ဆင်းသက်ဂိုဏ်း၏ အဖွဲ့ခွဲများ၊ ဂိုဏ်း၏ ဘဏ္ဍာတိုက်သို့ ရောက်ရှိခြင်း
Vol. 4 Ch. 44
အရိပ် ကာကွယ်သူသည် စုရှင်းအပေါ် မျှော်လင့်ချက် ကြီးကြီး ထားပုံရသည်။ဒါကြောင့် သူသည် စိတ်ရှည်ရှည်နှင့် ရှင်းပြသည်:
“ကျွန်တော်တို့ ဆင်းသက်ဂိုဏ်း တည်ထောင်ခဲ့တာ နှစ်တစ်ထောင်နီးပါး ကြာခဲ့ပြီ။ထိုနှစ်တွေ အတွင်းမှာ ဂိုဏ်းထဲ အဖွဲ့သုံးဖွဲ့ ပေါ်ပေါ်ကလာခဲ့တယ်: သဘာဝ အဖွဲ့၊ စိတ်အားထက်သန်သူများ အဖွဲ့နဲ့ အတူ ယှဉ်တွဲနေထိုင်ရေးအဖွဲ့!”
ခဏရပ်လိုက်ပြီး အရိပ် ကာကွယ်သူက ဆက်ပြောသည်:
“စိတ်အား ထက်သန်သူများ အဖွဲ့ထဲက လူတွေကတော့ အရူးတွေကြည့်ဘဲ။ပြီးတော့ သူတို့က ကျွန်တော်တို့ ဂိုဏ်းထဲမှာ အရေအတွက် အများဆုံးနဲ့ အင်အားအကြီးဆုံး အဖွဲ့လည်း ဖြစ်တယ်။သူတို့က အမြင့်မြတ်ဆုံး အရှင်ကို ကိုးကွယ်ကြပြီး သူတို့ကိုယ်တိုင် အပါအဝင် လူသားအားလုံးကို စားသုံးဖို့အတွက် အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုတွေ ကြယ်ပြာပေါ်ကို ဆင်းသက်လာနိုင်အောင် သူတို့ကိုယ်သူတို့ ပူဇော်ချင်ကြတာဗျ!”
စုရှင်းသည် ထိုစကားကို ကြည့်သည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။စိတ်အားထက်သန်သူများ အဖွဲ့သည် ဆင်းသက်ဂိုဏ်းထဲက အစွန်းရောက်အဖွဲ့ ဆိုတာ ရှင်းပါသည်။သူတို့သည် အခြားကမ္ဘာက မကောင်းဆိုးဝါး သားရဲများကို ခေါ်ယူဖို့အတွက် သူတို့ကိုယ်သူတို့တောင် ပူဇော်ဖို့ ဝန်မလေးကြပါ။ဒါသည် နားလည်ဖို့ရန် ခက်ခဲသည့် အတွေးအခေါ် တစ်ခုပင် ဖြစ်သည်။
“အတူယှဉ်တွဲ နေထိုင်ရေး အဖွဲ့ကကျတော့ အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုကြီးက ကျွန်တော်တို့ လူသားမျိုးနွယ်အပေါ် သနားညှာတာဖို့ မျှော်လင့်ထားကြတယ်။တကယ့်ကမ္ဘာကို ကျူးကျော်ပြီးတဲ့နောက်မှာ ဆင်းသက်ဂိုဏ်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထည့်တွက်ပြီး အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုကြီးက လူသားမျိုးနွယ် အများစုကို ချမ်းသာပေးလိမ့်မယ်လို့ မျှော်လင့်နေကြတာပေါ့... ဟုတ်တော့လည်း ဟုတ်ပါတယ်။ကျွန်တော့်အမြင်အရတော့ အတူယှဉ်တွဲ နေထိုင်ရေးအဖွဲ့က လူတွေကလည်း ဦးနှောက် ဆေးခံထားရတဲ့ သူတွေဘဲ။ကျွန်တော်တို့လို ပုရွက်ဆိတ်တွေက အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုကြီးနဲ့ ဘယ်လိုလုပ် အတူ ယှဉ်တွဲနေထိုင်လို့ ရမှာလဲ?ကျွန်တော်တို့က အဲ့ဒါနဲ့ ထိုက်တန်တဲ့သူတွေမှ မဟုတ်တာ!”
အရိပ် ကာကွယ်သူ၏ စကားများကို ကြားသည့်အခါ စုရှင်း၏ မျက်နှာတွင် နားမလည်သည့် အမူအရာ ပေါ်လာသည်။
ဆင်းသက်ဂိုဏ်းထဲက အတူယှဉ်တွဲ နေထိုင်ရေး အဖွဲ့ဟာ လူသားဆန်တဲ့စိတ် အနည်းငယ်တော့ ရှိပုံရသည်။သူတို့သည် တိုင်းတစ်ပါးက မကောင်းဆိုးဝါး သားရဲတွေ၏ အင်အားဟာ လူသားမျိုးနွယ်ရဲ့ အင်အားထက် အများကြီး သာလွန်တယ်ဟု ယုံကြည်ပြီး လူသားမျိုးနွယ်ရဲ့ ရှင်သန်မှုကို သေချာစေဖို့အတွက် လက်နက်ချချင်ကြပုံ ရသည်။
ဒါပေမဲ့ စုရှင်းက အဲဒီလိုအရာမျိုး လုံးဝမဖြစ်နိုင်ဘူး ဆိုတာ စိတ်ထဲမှ သိထားသည်။
တိုင်းတစ်ပါးက မျိုးနွယ်စုတွေ တကယ့်ကမ္ဘာပေါ်ကို ဆင်းသက်လာသည်နှင့် တစ်ကမ္ဘာလုံးရှိ လူတိုင်းကို စားသုံးကြလိမ့်မည်။အဲဒီအချိန်မှာ အတူ ယှဉ်တွဲနေထိုင်ရေး ဆိုတာ ရှိတော့မှာ မဟုတ်ပါ။
စုရှင်း၏ အမြင်အရတော့ တိုင်းတစ်ပါးက မျိုးနွယ်စုတွေနဲ့ လူသားမျိုးနွယ်တွေကြားက စစ်ပွဲဟာ ဖျက်ဆီးခြင်း စစ်ပွဲမှန်း ရှင်းလင်းသည်။အတူ ယှဉ်တွဲနေထိုင်ရေး အဖွဲ့က တိုင်းတစ်ပါးက မျိုးနွယ်စုတွေရဲ့ သနားညှာတာမှုအပေါ် မျှော်လင့်ချက်ထားတာဟာ ရယ်စရာကောင်းပါသည်။
ထို့ကြောင့် စုရှင်းက မေးလိုက်သည်:
“အရိပ် ကာကွယ်သူ၊ ဒီလိုဆို သဘာဝ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကရော?”
အချိန်အကြာကြီး တွေဝေနေပြီးနောက် ကာကွယ်သူက ပြောသည်:
“ကျွန်တော်တို့ သဘာဝအဖွဲ့က ကမ္ဘာရဲ့ အစစ်မှန်ဆုံးနဲ့ သဘာဝအကျဆုံးဘက်ကို နီးစပ်ဖို့ ကြိုးစားကြတယ်... ဒီရုပ်ဝတ္ထု ပျက်စီးနေတဲ့ ကမ္ဘာမှာ သဘာဝတရားဟာ အမှန်တရားနဲ့ အနီးစပ်ဆုံးလို့ ကျွန်တော်တို့ ယုံကြည်တယ်!”
စုရှင်းသည် ထိုစကားကို ကြားသည့်အခါ ခေါင်းငြိမ့်ကာ တွေးလိုက်သည်။ရည်ရွယ်ချက်က သဘာဝကို မြတ်နိုးဖို့ဘဲဆိုလျှင် ဤအဖွဲ့သည် အတော်လေး ပုံမှန်ဆန်သည်ဟု ပြောလို့ရသည်။
မမျှော်လင့်ဘဲ အရိပ် ကာကွယ်သူ နောက်ဆက်တွဲ ပြောသည့် စကားများသည် စုရှင်းကို ဆွံ့အသွားစေသည်။
အရိပ် ကာကွယ်သူက စိတ်အားထက်သန်စွာ ပြောသည်:
“ပြီးတော့ လူသားတွေက သဘာဝအားဖြင့် အနိမ့်ဆုံး မျိုးနွယ်ပဲ! သူတို့နဲ့ သဘာဝနဲ့ ဘာမှ မဆိုင်ဘူး! ဒီကမ္ဘာပေါ်မှာ အမှန်တရားနဲ့ သဘာဝ တရားကြီးနဲ့ အနီးစပ်ဆုံး မျိုးစိတ်ကတော့ အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုကြီးပဲ!”
“ဒါကြောင့် ကျွန်တော်တို့က သဘာဝကို မြှောက်စားပြီး အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာရမယ်။အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုရဲ့ အောက်ခြေ အဖွဲ့ဝင်အနေနဲ့ပဲ ဖြစ်ဖြစ် သဘာဝနဲ့ နီးစပ်ခွင့် ရမယ်ဆိုရင် လုံလောက်ပါတယ်။”
ထိုသို့ပြောပြီးနောက် အရိပ် ကာကွယ်သူသည် သူ၏ အနက်ရောင် ဝတ်ရုံကို လှန်ကာ ဝမ်းဗိုက်ကို ပြသည်။
စုရှင်းဟာ အံ့အားသင့်သွားသည်။အဘယ့်ကြောင့်ဆိုသော် သူ၏ ဝမ်းဗိုက်တွင် ရေဘဝဲ စုပ်ခွက်များ၊ ကိုယ်တွင်းအင်္ဂါများနှင့် တူသည် အမည်းရောင် အရာတစ်ခု လူးလွန့်နေသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ဒါ… ဒါ လူ့အင်္ဂါအစိတ်အပိုင်းတောင် ဟုတ်သေးရဲ့လား?
စုရှင်းဟာ ချက်ချင်းပင် ပျို့အန်ချင်စိတ် ဖြစ်လာသည်။ အရိပ် ကာကွယ်သူ၏ အသားအရေမှာ လူ့ပုံသဏ္ဌာန် အရိပ်အယောင်တောင် မရှိတော့သည့်ပုံပင်။
အရိပ် ကာကွယ်သူကတော့ ဂုဏ်ယူစွာ ပြောနေဆဲ ဖြစ်သည်:
“ဒါက အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုကြီးရဲ့ ကျွန်တော့်အတွက် လက်ဆောင်ပဲ။ကျွန်တော်တို့ သဘာဝအဖွဲ့က လူသားမျိုးနွယ်ကနေ အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုအဖြစ် တဖြည်းဖြည်း ပြောင်းလဲဖို့၊ အချုပ်အခြာ အာဏာပိုင် မျိုးနွယ်စုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်တယ်။ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ငါးပုံတစ်ပုံ နီးပါးကို ပြုပြင်ပြီးသွားပြီ။ပြီးတော့ အင်မတန် ကြီးမားတဲ့ အင်အားကို ပိုင်ဆိုင်ထားတဲ့ အရိပ်သားရဲကြီးရဲ့ အင်္ဂါ အစိတ်အပိုင်းတွေကိုတောင်မှ ရရှိထားပြီးပြီ။ ဒါကြောင့် ကျွန်တော် ဒီလောက် အင်အားကြီးရတာပေါ့!”
အရိပ် ကာကွယ်သူ၏ ပြင်းပြတဲ့ အမူအရာကို ကြည့်ရင်း စုရှင်းသည် ဘာပြောရမှန်း မသိတော့အောင် ဖြစ်သွားသည်။
ဒါဆို သဘာဝအဖွဲ့ဆိုတာက လူ့ခန္ဓာကိုယ်ထဲကို တိုင်းတစ်ပါးက မျိုးနွယ်စုတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ထည့်သွင်းတာကို ဆိုလိုတာလား?
နောက်ဆုံးမှာ လူလည်းမဟုတ်၊ တိရစ္ဆာန်လည်းမဟုတ်တဲ့ သားရဲတွေအဖြစ် ပြောင်းလဲသွားတာပေါ့!
ဒီရှုထောင့်ကကြည့်လျှင် သဘာဝအဖွဲ့ပဲဖြစ်ဖြစ်၊ စိတ်အား ထက်သန်သူများ အဖွဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အတူ ယှဉ်တွဲနေထိုင်ရေး အဖွဲ့ပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့မှာမှ ပုံမှန်စိတ်ရှိတဲ့သူ တစ်ယောက်ရဲ့ အတွေးအခေါ်များ ရှိမနေပါ!
စုရှင်းသည် မသိစိတ်ကပင် အရိပ် ကာကွယ်သူဆီကနေ ခြေလှမ်း တစ်ဝက်လောက် နောက်ဆုတ်လိုက်သည်။ ဒီကောင်က တကယ်ကို စက်ဆုပ်ဖို့ကောင်းတာပဲ!
ဒါပေမဲ့ အရိပ် ကာကွယ်သူက ဘာမှ ခံစားမိပုံမရဘဲ သူ့ဘာသာသူ ဆက်ပြောနေသည်:
“အကြီးအကဲ ယောင်! ကျွန်တော်တို့ သဘာဝအဖွဲ့ရဲ့ အင်အားက အဖွဲ့သုံးဖွဲ့ထဲမှာ အဆင့်နှစ် ဆိုတာ သေချာတယ်။ပြီးတော့ အဖွဲ့ခေါင်းဆောင်ဆိုရင် အဓိက မျိုးနွယ်စုရဲ့ ခန္ဓာကိုယ် တစ်ဝက်တောင် ပိုင်ဆိုင်ထားတာ! ခင်ဗျားသာ ကျွန်တော်တို့ သဘာဝအဖွဲ့ထဲကို ဝင်ချင်တယ်ဆိုရင် ကျွန်တော် အဖွဲ့အစည်းကို အကြောင်းကြားပြီး ခင်ဗျားအတွက် ပြီးပြည့်စုံတဲ့ အဓိက မျိုးနွယ်စုရဲ့ ခန္ဓာကိုယ်ကို သေချာပေါက် ရှာပေးမယ်လေ!”
ထိုစကားကို ကြားသည့်အခါ စုရှင်း၏ မျက်နှာပေါ်က အပြုံးသည် ပျောက်ကွယ်သွားသည်။ဘာလား? လူလည်းမဟုတ်၊ သားရဲလည်းမဟုတ်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်သွားရမယ့် ဟာကို ဘယ်သူက လိုချင်မှာလဲ?
ထို့ကြောင့် စုရှင်းသည် အတင်းလုပ်ယူပြီး ပြုံးကာ ပြောလိုက်သည်:
“အဟမ်း အရိပ် ကာကွယ်သူ၊ ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့! ကျွန်တော်က ဂိုဏ်းမှာ အခုမှ ခန့်အပ်ခံရတဲ့ အကြီးအကဲ အသစ်ဆိုတော့ ဒီလောက် ဂရုစိုက်ခံရဖို့ မထိုက်တန်သေးပါဘူး!”
အရိပ် ကာကွယ်သူသည် စုရှင်း ပြောစကား၏ အားနည်းချက်ကို မစဉ်းစားဘဲ ခေါင်းညိတ်ကာ ဆက်မပြောတော့ပါ။
မကြာခင်မှာ သူတို့ အဖွဲ့ဟာ တောင်နက်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားကြသည်။ တောင်တန်းတွေက ဆက်တိုက် ဆက်တိုက် ရှည်လျားနေပြီး အရိပ် ကာကွယ်သူသည် လူအားလုံးကို ချောက်ကမ်းပါး အပြင်ဘက်ရှိ ကျောက်တုံးကြီးတစ်ခုဆီကို ဦးဆောင် ခေါ်သွားခဲ့သည်။
ဒီကျောက်တုံးကြီးဟာ အမြင့်ပေ သုံးဆယ်ကျော်ရှိပြီး သာမန်ကျောက်တုံးနဲ့ ယှဉ်လျှင် ဘာမှ မထူးခြားပါ။
သို့သော် အရိပ် ကာကွယ်သူသည် အမှတ်အသား တစ်ခုကို ထုတ်ယူပြီး ကျောက်တုံးကြီးမှာရှ်ိသည့် အပေါက် တစ်ခုထဲကို ထည့်လိုက်သည်။ထို့နောက် သူသည် ကျောက်တုံးကို ပြောလိုက်သည်:
“နဂါး စောင့်ရှောက်သူ! ကျွန်တော်တို့က ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကို လာကြည့်တာပါ!”
မကြာခင်မှာပဲ ကျောက်တုံးကြီးပေါ်မှာ ပွင့်လင်းမြင်သာတဲ့ အလင်းရောင် မျက်နှာပြင်တစ်ခု ပေါ်လာသည်။ အရိပ် စောင့်ရှောက်သူက စုရှင်းကို လက်ဝှေ့ယမ်းပြပြီး ရှေ့ကနေ ဦးဆောင် ဝင်သွားခဲ့သည်။
စုရှင်းလည်း နောက်ကနေ အနီးကပ်လိုက်သွားခဲ့သည်။သူ၏ နှလုံးခုန်သံများကတော့ မြန်ဆန်နေသည်။
“ဖွဲ့စည်းမှု! ဒါက သေချာပေါက် ကျင့်ကြံခြင်း လောကရဲ့ ဖွဲ့စည်းမှုပဲ! ပြီးတော့ ဒီနည်းလမ်းက ကျင့်ကြံခြင်း ဂိုဏ်းတွေ သုံးတဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်နဲ့ အရမ်းဆင်တူတယ်! အပြင်ပန်းက ကြည့်ရင် သာမန်ကျောက်တုံးနဲ့ ဘာမှ မထူးခြားပေမယ့် အတွင်းမှာ ထူးခြားတဲ့ လျှို့ဝှက်နယ်မြေတစ်ခု ပါဝင်နေတယ်!”
စုရှင်းသည် ယင်းအတွင်းသို့ ဝင်လိုက်သည်နှင့် သူ့နှလုံးသားသည် တဒုန်းဒုန်း ခုန်နေခဲ့သည်။
ထိုအတွင်းကို ရောက်သွားသည်နှင့် လုံးဝ ကွဲပြားခြားနားတဲ့ ကမ္ဘာတစ်ခု ဖြစ်သွားသည်။
အိုမင်းရင့်ရော်သည့် မျက်နှာနှင့် အဘိုးအို တစ်ယောက်သည် ဘဏ္ဍာတိုက်ရဲ့ အဝင်ဝမှာ မှိန်းနေခဲ့သည်။သူသည် မျက်တောင်ပင် မခပ်ပါ။
သို့သော် အရိပ် စောင့်ရှောက်သူသည် သူ့ကို အတော်လေး ရိုသေပုံ ရသည်။သူသည် အကောင်းစား စပျစ်ရည်အိုး နှစ်လုံးကို ထုတ်ယူပြီး အဘိုးအိုဘေးမှာ ချထားလိုက်သည်။ထို့နောက် ဘဏ္ဍာတိုက်ကို ဖွင့်ဖို့ရန် ယန္တရားတစ်ခုကို စတင်လိုက်သည်။
စုရှင်းလည်း နောက်ကနေ အနီးကပ် လိုက်သွားသည်။ဘဏ္ဍာတိုက်ထဲသို့ ဝင်လိုက်တာနှင့် တောင်လိုပုံနေသော ရတနာတွေကြောင့် သူ အံ့အားသင့်သွားသည်။
ဘဏ္ဍာတိုက်သည် ပေအတော်များများ မြင့်မားပြီး အတွင်းပိုင်းနေရာမှာ ရင်ပြင်တစ်ခုလောက် ကျယ်ဝန်းသည်။ နေရောင်ခြည်သည် အတွင်းကို မထိုးဖောက်သော်လည်း တောင်နံရံမှာ တန်းစီပြီး မြှုပ်နှံထားသည့် တောက်ပသော ပုလဲလုံးများကြောင့် ဘဏ္ဍာတိုက်သည် နေ့ခင်းဘက်လိုမျိုး လင်းထိန်နေသည်။
ထို့ထက်ပိုပြီး အံ့သြစရာကောင်းသည်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရွှေငွေရတနာ အမြောက်အမြားဟာ ဘဏ္ဍာတိုက်ရဲ့ မြေပြင်ပေါ်မှာ အမှိုက်ပုံလို စုပုံနေခြင်းပင်။
ဒီရတနာတွေကိုသာ တကယ့်ကမ္ဘာကို ယူသွားမည်ဆိုလျှင် နိုင်ငံတစ်ခုလုံးကိုပင် ဝယ်နိုင်လောက်မှန်း စုရှင်းသည် အကြွင်းမဲ့ ယုံသည်။
ဘီလီယံလား၊ ထရီလီယံလား?
မဟုတ်ဘူး။ 'ဘီလီယံ' ဆိုသည့် ယူနစ်နဲ့တောင်မှ သူ့မျက်စိရှေ့က ကြွယ်ဝမှုကို ဖော်ပြဖို့ရန် လုံလောက်တော့မည် မထင်ပါ…
သို့သော် ထူးဆန်းသည်မှာ အဲဒီလောက် များပြားသည့် ရတနာတွေသည် တကယ်တော့ ဘဏ္ဍာတိုက်ထဲတွင် တန်ဖိုးအနည်းဆုံး အရာများ ဖြစ်သည်။တန်ဖိုးမရှိတဲ့ အရာတွေ ဖြစ်သည့်အတွက် မြေပြင်ပေါ်မှာ ဒီတိုင်း ပြန့်ကျဲထားခြင်း ဖြစ်သည်။
အရိပ် စောင့်ရှောက်သူသည် ရွှေနှင့်ပုလဲများ ခင်းထားသည့် ကြမ်းပြင်ကို ဖြတ်ကာ စုရှင်းကို ခေါ်သွားသည်။ဘဏ္ဍာတိုက်ထဲသို့ မီတာ တော်တော်များများ ဝင်ရောက်ပြီးမှာစတင် မိတ်ဆက်ပေးသည်။
“အကြီးအကဲ ယောင် ကျွန်တော် ဘာမှ အပိုလုပ်ပြောတာ မဟုတ်ဘူး။ကျွန်တော်တို့ ဆင်းသက်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ဟာ မဟာရှားနိုင်ငံရဲ့ အမျိုးသား ဘဏ္ဍာတိုက်နဲ့တောင် ယှဉ်နိုင်တယ်။ ကျွန်တော်တို့ ခြေထောက်အောက်က တန်ဖိုးမရှိတဲ့ အရာတွေအပြင် ဘဏ္ဍာတိုက်ကို အပိုင်းအတော်များများ ခွဲထားတယ်၊ အဲဒါတွေကတော့: ရှေးဟောင်းပစ္စည်းဧရိယာ၊ ကိရိယာဧရိယာ၊ စာအုပ်ဧရိယာ၊ ကောင်းကင်ဘုံဆိုင်ရာ ပစ္စည်းနဲ့ ကမ္ဘာမြေဆိုင်ရာ ရတနာ ဧရိယာ... ရတနာတွေ လွတ်လွတ်လပ်လပ် ရွေးချယ်ဖို့ ခင်ဗျားမှာ နာရီဝက် အချိန်ရမယ်။ ဒါပေမဲ့ ဘဏ္ဍာတိုက်ထဲက ပစ္စည်းတွေကို လွယ်လွယ်ကူကူ ယူလို့တော့ မရဘူး၊တူညီတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ရမယ်…”
ထိုစကားကို ကြားသည့်အခါ စုရှင်းသည် ရှက်ရွံ့သလို ခံစားလိုက်ရသည်။
မင်းတို့ ခြေထောက်အောက်က တန်ချိန်နဲ့ချီတဲ့ ရွှေတွေနဲ့ ကျောက်မျက်ရတနာတွေက... မင်းတို့ မျက်လုံးထဲမှာ တန်ဖိုးအနည်းဆုံး အရာတွေတဲ့လား?
ဒါပေမဲ့ သူက တကယ့် ဘဏ္ဍာတိုက်ထဲက အဖိုးတန် ရတနာတွေကို မြင်လိုက်ရသည့်အခါ စုရှင်းသည် ပါးစပ်ပိတ်နေဖို့သာ ရွေးချယ်လိုက်တော့သည်…
…