုံးကြိမ်တိုင်းတွင် အလွန် ထူးခြားကောင်းမွန်သည့် ဆေးပြားတစ်ပြားကို ထုတ်လုပ်နိုင်ခဲ့သည်။]
ထိုစာကို ဖတ်ပြီး စုရှင်းသည် ကျေနပ်နေခဲ့သည်။သူ၏ ယခင်သရုပ်ပြခြင်းတွင် လီ မီးတောက်ပညာကို တတ်မြောက်ရန် ရှစ်နှစ်ကြာခဲ့သည်။
ယခု သရုပ်ပြခြင်းတွင်မူ အစကတည်းကပင် လီမီးပညာက ရှိနေပြီ ဖြစ်သဖြင့် အဆာခံဆေးကို အောင်မြင်စွာ ထုတ်လုပ်ရန် တစ်နှစ်သာ အချိန်ယူခဲ့ရသည်။ကြီးမားသော ထိရောက်မှုပင်!
စုရှင်းသည် မျှော်လင့်ခြင်း အပြည့်ဖြင့် ဆက်ဖတ်ခဲ့သည်။
[သင်သည် တစ်ပါတ်အတွင်း အဆာခံဆေး ၅၀ကို ဖော်စပ်နိုင်ခဲ့ပြီး အားလုံးကို ကျင်းချုံးရွှယ်ထံသို့ သွားရောက် ရောင်းချခဲ့သည်။]
[ကျင်းချုံးရွှယ်သည် သင်၏ အဆာခံဆေးများကို အကဲဖြတ်ပေးနိုင်ရန် ကျင်း ကုန်သည်များ အစည်းအရုံး၏ အကဲဖြတ်သူထံ ယူဆောင်သွားခဲ့သည်။ ထိုအကဲဖြတ်သူသည် ဤကဲ့သို့ဆေးမျိုးကို သူအရင်က မတွေ့ခဲ့ဖူးကြောင်းနှင့် ဒီဆေးနှင့် အာနိသင်တူသော “ရိက္ခာဆေးပြား”ဟူသည့် ဆေးတစ်မျိုးတော့ သူ့အဖွဲ့တွင် ရှိကြောင်း ပြောခဲ့သည်။]
[ကျွမ်းကျင် အကဲဖြတ်သူက ထိုရိက္ခာဆေးပြားများသည် ခန္ဓာကိုယ်အား စွမ်းအင် ဖြည့်တင်းပေးနိုင်ပြီး ဆေးသောက်ပြီးသည်နှင့် စွမ်းအင်ပြည့်ဝသလို ခံစားရကာ သုံးရက်လောက် ဆာလောင်မှု မရှိနိုင်တော့ကြောင်း ရှင်းပြခဲ့သည်။သို့သော် သင်၏ အဆာခံဆေးသည် ထိုအခြေအနေအတိုင်း တစ်လလောက်တောင် ထိန်းထားနိုင်သည်ဖြစ်ရာ ရိက္ခာဆေးများထပ် များစွာ ပိုထိရောက်သည်။]
[ရိက္ခာဆေးပြား တစ်ခုစီသည် ဒင်္ဂါးသုံးထောင် တန်ကြေးရှိသည်။ထို့ကြောင့် သင်၏ အဆာခံဆေးများကို တစ်ပြားလျှင် တစ်သိန်းလောက်နှင့် ရောင်းနိုင်သည်ဟု ကျွမ်းကျင်အကဲဖြတ်သူက ယုံကြည်ထားသည်။]
ထိုစာကို ဖတ်ပြီး စုရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ဒီ အဆာခံဆေးပြားတွေက တစ်ပြားကို တစ်သိန်းဘဲ တန်တာလား?
သူ မျှော်မှန်းထားသည်ထပ် ပိုနည်းနေခဲ့သည်။
သို့သော် ဤကမ္ဘာတွင် သိုလှောင်ရေး လက်စွပ်များကဲ့သို့ အမျိုးမျိုးသော ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်သည့် အလားတူပစ္စည်းများ ရှိသည့်အတွက် ပညာရှင်တိုင်းသည် အစာပမာဏ အများကြီးကို အလွယ်တကူ သယ်နိုင်သည် ဖြစ်ကြောင်း စုရှင်း သတိပြုမိသွားသည်။
အဆာခံဆေး၏ အကြီးမားဆုံး အာသာချက်မှာ သူတို့၏ အဆင်ပြေခြင်းပင် ဖြစ်သည်; ဒုတိယတစ်ချက်မှာ အစား စားဖို့ရန် အချိန်ကုန် သက်သာခြင်းပင်။ ထို့ကြောင့် ယင်းကို အရေးကြုံမှသာ သုံးကြပေလိမ့်မည်။
[ဤဆေးပြားများကို သင်သာ ရေရှည်အထိ ထောက်ပံ့ပေးနိုင်မည်ဆိုလျှင် ကျင်းကုန်သည်များ အစည်းအရုံးကို တစ်ပြားလျှင် ရှစ်သောင်းဖြင့် ရောင်းပေးစေလိုကြောင်း ကျွမ်းကျင်အကဲဖြတ်သူက သင့်ကို ပြောခဲ့သည်။]
[ထိုစကားကြားသည့်အခါ ကျင်းချုံးရွှယ်သည် မကျေမနပ် ဖြစ်သွားကာ သင့်တွင် ရှိသည့် ဆေးပြားအားလုံးကို တစ်ပြားလျှင် တစ်သိန်းဖြင့် သူမ ယူမည်ဖြစ်ကြောင်း ပြောခဲ့သည်။ကျွမ်းကျင် အကဲဖြတ်သူက မျက်မှောင်ကြုတ်သွားသော်ငြား ငြင်းပယ်ခြင်း မရှိပါ။]
ထိုအရာကို မြင်သည့်အခါ စုရှင်းသည် နှလုံးသားထဲတွင် နွေးထွေးသွားသည်။တစ်ပြားကို တစ်သိန်းဆိုသော တန်ဖိုးသည် ရောင်းဈေးဖြစ်သည်။ကျင်းချုံးရွှယ်က ထိုတန်ဖိုးအတိုင်း ဝယ်လိုက်ခြင်းသည် သူမအတွက် အမြတ်ရဖို့ရန် ခက်ခဲသွားနိုင်သည်—သူမသည် သူ့အား သက်သက်မဲ့ ကူညီလိုက်ခြင်းသာ ဖြစ်သည်။
[ဤအဆာခံဆေးပြားများသည် တစ်သိန်းတန်သည်ဟု ယုံကြည်သည့်အတွက် သင်သည် ကျင်းချုံးရွှယ်၏ ကြင်နာမှုကို မငြင်းပယ်ခဲ့ပါ။သင်သည် အဆာခံဆေး ၅၀လုံးကို ကျင်းချုံးရွှယ်ထံ ရောင်းချခဲ့သည်။သို့သော် အထူး ကောင်းမွန်သည့် ဆေးငါးပြားကိုတော့ သိမ်းထားခဲ့သည်။]
[သင်သည် ပိုက်ဆံအားလုံးကို မျက်နှာ အာဟာရပြုဆေး ဖော်စပ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ဝယ်ယူရာတွင် အသုံးပြုခဲ့သည်။သို့သော် ဝိဉာဉ်ဂျင်ဆင်းတော့ မပါဝင်ပါ။ယင်းကို သာမန်ဂျင်ဆင်းနှင့်သာ အစားထိုးလို့ ရသည်။]
[တစ်နေ့တွင် ဝမ့်ချင်းရွှမ်က သင့်စီ ရောက်လာကာ သူမသည် လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းတွင် ပါဝင်ရတော့မည် ဖြစ်၍ သင့်ကို ထားခဲ့ရတော့မည့် အကြောင်း ပြောခဲ့သည်။]
[သင်သည် အာ့တာက ဆင်းသက်ဂိုဏ်းလားဟု သူမကို မေးခဲ့သည်။ထိုအကြောင်းကို သင် သိနေသည့် အတွက် သူမသည် အံ့ဩသွားသော်ငြား သဘောတူသည့် ပုံစံဖြင့် ခေါင်းငြိမ့်ပြပါသည်။]
[ထိုဆင်းသက်ဂိုဏ်းသည် ယုံကြည်၍ မရကြောင်း သင်သည် သူမကို နားချခဲ့သည်။သို့သော် ဝမ့်ချင်းရွှမ်သည် ဂိုဏ်းတွင် ရောနေပြီး လျှို့ဝှက်ထောက်လှမ်းရေး အဖြစ် လုပ်ဆောင်ပေးနိုင်သည်။ထိုအခါ သင်သည် သူမကို ချန်ချွန်းနည်းလမ်း ဒုတိယတစ်ဝက်အား ရှာပေးရန် တောင်းဆိုခဲ့သည်။]
[ဝမ့်ချင်းရွှမ်သည် သင်၏ တောင်းဆိုချက်ကို နားမလည်သော်လည်း သူမ၏ သင့်အပေါ်ထားသည့် လေးနက်သော ချစ်ခြင်းက သူမအား သဘောတူစေခဲ့သည်။]
[ထိုညတွင် အရိုင်းဆန်ခဲ့ကြသည်။နောက်တစ်ရက်တွင်မူ သူမသည် ကျိုတို သိပ္ပံနှင့်နည်းပညာကျောင်းမှ ထွက်သွားခဲ့သည်။]
ထိုအရာကို မြင်သည့်အခါ စုရှင်းသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။သူ၏ ယခင်သရုပ်ပြခြင်းများ၏ ရလဒ်များမှတစ်ဆင့် ဆင်းသက်ဂိုဏ်းသည် လူသားမျိုးနွယ်ကို ချေမှုန်းရန် တိုင်းတစ်ပါးလူမျိုးနှင့် ပူးပေါင်းကြံစည်သည့် သံသယဖြစ်ဖွယ် ကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်မှာ သေချာပါသည်။ထို့ကြောင့် သူသည် ဆင်းသက်ဂိုဏ်းနှင့် မပတ်သက်ရန် ရှောင်ကြဉ်မှရမည်။
သို့သော် ပြသာနာမှာ ချန်ချွန်းနည်းလမ်း ဒုတိယတစ်ဝက်သည် ထိုဂိုဏ်းတွင် ရှိနေသည်။ထို့ကြောင့် ထိုဂိုဏ်းမှ သတင်းများကို ရယူမှ ရမည်။သူ့တွင် ရွေးချယ်စရာ မရှိပါ။
စုရှင်းသည် သရုပ်ပြခြင်းကို ဆက်ဖတ်သည်။
[ဝမ့်ချင်းရွှမ်ကို နှုတ်ဆက်ပြီးနောက် သင်သည် မျက်နှာ အာဟာရပြုဆေး ဖော်စပ်မှုကို တစ်စိုက်မတ်မတ် လေ့လာခဲ့သည်။]
[ဒုတိယနှစ်တွင်မူ သင့်တွင် ဝိဉာဉ်ဂျင်ဆင်းများ မရှိသေးသည့်အတွက် သာမန်ဂျင်ဆင်းဖြင့် အစားထိုးလိုက်သည်။ထိုအခါ မျက်နှာ အာဟာရပြုဆေး ဖော်စပ်မှုသည် ပိုမို ခက်ခဲလာသည်။သင်သည် တစ်နှစ်လုံး ဖော်စပ်နေသော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ပါ။]
[တတိယနှစ်တွင်မူ လက်မလျှော့သော ကြိုးစားမှုကြောင့် သင်သည် အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုဆေး ပထမအသုတ်ကို ထုတ်လုပ်နိုင်ခဲ့သည်။သင်သည် တစ်ပြား သောက်ကြည့်လိုက်ရာ သင်၏ အရေပြားသည် ပို၍ နူးညံ့လာခဲ့သည်။သို့သော် သင်၏ ဆေးဖော်စပ်မှု စွမ်းရည်သည် နိမ့်ကျနေသေးသည်။တစ်ခါ ဖော်စပ်လျှင် အများဆုံးမှ ဆေး တစ်ပြား၊နှစ်ပြားခန့်သာ အောင်မြင်ခဲ့သည်။]
[ဒါ့အပြင် သင်သည် ထိုဆေး ပြုလုပ်ဖို့ရန် ပါဝင်ပစ္စည်းများကို အလွန်အကျွံ အသုံးပြုသည့်အတွက် စုဆောင်းထားသည်များလည်း အလွန် နည်းလာခဲ့သည်။ရွေးချယ်စရာ မရှိတော့သည့်အခါ သင်သည် နောက်လတွင် အဆာခံဆေး သုံးရာကို ထုတ်လုပ်ခဲ့ပြီး ကျင်းချုံးရွှယ်ထံ သွားရောက် ရောင်းချခဲ့သည်။]
[လက်ထဲ ပိုက်ဆံရှိသွားသည့်အခါ သင်သည် အဂ္ဂိရတ်ပညာကို ဆက်လက် အာရုံစိုက်လေသည်။]
[လေးနှစ်မြောက်တွင် ထောင်ချီ စမ်းသပ်ပြီးနောက် မျက်နှာ အာဟာရပြုဆေး၏ ရိုးရှင်းသော အမျိုးအစားကို ဖော်စပ်ရာတွင် သင်၏ ကျွမ်းကျင်မှုသည် ယုံကြည်စိတ်ချလာရပြီး ဖော်စပ်ရာတွင် ကြီးမားသော အကျိုးကျေးဇူးကို ရရှိခဲ့သည်။]
[သင်သည် မျက်နှာ အာဟာရပြုဆေး ရိုးရှင်းသော ဆေးအမျိုးအစား ၅၀ကို တစ်ပါတ်အတွင်း ထုတ်လုပ်ခဲ့ပြီး ကျင်းချုံးရွှယ်ထံ သွားရောက် ရောင်းချခဲ့သည်။]
[တစ်ပြား သောက်လိုက်လျှင်ဘဲ ကျင်းချုံးရွှယ်၏ အသားအရည်သည် ပိုမို နူးညံ့လာကာ သူမ၏ ကြမ်းတမ်းနေသည့် ခြေထောက်များသည်လည်း တဖြည်းဖြည်း ချောမွေ့လာသည်။]
[ကျင်းချုံးရွှယ်သည် အပျော်လွန်သွားပြီး ဒီငယ်ရွယ်မှုသည် ဘယ်လောက်ထိ ကြာရှည်ခံနိုင်ကြောင်း သင့်အား မေးခဲ့သည်။တစ်လလောက် ခံကြောင်း သူမကို ပြန်ဖြေခဲ့သည်။]
[ကျင်းချုံးရွှယ်သည် တစ်ပြားစီကို တစ်မီလီယံပေးပြီး သင်၏ အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုဆေး ၅၀လုံးကို ချက်ချင်းပင် ဝယ်ယူချင်သွားသည်!]
[သင်သည် သဘောတူလိုက်ပြီး ကျင်းချုံးရွှယ်ကို ဆေးပြားအားလုံး ရောင်းလိုက်ရာ ၅၀မီလီယံ ရရှိခဲ့သည်။]
ထိုအရာကို မြင်သည့်အခါ စုရှင်းသည် အိပ်မက်လိုပင် ခံစားလိုက်ရသည်။တစ်ကယ်တမ်းဆိုလျှင် မျက်နှာ အာဟာရပြုဆေး တစ်ခါ ထုတ်လုပ်သည့် တန်ဖိုးသည် အဆာခံဆေး ထုတ်လုပ်သည့် တန်ဖိုးထပ်ပင် နည်းပါသေးသည်။]
သို့သော် အမျိုးသမီးများအတွက် မျက်နှာ အာဟာရပြုဆေး၏ ဆွဲဆောင်မှုသည် အလွန် ကြီးမားသည်။
ဆေးတစ်ပြား သောက်လိုက်ရုံဖြင့် သူတို့သည် တစ်လကြာ ငယ်ရွယ်နုပျိုသွားနိုင်သည်။အဆင့်မြင့် အလှကုန်ပစ္စည်းများနှင့် ကျန်းမာရေးထုတ်ကုန်များထပ် ပို၍ပင် သက်ရောက်မှုရှိသည်။
သူဌေးမတစ်ယောက်က တစ်လတာ ငယ်ရွယ်မှုကို တစ်မီလီယံပေးပြီး ဝယ်မှာ အသေအချာပင် ဖြစ်သည်။
ထိုအချက်ကို မြင်သည့်အခါ စုရှင်း၏ နှုတ်ခမ်းစွန်းများ ကွေးညွတ်သွားသည်။
“ဒါဆို နောက်သရုပ်ပြခြင်းအတွက် စွမ်းအင် ကုန်ကျစရိတ် ကာမိသွားပြီ မဟုတ်လား?”
…